Chapter 7
နောက်မှာဆူညံနေသည့် အသံများကြား ချင်းချိန်၏ အတွေးတွေမှာ လီကော်ရှန်း၏ စကားများကြောင့် ရပ်တန့်သွားခဲ့ရသည်။
ရှေးလူတွေ ယုံကြည်တာက သေလွန်သူများအတွက် ကျောက်စိမ်းဟာ ခန္ဓာကိုယ်ပုပ်သိုးသွားခြင်းမှ ကာကွယ်ပေးပြီး သေပြီးနောက်မှာ ခန္ဓာမဆွေးသွားစေရန် အာမခံချက်ပေးသည်ဟုပင်။ ထို့ကြောင့် ရှေးခေတ်က ဧကရာဇ်မင်းတွေ ဆွေကြီးမျိုးကြီးတွေ ကွယ်လွယ်ပါက လူ့ခန္ဓာကိုယ်နှင့်ဆင်တူသည့် အသုဘ အဝတ်အစားများကို ရွှေချည်ပိုး၊ ကျောက်စိမ်းများဖြင့် ပြုလုပ်ကြသည်။ ကျောက်စိမ်း အဝတ်အစားသည် ဝတ်ဆင်ထားသူ၏ အဆင့်အတန်းပြ သင်္ကေတတစ်ခု ဖြစ်လာပြီး ဧကရာဇ်နှင့် သူ့အတွင်းဝန်ကြီးတွေ၏ ကျောက်စိမ်း အဝတ်အစားတွေကို "ရွှေချည်ထိုး ကျောက်စိမ်းအဝတ်များ"ဟု လူသိများသည့် ရွှေချည်ဖြင့် ချုပ်လုပ်ထားသည်။ ရှေးခေတ်က တော်ဝင်မျိုးနွယ်တွေသည် သူတို့ ခန္ဓာကိုယ်မပုပ်စေရန် ခေါင်းတလားပေါ် ကျောက်စိမ်းများ ကပ်ပေးဖို့တောင် တောင်းဆိုခဲ့ကြ၏။
တကယ့် တကယ်တမ်းမှာတော့ ကျောက်စိမ်းက အဲဒီလို အသုံးမဝင်ပေ။
မကောင်းသောဝိညာဉ်တွေကို ရှောင်ဖို့အတွက် ကျောက်စိမ်း အကြောင်းကတော့ ချင်းချိန် အနည်းနှင့်အများ သိထားသည်။ ရှေးခေတ်ကတည်းက ကျောက်စိမ်းကို လုံခြုံစေရန်နှင့် ဘာအနာတရ ဘေးဥပဒ်ကိုမှ မခံစားရဘဲ ငြိမ်းချမ်းဖို့အတွက် ဆုတောင်းသည့်အခါ သုံးခဲ့ကြသည်။ ရှေးခတ်က ကလေးတစ်ယောက်မွေးလာရင် ထိုကလေးအား ကျောက်စိမ်းပြားလေးပေးကြသည်။ ကလေးက သူ့ခန္ဓာကိုယ်တွင် ဝတ်ဆင်လိုက်ပါက ဒါဟာ သူ့ကိုလုံခြုံစေသည်ဆိုတဲ့ အဓိပ္ပာယ်ရသည်။
သူယူလာသည့် ကျောက်စိမ်းကတော့ သင်္ချိုင်းပိုင်ရှင်နှင့် သက်ဆိုင်နေသည်ဟု ချင်းချိန် ထင်မိသည်။ သူ့လက်ထဲ ကျောက်စိမ်းဆွဲသီးကို ကိုင်ထားတုန်းက ၎င်းဟာ ဖောက်မြင်ရလောက်အောင် ကြည်တောက်နေပြီး လုံးဝန်းနေသည်။ အပေါ်ပိုင်းသာမက ထွင်းထုထားပုံနှင့် အခေါင်းပေါက်ပုံစံဟာလည်း ရှေးခေတ်နှင့် အခုခေတ်မှာ တွေ့ရခဲ့သည့် ရှားပါးလက်ရာမျိုးဖြစ်သည်။ အဆင့်အတန်းမြင့်သူတွေသာ ဒီလိုလှပသည့် ကျောက်စိမ်းမျိုးရရှိမှာ ဖြစ်၏။ သို့သော်ငြား ဒါသာ သင်္ချိုင်းပိုင်ရှင်၏ ကျောက်စိမ်းဆွဲပြားဖြစ်ခဲ့ရင် တောင်ဂူသင်္ချိုင်းကြီးအစွန်းရှိ မြေဆီလွှာအောက်တွင် ရှိနေရသနည်း။ သာမန်သဘောအရဆိုလျှင် ဒီလိုကျောက်စိမ်းဆွဲပြားကို သင်္ချိုင်းပိုင်ရှင်၏ ခန္ဓာကိုယ်နှင့်အတူ မမြှုပ်နှံထားပါက ခေါင်းတလားခန်းအတွင်းရှိ မြှုပ်နှံပစ္စည်းတွေနှင့်အတူ မြှုပ်နှံထားသင့်သည်။
ချင်းချိန် ဒီလို ဖြစ်နိုင်ချေရှိသော အရာကို တွေးမိလိုက်တော့ နှလုံးခုန်နှုန်းတွေတောင် မြန်လာသည်။
ဒါဟာ ရှေးဟောင်းသုတေသနပညာရှင်တွေ လုံးဝမမြင်တွေ့ချင်တဲ့ အရာပင်။ ဆိုလိုသည်မှာ ဂူဗိမာန်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဂူဖောက်သူခိုးတွေ တူးဖော်တွေ့ရှိခဲ့ပြီး ထိုကျောက်စိမ်းဆွဲပြားအား သူခိုးတွေ မတော်တဆ ကျကျန်ခဲ့သည်ဟုပင်။ အဲဒီနောက် နှစ်ပေါင်းများစွာကြာတော့ ချင်းချိန်က အမှတ်မထင် ကောက်မိခဲ့ပါသည်ပေါ့။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဂူသင်္ချိုင်းတွေကို တူးဖော်ခဲ့သည့် ရှေးဟောင်းသုတေသန ရှာဖွေချက်များကို ပြန်ကြည့်ရလျှင် ဂူဖောက်သူခိုးတွေက ခေါင်းတလားခန်းကို ရောက်ခဲ့ပြီး ဘာမှမကျန်လောက်လောက် ယူသွားခဲ့သည်ထင်၏။ သယ်ရခက်သည့်ကြေးအိုး မြေအိုးတွေကိုသာ ချန်ထားခဲ့ပြီး အဖိုးတန်သည့် ရွှေ၊ငွေ၊ကျောက်စိမ်း အနည်းငယ်သာ သင်္ချိုင်းအတွင်းကျန်နေပုံရသည်။
"အာ..."
သက်ပြင်းကို ခပ်ပါးပါးချလိုက်ပြီး အတွေးများနေသည့် ချင်းချိန်မှာလည်း နည်းနည်းပင်ပန်းနေသည်။ အဲဒီနောက် မျက်မှန်ကို ချွတ်လိုက်ပြီး နှာခေါင်းထိပ်ကို ဆွဲပွတ်လိုက်သည်။
ထို့နောက် သုတေသနခန်းအား "ကျွီ"ဆိုပြီး အသာအယာ တွန်းဖွင့်လိုက်သံကို ကြားလိုက်ရ၏။ သုတေသနခန်းထဲက လူများအားလုံး ထိုနေရာသို့ ကြည့်လိုက်ကြသည်။
တံခါးနောက်တွင် ရပ်နေသာ မိန်းကလေး၏ ဆံပင်ပြင်ဆင်ထားသည့်ပုံစံမှာ မည့်သည့်ခေတ်ကစတိုင်ဟု မသိနိုင်အောင် ရှိနေသည်။ ထိုမိန်းကလေးသည် နားသယ်စပ်မှ ဆံနွယ်လေးများကို နားအနောက်နားသို့ ပင့်တင်ကာ ဆံညှပ်တစ်ခုဖြင့် ထိန်းထားပုံမှာ မျက်နှာလေးကို နူးညံပြီး လင်းလက်သွားစေ၏။
ချင်းချိန်က သူဘယ်သူလဲသိသည်။ သူက ဝူဟိုင်၏ ကောင်မလေးဖြစ်ပြီး သူတို့နှင့် ကောလိပ်တစ်ခုတည်းမှ ရှေးဟောင်းသုတေသနဘွဲ့ရကျောင်းသူ တစ်ယောက်ဖြစ်သည်။
ဝူဟိုင်နှင့် သူနဲ့က သူငယ်ချင်းတွေ မဟုတ်လို့ ဆက်သွယ်စရာကိစ္စမရှိတာကြောင့် ဒီလောက်သာ ချင်းချိန်သိသည်။ ဝူဟိုင်အနားမှာ သူ့ကိုရံဖန်ရံခါ တွေ့မိတာကလွဲရင် ကျန်တာ ချင်းချိန် မသိပေ။
ထိုမိန်းကလေးဟာ သုတေသနခန်းထဲဝင်လာပြီး ထောင့်စွန်းရှိ ခုံမှာ သွားထိုင်လိုက်သည်။ သို့သော် တံခါးပြန်ပိတ်ဖို့ မေ့သွားတာကြောင့် လီကော်ရှန်းက ကျန်းကျွင်းအား တံခါးကို လက်ညှိုးထိုးပြပြီး
"တံခါးပိတ်လိုက်"
ကျန်းကျွင်းကလဲ ချက်ချင်းတံခါးကို ပိတ်လိုက်ပြီး ဘာမှမဖြစ်သည့်အတိုင်း ဆက်လက်ဆွေးနွေးနေကြသည်။ နောက်ဆုံး ဆုံးဖြတ်ချက်ချတော့ ညဉ့်တောင်နက်နေပြီဖြစ်ပြီး သူတို့ဟာ ခေါင်းတလားခန်းကို စတူးဖော် ကြမည်ဖြစ်သည်။ အဲဒီနောက် ဘယ်သူမှ စကားမပြောကြတော့ဘဲ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
သုတေသနခန်းပြတင်းပေါက် အပြင်ဘက်ရှိ သစ်ပင်တွေ၏ အရိပ်များ၊ လေတိုက်သံနှင့် သစ်ရွက်ခြောက်သံတို့မှာ ရုတ်ချည်းတိတ်ဆိတ်သွားသည့် အခန်းအတွင်း ထပ်တလဲလဲဆူညံနေလေ၏။ ချင်းချိန်ဟာ ခဏလောက် စိတ်ဝေဝါးနေခဲ့သည်။
'ဒီညက ငါ ကျန်းပေါ်ကို လိုက်ရှာခဲ့တဲ့ ညတုန်းကလိုပဲ'
"ပင်မသင်္ချိုင်းရဲ့ ထောင့်ကနေ စတူးဖို့ အားလုံးဆုံးဖြတ်ပြီးကြပြီနော်။ ကဲ လူစုခွဲကြရအောင်။ အခုရက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေလဲအများကြီးဆိုတော့ ပြန်ပြီး ကောင်းကောင်းအနားယူကြတာပေါ့။ ဘာပဲဖြစ်လာဖြစ်လာ ငါတို့ရဲ့အလုပ်ကို ဆက်လုပ်ရမယ်။ ငါထုတ်မပြောခဲ့ပေမဲ့ မင်းတို့အားလုံးလဲ ခံစားရမယ်ထင်တယ်။ ဒီသင်္ချိုင်းက မတူဘူး...ငါတို့ မရှင်းပြနိုင်တဲ့ဟာတွေ ရှိတယ်။ ပြီးတော့ ဒီသင်္ချိုင်းကြီးထဲမှာ တိမ်မြှုပ်နေတဲ့ လျို့ဝှက်ချက်တွေကို သိချင်တာ ငါတစ်ယောက်တည်း မဟုတ်ဘူးဆိုတာလဲ သိတယ်"
လီကော်ရှန်းက စီးကရက်ကို မှုတ်ထုတ်လိုက်ပြီး သက်ပြင်းချကာ
"ဒီလျို့ဝှက်ချက်ကိုသာ ဖော်ထုတ်နိုင်မယ်ဆိုရင် ရှေးဟောင်း သုတေသနပညာရှင် တစ်ယောက်အနေနဲ့ ငါတို့ အခု ရုန်းကန်နေရတာတွေက နောက်ဆုံးမှာ တစ်ဘဝစာလုံးအထိ တန်မယ်လို့ ထင်တယ်"
လီကော်ရှန်း၏ စကားတွေဟာ လူတိုင်းရဲ့ရင်ထဲကို ထိသွားစေသည်။ သင်္ချိုင်းပိုင်ရှင်၏ အချက်အလက်ကို ဘယ်သူမှ မခန့်မှန်းခဲ့တာတော့ မဟုတ်ပေမဲ့ တကယ်ခန့်မှန်းကြည့်တော့လည်း လုံးဝကိုမှားနေ၏။ ရှေးဟောင်း သုတေသနပညာရှင်တွေမှာ ဆက်တိုက်ကို စိတ်ပျက်ခဲ့ကြသော်လည်း နှစ်ထောင်ပေါင်းများစွာ တိုင်အောင် မြှုပ်နှံထားသည့် လျို့ဝှက် ဆန်းကြယ်အရာများနှင့် ပတ်သက်၍ အမြဲလိုလို စိတ်လှုပ်ရှားနေကြသည်။ အမှန်တရားကို ရှာဖွေချင်သည်မှာ စိတ်မရှည်ခဲ့တဲ့ ကျန်းပေါ်၊ လီကော်ရှန်းနှင့် ချင်းချိန် အပါအဝင် ဒီမှာ ရှိနေတဲ့သူတွေအားလုံး ဖြစ်သည်။
သင်္ချိုင်းဂူ ထဲက ရတနာများကို လုယူခံလိုက်ရသည့် အဖြစ်မှန်ကိုသာ သူတို့ ရင်ဆိုင်လိုက်ရလျှင် ဆိုသည့် အတွေးကို ချင်းချိန် မရပ်တန့်နိုင်ဘဲ ရှိနေသည်။ ချင်းချိန် တွင် မှန်းဆချက် တစ်ခုက ရင်ထဲတွင် ကိန်းအောင်းနေသေးသည်။ ဒီမှန်းဆချက်က သူ နှလုံးသားကို မယိုးမယွ ဖြစ်နေစေပြီး သမိုင်းကြောင်းတစ်ခုလုံးကို ပြောင်းပြန်ပင် လှန်နိုင်လောက်သည်......။
အစည်းအဝေးပြီးတော့ မနက် တစ်နာရီတောင် ထိုးတော့မည် ဖြစ်သည်။ ချင်းချိန်နှင့်အတူ တစ်လမ်းတည်း လျှောက်နေသည့် ကျန်းကျွင်းက ကျောကို ဆန့်လိုက်ကာ ကျိန်ဆဲနေ၏။
"မြေနိုးရာ။ အိပ်ချင်လိုက်တာ"
ခဏလောက်ရပ်ပြီး သူက
"ဟျောင့် ညဈေးသွားပြီး တစ်ခုခုသွားစားကြမလား။ ငါမင်းကို မေးစရာရှိလို့"
ကျန်းကျွင်း ခေါ်တော့မှ ချင်းချိန်ဟာ သူ ဗိုက်ဆာနေမှန်း သိလိုက်သည်။ ဒီနေ့တစ်နေကုန် ဘာမှလဲ မစားရသေးတာကြောင့် နားလည်နိုင်၏။
"သွားတာပေါ့။ ငါလဲ သိပ်မအိပ်ချင်ပါဘူး"
ပြောနေရင်းနဲ့ ဝူဟိုင်နှင့် သူ့ကောင်မလေးတို့ ဘေးချင်းကပ်လမ်းလျှောက်နေတာကို မြင်လိုက်ရသည်။ သို့သော် သူတို့ကြည့်ရတာ စကားပြောနေပုံမပေါက်ပေ။
ညဉ့်နက်နေပြီ ဖြစ်တာကြောင့် အစည်းအဝေးလုပ်နေတဲ့ ကျောင်းသားတွေကလွဲလို့ ကျောင်းဝင်းအတွင်း တစ်ခြားကျောင်းသားတွေ ရှိမနေချေ။ သစ်ရွက်ခြောက်သံတွေနှင့် ကျောင်းဝင်းထဲရှိ ကြောင်ရိုင်းတွေရဲ့ အော်သံတွေမှ လွဲလို့ အခြားဘာသံကိုမှ မကြားရနိုင်။
ဒီလို တိတ်ဆိတ်နေတာမလို့ ချင်းချိန်က မျက်မှောင်ကြုတ်လိုက်ပြီး ရိုးရိုးသဘောဖြင့် မေးလိုက်၏။
"ဝူဟိုင်နဲ့ သူ့ကောင်မလေးက ရန်ဖြစ်ထားတာလား"
သူ့ဘေးက ကျန်းကျွင်းမှာတော့ ခဏလောက် ရပ်တန့်သွားပြီး ဆက်လမ်းလျှောက်ကာ
"ဘာလို့ ရုတ်တရက်ကြီး ဒါကိုမေးတာလဲ"
"ဒါက..."
ချင်းချိန် ခေါင်းခါလိုက်ကာ
"သူတို့ နှစ်ယောက် စကားမပြောဘဲ ဘေးချင်းကပ် လမ်းလျှောက်နေတာ ခုလေးတင် မြင်လိုက်လို့.."
ဒီလို အကြောင်းအရာတွေကို လိုက်စိတ်ဝင်စားနေသည်အထိ အချိန်တွေ အားနေကြောင်း ချင်းချိန် သတိပြုမိသွားသည်။ လူတစ်ယောက် သူ့ရည်းစားနဲ့ အဆင်ပြေပြေ မပြေပြေ သူ့အလုပ်မှ မဟုတ်ဘဲ။
"ထားလိုက်တော့။ ငါမေးတာကို မေ့လိုက်"
"ဘေးချင်းကပ်လျှောက်နေတယ် ဟုတ်လား"
ကျန်းကျွင်း၏ အသံမှာ မယုံနိုင်စရာတစ်ခုခုကိုကြားလိုက်ရသလို ကျယ်လောင်နေသည်။
"ချီးပဲ ချင်းချိန်ရာ။ ညနက်နေပြီနော်၊ ဒီလိုနောက်တာ ရယ်ရမနေဘူး။ ဝူဟိုင်ရဲ့ ရည်းစားက ဘယ်လိုလုပ် ဒီကို ရောက်လာမှာလဲလို့"
ချင်းချိန်က စုတ်သပ်ပြီး မေးလိုက်သည်။
"မင်းက တံခါးနားမှာ ထိုင်တာလေ။ သူဝင်လာတာကို ဘာလို့မတွေ့တာလဲ"
ချင်းချိန် ပြောလိုက်တာနဲ့ ကျန်းကျွင်း၏ မျက်နှာမှာ ဖြူစုပ်သွားပြီး ဇဝေဇဝါဖြစ်သွားသည်။
"ငါ မင်းကို မေးမယ်။ ဝူဟိုင်ရဲ့ ကောင်မလေး သတ်သေသွားတာ မင်းမသိဘူးလား။ အရင်လက တိုက်ပေါ်ကနေ ခုန်ချ သွားတာလေ။ ချင်းချိန် မင်းဦးနှောက် မှန်ရဲ့လားကွာ။ အခန်းတံခါးက လေတိုက်လို့ ပွင့်သွားတာကို"
ကျန်းကျွင်း၏ စကားတွေကို ကြားတော့ ချင်းချိန် ကျောရိုး တစ်လျှောက် အေးစက်သွားသည်။
စောနက ဝူဟိုင် လမ်းလျှောက်နေသည့်နေရာကို ကြည့်လိုက်တော့ သူ့ကို မတွေ့ရတော့ပေ။ ချင်းချိန်၏ လက်တွေမှာ တုန်လှုပ်သွားကာ ဘွဲ့ရကျောင်းသူလေးတစ်ယောက် တိုက်ပေါ်က ခုန်ချသွားတဲ့ သတင်းကို ကြားခဲ့သော်လည်း ထိုအချိန်က သူဟာ နင်ဟွရွာမှာ ရောက်နေတာမလို့ သိပ်အာရုံမရောက်ခဲ့ပေ။ ပြီးတော့ ဝူဟိုင်၏ ကောင်မလေးလို့လဲ မထင်ခဲ့တာက ဝူဟိုင်ဟာ အရင်လတစ်လလုံး နင်ဟွရွာမှာပဲ နေနေခဲ့လို့ ဖြစ်သည်။
"သူ ဘယ်က ခုန်ချသွားတာလဲ"
ချင်းချိန် မျက်နှာ သူ့လိုပဲ ပျက်နေတာကိုမြင်တော့ ကျန်းကျွင်းက အသည်းအသန်ပြောသည်။
"ချိန်လင်း အဆောက်အဦးပေါ်က"
"ချိန်လင်း အဆောက်အဦး"
'အခု ဝူဟိုင်သွားနေတဲ့ နေရာပဲ'