Ch 6
Viewers 727

Chapter 6


လေဆိပ်ကနေ Xတက္ကသိုလ်ဆီ တိုက်ရိုက်ရောက်သည့် ဘတ်စ်ကားမရှိတာကြောင့် ကျောင်းဝင်းကိုရောက်ဖို့ ဘတ်စ်ကားနှစ်ခါ စီးရလေသည်။ သို့သော်လည်း လီကော်ရှန်းက သူနှင့် အရေးတကြီးဆွေးနွေးစရာရှိတာ သတိရတာကြောင့် လေဆိပ်ကနေ ထွက်တာနှင့် တက္ကစီငှားလာလိုက်သည်။


တက္ကစီ ဒရိုင်ဘာက အသက်လေးဆယ်ကျော်လောက် ရှိနေပြီး ဆံပင်ဖြူရေးရေးလေးတွေ ပေါက်နေသည်။ သူက အရမ်းလဲ စကားများပြီး ချင်းချိန် ကားထဲဝင်တာနှင့် ဖင်တောင်မပူသေး ဒရိုင်ဘာက စကားကို မရပ်မနားပြောနေပြီဖြစ်သည်။


"ဒါဆို မင်းက ရှေးဟောင်းသုတေသနကို လေ့လာနေတာလား"


တက္ကစီဒရိုင်ဘာက ရယ်မောရင်း


"ပြောရဦးမယ်။ ငါ့ရဲ့သားမက်လေ ဟိုတလောက ဟန်မင်းဆက်က သောက်ရေခွက်ဆိုလားပဲ အဲတာကို ယွမ် ငါးသောင်းပေးပြီး ဝယ်လာခဲ့သေးတယ်။ နာမည်ကိုတော့ မမှတ်‌မိတော့ဘူး။ ဒါပေမဲ့ ဖုန်းထဲမှာတော့ ပုံရှိတယ်။ အစစ် ဟုတ်မဟုတ် ကြည့်ပေးပါလား"


ထိုသို့ ပြောပြီးနောက် ဒရိုင်ဘာဟာ ယာဉ်စည်းကမ်းတွေကိုတောင် ဂရုမစိုက်တော့ဘဲ မောင်းနေရင်းနှင့် ဖုန်းကိုထုတ် ဟိုဘက်ဒီဘက်ဆွဲပြီး လက်ညိုးထိုးပြလေသည်။


"ကြည့်ပြီးတော့ အလိမ်ခံရတာလား ပြောပြပါလား"


ဒရိုင်ဘာက ပြတော့ တစ်ခုခုကို စဉ်းစားမိသွားတဲ့ ချင်းချိန်ဟာ မငြင်းတော့ဘဲ ဖုန်းကို ယူကြည့်လိုက်သည်။


ချင်းချိန် သိသလောက် ဟန်မင်းဆက်က ကြေးခွက်တွေဟာ အခုခေတ်တွင် တော်တော် နည်းပါးနေပြီဖြစ်သည်။ အခြေခံအားဖြင့် လက်ရှိဈေးကွက်တွင် ခေတ်မီအတုအပစ္စည်းတွေဖြင့် ထုတ်လုပ် နေကြတာဖြစ်သည်။ ယွမ်ငါးသောင်း၏ သုံးပုံတစ်ပုံလောက်ပဲ ကျတာကို အဲဒီဈေးနှင့် ဝယ်လာတာဆိုတော့ အလိမ်ခံရတာ သေချာသည်။


သို့သော် ချင်းချိန်တစ်ယောက် ပုံကို မြင်မြင်ချင်း မျက်မှန်ကို ပင့်တင်ကာ သေချာကြည့်လိုက်သည်။ အဲဒီနောက် သူ့မှတ်ချက်ကို စောင့်နေသည့် ဒရိုင်ဘာကိုကြည့်ရင်း တိုးတိုးလေးပြောလိုက်၏။


"သူ ဒါကို ဘယ်ကရတာလဲ"


"ဘယ်ကလဲဆိုတော့ ငါ့သားမက် ပြောတာက ရှန်းစီးကို အလုပ်ကိစ္စနဲ့သွားရင်း လူတစ်ယောက်နဲ့ မတော်တဆ တွေ့ခဲ့တာတဲ့။ အဲဒီတုန်းက ခွက်ကို အရမ်းလှလို့ မေးကြည့်တော့ ရောင်းတဲ့သူက ဟန်မင်းဆက်က လာတာလို့ ပြောပေမဲ့ ဘယ်သူမှ မယုံကြဘူးတဲ့။ ဒီပုံစံကို အရင်က ဘယ်သူမှ မတွေ့ဖူးလို့ အတုလို့ပဲ ပြောကြတာ။ ဒါပေမဲ့ ငါ့သားမက်ကတော့ သရဲပူးခံရသလိုကို အတင်းကို ဝယ်ခဲ့တာတဲ့။ ငါကတော့ သူပြောသမျှရဲ့ ၈၀%ကို အလိမ်အညာလို့ပဲ ထင်တယ်"


ချင်းချိန်က ဖုန်းကို ပွတ်ပြီး နောက်ထပ်ပုံတစ်ပုံကို ကြည့်လိုက်သည်။ 


"တကယ်တော့ ဒါက ဟန်မင်းဆက်ရဲ့ ပန်းဆွဲလက်ရာမဟုတ်ဘူး။ လေလံတင်ရင် ယွမ်တစ်သောင်းလောက်တောင် ဈေးကောင်းပေးပြီး ဝယ်ကြမှာ မဟုတ်ဘူးဗျ"


ချင်းချိန်၏စကားတွေကိုကြားပြီး တက္ကစီဒရိုင်ဘာက စိတ်ပျက်လက်ပျက်ဖြင့်


"အာ ဒါဆို ယွမ်ငါးသောင်းက အလာဟသ ကုန်သွားတာပေါ့"


ခေါင်းခါလိုက်ရင်း ချင်းချိန်က မျက်မှောင်ကြုတ်ကာ


"ဒီဟာက ဟန်မင်းဆက်ရဲ့ ကြေးခွက်နဲ့တော့ တူတယ်။ ဒါပေမဲ့ အဲတာလဲ မဟုတ်ဘူး။ ပုံကို ကြည့်ပြီး ပြောရရင် ခွက်က ရှေးဟောင်းလက်ရာပဲ၊ အပြင်သားက ထူတယ် သံချေးအရောင်ကလဲ သဘာဝအတိုင်းဖြစ်ပြီး လက်‌ရာမြောက်တယ်။ ခွက်ပုံစံကို အထက်တန်းအဆင့်လို့ သတ်မှတ်လို့ရတယ်။ အနည်းဆုံး နှစ်တစ်ထောင်ကျော် လောက်ရှိပြီလို့ ခန့်မှန်းရတယ်။ ဒါပေမဲ့ အပြင်မှာ တကယ်မြင်ရမှပဲ ဘယ်လောက် သက်တမ်းရှိပြီဆိုတာ ပြောနိုင်မှာ"


"နှစ်တစ်ထောင်ကျော်"


ဒရိုင်ဘာက လုံးဝကို အံ့ဩသွားပြီး စိတ်ကိုငြိမ်အောင်လုပ်ကာ ပြောလာသည်။


"ဒါဆို ဘာလို့ ဒါကသိပ်တန်ကြေးမရှိတာလဲ"


ချင်းချိန်သည် စိတ်ရှုပ်နေသည့် ဒရိုင်ဘာကို ကြည့်ကာ ရယ်လိုက်သည်။ အဲဒီနောက် ဘာကိုမှ မရှင်းပြဘဲ


"သူသေချာ သိမ်းထားမှ ရမယ်။ အခုတော့ သိပ်မတန်သေးပေမဲ့ နောက်နှစ်‌တွေ ကျရင် အများကြီး တန်လာမယ် ထင်တယ်"


ဟုတ်သည်။ ဒါက အဖိုးမဖြတ်နိုင်ပေ။ ဒီခွက်၏ပုံစံက ဟန်ခေတ်ကနှင့် ဆင်တူနေတယ်ထင်ရသည်။ ဒါပေမဲ့ တချို့ အစိတ်အပိုင်းများ ကျပြန်တော့ ကွဲပြားနေပြန်၏။ နောက်ပြီး ဒီငန်းရုပ်ပုံစံ ဆွဲထားထာလေးတွေဆို စုန့် နဲ့ ထန် ခေတ်က အရမ်းရေပန်းစားခဲ့သော ပုံစံဖြစ်နေပြန်သည်။

ဒီလို ပစ္စည်းမျိုးကို အခုအချိန်အထိ ချင်းချိန် တစ်နေရာတည်းမှာသာ မြင်ခဲ့ဖူးသည်။  

နင်ဟွရွာရှိ ပိုင်ရှင်မသိ တော်ဝင်ဂူဗိမာန်.........



လျို့ဝှက်ချက်များစွာ မြှုပ်နှံထားသော ထူးခြားဆန်းကြယ်သည့် ဂူတစ်ခု...ပြီးတော့ ထိုကြေးခွက်ဟာ ရှန်းစီးတွင် ရှိနေခဲ့သည်။


'ရှန်းစီးမှာလဲ တစ်ခုခု ဖုံးကွယ်ထားတာ ရှိလို့လား။ ဒီကြေးခွက်ကို ဘယ်မှာရခဲ့လဲဆိုတာ သိရဖို့ ဒရိုင်ဘာရဲ့သားနဲ့ စကားပြောလို့ရရင် ကောင်းမယ်'


ဒီလိုတွေးမိရင်း ချင်းချိန်က ကြေးခွက်နှင့် ပတ်သက်တဲ့ အကြောင်းတွေ ထပ်မေးလိုက်သည်။ သို့သော် ဒရိုင်ဘာက အခု သူပြောပြခဲ့သလောက်သာ သိပြီး ကျန်တာမသိဟု ဆို၏။ နောက်ဆုံးတော့ ကြေးခွက်အကြောင်း နောက်မှ မေးရအောင် ဒရိုင်ဘာနှင့် ဖုန်းနံပတ်တွေလဲဖို့က လွဲပြီး ရွေးချယ်စရာမရှိတော့ပေ။


ဒရိုင်ဘာက ယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုခွဲခြားနိုင်လဲဆိုတာ ‌ဆွေးနွေးနေကြပြီးနောက် အလာပသလာပတွေ ပြောခဲ့ကြသည်။


အချိန်ကြာလာသည်နှင့်အမျှ အနောက်ဘက်နေဝင်သွားသဖြင့် အလင်းရောင်ဟာ လမ်းဘေးတစ်လျှောက် ကျရောက်လာပြီး ကားကလည်း ရွေ့လျားနေသလို ကောင်းကင်ယံရှိ ကြယ်များကလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် ထူးထူးခြားခြား လှပနေလေသည်။


ချင်းချိန်ဟာ ရုတ်တရက် ကျန်းပေါ်ပြောခဲ့ဖူးသည့် စကားကို အမှတ်ရမိသွားသည်။


"နေဝင်ချိန်နဲ့ ကြယ်တွေကိုကြည့်ပြီး အချိန်ဖြုန်းနေမယ့်အစား သုတေသနတွေပိုလုပ်ပြီး ရလဒ်ကောင်းတွေ ရအောင် ကြိုးစားတာ ပိုကောင်းတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို တွေးနေတာထက် အောင်မြင်မှုကြီးကြီး တွေရတာကမှ ပိုကောင်းတာ"


ကျန်းပေါ် ရှေးဟောင်းသုတေသနပညာကို စွဲလမ်းပုံမှာ ဌာနအတွင်း နာမည်ကြီးခဲ့ပေမဲ့ အခု သူ ဖြစ်ပျက်ခဲ့သည့်အရာမှာ ထိုစွဲလမ်းမှုနှင့် သက်ဆိုင်နေ‌နိုင်သည်။ 


ကျန်းပေါ်၏ အလောင်းအခြေအနေကို ပြန်တွေးမိရင်းပင် ကျောရိုးတစ်လျှောက် အေးစိမ့်လာ၏။ 


သူက ထူးခြားဆန်းပြားသော စွမ်းအားတွေကို မယုံသည့်အပြင် နှစ်တွေအကြာကြီး သရဲကားတွေ ကြည့်ဖူး၊ သဘာဝလွန်ဝတ္ထုတွေ ဖတ်ဖူးသော်လည်း တကယ်အပြင်မှာ ရှိနိုင်သည်ဟု မထင်ခဲ့ပေ။ အခုလိုကြုံခဲ့ရပြီးတော့ လင်းဟုန်ရှင်း၏ အစီအစဉ်ထဲ သားကောင်ဖြစ်ခဲ့တာလားဟု တွေးနေမိသည်။ ကျန်းပေါ်ဟာ လင်းဟုန်ရှင်း သတ်တာခံခဲ့ရပြီး သူကတော့ အရှုပ်ထုပ်ထဲ ဆွဲခေါ်ရသလိုမျိုးပေါ့။


သို့သော် ချင်းချိန်သည် ထိုထူးခြားဆန်းပြားစွမ်းအား အကြောင်းကို မရှင်းပြနိုင်သေးပေ။ သူ့ကို ဘယ်သူမှ လည်ပင်းမညစ်ဘဲ အသက်ရှူကျပ်ပြီး သေမလိုဖြစ်သွားခဲ့သည်မှာ သေချာ၏။ 


ထိုညက အဖြစ်အပျက်ကို ပြန်တွေးရင်း ချင်းချိန်က လူတစ်ယောက်ယောက်က လုပ်တယ်ဆိုသည့် သဲလွန်စကို ရှာဖွေ ကြည့်နေမိသည်။ ဒါပေမဲ့ ထို မျက်လုံးစိမ်းတွေကို ပြန်မြင်ယောင်လာသည့် အခါမှာတော့...


ထိုအချိန် ချင်းချိန် နှလုံးခုန်သံတွေ မြန်လာလေသည်။ သူ သတိမထားမိလို့လားမသိ နေဝင်ချိန်ကို ကြည့်နေရင်းပင် နေလုံးကြီးဟာ သွေးနီရောင်ဘီးကြီးတစ်ခု မြို့ရိုးအစွန်အဖျားရှိ တစ်ဖက်ခြမ်းမှာ လှည့်နေသယောင် ထင်ရသည်။ ဖြာကျ‌နေသော အလင်တန်းများအောက်တွင် အနက်ရောင်တိုင်လုံးများနှင့် အနီရောင် နံရံများက အညိုရင့်ရောင် ဆေးများ သုတ်လိမ်းထားသည်။ ‌နေလုံး နှင့် နီးကပ်နေသော ကောင်းကင်နှင့် တိမ်တိုက်က အနီရောင် ဆေးခြယ်ထားသလို သွေးယောင်လွှမ်းကာ နေသည်။


ဒီ ညိုတိုတို မြို့ရိုးနံရံတံတိုင်းတွေနှင့် သွေးနီရောင်ခြယ် တိမ်များ အောက်တွင် မရေတွက်နိုင်သော စစ်သည်များ အထပ်ထပ် လဲကျနေသည့် ပုံရိပ်များကို ချင်းချိန် မြင်ယောင်လာမိသည်။ သွေးစီးကြောင်း နီနီတွေက မြို့တံတိုင်း၏ ထောင့်တိုင်းထိအောင် ပြည့်နှက်နေပြီး သွေးစီးကြောင်းများက အရှိန် ဖြင့် စီးကျ နေကြ၏။ တစ်လောကလုံး သွေးနီရောင် လွှမ်းခြုံနေသည်မှာ ချင်းချိန်၏ မျက်လုံးများသည်ပင် အနီရောင်အရိပ်များ ထင်ဟန် နေကြသည်။ 


"လူလေး လူလေး"


ရုတ်တရက် ချင်းချိန်ဟာ ‌ချွေးတွေ ပြန်လျက် ‌နိုးလာလေသည်။


'ခုနက ပုံရိပ်က ဘာကြီးလဲ'


မျက်လုံးထဲ ကြောက်ရွံ့ခြင်းများဖြင့် ချင်းချိန်ဟာ ကားပြတင်းပေါက်ကနေ သူနှင့် အလှမ်းဝေးနေပြီဖြစ်သည့် ရှီအန်း၏ ရှေးဟောင်းမြို့ရိုးကို တစ်ချက်ကြည့်လိုက်သည်။ နေရောင်ကြောင့် အနီရောင်ပြောင်းကုန်သည့် တိမ်စိုင်တွေမှာ တစ်မျိုးတစ်ဖုံ လှပနေပြီး ကားပြတင်းပေါက်အပြင်ရှိ လမ်းသွားလမ်းလာတွေမှာလည်း ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြသည်။ 


သူတို့ဟာ စောနကလို သွေးနီရောင် ပုံရိပ်လေးတွေ မဟုတ်ကြတော့ချေ။ 


သို့သော်လည်း ချင်းချိန် ဘာကြောင့် ရင်ထဲ နေလို့မကောင်းဖြစ်နေမှန်း မသိပေ။


"လူလေး ဘာဖြစ်သွားတာလဲ။ မင်းကြည့်ရတာ နေမကောင်းပုံပဲ..."


ဒရိုင်ဘာက အသက်ရှူကြပ်နေပုံရသည့် လူငယ်လေးကို တစ်ချက်ကြည့်ပြီး စတီယာရင်ကို လှည့်လိုက်ကာ


"နေမကောင်းဘူးလား။ ဆေးရုံပို့ ပေးရမလား"


အသက်ကိုမှန်မှန် ပြန်ရှူနေသည့် ချင်းချိန်က ခေါင်းခါကာ


"ကျွန်တော် အဆင်ပြေပါတယ်"


ခဏကြာတော့ 


"ကျောင်းဝင်းထဲ ရောက်ဖို့ ဘယ်လောက်လိုသေးလဲဗျ"


"ပုံမှန်လမ်းအတိုင်းသွားရင်တော့ တစ်နာရီခွဲလောက် ကြာဦးမယ်။ အခု ဖြတ်လမ်းက မောင်းနေတာမလို့ ဒီ လမ်းကြားအတိုင်းသွားရင် ဆယ့်ငါးမိနစ်လောက်တော့ သက်သာလိမ့်မယ်။ နောက်ဆယ်မိနစ်လောက်ဆိုရင် ကျောင်းကို ရောက်ပြီ"


"ကောင်းတာပေါ့"


ကြာလာတော့ ဆယ်မိနစ်ကနေ နာရီဝက်လောက် ကြာလာပြီး ကျောင်းကိုလဲ မရောက်သေးချေ။ ချင်းချိန်က မျက်မှောင်ကြုတ်ပြီး ဒရိုင်ဘာကို ထပ်မေးလိုက်၏။


"ဖြတ်လမ်းကော ဟုတ်ရဲ့လား"


ချင်းချိန်၏ လေသံမှာ သိပ်ကျေနပ်နေပုံမရတာကြောင့် ဒရိုင်ဘာလဲ မျက်နှာပူလာပြီး


"ဖြတ်လမ်းပါကွ။ ဒီလမ်းကို အကြိမ်တစ်ရာထက် မနည်း ဖြတ်ဖူးတယ်"


"ဒါဆို ကျွန်တော်တို့ ဘာလို့ မရောက်သေးတာလဲ"


"ဒါ ဒါတော့ ငါလဲ သေချာမသိဘူး။ လမ်းမှားလာတာ ထင်တယ်"


သူ ချင်းချိန်ကို ငွေပိုတောင်း‌မယ်လို့ ထင်သွားမှာ စိုးတာကြောင့် ဒရိုင်ဘာက အသည်းအသန်ပြောသည်။


"မင်းကို နဂို တစ်နာရီဆယ့်ငါးမိနစ်ဈေးထက် ပို‌မတောင်းပါဘူး"


မှောင်ရိပ်ကျလာသည့် ကောင်းကင်ကို ကြည့်ရင်း အလျင်လိုနေသည့် ချင်းချိန်မှာတော့ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ အဲတာနဲ့ ဖုန်းကိုထုတ် GPS appကို ဖွင့်ကာ ဒရိုင်ဘာကို လမ်းညွှန်ပေး၏။


လမ်းကြားထဲက ထွက်ဖို့ နောက်ထပ်မိနစ်နှစ်ဆယ်လောက် ကြာသွားပြီးနောက် ကျောင်းဝင်ပေါက်ကို ရောက်လာတော့သည်။ ချင်းချိန်က ဒရိုင်ဘာကို ပိုပေးပေမဲ့ သူက မယူပေ။ နဂိုတစ်နာရီဆယ့်ငါးမိနစ်စာပဲ ယူပြီး မောင်းထွက်သွားတော့၏။


နာရီကို မကြည့်ဘဲ ရှစ်နာရီကျော်နေပြီဆိုတာ ချင်းချိန် သိလိုက်သည်။ သို့ကြောင့် လီကော်ရှန်းနှင့် စကားပြောရန် ချိန်းထားသည့် သုတေသနခန်းဆီသို့ အမြန်ပြေးသွားလိုက်၏။


သူ တံခါး ကို စမတ်ကဒ်ဖြင့် ဖွင့်ဝင်လိုက်ပြီး သုတေသနခန်းထဲရှိ အစည်းအဝေးခန်းမကျယ်သို့ တည့်တည့် ဝင်လာလိုက်သည်။ သူ ရောက်သွားချိန်၌ ပရော်ဖက်ဆာနှင့် လုပ်ဖော်ကိုင်ဖက် အချို့ က မြောက်ဘက် အမှတ်တစ် သင်္ချိုင်း ကို လေ့လာနေကြသည်။


"မင်းရောက်လာပြီကိုး။ ငါတို့မင်းကို တစ်ချိန်လုံးစောင့်နေတာ"


အရင်ပြောလာသူက ကျန်းကျွင်း သာ။


တံခါးနောက်မှာ ရပ်နေတဲ့ ချင်းချိန် ထိုင်ဖို့ ခုံပေးပြီးနောက်  သူလဲ ခုံပေါ်မှာ ထိုင်လိုက်သည်။


"တောင်းပန်ပါတယ်။ လမ်းမှာကိစ္စတစ်ခု ဖြစ်သွားလို့ပါ"


"ရပါတယ် အရင်ထိုင်လိုက်ပါ"


လီကော်ရှန်းက လက်ဖက်ရည်တစ်ခွက် သောက်လိုက်ပြီး ဆက်ပြောသည်။


"ချင်းချိန်လဲ ရောက်လာပြီဆို တော့ ဒီကိစ္စကို ပိုသေသေချာချာ နားလည်လာတော့မှာပါ"


လီကော်ရှန်းက မျက်လုံးဖြင့် အချက်ပြတာကို မြင်တော့ ချင်းချိန်က ခေါင်းညိတ်ပြီး ထိုနေ့ကအဖြစ်အပျက်တွေကို အတိုချုံးပြန်ပြောပြသည်။


သူလဲ ပြောပြီးရော လူတွေအားလုံး ငြိမ်ကျသွား၏။ ချင်းချိန်က သူတို့မျက်နှာကို ကြည့်ပြီး စိတ်ထဲမှာ ရယ်မိသွားသည်။ 


ကျန်းကျွင်းနှင့် လီကော်ရှန်းအပြင် သူ့အတန်းထဲက သူငယ်ချင်းနှစ်ယောက်ပါ ရောက်နေတာဖြစ်၏။


အကုန်လုံးက သူ့ကို မယုံသလို ဒီကိစ္စကိုလဲ ဂရုမစိုက်ကြပေ။ သူတို့ တွေထဲက တစ်ချို့က မျက်မှောင်ကြုတ်နေပြီး ချင်းချိန်လဲ သူတို့ ဘာတွေတွေးနေလဲ မသိနိုင်။


ချင်းချိန် သူတို့မျက်နှာကို ကြည့်နေတုန်း လီကော်ရှန်းကပါ သူတို့ကို ကြည့်နေသည်။ သူတို့အားလုံး ဒီပြဿနာကို စဉ်းစားနေကြမှန်းသိပေမဲ့ ဘယ်သူမှ ဘာမှ မပြောရဲကြပေ။ တအောင့်လောက်ကြာတော့ လီကော်ရှန်းက ချင်းချိန်ကို မေးသည်။


"မင်းပြောသမျှအားလုံး အမှန်တွေလား"


ချင်းချိန်က လီ‌ကော်ရှန်းကို အတော်လေးလေးစားပါသည်။ 


လီကော်ရှန်းက မေးလာတော့ သူ့မှာ ဒီလူတွေကို ‌ဘာမှထပ် ရှင်းပြဖို့ မလိုသော်ငြား ခေါင်းညိတ်ပြလိုက်၏။


"အကုန်အမှန်တွေပါ"


ချင်းချိန် စကားကို‌ကြားတော့ လီကော်ရှန်းက ခဏတာတွေဝေသွားပြီး ပြုံးယောင်သမ်းလာကာ


"မှုခင်းဆရာဝန်က ကျန်းပေါ်ရဲ့အလောင်းကို ခွဲစိတ်ပြီးရှာကြည့်တာ ဘာမှမတွေ့ရ‌ဘူးလို့ ပြောတယ်။ သေဆုံးရတဲ့အကြောင်းအရင်းက အသက်ရှူကြပ် တာကြောင့်ဖြစ်ပြီး အသက်ရှူကြပ်တဲ့အကြောင်းအရင်းကို ရှာလို့ မတွေ့ခဲ့ဘူးတဲ့။ ပြီးတော့ ကျန်းပေါ်က သူ့လက်ထဲမှာ ကြေးမုံတစ်ချက်ကို ကိုင်ထားခဲ့တာ"


"ကြေးမုံဟုတ်လား"


ဒါကိုကြားတော့ ချင်းချိန်က သူဥမင်ထဲက ထွက်လာသည့်အချိန် လက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည့် ကျောက်စိမ်းဆွဲပြား အကြောင်း တွေးမိကာ မေးလိုက်သည်။


"ကြေးမုံက ဘာဖြစ်လို့လဲ"


"ရှေးလူသားတွေက အလောင်းမြှုပ်တဲ့အခါမှာ သရဲတစ္ဆေတွေကို ချိတ်ပိတ်ဖို့အတွက် ကြေးမုံတွေကို သုံးကြတယ်။ အဲဒီကြေးမုံကို ဖယ်လိုက်ရင် အထဲမှာ ပိတ်မိနေတဲ့ တစ္ဆေကို လွှတ်ပေးလိုက်သလို ဖြစ်မှာပဲ"


"ဒါက အယူသီးတာတွေပါ။ အဲလိုကိစ္စတွေကို ဘာလို့ယုံရမှာလဲ။ ပရော်ဖက်ဆာ၊ ကျန်းပေါ်ကို အန္တရာယ်ပြုခဲ့တာက သရဲလို့ တပ်အပ်ပြောလို့မှ မရတာ"


"ကျန်းပေါ်ကို သရဲတွေ သတ်သွားတယ်လို့ ‌ပြောတဲ့သူက ငါပဲ။ မင်း ဖုန်းပဲ သုံးနေပြီး သေချာ နားမထောင်ဘူး”ဟု ချင်းချိန်က လှောင်ပြောင်လိုက်သည်။


ချင်းချိန် ဒီလိုပြောတော့ ဝူဟိုင်က အော်တော့သည်။


"မင်းရဲ့ မမြင်ရတဲ့စွမ်းအားလိုဟာတွေ ပေါက်တတ်ကရ ဇာတ်လမ်းတွေကို ငါနားထောင်ချင်တယ်များ ထင်နေလား။ ငါသိသလောက်တော့ မင်းကသာ သံသယအရှိဆုံးပဲ"


"ဝူဟိုင်"


လီကော်ရှန်းက ဒေါသတကြီးဖြင့် တံခါးကိုညွှန်ပြပြီး


"မင်း နားမထောင်ချင်ဘူးဆိုရင် ထွက်သွား"


ဝူဟိုင်သည် လီကော်ရှန်းသင်ကြားပေးသည့် ဘွဲ့ရကျောင်းသားဖြစ်ပြီး ချင်းချိန်၏ အတန်းဖော်ဆိုလည်း ဟုတ်သည်။ 


ချင်းချိန်၏ အရည်အချင်းရှိပုံကို လီကော်ရှန်းက သဘောကျတာကြောင့် ဝူဟိုင် သူ့ကို ချဉ်နေသည်မှာ ကြာလှပြီဖြစ်၏။ သို့သော် ဘယ်လောက်ပဲ ချဉ်ပါစေဦးတော့ လီကော်ရှန်းလို ရှေးဟောင်းသုတေသန ပညာရှင် တစ်ယောက်ကို ဆန့်ကျင်လို့မရပေ။


အသက်ကို ရှူထုတ်လိုက်ပြီးတော့ ပြန်ထိုင်ကာ


"ပရော်ဖက်ဆာ ကျွန်တော်အဲလို ပြောချင်တာ မဟုတ်ဘူး။ ချင်းချိန် ပြောတာတွေကိုရော အားလုံးက ယုံကြရဲ့လား။ သရဲက အန္တရာယ်ပြုတယ် ဟုတ်လား။ သင်္ချိုင်းပိုင်ရှင်ရဲ့ ဝိညာဉ်က စိတ်ဆိုးပြီးများ ကျန်းပေါ်ကို သတ်လိုက်တာလား။ ဒါကြီးက အဓိပ္ပာယ် မရှိလွန်းနေဘူးလား ဟမ်"


ချင်းချိန်က ဝူဟိုင်ကို ကြည့်ကာ ကျန်းပေါ် အကြောင်းပြောခဲ့သမျှ အမှန်တွေဟု ပြောပြီးကတည်းက ဘာမှဆက် မပြောတော့ပေ။ သူတို့ ကိုယ်တိုင် မကြုံတွေ့ခဲ့ရဘဲ မယုံတဲ့သူတွေအတွက် သူ့မှာ ပြောစရာစကားမရှိ။ သူ ကိုယ်တိုင် ဒီလိုထူးဆန်းသည့် အခြေအနေနဲ့ ကြုံခဲ့ရသော်လည်း ဒီလိုကိစ္စကို လူသားတစ်ယောက်က ကြိုးကိုင်နေသလား ဆိုတာကို သိချင်နေမိသည်။


လီကော်ရှန်းက မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည်။


"မင်းမျက်စိနဲ့ မမြင်ရမချင်း မယုံနိုင်တဲ့အရာတွေဆိုတာ ရှိတယ်။ သုတေသနပညာရှင် တစ်ယောက်အနေနဲ့ လုပ်လာတဲ့နှစ်တွေထဲမှာ ဒီလိုအခြေအနေမျိုးကို ငါလဲ မကြုံဖူးသေးဘူး။ ပြီးတော့..."


"အမှန်အတိုင်း ပြောကြတာပေါ့။ တူးဖော်တဲ့နည်းလမ်းနဲ့ ပတ်သက်ပြီး အားလုံးရဲ့ သဘောထားကိုလည်း မေးချင်ပါတယ်။ ငါတို့မှာ ရန်ပုံငွေမလုံလောက်တော့တာ အားလုံးအသိပဲ။ ဒါကြောင့် ဒီ လိုဏ်ခေါင်း ....... အခု  ကျန်းပေါ်လဲ မရှိတော့ဘူး။ သူက ဒီလိုဏ်ခေါင်းကို စတူးတဲ့ သူမှန်း အားလုံးလဲ သိတယ်။ သူက ငါတို့ တူးဖော်တဲ့နည်းလမ်းကို မကျေနပ်ခဲ့ဘူး ..... ပရော်ဖက်ဆာလျှို ကော ဘယ်လိုထင်လဲ"


လျှိုမင်ချွမ်းက လက်ဖြင့် စီးကရက်ပြာကို တောက်ထုတ်လိုက်ပြီး မျက်လုံးများကို မှေးထားရင်း "ပရောဖက်ဆာလီရဲ့ နည်းလမ်း အတိုင်းဆိုရင်  ဒီဗိမာန်ကြီးနဲ့ အထဲက ရှေးဟောင်းရတနာတွေက အရေးအကြီးဆုံးဆိုတာ မှန်ပေမဲ့ ငါတို့ ရန်ပုံငွေမရှိဘဲနဲ့ ဆက်သွားဖို့ မဖြစ်နိုင်ဘူး.... "


"လောင်လျှို ပြောတာကို ငါ‌သဘောတူတယ်။ ဒီအချိန်ထိတောင် သင်္ချိုင်းပိုင်ရှင် ဘယ်သူလဲဆိုတာ ငါတို့ မသိရသေးဘူး။ နိုင်ငံတော်က ငါတို့ကို ထောက်ပံ့ငွေ လုံ‌လုံလောက်လောက် မပေးဘူးဆိုရင် ငါတို့လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ တော်တော်ခက်လိမ့်မယ်။ ဝင်ပေါက်ကို ပိတ်ထားတဲ့ ကျောက်တုံးတွေကို ရွှေ့ဖို့ကလဲ ကရိန်းတွေရော စက်တွေပါ ရှိမနေဘူး။ သင်္ချိုင်းကြီးကတော့ အချိန်တစ်ခုလောက်ထိ အဆင်ပြေနေသေးပေမဲ့ ငါတို့တူးနေတဲ့ အပြင်အကာကြီးက သိပ်ခံမှာမဟုတ်ဘူး။ ယဉ်ကျေးမှု အမွေအနှစ်တွေကို မိုးရေထဲမှာ စိမ်ထားချင်လို့လား"


"ဟုတ်တယ် ပရော်ဖက်ဆာလီ၊ ကျွန်တော်တို့ အရင်ဆုံး သင်္ချိုင်းပိုင်ရှင်ရဲ့ အချက်အလက်ကို အရင်ရှာရမယ်။ ပြီးတော့မှ သင်္ချိုင်းအကြောင်း အစကနေ ‌ဖြည်းဖြည်းချင်း ထပ်ပြီးတော့ ရှာကြဝာာပေါ့"


တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ စကားနည်းနည်းဖြင့် စတင်ခဲ့ရာမှ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိတော့ပေ။


လီကော်ရှန်းက တစ်ခုခုတွေးနေပုံရသည့် ချင်းချိန်ကိုကြည့်ကာ


"ချင်းချိန် မင်းကရော။ သင်္ချိုင်းပိုင်ရှင်ရဲ့ အချက်အလက်ကို အရင်ရှာကြမယ်ဆိုတဲ့ အချက်ကို သဘောတူရဲ့လား"


သင်္ချိုင်းပိုင်ရှင်အကြောင်း အားလုံးပြောတာကြားပြီးနောက် ချင်းချိန်၏ ရင်တွေတုန်လာလေသည်။ အကြောင်းတစ်ခုခုကြောင့် နာမည်ရေးထိုးထားသည့် ကျောက်စိမ်းဆွဲပြား အကြောင်းကို သတိရမိပြီး


'စုကျင်မော့ သူများ..'


မျက်မှောင်ကြုတ်ရင်း ခေါင်းခါလိုက်ကာ


"ကျွန်တော်လဲ မသေချာဘူး"


သင်္ချိုင်းကြီးကို ဆက်တူးဖော်တာတောင် အကြံကောင်းလား သူ မသိတော့ချေ။ ဘာလို့ဆို ဒီလိုထူးဆန်းသည့် ဖြစ်ရပ်တွေ ဆက်ဖြစ်လာနိုင်လို့ဖြစ်သည်။


"ပရော်ဖက်ဆာလီ၊ ကြေးမုံက ဝိညာဉ်ကို ချိတ်ပိတ်ထားနိုင်တယ်လို့ ပြောတယ်မလား။ ဒါဆို ကျောက်စိမ်းဆွဲပြားကရော"


"ကျောက်စိမ်းဆွဲပြား ဟုတ်လား"


"ဟုတ်ကဲ့"


လီကော်ရှန်းက မျက်နှာအမူအရာ မရေရာသည့် ချင်းချိန်ကိုကြည့်ကာ


"ရှေးခေတ်မှာတုန်းက ငြိမ်းချမ်းစေဖို့နဲ့ ‌ကံကောင်းဖို့ ဆုတောင်းတဲ့အခါမှာ ကျောက်စိမ်းဆွဲပြား တွေကို သုံးခဲ့ကြတယ်။ ဒါပေမဲ့ မကောင်းတဲ့ဝိညာဉ်တွေနဲ့ သရဲ‌တစ္ဆေတွေကို ရှောင်ဖို့အတွက်လဲ သုံးကြတယ်"


"မကောင်းတဲ့ဝိညာဉ်တွေနဲ့ သရဲတစ္ဆေတွေကို ရှောင်ဖို့ဟုတ်လား"


ချင်းချိန် သူ့စိတ်ထဲ ရုတ်တရက် ဘာတွေတွေးနေလဲမသိပေမဲ့ လီကော်ရှန်းသည် သူ့မျက်တောင်တွေ တဖြတ်ဖြတ်ခတ်နေတာကို မြင်နေရသည်။


ထင်ယောင်ထင်မှားဖြစ်ခဲ့တာက ကြောက်စရာကြီး။