Ch 11
Viewers 723

Chapter 11


"ဘာဖြစ်တာလဲ။ သူ မသေသေးဘူးဆိုရင် သူ့အရေပြားပေါ် အစက်အပြောက်တွေ ဘာလို့ပေါ်လာမှာလဲ"


အစက်အပြောက်တွေဟာ သေဆုံးပြီးနောက် နှလုံးသွေးလည်ပတ်မှု ရပ်သွားသည့်အချိန်တွင် ပေါ်လာပြီး အလောင်း၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် ခရမ်းပုပ်ရောင်အစက်တွေ ထွက်လာတာဖြစ်သည်။ ကျန်းကျွင်းသည် လင်းဟုန်ရှင်း အသက်ရှင်နေသေးတယ်ဟု ပြောပေမဲ့ သူ မသေသေးရင် သွေးလည်ပတ်မှုရပ်ပြီး ဘာလို့အစက်အပြောက်တွေ ထွက်လာမည်လဲ။


မယုံနိုင်စရာပင်။


"မသိဘူး၊ ဘာတွေဖြစ်သွားလဲဆိုတာ သေချာမသိပါဘူး”ကျန်းကျွင်းက လီကော်ရှန်နှင့် အတူ တူးဖော်ရရှိသော ပစ္စည်းများကို သန့်စက်ရာတွင် ကူညီ ဆောင်ရွက်ရပြီး ဒီနေ့တွင် အခြားဘွဲ့ရကျောင်းသား အချို့လည်း ကျောင်းဝင်းထဲတွင် ရှိနေသည်။ လီကော်ရှန်း သုတေသနခန်းသို ၇နာရီခွဲတွင် ရောက်ရှိခဲ့ပြီး နောက်နာရီဝက် အကြာတွင် ဖုန်းကော်လ်တစ်ခုကို လက်ခံရရှိခဲ့လေသည်။ လီကော်ရှန်သည် ဖုန်းဖြေဆိုပြီးပြီးချင်းပင် ကျန်းကျွင်းကို ပေကျင်းသွားသည့် လက်မှတ်ကို မြန်မြန်ဝယ်ပေးပါရန် ညွှန်ကြားခဲ့သည်။



"ပါမောက္ခလီက ပေကျင်းကိုမသွားခင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူ မရှင်းဘူးလို့ ပြောပေမဲ့ လင်းဟုန်ရှင်းနဲ့ ပတ်သက်တာ တစ်ခုခုပဲ။ သူပြောတာတော့ လင်းဟုန်ရှင်းက ရုတ်တရက်ကြီး ညဘက်နိုးလာတာတဲ့။ သူ့ခေါင်းက ဒဏ်ရာလဲ ပြန်ပွင့်နေပြီး ထူးထူးဆန်းဆန်းတွေ လုပ် လူတွေကို လန့်အောင် ခြောက်နေတာ အရူးတစ်ယောက် လိုပဲတဲ့။ ဒါပေမဲ့ မနေ့က"


ခဏရပ်လိုက်ပြီး ကျန်းကျွင်းကဆက်ပြောသည်။


"လင်းဟုန်ရှင်း ရုတ်တရုတ် ကိုမာပြန်ဝင်သွားပြီး သိပ်ကြာဘူး အပြာရောင်အစက်တွေ သူ့ကိုယ်ပေါ်မှာ ခဏချင်း ပေါ်လာတော့တာပဲ။ လက်မောင်းကနေ ရင်ဘတ်အထိ ရှိတယ်။ အကွက်တွေ ပေါ်တဲ့ အသားတွေက ပုပ်ပွတော့မယ့် လက္ခဏာတွေ စပြလာတော့တာပဲ "


"အသားပုပ်တယ်ဟုတ်လား။ ထိန်းချုပ်ဖို့ နည်းလမ်းမရှိဘူးလား။ ဒီတိုင်းထားထားမယ်ဆိုရင် လင်းဟုန်ရှင်းက...."


ဖြည်းညှင်းစွာ စုရုံးလာကြသော ရှေးဟောင်းသုတေသန ပညာရှင်အားလုံးသည် ပဟေဋ္ဌိဖြစ်နေကြသည်။


"သူ့အခြေအနေက တည်ငြိမ်တယ်လို့ မပြောဘူးလား"


"အင်း။ သူအသက်အန္တရာယ်မရှိတော့ဘူးလို့ ပြောပြီးတော့ ခုလိုရုတ်တရက်ကြီး ဘာလို့ ဖြစ်သွားရလဲမသိဘူး"


"မသေသေးတဲ့ လူတစ်ယောက်အပေါ်မှာ အစက်အပြောက်တွေ ပေါ်လာစရာ အကြောင်းမှမရှိတာ"


ရှေးဟောင်း သုတေသန ပညာရှင်များ အကြား အရှိန်အဟုန် ပြင်းပြင်းဖြင့် ဆွေးနွေးမှုကြောင့် တောင်ပေါ်ရှိ ဆိတ်ငြိမ်သော နံနက်ခင်း သည် အလွန် ဆူညံသွားသည်။


ချင်းချိန်က တခြားဘာမှ မပြော။ ဝမ်းနည်းစရာမှာ သူသည် စိတ်အရှုပ်ထွေးဆုံးသူဖြစ်သည်။


ကျန်းပေါ် သေဆုံးသွားခဲ့ပြီး ယခုလင်းဟုန်ရှင်းတွင်လဲ ထူးဆန်းမှုတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ဤရုတ်တရက်ပြောင်းလဲမှုများအားလုံးသည် အသက် 25 နှစ်အရွယ် လူငယ်တစ်ဦးမှ ရှင်းပြ၍မရသော အရာများဖြစ်သည်။  သူသည် တောင်၏နက်နဲသော တိမ်တိုက်ထဲတွင် ပျောက်ဆုံးသွားသလို ခံစားလိုက်ရကာ ရှေ့ဆက်သွားသင့်သလား ဒီတိုင်းလေးပဲ ဆက်နေရမလားဆိုတာ ဆုံးဖြတ်ဖို့ စိုးရွံ့နေမိ၏။


ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလဲ။ ဤလျှို့ဝှက်ဆန်းကြယ်မှုအားလုံး၏အဖြေကို သင်္ချိုင်းအတွင်းတွင် ဝှက်ထားကြောင်း ချင်းချိန် သိသည်- တောင်ဂူဗိမာန်အောက်တွင် ဘယ်က သူ့ကိုမြှုပ်နှံထားတာလဲ။  အဲဒီမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များရှိနေမလဲ။


ဒါပေမဲ့ အရေးကြီးဆုံးကတော့ သူတို့ သံသယဝင်သမျှနဲ့ သိချင်သမျှက ….


"ဟေ့ ဒီမှာကြည့်။ ရွှေခွက်တွေ့ပြီ"


ချင်းချိန်သည် သင်္ချိုင်းပြဿနာကို ဆက်မတွေးရသေးမီတွင် လိုဏ်ခေါင်း၏အနက်ပိုင်းတွင် အလုပ်လုပ်နေသော လော့စစ်ယွမ်၏အော်သံကြောင့် လူတိုင်းသည် လိုဏ်ခေါင်းဝင်ပေါက်ဆီသို့ ပြေးသွားကြသည်။


လော့စစ်ယွမ်သည် ခါးကုန်းပြီး ရွှေခွက်ကို ဂရုတစိုက်ကိုင်ကာ လက်ချောင်းများဖြင့် ဖုန်တွေကိုသုတ်လိုက်တော့ ခွက်၏ကိုယ်ထည်ပေါ်ရှိ အနုစိတ်ပြီး လက်ရာမြောက် ဖောင်းကြွနေသော နဂါးရုပ်ကြီး ပေါ်လာလေသည်။ ဥမင်လိုဏ်ခေါင်းအဝင်ဝသို့ အမြန်လျှောက်လာရင်း 


"ကြည့်ကြ။ ဒါတကယ် ရွှေခွက်ပဲ။ နဂါးပုံတွေပါတယ်။ ဒီသင်္ချိုင်းကြီးက တကယ် ဧကရာဇ်ရဲ့ ဂူဗိမာန်ပဲကွ"


ဤသတင်းသည် နှစ်ပေါင်းများစွာ ဤနေရာတွင် အလုပ်လုပ်နေခဲ့သော ရှေးဟောင်း သုတေသန ပညာရှင်များအတွက် စိတ်လှုပ်ရှားစရာဖြစ်မည်မှာ သေချာပါသည်။  ဤသည်မှာ ဧကရာဇ်၏ ဂူဗိမာန်ဖြစ်ကြောင်း အခြေခံအားဖြင့် သေချာကြသော်လည်း သက်သေပြရန် အထောက်အထားမရှိပေ။ ဧကရာဇ်တစ်ပါးတည်းသာ နဂါးပုံစံဖြင့် ရွှေခွက်ကို သောက်နိုင်သည်။ ဆိုလိုသည်မှာ ဤသင်္ချိုင်းသည် အမှန်တကယ်ပင် ဧကရာဇ်ဂူဗိမာန်ဖြစ်သည်။


ချင်းချိန်သည် လော့စစ်ယွမ်ထံသို့ အပြေးသွားကာ သူ့လက်ထဲမှ ရွှေခွက်ကို ယူလိုက်သည်။ ရွှေခွက်မှာ လက်တဝါးစာအကျယ် ရှိပြီး ဖုန်များဖြင့် ပေကျံနေသော်လည်း ပြောင်လက်တောက်ပနေဆဲ ဖြစ်သည်။ ရွှေခွက်လေး၏သက်တမ်းသည် နှစ်ထောင်ပေါင်းများစွာ ကြာညောင်းခဲ့သော်လည်း မနက်ခင်းနေရောင်ထဲတွင် တလက်လက် တောက်ပနေဆဲပင်။ အညစ်အကြေးများကို ဂရုတစိုက် သန့်ရှင်းပြီးနောက်တွင် နဂါးပုံဖော်ထားသည့် သေးငယ်သောလိုင်းကြောင်းလေးများကိုပင် မြင်လာရသည်။ နဂါးဦးခေါင်းက ကောင်းကင်သို့ ဦးတည်လျှက် ပါးစပ်ကျယ်ကြီးဖွင့်ကာ ဟိန်းဟောက်နေဟန်သည် ကောင်းကင်ကို အန်တုယှဥ်ပြိုင်ရန် စိန်ခေါ်နေသည့် ဟန်ပန်မျိုးဖြစ်သည်။ ကောင်းကင်က  သူနှင့် ရန်သူဖြစ်လိုက ဖြစ်နိုင်သလို၊ တစ်ပွဲတစ်လမ်း ယှဥ်ပြိုင်လိုကလည်း တစ်ပွဲလောက်  ပျော်ရွှင်စွာ ကစားပေးရန် အသင့်ရှိနေသကဲ့သို့ အလွန် အသက်ဝင်လှသလို...... ချီးကျူးဖွယ်လဲ ဖြစ်လှသည်။


ချင်းချိန်သည် ခွက်အောက်ခြေ၊ အတွင်းပိုင်းနှင့် အပြင်ဘက်ကို ကြည့်လိုက်တော့ အစကပျော်နေရာကနေ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။


"ဒီခွက်မှာ ကမ္ပည်းမထိုးထားဘူး။ သင်္ချိုင်းပိုင်ရှင် အသုံးများခဲ့တဲ့ ပစ္စည်းတစ်ခု ဖြစ်ရမှာကို"


ဒါကိုပြောပြီး ချင်းချိန်သည် လော့စစ်ယွမ် ရွှေခွက်ကို တွေ့ခဲ့သည့် နေရာအား ကြည့်လိုက်သည်။


"ခေါင်းတလားခန်းကို မရောက်ခင်မှာ သင်္ချိုင်းပိုင်ရှင်ရဲ့ မြှုပ်နှံပစ္စည်းတွေ နေရာအနှံ့ ပြန့်ကြဲနေတာကို တွေ့ရတယ်"


ချင်းချိန်သည် ထိုညက သူကောက်ယူခဲ့သော ကျောက်စိမ်းဆွဲပြားအကြောင်းကိုလည်း တွေးရင်း၊ ဤအခြေအနေကြောင့် ချင်းချိန်သည် သူအစက ခန့်မှန်းထားသည့်အချက်မှာ ပို၍ပင် သေချာသွားခဲ့သည်။


“သင်္ချိုင်းကို အရင်က ဂူဖောက်သူခိုးတွေ တူးဖော်ခဲ့တာ ဖြစ်နိုင်တယ်”   


ချင်းချိန်ပြောသော စကားများကို အလုပ်သမားတွေကလည်း တွေးနေခဲ့တာဖြစ်သည်။ ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းများဟာ ခေါင်းတလားခန်းအပြင်ဘက်တွင် ပြန့်ကျဲနေသောကြောင့် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိတော့သည်။  ဖြစ်နိုင်ချေတစ်ခုကတော့ ရှေးခေတ်လူတွေက သင်္ချိုင်းတွင်းထဲ ပိုင်ရှင်ကို သယ်လာရင်း လမ်းမှာ ပစ္စည်းတချို့ မတော်တဆ ကျကျန်မိခဲ့တာ ဖြစ်နိုင်သည်။ သို့သော်လည်း ပစ္စည်းတွေကျကျန်ခဲ့သည် ဆိုရင်တောင် ဤနေရာသည် နေရာမှန်မဟုတ်ပေ။ ပစ္စည်းများကို အုတ်ဂူတစ်ဖက်တွင် ထားထားတာဖြစ်၏။ ဒီဖြစ်နိုင်ချေသာမဟုတ်ရင်တော့ ဂူဖောက်သူခိုးတွေ တန်ဖိုးရှိတာတွေ အများကြီးယူနေတုန်း ဒီရွှေခွက်ဟာ မတော်တဆ ပြုတ်ကျသွားခဲ့တာပဲ ရှိတော့မည်။


ယခင်က ရှေးဟောင်းသုတေသနသမိုင်းကို သုံးသပ်ကြည့်လျှင် ယေဘူယျအားဖြင့် ဂူဖောက်သူခိုးများ တူးဖော်ခဲ့သည့် သင်္ချိုင်းများတွင် ရတနာအနည်းငယ်သာ ကျန်ရှိတော့ပြီး လေးလံသော ကြေးထည်ပစ္စည်းများနှင့် ကြွေထည်ပစ္စည်းများသာ ကျန်ရှိတော့သည်။ ကံမကောင်းတာက ဒီသင်္ချိုင်းဟာ အမှန်တကယ် ဖောက်ထွင်းခံခဲ့ရလျှင် အများကြီး ကျန်နေတော့မှာ မဟုတ်ပေ။


ဒါကိုတွေးပြီး စိတ်တိုနေသော ချင်းချိန်က တောင်ပေါ်တက်ဖို့ ပြင်နေတဲ့ ကျန်းကျွင်းအား မစ္စတာကျန်းကိုပါ သူနဲ့အတူခေါ်သွားဖို့ ပြောလိုက်သည်။ ထိုအတောအတွင်း ချင်းချိန်သည် ဝူဟိုင်၊ လော့စစ်ယွမ်နှင့် ရောက်ရှိလာသော အခြားစီနီယာပါမောက္ခတွေနှင့် ဆွေးနွေးဖို့အတွက် ကျန်နေခဲ့သည်။


ကြမ်းပြင်ပေါ်တွင်ထိုင်နေသော ပါမောက္ခလျှိုသည် မီးခြစ်တစ်လုံးကိုယူကာ ဆေးလိပ်တစ်လိပ်ကို မီးညှိခဲ့သော်လည်း နောက်တော့ ဆေးလိပ်သောက်ရန်ပင် မေ့သွားသည်။ သူက အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး 


“သင်္ချိုင်းကို သူခိုးတွေက တူးခဲ့တာ သေချာပါတယ်။ ငါတို့ ရှေ့နည်းနည်းဆက်သွားရင်၊ အရင်တုန်းက ဂူဖောက်သူခိုးတွေ သုံးခဲ့တဲ့ အပေါက်ကိုတောင် ရှာတွေ့နိုင်တယ်”


"အာ နှမြောစရာပဲ။ သူတို့က ရတနာတွေ အများကြီး ယူသွားကြမှာ။ ကျွန်တော်တို့ ဒီသင်္ချိုင်းကြီးကို တူးပြီးရင်တောင် အလွတ်ကြီးဖြစ်နေမလားမသိဘူး"


လော့စစ်ယွမ်က သက်ပြင်းချလိုက်ပြီး 


"ဒါဆို အားထုတ်ထားတာတွေ ဖြုန်တီးသလိုဖြစ်မှာပေါ့"

   

"ဆက်မတူးတာက‌ အားထုတ်ထားတာတွေ ဖြုန်းတီးသလိုဖြစ်မှာ"


ဝူဟိုင်က ပြောသည်။   


“အနည်းဆုံးတော့ ဘယ်ဧကရာဇ်ကို ဒီမှာမြှုပ်နှံထားတယ်ဆိုတာ သိဖို့လိုတယ်”


“ဟုတ်တယ်၊ သင်္ချိုင်းရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ သိဖို့လိုတယ်။    ချင်းချိန် မင်းဘယ်လိုထင်လဲ"


မျက်မှန်ကို ချွတ်လိုက်ကာ ချင်းချိန်သည် လက်ချောင်းများဖြင့် ရောင်နေသလိုလိုဖြစ်နေသည့် နှာခေါင်းအား ပွတ်ဆွဲလိုက်သည်။

 

“တူးလိုက်တာပေါ့။ ဂူပိုင်ရှင်က ဘယ်သူမှန်းတောင် မသိရသေးတာကို။ မတူးလို့ရမလား"


"ဒါဆို တူးကြ‌တာပေါ့။ တူးနေတဲ့အချိန် အာရုံသေချာစိုက်ကြပါ။ ဂူဖောက်သူခိုးတွေ ဝင်ခဲ့တဲ့ အပေါက်ကိုတွေ့ရင် အဲနားမှာ ရတနာတွေတော့ ကျန်ခဲ့ဦးမှာပဲ"


ပါမောက္ခလျှိုက ပြုံးလိုက်သည်။ ဆေး‌လိပ်သောက်ဖို့ လုပ်လိုက်ပေမဲ့ ဆေးလိပ်က မီးကျွမ်းနေပြီဖြစ်၏။ ဒီအဖြစ်အပျက်လေးဟာ ပတ်ဝန်းကျင်ကလူတွေ ရယ်မောစေခဲ့၏။


တူးဖော်ခြင်းလုပ်ငန်းကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ရှေးဟောင်းသုတေသန ပညာရှင်များကပါ ဦးဆောင်ကာ အလုပ်သမားများ ကျောပေါ် မြေကြီးတွေ ကျောက်တုံးတွေ သယ်ရင်း အလုပ်များနေတာကို ကူညီပေး‌နေကြသည်။


မကြာခင်မှာပဲ ဂူဖောက်သူခိုးတွေ အသုံးပြုခဲ့တဲ့ လိုဏ်ခေါင်းကို တွေ့ရှိခဲ့သည်။ တူးပြီးသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် မြေကြီးတွေ ပြိုကျကာ ဥမင်လိုဏ်ခေါင်းကို လုံးဝဖုံးလွှမ်းသွားခဲ့သည်။ သေချာသာ အာရုံမစိုက်မိပါက ရှာတွေ့ဖို့ အရမ်းခက်ခဲမှာပင်။


ဂူဖောက်သူခိုးများ အသုံးပြုခဲ့သည့် ဥမင်လိုဏ်ခေါင်း၏ လမ်းကြောင်းအတိုင်း ချင်းချိန်သည် ကျကျန်ခဲ့သည့် ပစ္စည်းများကို သေသေချာချာ ရှာဖွေခဲ့သည်။ ဒီလိုနဲ့ နေ့တစ်ဝက်လောက် ရောက်လာတော့ အလုပ်တွေ ပြီးခါနီးနေပြီပင်။ နေလုံးကြီးဟာ မိုးကုပ်စက်ဝိုင်းပေါ်တွင် ကျရောက်နေပြီး  

ချင်းချိန်သည် ဘာရတနာကိုမျှ ရှာမတွေ့ခဲ့ပေ။ အဲဒီအစား ဥမင်လိုဏ်ခေါင်းထဲမှာ လူသေအလောင်းနှစ်လောင်းကို တွေ့ရှိခဲ့၏။ ဤအလောင်းနှစ်လောင်းသည် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သောကြောင့် ရှေးဟောင်းသုတေသနပညာရှင်များက ဤအလောင်းများသည် နှစ်ပေါင်း ရာကျော်သက်တမ်းရှိပြီဟု ခန့်မှန်းနိုင်ကြသည်။


အလုပ်ပြီးတာနဲ့ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေကြတဲ့လူတွေက အလောင်းတွေကို လာပြေးကြည့်ကြ၏။ ပါမောက္ခလျှိုက ဒိလိုအခြေအနေမှာ ပြုံးလိုက်ပြီး 


"ဒါ လိုဏ်ခေါင်းထဲမှာ ဂူဖောက်သူခိုး အချင်းချင်း တိုက်ခိုက်ခဲ့ကြတာနေမယ်။ မြင်ယောင်ကြည့်လိုက်၊ ဒီလူတွေက သင်္ချိုင်းကြီးကို ဖောက်ထွင်းဖို့ အဖွဲ့ဖွဲ့လာကြတယ်။ ဒါပေမဲ့ ပထမဆုံးထွက်သွားတဲ့သူက ရတနာတွေကို လက်ဝါးကြီးအုပ်ဖို့ အကြံနဲ့ ကျန်တဲ့လူတွေကို သတ်ပလိုက်တယ်။ မင်းဘယ်လိုထင်လဲ"


"ငွေနဲ့ အမြတ်ကြောင့်ပေါ့။ အညီအမျှခွဲပေးဖို့ကို တွန့်ဆုတ်နေခဲ့ကြတယ်ထင်တယ်"


ဝူဟိုင်က သဘောတူသည်။


"မဟုတ်ဘူး"


ချင်းချိန်၏ ခေါင်းဆောင်းပေါ် နေရောင်ခြည်ထိုးနေပြီး မတော်တဆ တွေ့လိုက်မိတဲ့ မြေကြီးပေါ် ပုဝါဖြင့် သုတ်နေသည်။  မကြာခင်မှာပဲ ရွှေနဲ့ ကျောက်စိမ်း အများကြီး ထွက်ပေါ်လာတော့သည်။


“သူခိုးအုပ်စုလို့ ထင်တာပဲ…” 


သူ့ရှေ့က ရတနာတွေကို ကြည့်ပြီး သူ့ဘေးက အလောင်းတွေကို ကြည့်လိုက်တော့ ချင်းချိန်က ရုတ်တရက် ဦးရေပြားထုံသွားသလို ခံစားလိုက်ရသည်။


"တစ်အုပ်စုလုံးသေပြီထင်တယ်..."


သူခိုးတစ်ယောက်မှ ဒီဂူဗိမာန်ကနေ ဘာကိုမှ ယူမသွားနိုင်ခဲ့ပေ။