Ch 8
Viewers 738

Chapter 8


ချိန်လင်းအဆောက်အဦးဟာ “X”တက္ကသိုလ်၏ ပင်မသုတေသနဌာန ဖြစ်သည်။ စုစုပေါင်း ရှစ်ထပ်ရှိကာ ပထမထပ်နှင့် ဒုတိယထပ်တွင် စာသင်ခန်းများ ပါပြီး ပုံမှန်စာသင်လို့ အဆင်ပြေသည်။ ဒုတိယထပ် အခန်း218တွင် ကျင်းလင်ဟာ ပြတင်းပေါက်ကို မျက်နှာမူ၍ ထိုင်နေပြီး နေရောင်ခြည်ဟာ သူ့မျက်နှာဝိုင်းဝိုင်းပေါ် ကျရောက်နေလို့လားမသိ ပါးပြင်လေးတွေ နီမြန်း‌လို့ နေသည်။ ရှီအန်းမှာက ဧပြီလလယ်လောက်တွင် နေသိပ်မပူသော်လည်း နေ့လယ်ခင်း နေရောင်ခြည်သည် နွေးထွေးသော ခံစားချက်ကိုပေးပြီး လူတွေကို အိပ်ငိုက်စေလေ၏။ ကျင်းလင်တစ်ယောက် ပါးပေါ်လက်ထောက်ကာ ရှေ့တွင် ပါမောက္ခပြောနေသည်ကို ပျင်းတိပျင်းရွဲဖြင့် ကြည့်နေပြီး သမ်းနေသည်။ 


စာသင်ခန်းထဲမှာက လူဆယ်ယောက်လောက်ရှိပြီး အခန်းက သိပ်ကျဉ်းတာတော့ မဟုတ်ပေမဲ့ တက်ရောက်သောသူ နည်းနည်းသာရှိသည်။ ကျင်းလင်၏ အခန်းဖော် ကျန်းရှောင်မေလဲ ယနေ့ အတန်း မတက်ပေ။ ကျင်းလင်သည်တော့ သူစာကြည့်တိုက်ကို ထပ်သွား‌ပြန်‌ပြီလို့သာ ထင်လိုက်သည်။


ညနေခင်း၏ဝင်လုဆဲဆဲနေရောင်က ပြတင်းပေါက်မှတဆင့် ပျင်းရိရစ်မူးဖွယ် တိုးဝင်လာခဲ့သည်။ ကျင်းလင်သည် ဒီလိုလွမ်းဆွေးစရာကောင်းသည့် ခံစားချက်ကို ကြိုက်နှစ်သက်ပြီး ဒါက သူ့ခန္ဓာကိုယ်ထဲသို့ ဆွတ်ပျံ့လွမ်းမောမှုများ တိတ်တဆိတ် တိုးဝင်လာသလိုပင်။


ကျင်းလင်၏ မျက်လုံးများ မှိတ်လုဆဲဆဲ ဖြစ်လာတာကြောင့်  ပါမောက္ခ၏ ရှင်းပြနေသံသည် တစ်ဖြည်းဖြည်း တိုးသထက် တိုးလာတော့၏။ ဘယ်လောက်ကြာသွားသည်မသိ မေးစေ့ကို ထောက်ထားသည့်လက် ချော်ကျသွားတော့မှ နိုးလာကာ နားထင်ကို ပွတ်လိုက်ပြီးနောက် မရည်ရွယ်ဘဲနှင့် ပြတင်းပေါက်ကို ကြည့်မိလိုက်သည်။ ဘယ်ကမှန်းမသိဘဲ မီးခိုးရောင်အရိပ်ကြီးဟာ သူ့ရှေ့ရှိ ပြတင်းပေါက်အပြင်ကနေ ပြုတ်ကျလာပြီး ဘာမှတောင် မတုံ့ပြန်ရသေးခင် ကြီးကြီးမားမားအရာတစ်ခုက မြေပြင်ပေါ် ပြုတ်ကျသွားသည့် အသံသည် ကျင်းလင် နားထဲသို့ ဝင်ရောက်လာလေသည်။ 


ကြားပြီးပြီးချင်းမှာ ကျောင်းဝင်းအတွင်း တဒင်္ဂတိတ်ဆိတ်သွားပြီးနောက် နေရာအနှံ့ အော်ဟစ်သံများ ပျံ့နှံ့သွားတော့သည်။


"အား... လူတစ်ယောက် တိုက်ပေါ်က ခုန်ချလာတယ်"


ကျင်းလင်လဲ လန့်သွားပြီး ပြတင်းပေါက်ကနေ အမြန်သွားကြည့်လိုက်သည်။ သို့သော် ကျင်းလင် မြင်လိုက်ရသည်မှာ နောင်တွင် သူ့အိပ်မက်ထဲ အကြိမ်ကြိမ်အခါခါ ခြောက်လှန့်လာမည့် အိပ်မက်ဆိုးတစ်ခု ဖြစ်နေ၏။


နီညိုရောင်သွေးများသည် မြေပေါ်ရှိ မိန်းမတစ်ယောက်၏ အလောင်းအောက်တွင် ဖြည်းဖြည်းချင်း ပျံ့ကြဲလာနေသည်။ ပွင့်နေဆဲဖြစ်သည့် မျက်လုံးများမှာ ထိတ်လန့်ဖွယ် ဖြစ်နေသော်ငြား ကျင်းလင် သူ့ကို မှတ်မိနေ၏။ သူက ဒီနေ့အတန်းလာမတက်သည့် ကျင်းလင်၏ အခန်းဖော် ကျန်းရှောင်မေသာ ဖြစ်သည်။


ဒီလို ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း တစ်လသာ ကုန်သွားပြီး ကျန်းရှောင်မေနှင့် မသိကြသည့် လူတွေအတွက်တော့ ဒီအဖြစ်အပျက်ဟာ အတန်းပြီးရင် ပြောကြသည့် ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်သာသာပင်။ သူတို့၏ ဘဝကို ဘာမှမဖြစ်သလိုပင် ပုံမှန်အတိုင်း ဖြတ်သန်းနေခဲ့ကြ၏။


ချင်းချိန်ဟာ နှလုံးသားနူးညံ့သည့်လူ မဟုတ်တာမလို့ သူနှင့်ဘာမှမဆိုင်သော ကိစ္စများကို ဂရုမစိုက်ပေ။ ကျန်းရှောင်မေ သေသွားပြီလို့ ကြားတုန်းကလဲ ခေါင်းသာ ငြိမ့်ပြခဲ့ပြီး မေ့သွားခဲ့သည်။ သို့သော်လည်း အခုချိန်တွင် အရာအားလုံး ပြောင်းလဲသွားချေပြီ။


"ချင်းချိန် မင်းအဲဒီနေ့က ခေါင်းများ ထိသွားတာလား။ ဆေးရုံဆင်းလာကတည်းက အဓိပ္ပာယ်မရှိတာတွေ ဘာလို့ပြောနေတာလဲ"


"ငါ့ဦးနှောက်သာ မမှန်ဘူးဆိုရင် ပိုတောင်ဝမ်းသာမိဦးမယ်"


ချင်းချိန်သည် မျက်လုံးမှိတ်လိုက်ပြီး ခုဏက ဝူဟိုင် ထွက်သွားသည့် နေရာကို ကြည့်ကာ စိတ်ထဲ ယိုးယိုးရွရွဖြစ်လာသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့၏။ ထိုကြောက်မက်ဖွယ်ညက ရခဲ့သည့် သူ့လည်ပင်းရှိ ဒဏ်ရာသာ သူ့အရေပြားပေါ် ရှိနေသေးရင် ချင်းချိန် ရူးသွားမည်လားတောင် စိုးရိမ်မိသည်။ လင်းဟုန်ရှင်းသည်လဲ ပေကျင်းရှိ ဆေးရုံတွင် ကိုမာဝင်နေလေ၏။ 


သရဲနှင့်ပတ်သက်တာ မပြောနှင့်၊ လူတွေဆိုတာ ကိုယ်မသိရသည့် အရာတွေကို အမြဲ ကြောက်တတ်ကြသည်။ 


ချင်းချိန်သည် အသက်ကို တန်ဖိုးထားတာမလို့ ထိုညတွင် ကြုံခဲ့ရသည့် အကြောက်တရားမျိုးကို နှစ်ခါ ထပ် မခံစားရချင်ပေ။


သို့သော် သူ့စိတ်ထဲ တစ်ခုခုကို ကြိုသိနေသလိုကို ခံစားနေရ၏။ အခုချိန်မှာ ဝူဟိုင်ကို တစ်ယောက်ထဲ လွှတ်ထားလိုက်ရင် သူ့အလောင်းကိုပဲ ပြန်ရမယ်ဆိုသည့် ခံစားချက်ပင်။


"ငါ့နောက်လိုက်ခဲ့"


ကျန်းကျွင်း၏ မျက်နှာကိုကြည့်ကာ ချင်းချိန် ပြောလိုက်သည်။


"ဝူဟိုင်ဆီမှာ ကြောက်စရာကောင်းတာ တစ်ခုခု ဖြစ်သွားမှာစိုးလို့"


ချင်းချိန်၏ စကားတွေမှာ နဂိုတည်းကမှ စိတ်ထဲ ကြောက်နေသည့် ကျန်းကျွင်းကို နေမထိထိုင်မသာ ဖြစ်စေလေသည်။


"မင်း မြင်လိုက်တာ ကျန်းရှောင်မေ များလား မသိဘူး"


ကျန်းကျွင်း ကြောက်နေတာသိတော့ ချင်းချိန်လဲ မရှင်းပြရဲပေ။ အဲဒီနောက် နောက်လှည့်ကာ ချိန်လင်းအဆောက်အဦးထဲ ပြေးဝင်သွားတော့၏။


ချင်းချိန် ထွက်သွားတော့ ကျန်းကျွင်း၏ အတွေးတွေမှာ အကြိမ်တစ်ထောင်လောက် ‌ဗြောင်းဆန်ကုန်တော့သည်။ နောက်ဆုံးမှာတော့ ချင်းချိန်နောက်ကို လိုက်သွားဖို့သာ ဆုံးဖြတ်လိုက်တော့၏။


ချင်းချိန်သည်လဲ ကျန်းကျွင်း ဘာတွေ တွေးနေမလဲဆိုတာ သိသည်။ အချို့လူတွေ၏ အမြင်တွင် ချင်းချိန်ဟာ ကျန်းပေါ် သေဆုံးမှု၏ သံသယရှိသူ၊ လင်းဟုန်ရှင်းကို ဒဏ်ရာရစေသည့် တရားခံဖြစ်နေ၏။ သူတို့နှစ်ယောက်သည် သူငယ်ချင်းဖြစ်တာဖြစ်လို့ ကျန်းကျင်းတစ်ယောက် ဘာမှမပြောသော်ငြား အနည်းဆုံးတော့ သူ့စိတ်ထဲ သံသယလေးတွေတော့ ရှိနေမှာပင်။


အထူးသဖြင့် အခုလိုအချိန်မျိုးမှာဆိုလျှင် ချင်းချိန်သည် ညသန်းခေါင်ကြီး’ထူးဆန်း'သည့် စကားတွေကို ပြောနေပြီး ဒီအချိန်လူသူကင်းမဲ့နေသည့် ချိန်လင်းအဆောက်အဦးထဲကို လိုက်ခဲ့ဖို့ ပြောနေသည်။ ဘယ်သူမဆို စိတ်ထဲမှာတွေးမိမှာက သူများရူးသွားမလား ကိုယ့်ကိုများ အန္တရာယ်ပြုမလားလို့ပင်။


ဒါကြောင့် ကျန်းကျွင်းသည် အဝေးကနေ သူ့နောက်လိုက်လာတာကို မှားတယ်ဟု မထင်ပေ။ ချိန်လင်းအဆောက်အဦးက သိပ်မဝေးတာကြောင့် ငါးမိနစ်အတွင်း သူတို့ရောက်လာကြသည်။ 


သို့သော် ချင်းချိန်သည် ဝူဟိုင် ဘယ်ရောက်နေသလဲ သေချာမရှာရသေးခင် သူ့နောက်လိုက်လာသည့် ကျန်းကျွင်းသည် ရုတ်တရက် အော်လိုက်၏။


"ဝူဟိုင်ရေ"


"ဝူဟိုင် ဘယ်မှာလဲ"


ကျန်းကျွင်း အော်လိုက်တော့ ချင်းချိန်က မေးသည်။ ချက်ချင်း ချင်းချိန်ဘက်ကို ပြေးလာကာ ခေါင်မိုးထပ်အား လက်ညိုးထိုးပြ၏။


"မင်းဘယ်ကြည့်နေတာလဲ။ မင်းမျက်မှန်တွေက အလှတပ်ထားတာလား"


ကျန်းကျွင်း ညွှန်ပြရာကို ကြည့်လိုက်တော့ ခေါင်းမိုးထပ်ရှိ အကာအကွယ်စည်းရိုးပေါ်သို့ မှုန်ဝါးဝါး ပုံရိပ်တစ်ခု တက်သွားတာကို မြင်လိုက်ရသည်။ သူသည် အဝေးမှုန်တာကြောင့် မျက်မှန်တပ်ထားတာတောင် သေချာ မမြင်ရပေ။ သို့သော် မိန်းမတစ်ယောက် ဝူဟိုင်ကို ရှေ့သို့ တွန်းပို့နေတာကိုတော့ စမ်းတဝါးဝါး မြင်လိုက်ရသည်။


ချင်းချိန်သည် သူဘယ်သူလဲဆိုတာ မှန်းစရာတောင် မလိုတော့ပေ။


ချင်းချိန်၏ ခန္ဓာကိုယ်အတွင်း အေးစိမ့်လာတော့သည်။


'သူ ဝူဟိုင်ကို သတ်တော့မှာပဲ'


"ဝူဟိုင် မင်း ဘာလုပ်နေတာလဲ။ စိတ်မြန်လက်မြန် မလုပ်နဲ့"


ကျန်းကျွင်းက တိုက်ရှေ့ကို သွားပြီး အကျယ်ကြီး အော်ပြောလိုက်သည်။ သို့သော် သူဘာပဲပြောပြော ဝူဟိုင် သူ့ကို မကြားသည့်ပုံဖြင့် ခေါ်တာကိုလည်းမထူး ဘာမှ ပြန်မပြောချေ။


"အသုံးမဝင်ဘူးကွ"


ချင်းချိန်သည် ခေါင်မိုးပေါ်ရှိ လူနှစ်ယောက်အား ကြည့်နေသည်။ မဟုတ်သေးဘူး၊ တစ်ယောက်က လူ တစ်ယောက်က သရဲလို့ ပြောရမည်။


"ဝူဟိုင်ကို သူထိန်းချုပ်ထားမှာ ကြောက်နေတာ"


"မင်းက ဒီလို ပြောနေတုန်း..."


အစက ကျန်းကျွင်း တစ်ခုခုပြောမလို့ ကြံပေမဲ့ တိုက်အောက်ရှိ ‌ကြမ်းပြင်ပေါ်သို့ မတော်တဆ အကြည့်ရောက်သွားသည်။ ထိုနေရာဟာ ကျန်းရှောင်မေ ခုန်ချခဲ့သည့် နေရာဖြစ်ပြီး ဝူဟိုင် ပြုတ်ကျမည့် နေရာဖြစ်ပုံရသည်။ 


ထိုကိစ္စဖြစ်တုန်းက ကျန်းကျွင်းသည် ကျောင်းဝင်းထဲ ရောက်နေခဲ့တာဖြစ်၏။ ကျန်းရှောင်မေ၏ အလောင်းကို သူ မမြင်ခဲ့ရပေမဲ့ နီညိုရောင်သွေးအိုင်ကြီးကိုတော့ မြင်ခဲ့ရသည်။


ဝူဟိုင်နှင့် ကျန်းကျွင်းတို့သည် သူငယ်ချင်းတွေဖြစ်ပြီး နင်ဟွရွာတွင် အလုပ်တူတူတွဲလုပ်ရတုန်းကလဲ တစ်ဖွဲ့တည်းကျခဲ့တာ ဖြစ်သည်။ ထို့ကြောင့် ကျန်းရှောင်မေ သေသွားသည့်သတင်း ပြန့်နေတုန်းက ဝူဟိုင်တစ်ယောက် ကျောင်းဝင်းကို ပြန်မသွားခဲ့တာကို ကျန်းကျွင်း သိနေသည်။ ကျန်းပေါ် ကိစ္စမဖြစ်ခင် ကျန်းရှောင်မေ၏ ဇာတိမြို့ကို ပြန်သွားခဲ့တာလောက်သာ ရှိ၏။


"ဒါဆို ငါတို့ဘာလုပ်ကြမလဲ"


"သူ့ကိုကယ်ရမယ်"


"သူ့ကို ဘယ်လိုကယ်ကြမှာလဲ"


"ဒီမှာနေခဲ့။ ငါအပေါ်တပ်ပြီး သွားကြည့်ကြည့်လိုက်မယ်"


အဲတာနဲ့ ချင်းချိန်ဟာ တိုက်ထဲဝင်ပြီး လှေကားပေါ် ပြေးတက်သွားတော့သည်။ 


ညဘက်ဖြစ်တာကြောင့် ကျောင်းဝင်းအတွင်းရှိ ဓာတ်လှေကားများဟာ လော့ချထားတာကြောင့် ချင်းချိန်ဟာ လှေကားဖြင့်သာ တပ်ရတော့၏။


ရှစ်လွှာသို့ ချင်းချိန် အလောတကြီး တက်ခဲ့ပြီးနောက် အသက်ရှုမဝ ဖြစ်လာခဲ့သည်။ အသက်ရှုနှုန်းကို ပုံမှန် ဖြစ်စေရန် ကြိုးစားရှုနေရတုန်းမှာပင်၊ ဝူဟိုင် နောက်ဘက်တွင် ရပ်နေသော ကျန်းရှောင်မေ၏ တောင့်တင်းနေသော အပြုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ကျန်းရှောင်မေ၏ ဖြူဖွေးသော လက်မောင်းများက ဝူဟိုင်ကို ရှေ့သို့ တွန်းထားဆဲ ဖြစ်သည်။