Chapter 12
ချင်းချိန်၏စကားများကြောင့် အုံ့မှိုင်းနေပြီးဖြစ်သော ဂူသည် ပို၍အုံ့မှိုင်းနေပုံပေါ်လာသည်။
“မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး… အဲဒီတုန်းက သူခိုးတွေ ရန်ဖြစ်ရင်း ကျန်နေခဲ့တာ ဖြစ်နိုင်တယ်”
ဟယ်ရှင်းက ဒီလိုပြောပေမဲ့ သူကိုယ်တိုင်တောင် မယုံပေ။
"ဒါကို သရဲတွေနဲ့ ဝိညာဉ်တွေကလုပ်ခဲ့တာလို့ မင်းထင်နေတာလား။ အဲတာတွေက ဘယ်လိုလုပ်ရှိနိုင်မှာလဲ”
ကျန်းချီရှို့က မျက်နှာသိပ်မကောင်းသည့် ချင်းချိန်ကိုကြည့်ပြီး လှောင်ပြောင်သည်။
"ငါတို့က အရွယ်ရောက်ပြီးသား ယောက်ျားတွေပဲဟာ။ ငါတို့ ဘာကိုကြောက်ရမှာလဲ။ မိန်းကလေးတွေလဲမဟုတ်ဘူး"
ကျန်းချီရှို့သည် ဟိုးအရင်ကတည်းက ချင်းချိန်ကို အမြင်မကြည်ပေ။ သုတေသန အကြောင်းအရာပဲ ဖြစ်ဖြစ် ပညာရေးအခွင့်အလမ်းပဲဖြစ်ဖြစ် ချင်းချိန်က သူ့ရှေ့မှာ အမြဲတမ်း ရှိနေပြီး လီကော်ရှန်းရဲ့ အချစ်ဆုံး ကျောင်းသားလည်း ဖြစ်သည်။ သို့သော်လည်း လီကော်ရှန်းသည် ချင်းချိန်ကို ဘက်လိုက်တာကြောင့် ကျန်းချီရှို့သည် အချိန်အတော်ကြာ စိတ်ထိခိုက်ပြီး မနာလိုဖြစ်ခဲ့ရသည်။ ကျန်းချီရှို့က ချင်းချိန်သည် ကျန်းပေါ်ကိုသတ်ပြီး လင်းဟုန်ရှင်းကို ဒဏ်ရာရစေခဲ့သည်ဟု အနည်းဆုံးတော့ သူမျှော်လင့်ထားခဲ့၏။ ထူးဆန်းတဲ့စွမ်းအားတွေ၊ သရဲတွေဆိုတာတွေနဲ့ လူတွေဘာဖြစ်နေလဲသူ မသိပေမဲ့ သူတို့ဟာ ဒီလိုအရာတွေကို ရူးရူးမိုက်မိုက်ယုံနေပြီး ချင်းချိန်ကိုလည်း တာဝန်မခံခိုင်းကြပေ။
"သရဲရှိသလား၊ မရှိဘူးလားဆိုတာ ငါတို့ မပြောဘူး။ မင်းက ဘယ်သူ့ကို စော်ကားချင်နေတာလဲ”
ဝူဟိုင်က ကျန်းချီရှို့ တွေးနေတာတွေကို နားလည်ပြီး အဲဒီညမှာသာ သူအဲဒီအရာကို မကြုံခဲ့ဘူးဆိုရင် ကျန်းချီရှို့နဲ့ အတွေးတူနေမည်ဖြစ်သည်။
"ဟေ့ ငါက ဘယ်သူ့ကို စော်ကားနေလို့လဲ။ ဝူဟိုင်၊ မင်း ဒီစောက်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်ပါလား"
“ငါ-…”
"မင်း ဘယ်သူ့ကို ပြောနေလဲဆိုတာ ငါက မခန့်မှန်းတတ်ဘူး ဆိုတော့"
ချင်းချိန် ပြုံးလိုက်သည်။
"ငါတို့ထဲမှာ ရှိတဲ့ တစ်ယောက်တည်းသော မိန်းကလေးကိုပဲ မေးလိုက်ပါလား။ သွားလေ လီကျဲကျဲကို မေးကြည့်။ သူဆိုရင်တော့ မင်းဘယ်သူ့ကိုပြောနေလဲသိမှာပဲ"
ကျန်းချီရှို့၏ "မိန်းကလေး"ဆိုသည့် စော်ကားမှုကို အလွန်ဒေါသထွက်နေသော လီရင်သည် သူ့ကို လှမ်းကြည့်ကာ ချိုသာသော အပြုံးဖြင့်
"ငါက မိန်းကလေးဆိုတော့ ကြောက်သင့်တယ်ပေါ့”
သူက လက်အိတ်တွေကိုချွတ်ကာ ကျန်းချီရှို့ဆီ ဆောင့်ပစ်ချလိုက်သည်။
"နင်က ယောက်ျားဆိုတော့ မကြောက်ဘူးမလား”
ထိုစကားကို ပြောပြီးနောက် လှည့်မကြည့်ဘဲ ထွက်သွားသည်။
"ဟာကွာ ဘာဖြစ်နေတာလဲ။ ငါတို့က ဆယ်ကျော်သက်တွေ မဟုတ်တော့ဘူး။ အရင်က အဖြစ်အပျက်ကြောင့် ကြောက်ဖို့ အချိန်မရှိဘူးကွ”
ထန်ကျားမင်သည် ထိုလူငယ်များကြားတွင် ပို၍ရင့်ကျက်သူအဖြစ် အမြဲတန်းမှတ်ယူခံရပြီး ဒါနှင့်ပတ်သက်၍ သူ့ကိုယ်ပိုင် သံသယတွေရှိလျှင်ပင် ဤအချိန်မှာ သူတို့ကို ထုတ်မပြောပေ။ အဲအစား သူ မျက်မှောင်ကြုတ်ပြီး ပြောသည်က
"ဒီအခြေအနေက ဂူမတော်တဆ ပြိုကျမှုကြောင့် ဖြစ်တယ်ဆိုတာ သေချာတယ်။ ဒါကအဓိကမဟုတ်ဘူး။ ငါတို့ရဲ့ ဦးစားပေးက ဒီနေရာတဝိုက်မှာ ပြန့်ကျဲနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရှာရမှာ။ အခု တူးပြီးပြီဆိုတော့ ကာကွယ်ထားရမှာပဲ"
ထန်ကျားမင်က ဒီလိုပြောတဲ့အခါ ကျန်းချီရှို့က သူ့စကားကို ထိန်းထားပုံရပြီး ချီတုံချတုံဖြင့် ခေါင်းညိတ်လိုက်သည်။ ဒါ့အပြင် လက်ရှိအခြေအနေအရ အရေးအကြီးဆုံးက သူ့ရှေ့ရှိ ယဉ်ကျေးမှု အမွေအနှစ်တွေကို ချန်ထားခဲ့လို့ မရပေ။ လင်းဟုန်ရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စအတွက် သူ့ရင်ထဲမှာ မကျေနပ်ချက်တွေ ရှိနေပေမဲ့လည်း သူ့ရှေ့က အဖိုးတန် ရတနာတွေနဲ့ ယှဉ်ရင် အဲဒီမကျေနပ်ချက်ဟာ ဘာမှမဟုတ်ပေ။
သို့သော် အလုပ်သမားများသည် ဂူဖောက်သူခိုးများ၏ ပုံမှန်မဟုတ်သော သေဆုံးမှုအကြောင်းနှင့် လင်းဟုန်ရှင်း၏ ထူးဆန်းသော အခြေအနေများအား ပြောနေကြသည်ကို အရိပ်အမြွက် ကြားသိပြီးနောက် တစ်ယောက်မှ အလုပ်ထဲ မနေနိုင်တော့ပေ။ ဒီညယွမ်သုံးရာ အပိုထပ်တိုးပေးမယ်ဆိုရင်တောင် အနည်းဆုံး အလုပ်သမားတစ်ယောက်ပဲ နေခဲ့သည်။
“
“
နေဝင်ချိန်၏ အလင်းရောင်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ အလုပ်သမားများ၏ အကူအညီမပါ၊ စိတ်ဆိုးသွားသည့် လီရင်လဲ မရှိတာကြောင့် လုပ်ငန်းစဉ်မှာ နှေးကွေး လာလေသည်။ မြင်နေရသော ရှေးဟောင်းပစ္စည်းများ၏ အပေါ်ယံအလွှာကို ရှင်းလင်းပြီးသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နေပြီဖြစ်သည်။
ဥမင်လိုဏ်ခေါင်းသည် ပါးလှပ်ပြီး မှောင်နေကာ ညဘက်မှာ အလုပ်လုပ်ရန် မမျှော်လင့်ထားကြသောကြောင့် မီးဆလိုက်တစ်ခုသာ ရှိသည်။ ဥမင်လိုဏ်ခေါင်း၏ အနိမ့်ဆုံးဘက်တွင် အလင်းရောင်ရှိနေသော်လည်း အရှေ့တွင် မရှိပေ။ သန့်ရှင်းရေးလုပ်ပြီးနောက် ချင်းချိန်မတ်တပ်ထရပ်ကာ အမှောင်ထုကို ကြည့်လိုက်ပြီး ရှိနေတဲ့ ရှေးဟောင်းသုတေသနပညာရှင် ခြောက်ဦးစလုံး အလုပ်ကြိုးစားနေကြတော့သည်။
ခဏလောက်တော့ ချင်းချိန် အံ့အားသင့်နေခဲ့သည်။ သူ့ကိုခြောက်လှန့်ခဲ့တဲ့ ညကနေ ရက်တွေကြာလာသည်အထိ ကြောက်လန့်နေခဲ့ပေမဲ့ ဒီမှာရောက်နေရင် ကြောက်စိတ် မရှိတော့သလို ခံစားရသည်။ သေရမှာ ကြောက်တယ်၊ ဒီမှာ တသက်လုံး ပိတ်မိနေမှာ သူ ကြောက်တယ် မဟုတ်ဘူးလား။
"ချင်းချိန် ဒီလာပြီးကြည့်ကြည့်။ ငါတို့ ဘာရှာတွေ့လဲ ကြည့်ဦး"
ဝူဟိုင်က ရွှေနဲ့လုပ်ထားသည့် လေးထောင့်ခွက်ကို ကိုင်လာကာ စိတ်လှုပ်ရှားစွာဖြင့်
"ဒီမှာ စာလုံးတွေပါတယ်"
ဝူဟိုင် ပင်ပန်းနေသည်မှာ မျက်နှာတွင် အတိုင်းသားပေါ်နေပေမဲ့ စိတ်လှုပ်ရှားမှုတွေမှာလဲ ချုပ်တီးမထားဘဲ ပေါ်နေလေသည်။ ဝူဟိုင်တစ်ယောက် ပျော်လွန်းလို့ ထခုန်မိတော့မလိုတောင် ချင်းချိန် ထင်မိသည်။
ချင်းချိန်ကလဲ မနေနိုင်ဘဲ ခေါင်းခါလိုက်ပြီး တစ်ခြား သုတေသီတွေမှာလည်း အတွေးကိုယ်စီ ရှိပုံရသည်။ သူနှင့်မတည့်သည့် ကျန်းချီရှို့.ရော သူရှာတွေ့သော ပစ္စည်းအကြောင်း ပြောပြနေတဲ့ ဝူဟိုင်ရောပေါ့။ ချင်းချိန်သည် သူတို့ဘာတွေတွေးနေလဲဆိုတာ မသိချင်သလို မှန်းလဲမမှန်းကြည့်ပေမဲ့ တစ်ခုသေချာသည်က သူတို့ခြောက်ယောက်လုံးဟာ ဒီသင်္ချိုင်းကြီးကို ကပ်တွယ်မိနေကြတာပင်။ သူတို့ခြောက်ယောက်လုံးမှာ နောက်ဆုံးမှ ဒီသင်္ချိုင်းကို ရောက်လာသည့်သူဟာ လွန်ခဲ့တဲ့သုံးနှစ်ကမှ အလုပ်စလုပ်သည့် ဟယ်ရှင်းဖြစ်သည်။
အားလုံးက သူတို့ မတင်မကျဖြစ်နေတာကို ပျောက်အောင်လို့ အမှန်တရားကို ရှာဖွေချင်ကြပြီး ဒီတောင်ကြီးအောက်က လျို့ဝှက်ချက်ကြီးကို သိချင်နေကြသည်။ အားလုံးက သိချင်နေကြလွန်းလို့ သူတို့မကြာမီ ရင်ဆိုင်ရမည့် အန္တရာယ်ကို လျစ်လျူရှုနေခဲ့ကြ၏။
ဓာတ်မီးရဲ့ အကူအညီဖြင့် ချင်းချိန်ဟာ လေးထောင့်ခွက်ပေါ်က ထွင်းထုထားသည့် စာလုံးတွေကို သေချာဖော်ကြည့်နေသည်။
"ချင်း တဲ့"
"အင်း ချင်းဆိုတဲ့စာလုံးပဲ။ သင်္ချိုင်းပိုင်ရှင်ရဲ့ နာမည်တခုခုများလား"
ချင်းချိန်က မျက်မှန်ကိုပင့်တင်ကာ မျက်မှောင်ကြုတ်လိုက်ပြီး
"မသေချာဘူး။ ဒီလေးထောင့်ခွက်က ရွှေနဲ့လုပ်ထားတာကလွဲလို့ ဘာပုံစံမှ မဖော်ထားဘူး။ ဒါက ရွှေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေကြားမှာ အရိုးရှင်းဆုံးနဲ့ အထင်ကြီးလောက်စရာ မဟုတ်တဲ့ ပစ္စည်းပဲ။ ဒါပေမဲ့ သင်္ချိုင်းပိုင်ရှင်နဲ့ မြှုပ်ထားတာဆိုတော့ မသေခင်က သူနှစ်သက်တဲ့ဟာ ဒါမှအဟုတ် တော်တော်အရေးကြီးတဲ့ ပစ္စည်းဖြစ်ရမယ်"
"ချင်းချိန် ဒီမှာကြည့်အုန်း၊ လေးထောင့်ခွက်ရဲ့ ဒီထောင့်တထောင့်မှာ အချိုင့်တစ်ခု ထွင်းထားပါလား။ တစ်ခြားထောင့်တွေရဲ့ အနားတွေ က ချောပြီး ညီနေတာပဲ။ ဒီတစ်ခုပဲ အချိုင့်ရှည်မျောမျောလေး တစ်ခု ပုံဖော်ထားတာ။"
"ဒီလေးထောင့်ခွက်လိုမျိုးပဲ အစွန်းရှည်မျောမျောထွက်နေတဲ့ နောက်ထပ်ခွက်တစ်ခုလဲ ရှိရမယ်။ နှစ်ခု ပေါင်းစပ်လို့ရတဲ့ စုံတွဲခွက်ပေါ့။ “ဝူဟိုင်တစ်ယောက် ပြုံးတုံ့တုံ့ဖြင့် ပြောဆိုနေ၏။ "ဧကရီရဲ့ဂူသင်္ချိုင်းကလဲ သိပ်မဝေးတဲ့ နေရာမှာ ရှိနိုင်တယ်။ ဒီဧကရာဇ်ကတော့ တော်တော် စိတ်ကူးကောင်းပြီး ချစ်တတ်ပုံရတယ်ဟေ့ ဟားဟားဟား "
ခေါင်းညိတ်ပြီးနောက် ချင်းချိန်က သူ့စိတ်ထဲရှိနေတာကို ပြောသည်။
"ငါလဲမသိဘူး"
"အားးးး။ကယ်ပါဦး"
စကားမဆုံးသေးခင်မှာပင် ကျန်းချီရှို့၏ အော်သံထွက်လာသည်။
လှည့်ကြည့်လိုက်တော့ သူ့တို့ရှေ့က မြင်ကွင်းကြောင့် တည်ငြိမ်နေတဲ့ အမူအရာကနေ ထိတ်လန့်နေသည့် အမူအရာတွေ ဖြစ်သွားကြတော့သည်။
ဂူ၏အနက်ဆုံးအခြမ်းတွင် ရှိနေသည့် ကျန်းချီရှို့၏ ဘယ်ဘက်ခြေသည် မြေကြီးထဲသို့ နစ်နေပြီး သူ့ခေါင်းထိပ်မှ အနက်ရောင်သွေးများ ထွက်နေသည်။ ကျန်းချီရှို့သည် ထိတ်လန့်နေသောမျက်လုံးများဖြင့် သူတို့အား စိုက်ကြည့်နေပြီး အဆုတ်ကွာလောက်အောင် အော်နေပေမဲ့ နေရာတွင် အေးခဲနေသလို ဒါမှမဟုတ် တစ်စုံတစ်ခုက ထိန်းချုပ်ထားသလိုမျိုး မလှုပ်ရှားနိုင်ပေ။ သူလုပ်နိုင်သည်က သူ့လက်တွေကို အကြမ်းပတမ်း ဝှေ့ယမ်းပြနိုင်ရုံသာ။
"ကူညီကြပါဦး။ ကယ်ကြပါဦး"
အရင်က ချင်းချိန်သည် ထူးဆန်းသောအရာတွေ မမြင်နိုင်ခဲ့သဖြင့် လင်းဟုန်ရှင်းဆီမှာ ဘာဖြစ်သွားသည်ကို မသိခဲ့ပေမဲ့ ယခုအချိန်တွင် အရိုးစုလက်များသည် ကျန်းချီရှို့၏ ဘယ်ခြေကို ဆုပ်ကိုင်ထားကာ ဆွဲယူနေသည်ကို တွေ့လိုက်ရသည်။ သူ့အနားတွင် မျက်လုံးတစ်လုံးတည်းသာရှိသော ဆံပင်ရှည်ကြီးဖြင့် သရဲသည် ကြေးတူကြီးကိုကိုင်ကာ ကျန်းချီရှို့၏ ခေါင်းကို အဆက်မပြတ် ထုရိုက်နေလေသည်။
သူ့နှလုံးခုန်နှုန်းတွေမှာ မြင့်တက်လာပြီး သူ့သွေးတွေမှာလဲ လှောင်အိမ်ထဲက ကျားလိုပတ်ပြေးနေလေသည်။ သရဲက ရယ်ပြီး သူ့ကို လှည့်ကြည့်လိုက်တော့ ချင်းချိန်ဟာ တုန်ယင်နေပြီး ခေါင်းမွှေးတွေပါ ထောင်လာတော့သည်။