Chapter 14
နင်ဟွရွာရှိ ပထမတစ်ကြိမ်နှင့် ဒုတိယတစ်ကြိမ် လူသတ်မှုများတွင် တူညီမှုတစ်ခုရှိသည်။ နှစ်ခုလုံးသည် တစ်နေရာတည်းတွင် ဖြစ်ပွားခဲ့ပြီး သေပုံသေနည်းကလည်း ထူးဆန်းသည့်ပုံစံဖြင့် ခပ်ဆင်ဆင်ပင်ဖြစ်၏။ ကျန်းချီရှို့သည် ပထမအမှုမှ အသက်ရှင်ဆဲဖြစ်သော လင်းဟုန်ရှင်းနှင့် အခြေအနေတူပြီး နှစ်ယောက်စလုံးသည် ဆရာဝန်များပင် နားမလည်နိုင်သော ဦးခေါင်းတွင်း သွေးကြောပေါက်မှု ဖြစ်ရတာကြောင့်ပင်။ လင်းဟုန်ရှင်းသည် အသက်ငင်နေဆဲ ဖြစ်ပေမဲ့ ကျန်းချီရှို့သည်တော့ သူ့လောက်ကံမကောင်းဘဲ ဒဏ်ရာများကို ကုသမှုခံယူပြီးနောက် သေဆုံးသွားခဲ့သည်။
ပြီးတော့ ကျန်းပေါ်...
ကျန်းဖိန်သည် ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ကျန်းပေါ် သေဆုံးသည့် ဥမင်လိုဏ်ခေါင်းရှိ နေရာတည့်တည့် မြေပြင်ပေါ်သို့ ဆေးလိပ်ဖင်ကပ်အား ပစ်ချလိုက်သည်။ ကျန်းပေါ်သေဆုံးရသည့် အကြောင်းရင်းကို အတွေ့အကြုံ ရင့်သော မှုခင်းဆရာဝန် ဒေါက်တာဖန်းကပင် မဖော်ထုတ်နိုင်ခဲ့သည်ကြောင့် အရာအားလုံး ယုံနိုင်စရာမရှိလောက်အောင် ခံစားခဲ့ရသည်။
"သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေက အကုန်ကောင်းနေတာမလို့ ရုတ်တရက်ကြီး သေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ရဲ့အမူအရာနဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး သူ မသေခင်မှာ ကြောက်လန့်ရုန်းကန် ထွက်ပြေးခဲ့တယ်ဆိုတာ သိသာနေတယ်။ ဘယ်လိုပြောရမလဲ။ တစ်ယောက်ယောက်က သူ့အသက်ကို နှုတ်နေတဲ့အချိန် လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ပုံပဲ"
အသက်နှုတ်တယ် ...
ဒေါက်တာဖန်းပြောတဲ့ စကားတွေကို တွေးပြီးတော့ ကျန်းဖိန်ဟာ ချင်းချိန်ပြောသည့် သူကြုံတွေ့ရခဲ့တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းကို ပြန်စဉ်းစားမိနေသည်။
တစ်ခုခုများရှိနေတာလား...။
"လက်ထောက်ကျန်း။ ရှင် ဒီလိုဏ်ဂူကြီးရဲ့ ဘယ်အထဲထိ သွားနေမှာလဲ။ ကျွန်မ သုတေသီတွေ ညည်းညူနေတာကို ကြားတယ်နော်။ ကျွန်မကြောက်တယ်။ ရှင်ဘာလို့ ညဘက်ကြီး ဒီသင်္ချိုင်းကြီးဆီ လာချင်နေရတာလဲ"
ဂူအဝမှာ တုန်လှုပ်နေတဲ့ ရှောင်လင်းကို ကြည့်ကာ ကျန်းဖိန်က လှောင်သည်။
"ဒီလိုထူးဆန်းပြီး အဓိပ္ပာယ်မရှိတဲ့ ဇာတ်လမ်းကို မင်းကို ဘယ်သူပြောလိုက်မှန်း မသိဘူး။ ဒါပေမဲ့ မင်းက ဒီနေ့ကျမှ ဘာလို့လာယုံနေရတာတုန်း"
လေပြင်းတိုက်လာတာကြောင့် လင်းချင်းယွီက သူ့လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာပြီး
"တကယ်ဆို ကျွန်မလဲ အဲဒီသရဲတစ္ဆေတွေ ဆိုတာကို မယုံပါဘူး။ ဒါပေမဲ့ ကျွန်မယုံတာမယုံတာထက် ဘယ်သူက ညဘက်ကြီး သင်္ချိုင်းကိုလာမှာလဲလို့။ ပြီးတော့ လူနှစ်ယောက်သေထားတဲ့ သင်္ချိုင်းကြီးဟာကို"
လင်းချင်းယွီက ဌာနထဲရှိ အမျိုးသမီးစုံထောက်၊ ရဲအရာရှိတွေထဲမှ တစ်ဦးဖြစ်သည်။ သူကြောက်တယ်လို့ ပြောပေမဲ့ တကယ်တမ်းကျ မကြောက်ပေ။ သူက နှစ်တွေအကြာကြီး အလောင်းတွေကို မြင်ခဲ့ဖူးပြီဖြစ်သည်။ သို့သော်လည်း အလုပ်ပြီးတာတောင် ဘယ်သူက အလုပ်ဆက် လုပ်ချင်နေမည်လဲ။
သူ့ရှေ့ရှိ ထူးထူးခြားခြား အလုပ်ကြိုးစား နေသော လက်ထောက်ကြီးအား ကြည့်ပြီး ရေရွတ်လိုက်သည်။
"လက်ထောက်ကပဲ ဒီလောက်ကြိုးစားနေတာ။ ကျန်တဲ့သူတွေဆို အလုပ်စောစောဆင်းပြီး အလုပ်စောစော လာတက်တာတောင် မရှိဘူး။ စားပွဲပေါ်မှာပဲထိုင်ပြီး မှုခင်းရလဒ်တွေကိုပဲ ထိုင်စုနေတာ"
"မင်းကရော ဘာလို့ အဲမှာပဲရပ်ပြီး ပွစိပွစိပြောနေတာလဲ"
"ဟုတ်ကဲ့။ ဟုတ်ကဲ့။ လာပြီ"
ဥမင်လိုဏ်ခေါင်း၏ အနက်ပိုင်းတွင် မှောင်နေပြီး ကျန်းဖိန်သည် သူ့လက်ထောက်၏ ဆလိုက်မီး အကူအညီဖြင့်သာ အတွင်းပိုင်းကို ရှာကြည့်လို့ရသည်။ ဥမင်လိုဏ်ခေါင်းကို သေသပ်စွာ ဖောက်ထားပြီး ဘေးကင်းဖို့ အထူးဂရုစိုက်ထားကာ ကျန်းဖိန်သည် ဥမင်လမ်းဆုံးသွားသည့်တိုင် ပြိုကျသွားနိုင်သည့် အရိပ်အယောင်များကို ရှာမတွေ့ခဲ့ပေ။ ရွှံ့တွေနဲ့ရောနေသည့် သွေးရာတွေအပြင် လိုဏ်ခေါင်း၏ အောက်ခြေတွင် ၈၀-၉၀ စင်တီမီတာလောက်နက်သော အပေါက်တစ်ခု ရှိနေသည်။ ဤနေရာတွင် ကျန်းချီရှို့၏ ခန္ဓာကိုယ် မြှုပ်နေတာကို တွေ့ခဲ့ရတာ ဖြစ်၏။
စမ်းတဝါးဝါးဖြင့် သူသည် အပေါက်ထိပ်ပေါ် ခြေထောက်ဖြင့် စမ်းကြည့်တော့ မြေကြီးကမာနေပြီး အဲဒီအချိန်တုန်းက မြေပြိုနိုင်လောက်တယ်ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
ကျန်းချီရှို့၏ ခြေထောက်အရိုးတွေ ဘယ်လိုကျိုးလုမတတ် ဖြစ်ခဲ့သည်ကို တွေးရင်း ကျန်းဖိန်သည် ထူးဆန်းသော အားတစ်ခုက ကျန်းချီရှို့ကို ဆွဲချသွားပုံကို မြင်ယောင် ကြည့်နေသည်။
ကျန်းဖိန်သည် လိုဏ်ခေါင်းထောင့်တစ်နေရာရှိ တစ်ဝက်တစ်ပျက်ပေါ်နေသည့် အရာတစ်ခုကို အမှတ်မထင် မြင်လိုက်တာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ဒူးထောက်ပြီး ကောက်ကြည့်မလို့ရှိသေး သူ့ဘေးမှာ ရပ်နေသည့် လင်းချင်းယွီက အသည်းအသန်တားသည်။
"ဒီလိုအရာတွေက မကိုင်တာ ကောင်းမယ်။ သင်္ချိုင်းထဲမှာ မြှုပ်ထားတာကို"
လင်းချင်းယွီကလဲ ထိုအရာကို မြင်ကာ သူ၏ ခြောက်နေသည့် နှုတ်ခမ်းများအား လျှာဖြင့်သပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ပြီးတော့ ဒီသင်္ချိုင်းကြီးက ဟိုးအရင်နှစ်ပေါင်းများစွာက တော်ဝင်ဂူဗိမာန်ကြီးလို့ သုတေသီတွေ ပြောတယ်မလား"
မျက်နှာမကောင်းသည့် လင်းချင်းယွီကို ကြည့်ပြီး သူက သူ့လက်သည်းများဖြင့် ကျန်းဖိန်ကို ဆွဲစိတ်ထားတာကြောင့် မျက်မှောင်ကြုတ်ကာ လင်းချင်းယွီ တစ်ခုခုဖြစ်နေတယ်လို့ ထင်လိုက်မိသည်။
"ပြန်ကြရအောင်"
ထိုသို့ပြောပြီး စိတ်ရှုပ်ထွေးနေသော လင်းချင်းယွီကို တစ်ဝက်ဆွဲ တစ်ဝက်မဖြင့် လိုဏ်ခေါင်းထဲမှ ဆွဲထုတ်သွားသည်။
တစ်ချိန်တည်းမှာပင် ဂူဗိမာန်ထဲတွင် လူတစ်ယောက်သည် ခေါင်းတလားကို သူ့လက်ချောင်များဖြင့် တတောက်တောက်ခေါက်ရင်း အပြုံးဖြင့် ပြောဆိုတွေးတောနေလေ၏။
"နှစ်တစ်ထောင်ကျော်ပြီ"
"နှစ်တစ်ထောင်တောင်..."
ကျန်းချီရှို့၏ အိမ်မှာ စီချွမ်ပြည်မှာရှိတဲ့ ကျိန်းယွမ်မြို့တွင်ရှိသည်။ ကျိန်းယွမ်မြို့က ရှန်းစီးနှင့် စီချွမ် ကြား နယ်စပ်နှင့် သိပ်မဝေးပေ။
သို့သော်လည်း သူလာရတာ သိပ်အဝေးကြီး မဟုတ်တော့ ရှီအန်းမှာ ကိစ္စလေးတွေ ပြီးတာနဲ့ ချင်းချိန်သည် ကျန်းချီရှို့၏ မွေးရပ်မြေဆီ သွားလိုက်သည်။
သေဆုံးပြီး ၇ရက်အတွင်း ရိုးရာအတိုင်း လုပ်ဆောင်ပါက ၇ ရက်မြောက်သောနေ့တွင် သေဆုံးသူ၏ဝိညာဥ်က အိမ်သို့ ပြန်လာနိုင်မည်ဟု ရှေးလူကြီးတွေ ယုံကြည်ကြသည်။ ထို့ကြောင့် အိမ်သားများက သေဆုံးသူ၏ ဝိညာဥ်ပြန်မလာခင် အစားအသောက်များကို ပြင်ဆင်ထားကြသည်။ ထို့နောက်တွင် အိမ်သားများက စောစောအိပ်ကြသည်။ သို့မဟုတ် ပုန်းကွယ် နေတတ်ကြည်သည်။ သေဆုံးသူဝိညာဥ် က အိမ်သားများကို တွေ့ပြီးနောက် အသက်ရှင်စဥ်ကဘဝကို အောက်မေ့ကာ မခွဲနိုင်ဘဲ ပြန်လည်ဝင်စားခြင်း မပြုလုပ်နိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ချင်းချိန်သည် ကျန်းချီရှို့၏ မိသားစုဝင်မဟုတ်တာကြောင့် ပုံမှန်လိုပဲ ကျန်းချီရှို့၏ အိမ်ခြံဝင်းထဲတွင် သူ့အိမ်နီးချင်းများနှင့်အတူ ထိုင်ပြီး စကားစမြည်ပြောနေသည်။
"ဒီကလေးက သူ့မိဘတွေရဲ့ အသည်းကျော်လေးလေ။ ဘွဲ့လွန်ကျောင်းသားကို ပြုစုရတာ တော်တော်ခက်တာကို အခုရုတ်တရက်ကြီး သူကသေသွားတော့ သူ့မိဘတွေ ဘယ်လိုရပ်တည်နိုင်မလဲ"
"ကျစ် သနားစရာပဲ။ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ သူ့မိဘတွေကို ထားခဲ့ရတယ်လို့.."
စကားပြောနေကြသည့် အိမ်နီးချင်းတွေမှာ သူ့ကို မမြင်ရပေမဲ့ ချင်းချိန်ကတော့ မြင်နေရသည်။
ကျန်းချီရှို့၏ ဝိညာဉ်ဟာ ခြံဝင်းထဲ တရွေ့ရွေ့ သွားလာနေပြီး ညစာစားခန်းထဲ ဝင်သွားကာ စားပွဲပေါ် ထိုင်လိုက်သည်။ သူက ဘယ်ညာကြည့်နေတော့ ချင်းချိန်လဲ သူ သူ့မိဘတွေကို လိုက်ရှာနေမှန်း သိလိုက်သည်။
ထို့နောက် ကျန်းချီရှို့ဟာ ချီတုံချတုံဖြင့် မတ်တပ်ရပ်လိုက်ကာ သူ့ကြည့်ရတာ သူ့မိဘတွေ၏ အခန်းထဲ ဝင်သွားချင်ပေမဲ့ တုံ့ဆိုင်းနေပုံရ၏။ ချင်းချိန်၏ရင်တွေ တင်းကျပ်လာပြီး ကျန်းချီရှို့က သူ့မိဘတွေကို ထပ်မြင်ချင်ပေမဲ့ ယင်နဲ့ယန်ဟာ ခွဲခြားထားပုံရသည်။
တစ်နေ့လုံးနေလို့ ကျန်းချီရှို့ဟာ သူ့မိဘတွေ အခန်းထဲ မဝင်နိုင်တာသိတော့ အခန်းတံခါးရှေ့ ဒူးထောက်ကာ ကန်တော့ နေလေသည်။ နားစွန်နားဖျားဖြင့် ချင်းချိန် သူပြောတာကို ကြားလိုက်သည်က
"အမေနဲ့အဖေ...နေကောင်း...အသက်ရာကျော် ရှည်ပါစေ"
ကျန်းချီရှို့သည် ဖယောင်းတိုင်မီးရောင် ဖျော့ဖျော့အောက်တွင် တစ်ယောက်တည်း ဖြစ်နေသည်ကို တွေ့တော့ ချင်းချိန်သည် ကြယ်တွေ စုံနေသည့် ကောင်းကင်ကြီး အပေါ်ကို မော့ကြည့်လိုက်ပြီး မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ဝဲလာသည်။
ကျန်းချီရှို့ဟာ ချင်းချိန် နောက်ကို ရောက်လာပြီး သက်ပြင်းချ၍ ပြောလာသည်။
"ငါ့ရဲ့ဘွဲ့လွန် သုတေသနကို.ပြီးဖို့အတွက်..ငါ့အသက်ကို ရင်းခဲ့ရတာ။ ဒါကြောင့် စာအုပ်ကို..မီးရှို့ပေးပါ..ပြီးတော့.."
"ငါသိမ်းထားမယ်"
ချင်းချိန်၏စကားများကြောင့် သူ့နောက်မှာရပ်နေသည့် ကျန်းချီရှို့ဟာ အံ့အားသင့်သွားသည်။ ချင်းချိန် သူ့ကို မြင်နေရတာလား...
ချင်းချိန်၏ နောက်ကျောကို ကြည့်ကာ သူ့မျက်နှာထားဟာ ပြောင်းလဲသွားသည်။ ကျန်းချီရှို့ဟာ ချင်းချိန်ကို မေးချင်စရာတွေ အများကြီးရှိသလို ပါးစပ်ဟလိုက်ပေမဲ့ သူ့ပုခုံးကိုပဲ ပုတ်လိုက်ကာ
"မင်းဆီမှာပဲ အားလုံး အပ်ထားခဲ့တော့မယ်"
ညနက်နက်၏ မှိန်ဖျော့ဖျော့ကောင်းကင်ထဲ၌ ကျိုးတိုးကျဲတဲ့ လင်းလက်နေသော ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။ မှောင်မဲမဲ မြေပြင်တွင် ချုံနွယ်ပိတ်ပေါင်းများက တုန်တုန်ရီရီ လှုပ်ရှားနေကြသကဲ့သို ရှိနေသည်။ နေရာတိုင်းတွင် ထူးဆန်းသည့် အလင်းရောင်ပါးလေးက ဖုံးလွှမ်းထား၏။ ဘီလူးနှက် တစ်ကောင်က ကောင်းကင်က ကြယ်လေးများနှင့် တွေ့ဆုံပြီး သီချင်းတစ်ပုဒ်ကို သီကျူး နေတော့သည်။ ကျယ်ပြောလှသော ကောင်းကင်ကြီးသည်တော့ သေးငယ်သည့်ဘဝလေးတစ်ခု သီချင်းဆိုနေခြင်းကို တိတ်ဆိတ်စွာပဲ နားစိုက်ထောင်နေခဲ့၏။
ကောင်းကင်ကြီးသည် အရုဏ်ဦးရောင်များ တောက်ပလာသောအခါ ကျန်းချီရှို့ ပျောက်ကွယ်သွားသည်။ ကြက်တွန်လာသည်နှင့်အမျှ ချင်းချိန် မတ်တပ်ထရပ်ကာ ခြေလှမ်းတစ်လှမ်းချင်းလှမ်းပြီး အခန်းဆီသို့ ချဉ်းကပ်လာသည်။ တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့၏။ ကျန်းချီရှို့၏ မိဘများသည် အိပ်မနေဘဲ မျက်ရည်များကို သုတ်ရင်း အခန်းအလယ်တွင် ထိုင်နေကြသည်။
ရက်ပိုင်းဟာ နှစ်တွေချီလာသလိုပင် ကုန်ဆုံးသွားတာကြောင့် အသက်ငါးဆယ်ကျော်ဒီလူနှစ်ယောက်ဟာ ပူဆွေးနွမ်းနယ်မှုကြောင့် ခေါင်းပေါ်တွင် ဆံပင်ဖြူအသစ်များ ပေါက်လာကာ အချိန်တိုလေးအတွင်း နှစ်တွေအကြာကြီး အသက်ကြီးသွားပုံပေါ်သည်။
'အခုချိန်ကစပြီး မင်းအမေနဲ့အဖေက ငါ့အမေနဲအဖေပဲ......'
‘ဒီသင်္ချိုင်းရဲ့ လျှို့ဝှက်ချက်ကို မထုတ်ဖော်ရမချင်း ငါမသေနိုင်ဘူး'
နင်ဟွရွာ၏ သင်္ချိုင်းကြီး၌ သိပ္ပံသုတေသန ဝန်ထမ်း ပြတ်လပ်နေပြီး ယင်းဖြစ်ရပ်ကြောင့် လူအများကြီး ထွက်ခွာသွားခဲ့သည်။ အစည်းအဝေးများကို မကြာခဏ ကျင်းပခဲ့သော်လည်း ဘယ်လောက်ပဲ ငြင်းခုံနေကြပါစေ ချင်းချိန်က စကားနှစ်ခွန်းကို အမြဲပြောသည်။
ဆက်လုပ်ကြမယ်။
ကျန်းပေါ်နှင့် ကျန်းချီရှို့တို့သည် နှစ်ပေါင်းများစွာ အဆက်မပြတ် သုတေသနပြု၊ တူးဖော်ပြီးနောက် အသက်ဆုံးရှုံးခဲ့ရသည်။ အကယ်၍ သူတို့ စွန့်လွှတ်လိုက်လျှင် သူတို့၏ အမှတ်တရများကို စော်ကားရုံသာမက ဤသင်္ချိုင်းတွင် လေးနှစ်ငါးနှစ်ကြာ နေထိုင်လာတဲ့ သူတို့ကိုယ်သူတို့လည်း စော်ကားရာရောက်သည်ဟု ချင်းချိန် ထင်သည်။
"ငါညဘက်မှာ ဆက်အလုပ်မလုပ်ချင်ဘူး။ အဲတော့ ငါးနာရီထိုးတာနဲ့ အလုပ်ဆင်းရမယ်။ အလုပ်နှေးသွားတာက အရေးမကြီးဘူး။ နှစ်တွေ ဘယ်လောက်ကြာကြာ ငါဆက်လုပ်နေမှာပဲ"
"မင်းကတော့ အသက်မရှင်ချင်ဘူးဆိုပေမဲ့ ငါကတော့ အသက်ဆက်ရှင်ချင်သေးတယ်ကွ"
"ဒါဆို ထွက်သွား"
ချင်းချိန်က ဒေါသတွေ ပြည့်နေတဲ့ မျက်နှာဖြင့် သူ့နောက်က ဆူညံနေသော လူအုပ်ကို ဂရုမစိုက်တော့ဘဲ ထွက်သွားခဲ့၏။
အစည်းအဝေးက မသာမယာဖြင့် ပြီးဆုံးသွားပေမဲ့ ရလဒ်ကတော့ ချင်းချိန်အတွက် ကောင်းသည်။ သူ့စကားများသည် ဆန့်ကျင်သူများကို ဒေါသဖြစ်စေပြီး ရှေးဟောင်းသုတေသနပညာရှင် ၁၆ ဦးလောက်သာ ကျန်ခဲ့ပေမဲ့ အနည်းဆုံးတော့ အခုကစပြီး မသေချာရေရာနေဖို့မလိုဘဲ အလုပ်ကို ရပ်ထားစရာမလိုတော့ပေ။
နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်္ချိုင်းတွင် ဘယ်သူမှ မနေနိုင်ကြပေ။ ဘေးကင်းစေရန်အတွက် လီကော်ရှန်းသည် အလတ်စားဘတ်စ်ကားတစ်စီးကိုလည်း ရှာပြီး ဝန်ထမ်းအားလုံးကို ရှီအန်းသို့ အချိန်မီ ပို့ဆောင်ရန် ငွေအနည်းငယ်စီ ပေးထားတာကြောင့် သိပ္ပံသုတေသနဝန်ထမ်းများသည် နင်ဟွရွာတွင် နေစရာမလိုတော့ပေ။
မှောင်မိုက်သောညများနှင့် မှိန်ဖျော့သောနံနက်ခင်းများကို ရှောင်ရှားခြင်းဖြင့် ရှေးဟောင်း သုတေသန ပညာရှင်များသည် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခဲ့ပြီး တစ်လခွဲကြာ တူးဖော်ခဲ့သည်။
ဥမင်လိုဏ်ခေါင်းသည် ဂူဗိမာန်၏အောက်ဘက်စွန်းသို့ တိုက်ရိုက်ဦးတည်သွားပြီး ဂူဗိမာန်၏ ဝင်ပေါက် အစနေရာတွင် ပိတ်ဆို့ထားသော ကျောက်ပြားကြီး ရှိနေခဲ့သည်။ ထိုကျောက်ပြားကြီးကို ဖြည်းဖြည်းချင်း ဖယ်ရှားနေစဉ် နှစ်ထောင်ပေါင်းများစွာ မြှုပ်နှံထားသော ပင်မသင်္ချိုင်းဆီ ဦးတည်နေသည့် အထွဋ်အမြတ်ထား ဗိမာန်တော်သည် ချင်းချိန်၏ မျက်လုံးရှေ့တွင် ပေါ်လာတော့သည်။