Chapter 2
ကျန်းပေါ် သေဆုံးသွားခဲ့သည်။ သူသည် အဓိက ခန်းမသို့ ပေါက်သော လိုဏ်ခေါင်းအတွင်းတွင် သေဆုံးသွားခဲ့တာ ဖြစ်၏။
ကျန်းပေါ်၏ အလောင်းကို သူ့အခန်းဖော် ဖြစ်သည့် လင်းဟုန်ရှင်းနှင့် အိမ်နီးနားချင်းဖြစ်သော ချင်းချိန်တို့မှ တွေ့ရှိခဲ့တာ ဖြစ်သည်။
ထိုနေ့တွင် လင်းဟုန်ရှင်းသည် စောစောနိုးလာပြီး အခန်း၏တစ်ဖက်ခြမ်းရှိ အိပ်ရာက ပုံမှန်အတိုင်း သပ်ရပ်နေသည်ကို တွေ့လိုက်ရသောအခါ ကျန်းပေါ်သည် မနေ့ညက ပြန်မလာခဲ့ကြောင်း သူသိလိုက်ရသည်။
ကျန်းပေါ်သည် လီကော်ရှန်း၏ နောက်ကွယ်တွင် တစ်ချိန်လုံး ခိုးထွက်နေမှန်း သိတာကြောင့် သူလည်း မအံ့သြခဲ့ပေ။ သူသည် နင်ဟွရွာရှိ ဂူသင်္ချိုင်းနေရာ၏ အဓိကခန်းမဆီသို့ တန်းသွားနိုင်သော လမ်းကြောင်းတစ်ခုကို ညအချိန်တွင် တူးဖော်နေခဲ့သည်။
ဟုတ်သည်၊ လီကော်ရှန်းက ဒီတူးဖော်မှုကို ခွင့်မပြုသည့်အတွက် သူ ခိုးကြောင်ခိုးဝှက် လုပ်ခဲ့တာပင်။
လီကော်ရှန်းသည် ဤနယ်ပယ် ရှေးဟောင်းသုတေသနအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး သူသည် ရှေးဟောင်းပစ္စည်းများ၊ သင်္ချိုင်းဂူများနှင့် ပတ်သက်လျှင် အလွန်တင်းကြပ်သော သူတစ်ဦးလည်း ဖြစ်သည်။ အဓိကခန်းမကို မတူးဖော်မီ ဤဂူဗိမာန်ကို မည်သို့ မြှုပ်နှံထားသည်ကိုအရင် ရှာဖွေရမည် ဖြစ်သည်။ တော်ဝင်ဂူဗိမာန်များကို မြေဆီလွှာ အသုံးပြုကာ ဖုံးကွယ်ထားတတ်သော ချင်ခေတ်မှ ဂူဗိမာန်များနှင့် မတူပေ။ နင်ဟွရွာရှိ ဂူသင်္ချိုင်းနေရာက တောင်ကုန်းကြီးတစ်ခုလုံးပင် ဖြစ်ပြီး ဂူသင်္ချိုင်းကို ထိုအထဲတွင် မြှုပ်ထားသည်။ ဤဂူဗိမာန်သည် ချုံးရှမ်းတောင်ကို ဖောက်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပုံမှန်တောင်ကုန်း တစ်ခုလို့ပင် ထင်ရ၏။
မြောက်ဘက် အမှတ်တစ် သင်္ချိုင်းတည်ရှိသော ချုံးရှမ်းတောင်သည် လူတစ်ထောင်နီးပါး မြှုပ်နှံထားလေရာ ကျင်းရှမ်းတောင် ထက် နှစ်ဆပိုကြီးမားသည်။
တူးဖော်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရင်းမှ ဂူဗိမာန်ထဲတွင် အတွင်းအပြင် နံရံ နှစ်ဘက် နှင့် တံခါးလေးပေါက် ပါရှိပြီး ဧရိယာ စုစုပေါင်း စတုရန်းမီတာ ၁.၄ သန်းခန့် ကျယ်ကြောင်း တွေ့ရှိခဲ့သည်။ တော်ဝင် မြို့တော်ကြီးတစ်ခုလို ကျယ်ဝန်းလှသည်။ သို့သော် အချိန်ကာလ တိုက်စားမှုကြောင့် ဂူဗိမာန်၏ ဂိတ်တံခါးများ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး သဲလွန်စ အနည်းငယ်သာ ကျန်တော့သည်။
ပြီးခဲ့သည့်နှစ် ကုန်ခါနီးအချိန်တွင် ရှေးဟောင်း သုတေသနအဖွဲ့က အရေးပါသော ရှာဖွေတွေ့ရှိမှုတစ်ခု တူးဖော်ရရှိခဲ့သည် _ ဤကြီးမားသော ဂူဗိမာန်တွင် သင်္ချိုင်း အဝင်တံခါး အမှန်တကယ် ရှိနေခဲ့ခြင်းပင်။
ကြီးကျယ်ခမ်းနားသော ဂူဗိမာန်ဖြစ်သောကြောင့် အဝင်တံခါးဝမှာ အကာအကွယ် အတားအဆီးများ ရှိနေနိုင်ပြီး မှန်မှန်ကန်ကန် ဖွင့်နိုင်မှသာ ဝင်ပေါက်အတွင်းသို့ ဝင်ရောက်နိုင်မည်။ ထို့ကြောင့် လီကော်ရှန်နှင့်အဖွဲ့သည် ဝင်ပေါက်အတွက် ဆွေးနွေးတိုင်ပင်မှုတစ်ခုကို ပြုလုပ်လိုက်ပြီး နောက်ဆုံးတွင် သင်္ချိုင်းဂူထိပ်ဆုံးမှာ ခေါင်းတလားရှိရာ အခန်းသို့ တူးဖော်ရန် မလိုအပ်ဟု ဆုံးဖြတ်လိုက်ကြသည်။
သင်္ချိုင်းတံခါးကိုဖြတ်၍ ခေါင်းတလားခန်းထဲသို့ ဝင်ရောက်ခြင်းဖြင့် သင်္ချိုင်းကို မပျက်စီးအောင် ကာကွယ်ခြင်းဟာ ပိုကောင်းသည်။ သို့သော် ဤနည်းလမ်းသည် အချိန်ပိုယူရပြီး ငွေပိုကုန်ကျ၏။
မြောက် အမှတ်တစ် သင်္ချိုင်းလမ်းကို အရှည် ၅ မီတာနှင့် အမြင့် ၁ မီတာရှိသော ကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ထားသည်။ ပိတ်ဆို့နေသော ကျောက်တုံးတစ်ခုစီကို ဖယ်ရှားရန်မှာ ပြဿနာကြီးဖြစ်လာပြီး ထိုသို့ပြုလုပ်ရန်လည်း အချိန်များစွာ ယူခဲ့ရ၏။
တစ်ခါဖယ် တစ်ခါလုပ် လုပ်နေရသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်။ ထိုကဲ့သို့ပင် တစ်ဆင့်ပြီး တစ်ဆင့်တူးဖော်ခဲ့ပြီး အဖိုးတန် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြားကိုလည်း တွေ့ရှိခဲ့သည်။ ယခင်က မတူးဖော်ရသေးသည့် သင်္ချိုင်းများထဲတွင် ဝှက်ထားသော ရတနာ အများကြီး ရှိနေနိုင်သေးသည်။
သို့တိုင် ဤရတနာတွေဟာလည်း ဂူဗိမာန်၏ပိုင်ရှင်ကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။
ဂူဗိမာန်၏ပိုင်ရှင်ကို မသိသည့်အတွက် နောက်ဆက်တွဲ ပြဿနာများ တစ်ပုံတစ်ခေါင်းကြီး ဖြစ်လာတော့သည်။
ရှေးဟောင်းသုတေသန အဖွဲ့အတွက် အသုံးစရိတ် မလုံလောက်လာသောကြောင့် ဖြစ်သည်။
သင်္ချိုင်း ပိုင်ရှင်၏ အထောက်အထားကို ရှာမတွေ့ပါက ဤဂူဗိမာန် တည်ရှိနေကြောင်း ကမ္ဘာကို ကြေညာရန် ခက်ခဲနေသည်။ သူတို့က လူသိရှင်ကြား မပြလိုခြင်းမဟုတ်ဘဲ လီကော်ရှန်းကိုက သဘောမတူနေတာဖြစ်၏။
သူသည် ဤနယ်ပယ်တွင် ကျွမ်းကျင်သူ ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့တွင် သူ့ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသည်။ ဒီလိုဂူဗိမာန်ကြီးက တစ်နိုင်ငံလုံးကို အံ့အားသင့်စေပြီး သူတို့သင်္ချိုင်းပိုင်ရှင်၏ အထောက်အထားကို မတွေ့ခင် လူအများကြီး လာရောက်ကြလိမ့်မည်။ ဒါက သူတို့၏ ရှေးဟောင်း သုတေသနလုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေရုံသာမက မလိုလားအပ်သော ပြဿနာများကိုလည်း ဖြစ်ပေါ်စေမည်။ ဂူဖောက်လုယက်သူတွေကိုလည်း အကြိုက်တွေ့စေလိမ့်မည်။
ရှင်းရှင်းပြောရလျှင် ဒီလိုဆုံးဖြတ်လိုက်တာက သူတို့လိုနေသည့် ငွေကြေးအထောက်အပံ့များကို ရနိုင်တော့မည် မဟုတ်ချေ။ ရှီအန်းမြို့ရှိ ဤဂူဗိမာန်ကြီးသည် ဆယ်စုနှစ်တစ်ခု၏ အမြတ်အစွမ်းမက တန်သော ရှေးဟောင်းပစ္စည်းများ ရှိမနေပါက သူတို့ သုတေသနလုပ်ငန်းကို ထောက်ပံ့နေသောငွေများလည်း တဖြည်းဖြည်း လျှော့ချခံနိုင်သည်။
ကုန်ကျစရိတ် အလုံအလောက်မရှိလျှင် တူးဖော်ခြင်း လုပ်ငန်းသည် ပိုမိုခက်ခဲလာပြီး ကျန်းပေါ်သည် လိုဏ်ခေါင်းတူးခြင်းဖြင့် အဓိကခန်းမထဲ တိုက်ရိုက် ဝင်ရောက်နိုင်စေရန်အတွက် လီကော်ရှန်းအား အချိန်အတော်ကြာ အကြံပြုခဲ့နေခဲ့၏။
"ကျွန်တော်တို့ အဓိကခန်းမကြီးထဲရောက်ရင် ဂူပိုင်ရှင်ကို သေချာပေါက် သိမှာပဲ။ ဒါဆို ကုန်ကျငွေတွေအတွက် ဖြေရှင်းနိုင်ပြီး ကြေညာလိုက်လို့ရပြီ။ ဒီနည်းနဲ့ အလုပ်လဲ ပိုပြီးတယ်။ ခုလိုမျိုးရုန်းကန်နေစရာ မလိုတော့ဘူးပေါ့"
ဒီအကြံကို သဘောမတူသော လီကော်ရှန်းက ကျန်းပေါ်ကို အပြစ်တင်ခဲ့သည်။ သို့သော် စိတ်မရှည်သည့် ကျန်းပေါ်က စိတ်ကို ပြင်ဆင်ပြီး လမ်းကြောင်းတစ်ခုကို တိတ်တဆိတ် တူးဖော်ခဲ့သည်။
ကျန်းပေါ်၏ လုပ်ရပ်ကို လင်းဟုန်ရှင်းက မတော်တဆ တွေ့ရှိခဲ့သော်လည်း လီကော်ရှန်းကို မပြောပြခဲ့ပေ။ ထိုအချိန်က ကျန်းပေါ်နှင့်သူ ဒီကိစ္စကို လျှို့ဝှက်ထားရန်လည်း သဘောတူခဲ့သည်။
လီကော်ရှန်းသည် ကျွမ်းကျင်သူ ဖြစ်သော်လည်း အချို့သော ကဏ္ဍများတွင်မူ သူသည် ခေါင်းမာသည်ဟု လင်းဟုန်ရှင်း ခံစားရသည်။ ထိုသို့ ပုံမှန်သုတေသနလုပ်တာ ရှာဖွေနည်းလမ်းတွေက ငွေကြေးပံ့ပိုးမှု မလုံလောက်ဘဲနဲ့ သုတေသနကို ဆက်လုပ်၍ မရနိုင်ပေ။ လင်းဟုန်ရှင်းက ဒီလိုဆက်မနေချင်တော့ပေ။
ထို့ကြောင့် လီကော်ရှန်းကို သူ မတိုင်ခဲ့တာပင်။ ပြီးတော့ သူသည် လီကော်ရှန်း၏ကျောင်းသားမဟုတ်၊ လီကော်ရှန်းလို အသက်ကြီးပြီး ခေါင်းမာသောလူက သူ့ကို အာရုံစိုက်လိမ့်မည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဒါပေမဲ့ ကျန်းပေါ်ကတော့ မတူပါ။ သူသည် တစ်ချိန်က လီကော်ရှန်း၏ အချစ်ဆုံးကျောင်းသားဖြစ်ခဲ့ပြီး သူ ဘွဲ့ရပြီးသော်လည်း လီကော်ရှန်းနှင့်လည်း အလုပ်တွဲလုပ်ခဲ့သည်။ ထို့ကြောင့် ကျန်းပေါ်က ဥမင်လိုဏ်ခေါင်းကို လျှို့ဝှက်တူးနေကြောင်း လင်းဟုန်ရှင်း သိတော့ မျက်ကွယ်သာ ပြုထားလိုက်သည်။
ကျန်းပေါ်သည် ညဥ့်နက်မှ သင်္ချိုင်းတွင်းသို့ သူ၏ကိရိယာများကို ယူဆောင်သွားပြီး နံနက်စောစော ပြန်လာကာ အခြားသူများနှင့် အလုပ်လုပ်သည်။ နေ့ခင်းဘက်မှာတော့ သူ့အိမ်ပြန်သွားကာ အိပ်တတ်၏။
သို့သော် ယနေ့တွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသည်။ နေဝင်ချိန်ထိတောင် ကျန်းပေါ်ပြန်ရောက် မလာသေးပေ။
လင်းဟုန်ရှင်းသည် တစ်စုံတစ်ရာ မမှန်သည်ကို ခံစားလိုက်ရပြီး ဒီလို တောင်ရိုင်းကြီးမှာ တစ်ခုခု ဖြစ်နေမည်လို့ တွေးမိသည်။ ကျန်းပေါ်က ညဉ့်နက်ကျမှ တစ်ယောက်တည်း သွားတာ ဆိုတော့လည်း....
လင်းဟုန်ရှင်းက တွေးမိတော့ ကျန်းပေါ်၏ ဖုန်းကို ခေါ်ခဲ့ပေမဲ့ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေ၏။ ညနေ ခုနစ်နာရီ ရှစ်နာရီလောက်ထိ သူ ပြန်မလာသောအခါ လင်းဟုန်ရှင်း ထိတ်လန့်သွားပြီး ကမန်းကတန်းထကာ ဘေးအိမ် တံခါးကို ခေါက်လိုက်သည်။
နင်ဟွရွာ တည်နေရာက နည်းနည်းလှမ်းကာ ရွာသားအားလုံးကလည်း တစ်ခြားနေရာသို့ ပြောင်းရွေ့ သွားကြပြီ။ အစိမ်းရောင် အုတ်ပြားများ မိုးထားသည့် သစ်သားအိမ်အလွတ်များသာ သုတေသနပညာရှင်များ နေထိုင်ရန်အတွက် ချန်ထားခဲ့ကြသည်။ မပြုမပြင် မထိန်းမသိမ်းဘဲ ရှိနေသော ဒီလူမနေသည့်ရွာက သက်ဝင်လှုပ်ရှားမှုမရှိ၊ ကလေးများ ပြေးလွှားဆော့ကစားခြင်းမရှိဘဲ လူသူကင်းမဲ့နေတတ်ပြီး ဒီလို မိုးရွာသည့် ညမျိုးဆို ပိုလို့တောင် တိတ်ဆိတ်ခြောက်ကပ်နေသည်။
မနက်ဖြန် စနေနေ့ဖြစ်၍ တစ်ပတ်ကြာ အလုပ်ကြိုးစားပြီးနောက် ရှေးဟောင်းသုတေသန ပညာရှင်များသည် ပုံမှန်အတိုင်း နားကြတော့မည်ဖြစ်၏။ လူငယ်ကျောင်းသား အနည်းငယ်မှလွဲ၍ ရှေးဟောင်းသုတေသနအဖွဲ့မှ အခြားလူအားလုံးနီးပါးသည် ရှီအန်းမြို့ မှာပဲ နေခဲ့တာဖြစ်သည်။ သောကြာနေ့ အလုပ်ပိတ်ရက် ပထမနေ့တွင် အိတ်များကို ထုပ်ပိုးပြီး နင်ဟွရွာမှ ခပ်စောစော ထွက်ခွာခဲ့ကြသည်။
လျှောက်သွားဖို့ ပျင်းလွန်းတဲ့ ကျောင်းသားတချို့နှင့် ဂျူတီကျနေတဲ့လူတွေက လွဲလို့ ဘယ်သူကမှ ဒီနေရာမှာ မနေချင်ကြပေ။
ဒီမှာ ဘာတွေရှိ နေလို့လဲ။ အင်တာနက်မရှိ၊ တီဗီမရှိ၊ ဘာသတင်းမှလည်းမရှိပေ။ တူးဖော်ခြင်းလုပ်ငန်း အစောပိုင်းနှစ်များတွင် ထောင်ပေါင်းများစွာသော သင်္ချိုင်းတွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းသင်္ချိုင်းတွင်းများသည် အဆိုပါ ပျဉ်ထောင်အိမ်ဟောင်းများနှင့် သိပ်မဝေးလှပေ။ ဒီနေရာလေးမှာ ညဘက်အိပ်ရတာ တခါတရံမှာ ကြောက်စရာ ကောင်းသည်လေ။
ချင်းချိန်၏မိ သားစုသည် ရှီအန်းမြို့ မှမဟုတ်တာကြောင့် ယခုအချိန်တွင် သူသည်တစ်ကိုယ်တည်း ဖြစ်နေ၏။ တက္ကသိုလ်အဆောင်များသို့ မပြန်ချင်တာကြောင့် ဤနေရာ နှစ်နေရာကြားတွင် ခရီးထွက်ရန်လည်း ပျင်းတာမလို့ ဂျူတီဝင်ရန်သာ စာရင်းသွင်း လိုက်သည်။
ရေနွေးအိုးနှစ်လုံးကို တည်ပြီး ခေါင်းလျှော်ပြီးနောက် ရေချိုးလိုက်သည်။ သူ့ဆံပင်ကို မျက်နှာသုတ်ပုဝါဖြင့် သုတ်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
ချင်းချိန်က စားပွဲပေါ်မှ မျက်မှန်ကို ယူတပ်ကာ တံခါးဆီသို့ လျှောက်သွားစဉ် မေးလိုက်၏။
“ဘယ်သူလဲ”
"ငါပဲ လင်းဟုန်ရှင်း"
လင်းဟုန်ရှင်း၏ အသံကို ကြားသောအခါ ချင်းချိန်သည် မျက်မှောင်ကြုတ်ကာ တံခါးဖွင့်ရန် ရှေ့သို့ သွားသည်။
"ဘာဖြစ်နေတာလဲ"
လင်းဟုန်ရှင်း၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ချင်းချိန်က
"ဘာလို့ အရမ်းကြောက်နေတာလဲ"
"ကျန်းပေါ်လေ ကျန်းပေါ်။ သူ မနေ့က ပြန်မလာဘူး"
‘ပြန်မလာဘူးလား’
ဒါက ချင်းချိန်ကို အနည်းငယ် စိတ်ရှုပ်ထွေးစေသည်။
"ဒါပဲလား။ သူ ပြန်မလာသေးတာကို ဘာလို့ ကြောက်နေတာလဲ။ မြို့မှာ သွားပျော်ဖို့ သွားတာနေမှာပေါ့"
"မဟုတ်ဘူး၊ မနေ့ညကတည်းက ပြန်မလာတာ"
"မနေ့ညက ဟုတ်လား”
ချင်းချိန် ကြက်သေသေသွားသည်။ လွန်ခဲ့သော နှစ်ရက်က သူ.... လုပ်ဖောက်ကိုင်ဖက် အချို့နှင့် အတူတူရှိနေပြီး ထိုကြီးကျယ်ခမ်းနားသော ဂူဗိမာန်ကို တူးဖော်စဥ်က ရလာသည့် ကြေးရေတကောင်းများကို သန့်စင် နေသေးသည်။ သူနှင့် ကျန်းပေါ် က အလုပ်နေရာ မတူသောကြောင့် ဒီနေ့ ကျန်းပေါ်က အလုပ်မှာ ရှိလား၊ မရှိလား ကို ချင်းချိန် သတိမထားမိတာ ပုံမှန်ပင်။
သို့သော်လည်း လင်းဟုန်ရှင်းက မနေ့ညက ကျန်းပေါ်ပြန်ရောက်မလာဘူးလို့ ပြောသည်...။
"ဘာတွေ ဖြစ်နေတာလဲ”
ချင်းချိန်က သူ့လက်ထဲက မျက်နှာ သုတ်ပုဝါကို စားပွဲမှာ ပစ်ချလိုက်ပြီး
"ဘာဖြစ်တာလဲ၊ မင်း သူ့ကို ဖုန်းခေါ်ခဲ့သေးလား"
"ခေါ်တာမှ ခဏခဏပဲ။ ဒါပေမဲ့ သူဖုန်းမကိုင်ဘူး"
လင်းဟုန်ရှင်းသည် ချင်းချိန်၏အိမ်ထဲသို့ စိုးရိမ်ဟန်ဖြင့် ဝင်ကာ
"မင်းရဲ့အခန်းဖော် ကျန်းကျွင်းလည်း ဒီမှာပလား"
"သူ ဒီမှာ မဟုတ်ဘူး”
လင်းဟုန်ရှင်း၏ ပျာယာခတ်နေသော မျက်နှာကိုကြည့်ရင်း၊ ချင်းချိန်သည် တစ်စုံတစ်ခုကို တွေးတောနေပြီး မရေရာတဲ့ အတွေးတွေရှိနေပုံရသည်။
ဒါကြောင့် သူကမျက်မှောင်ကြုတ်ကာ
“မင်းဘာသိလို့လဲ။ ဘာဖြစ်နေတာလဲဆိုတာ မြန်မြန်ပြော”
လင်းဟုန်ရှင်းက သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး ချင်းချိန်ကို မကြည့်ရဲဘဲ ခေါင်းကိုငုံ့ကာ
"ကျန်းပေါ်လေ လွန်ခဲ့တဲ့ နှစ်ရက်လောက်က မြောက်အမှတ်တစ်သင်္ချိုင်းကို ညဉ့်နက်မှ တိတ်တိတ်လေး သွားနေတာ။ သူက အဓိကခန်းမကို တန်းရောက်တဲ့ ဥမင်လိုဏ်ခေါင်းကို တူးနေခဲ့တာ…”
ချင်းချိန် အံသြသွားပြီး ခဏလောက်အထိ ဒါက ဘာကိုဆိုလိုမှန်း မသိသေးပေ။
လင်းဟုန်ရှင်း ထပ်ခါတလဲလဲ ပြန်ပြောတော့မှ ချင်းချိန်က ဒီကိစ္စကကြီးမှန်းသိပြီး
"ဘာလို့ မင်းတို့တွေ သူများတွေနဲ့ မတိုင်ပင်တာလဲ"
"ဒါ ငါ့အကြံမဟုတ်ဘူး ကျန်းပေါ်က ဒါကို သူ့ဘာသာသူ လုပ်နေတာ"
ချင်းချိန်က လင်းဟုန်ရှင်း ဘယ်လိုလူလဲဆိုတာ ဘယ်လိုသိနိုင်မလဲလေ။ ဤလူသည် ခေါင်းမာပြီး ပရော်ဖက်ဆာလီ ရောက်ရှိလာမှုကို အကြာကြီး မကျေနပ်ခဲ့ပေ။ ထို့ပြင် ကျန်းပေါ်သည် မဆင်မခြင် ပြုမူနေမှန်း သူသိသော်လည်း သူလုပ်ချင်သမျှကို လုပ်ခွင့်ပေးထား၏။
လင်းဟုန်ရှင်း၏ အကြောင်းပြချက်များကို ဆက်လက်နားထောင် မနေတော့ဘဲ လင်းဟုန်ရှင်းသည် သူ့အခန်းထဲသို့ ပြေးသွားပြီး မိုးတွင်းစီး ဖိနပ်ကို စီး၊ ဓာတ်မီးကို ယူကာ နောက်ဆုံး လင်းဟုန်ရှင်း ကို
"ငါတို့ ကလွဲလို့ ဘယ်သူမှမရှိဘူး။ သူ့ကို အရင်ရှာကြမယ်။ မတွေ့ရင် ရဲကို ဖုန်းဆက်ကြမယ်"
လင်းဟုန်ရှင်းက ဘာမှပြန်မပြောတော့ ချင်းချိန်က အော်သည်။
"ဘာရပ်လုပ်နေတာလဲ။ မြန်မြန်လာ လမ်းပြလေ"
လင်းဟုန်ရှင်းကလည်း ဒီကိစ္စကြီးနေတာကို နားလည်ပြီး ခေါင်းညိတ်ကာ
“အေး ဟုတ်ပြီ။ ငါ့နောက်ကို လိုက်ခဲ့”
တခြား ဘာမှမယူဘူး ဆိုပြီး ပြောကာ ချုံးရှမ်းတောင်ဆီ တန်းသွားကြတော့သည်။
ချုံးရှမ်းသည် သူတို့တည်းခိုရာနေရာမှ နှစ်ကီလိုမီတာ အကွာတွင်ရှိသည်။ မော်တော်ဆိုင်ကယ် အမြန်မောင်းလာပြီးနောက် ကျန်လမ်းအတိုင်း ခြေလျင်လျှောက်ကာ သွားနေကျ အတိုင်းသွားသည်။
မိုးကောင်းကောင်းရွာထားတော့ မြေဆီလွှာစိုစွတ်ပြီး ရွှံ့ထူနေတာ ကြာပါပြီ။ အချို့နေရာများတွင် ရေများစုပုံနေသော ကန်ငယ်များ ရှိပြီး သတိလက်လွတ် လှမ်းလိုက်လျှင် ခြေထောက်များ နစ်ပြီး ရွှံ့နွံများ ဒူးဆစ်အထိ ရောက်နိုင်သည်။
ညဘက်တွင် နင်ဟွကျေးရွာသည် ဆိတ်ငြိမ်လွန်းသဖြင့် တောင်ပေါ်၌ ရံဖန်ရံခါ ငှက်အော်သံများကိုသာ ကြားရသည်။ မှောင်လွန်းတော့ ရွှံ့တွေကြားက လမ်းမှာ ဘာကိုမှ မမြင်နိုင်တော့ဘဲ ဘေးတစ်ဖက်ကို ယမ်းနေတဲ့ ဓာတ်မီးနှစ်ချောင်း၏ အလင်းရောင်သာရှိနေသည်။
ဓာတ်မီးများ အကူအညီဖြင့် လမ်းတစ်လျှောက် ရှာဖွေခဲ့ကြ၏။ သို့သော်လည်း မည်သည့်အရာမျှ ထူးထူးခြားခြား မတွေ့ရှိခဲ့ပေ။
တောင်၏လက်ဝဲဘက်ခြမ်းတွင် လွန်ခဲ့သော နှစ်အနည်းငယ်က သင်္ချိုင်းတွင်းများစွာကို တူးဖော်တွေ့ရှိခဲ့သည်။ ညဘက်တွင် မိုးရွာနေသော လေပြင်းနှင့်အတူ “ဟူးဟူး”ဟူသော အသံကို တိုးတိုးလေး ကြားလိုက်ရသည်။ နှာခေါင်းမှ ရှူသွင်းလိုက်သောအခါတွင် လေသည် နားမလည်နိုင်စွာ အတော်လေး အေးစက်နေသည်ကို ခံစားလိုက်ရသည်။
ရွှံ့မြေပေါ်ကို နင်းလိုက်တိုင်း ကြားနေရသော "ဗွက် ဗွက်”ဆိုသောသံနှင့် အတူ ချင်းချိန်တစ်ယောက် ဝင်ပေါက်အတွင်းသို့ ဝင်သွားလိုက်သည်။ ဝင်ပေါက်တွင်းသို့ ဝင်သွားလျှင် ဝင်သွားချင်းမှာပင် တစ်ထိတ်ထိတ်ဖြစ်သော ခံစားချက်တစ်ခုကို စတင်ခံစားလာရပြီး သူနှင့် လင်းဟုန်ရှင်းနောက်သို့ အရိပ်သဏ္ဌာန် အရာနှစ်ခု ကပ်လိုက်နေသလို ခံစားမိလာသည်။
"ဟားဟား ငါတော့ ညဘက်ကြီး ဒီကို ပထမဆုံး လာဖူးတာပဲ။ ကျန်းပေါ်က တော်တော် ရဲရင့်တာပဲကွ"
လင်းဟုန်ရှင်းသည် အေးစက်သော လေထုကို ဖြေလျှော့ချင်ပုံရသော်လည်း ချင်းချိန်က သူ့ကို ဂရုမစိုက်ပေ။
ချင်းချိန်နှင့် ကျန်းပေါ်တို့သည် ရင်းနှီးခင်မင်ကြသည်ဟု ဆိုနိုင်ပြီး သူတို့မှာ လီကော်ရှန်း၏ တပည့်များ ဖြစ်သည်။ နှစ်အတော်ကြာကြာအထိ ခင်မင်လာသည့်အတွက် မကောင်းတာ မဖြစ်ပါစေနဲ့လို့ မျှော်လင့်မိသည်။
သို့သော် သူတို့သည် ချုံးရှင်း တောင်ခြေသို့ ရောက်သောအခါ ကျန်းပေါ်၏ခြေရာတစ်ချက် တစ်လေကိုမှ မတွေ့ကြသေးပေ။
"ကျန်းပေါ် ဥမင်လိုဏ်ခေါင်းတူးနေတဲ့ နေရာကို သိလား”
လင်းဟုန်ရှင်း ရှေ့မှာ လမ်းလျှောက်နေသော ချင်းချိန်က လှည့်ပြီး
"ဟိုမှာ သွားကြည့်ရအောင်"
"ငါမှတ်မိတာကတော့ တစ်လောက ချုံးရှမ်းရဲ့ အရှေ့မြောက်ထောင့်မှာ သူတစ်ယောက်တည်း လမ်းလျှောက်နေတာ တွေ့တယ်။ အဲဒီနားမှာ ဖြစ်မယ်ထင်တယ်"
"အင်း"
ချင်းချိန်က ခေါင်းညိတ်လိုက်ပြီး
"ဘာဖြစ်နေတာလဲ ကြည့်ကြည့်ရအောင်"
တကယ်တော့ လင်းဟုန်ရှင်းကို မမေးဘဲတောင် ချင်းချိန်က ကျန်းပေါ် သင်္ချိုင်း၏ ဘယ်အပိုင်းမှာ ရှိနေမလဲ ခန့်မှန်းနိုင်သည်။ အရှေ့မြောက်ဧရိယာက တောင်ခြေကနေ မီတာ ၂၀၀ လောက်ဝေးပြီး အဓိကခန်းမထဲကို ဝင်ဖို့ အလွယ်ဆုံးနေရာဖြစ်၏။
သေချာပေါက်ပင် သူတို့နှစ်ယောက် ထိုတည်နေရာကို ရောက်ရှိလာချိန်၊ ၂၅ ဒီဂရီ ထောင့်ချိုးချိုးသွားသော လူသွားလမ်းတစ်ခုက သူတို့ရှေ့တွင် ရှိနေပြီး တစ်ကြိမ်တွင် လူတစ်ယောက်စာ ဝင်နိုင်ရုံသာ ကျယ်တော့သည်။
သူတို့သည် ဓာတ်မီး၏အကူအညီဖြင့် ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်သွားလိုက်ကြသည်။ လိုဏ်ခေါင်း ဝင်ပေါက်မှ ၁၀မီတာခန့် အကွာတွင် လဲကျနေသော ကျန်းပေါ်ကို သူတို့နှစ်ယောက် တွေ့လိုက်ရသည်။
သူ့မျက်လုံးများက ပြူးကျယ်နေပြီး အသက်မဲ့နေသော မျက်လုံးများကို သေဆုံးစဥ်က အတိုင်း ရှေ့သို့စိုက်ကြည့် နေသည်မှာ သူတို့အား ကြည့်နေသည့်အလား .............
သူတို့၏ကျောရိုးတစ်လျှောက် ဖြန်းခနဲ အေးစိမ့်သွားပြီး တခဏချင်းတွင် ခန္ဓာကိုယ်တွင်းရှိ သွေးများသည် ရေခဲကဲ့သို့ အေးခဲသွားသလို ခံစားလိုက်ရသည်။