Chapter 15
ရှေးတရုတ် တာအိုဒဏ္ဍာရီတွေအရ ရှေးလူကြီးတွေအပြင် ယခုခေတ်လူတချို့တောင် သေဆုံးပြီးရင် ဝိညာဉ်ဟာ လူသားတွေနေထိုင်သည့် ကမ္ဘာနှင့်ဆင်တူသည့် နေရာတစ်ခုတွင် နေထိုင်လို့ရသည်ဟု ယုံကြည်နေကြသည်။ လူတွေနေသည့် ယန်ကမ္ဘာနှင့် ဆန့်ကျင်ဘက်ပြီး လူတွေကတော့ မြေအောက်နန်းတော်(ယင်ကမ္ဘာ)လို့ ခေါ်ကြသည်။
ရှေးခေတ်ကတည်းက လူတွေဟာ မြေအောက်နန်းတော်ဆိုတာ ဘယ်လိုပုံစံမျိုးရှိသည်လဲဆိုတာ စိတ်ကူးယဉ်ခဲ့ကြပြီး အဲဒီအလေ့အကျင့်ဟာ အစဉ်အလာတစ်ခု ဖြစ်လာခဲ့သည်။
ရှေးဧကရာဇ်တွေဟာ သူတို့ဆုံးပါးပြီးနောက် နေရမည့်နေရာကို အထူးအလေးထားခဲ့ကြပြီး ဧကရာဇ်အများစုဟာ နန်းတက်စ အချိန်ကတည်းက သူတို့ရဲ့ဂူဗိမာန်တွေကို ခပ်စောစောဆောက်ခဲ့ကြသည်။ ချင်းမင်းဆက် ပထမဆုံးဧကရာဇ်၏ ဂူဗိမာန်ကို ၃၅နှစ်ကြာ တည်ဆောက်ခဲ့ပြီး ကျောက်လင်ဂူဗိမာန် တည်ဆောက်မှုဟာ ၁၀၇ နှစ်ကြာမြင့်ခဲ့သည်။
ကမ္ဘာ့နာမည်ကြီး ချင်ခေတ် တာရာကိုတာ(Terracotta) စစ်သည်တော် ရွံ့ရုပ် နှင့် မြင်းရုပ်များသည် သူတို့၏ ကြီးမားမှုနှင့် လက်ရာမြောက်သောဖန်တီးမှုများကြောင့် အသက်ရှူမှားလောက်သော ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သို့သော်လည်း တာရာကိုတာ စစ်သည်တော်များနှင့် မြင်းများမှာ ချင်မင်းဆက် ပထမဆုံးဧကရာဇ် ဂူဗိမာန်၏ သေးငယ်သော အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။
"မြေအောက်သင်္ချိုင်းနန်းတော်က မြေအောက်အတော်နက်နက်မှာ တည်ဆောက်ထားပြီး စမ်းချောင်း ၃ခုရဲ့ အောက်မှာရှိတယ်။ အဲဒီ အရာတွေကို ဖြတ်ကျော်ပြီးမှသာ ခေါင်းတလားရှိတဲ့ အခန်းကို ရောက်နိုင်မှာ။ နန်းတော်ကို အရာရှိပေါင်းရာကျော်က စီမံပေးခဲ့ပြီး ရှားပါးတဲ့ရှေးဟောင်းပစ္စည်းတွေ၊ ရတနာတွေနဲ့ ထူးဆန်းတဲ့ကျောက်တုံးတွေကို အထဲမှာ အပြည့်ထည့်ထားခဲ့တယ်။ လက်သမားဆရာတွေကိုလဲ ဒူးလေးတွေ လုပ်ခိုင်းခဲ့ပြီး အဲဒါမှ ဝင်လာရဲတဲ့သူတွေ အသေအပစ်ခံရမှာလေ။ ပြဒါးထွက်တဲ့ မြစ်တွေနဲ့ ကန်တွေလဲရှိခဲ့ပြီး အချို့စက်ကိရိယာတွေက ရေလောင်းဖို့နဲ့ သယ်ယူပို့ဆောင်ဖို့ သုံးကြတယ်။ အပေါ်နံရံမှာက နက္ခတ်ဗေဒရုပ်ပုံများ ရှိပြီး အောက်ခြေမှာက တောတောင်ရေမြေပုံများကို ရေးဆွဲကြတယ်"
ချင်မင်းဆက် ပထမဆုံးဧကရာဇ်၏ ဂူဗိမာန်ရဲ့ လျှို့ဝှက်ချက်များသည် မြေအောက်တွင် ကွယ်ပျောက်နေဆဲဖြစ်သည်။ ယခုအချိန်တွင် ဤဂူဗိမာန်ကို ဖုံးလွှမ်းထားသည့် မြူအလွှာကို ဖယ်ရှားလိုက်သည်နှင့် ကမ္ဘာကြီးကို လှုပ်ခတ်သွားစေမည့် ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာမည်ကို ချင်းချိန်သိသည်။
ကျောက်စာကျောက်ပြားကို ဖယ်ရှားပြီးနောက် ချင်းချိန်သည် တူးဖော်ထားသော ဥမင်လိုဏ်ခေါင်းအတွင်းသို့ ပထမဆုံး ဝင်ရောက်လာပြီး အခြား ရှေးဟောင်း သုတေသနပညာရှင်များလည်း လိုက်ပါလာခဲ့သည်။ ဆလိုက်မီးမှ အလင်းရောင်သည် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျနေရာကို နည်းနည်းလေးသာ လင်းစေသော်ငြား ချင်းချိန်သည် ထိုနေရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကျောက်ပြားကြီးများဖြင့် စီထားသော နေရာဖြစ်သော်လည်း ဘာမှမရှိပေ။
နေရာ၏တောင်ဘက်တွင် ခေါင်းတလားခန်းဆီသို့ ဦးတည်သော ဂူလမ်းကြောင်းတစ်ခု ရှိသော်လည်း ကျောက်ချပ်ကြီးတစ်ခုဖြင့် ပိတ်ဆို့ထားသည်။ မြောက်ဘက်တွင် နံရံကြီးတစ်ခုရှိပြီး နံရံကြီးအလယ်တွင် အချိန်ကြာလာမှုကြောင့် အက်ကွဲကြောင်းများရှိနေ၏။ အက်ကွဲကြောင်းပုံစံမှာ လေးထောင့်ပုံ ဖြစ်ပေမဲ့ အရှည် နှစ်မီတာကျော်၊ အမြင့် သုံးမီတာခန့်ရှိသည်။
"မြေအောက်နန်းတော်ကို သွားတဲ့တံခါးက ဒီမှာရှိရမယ်"
ချင်းချိန်က ကင်မရာတစ်လုံးယူကာ ကြည့်ပြီးနောက်
"ကျောက်နံရံနောက်မှာ ဘာမှမရှိလို့ အက်ကွဲကြောင်းတွေ ပေါ်လာတာပဲ"
"အင်း။ မင်မင်းဆက်အရ ဒါကို စိန်နံရံလို့ ခေါ်တယ်"
ပါမောက္ခလျှို သည် နံရံကို ချဉ်းကပ်လာသည်။
"အဲဒါကို ဖြတ်သွားဖို့ ငါတို့ ဖြိုချရမယ်ထင်တယ်"
ဟယ်ရှင်းသည် လွတ်နေသောနေရာအား ကြည့်လိုက်ရာ အကြောင်းတစ်ခုခုကြောင့် စိတ်ထဲ ကြောက်လန့် လာလေသည်။ အနက်ရောင်ကျောက်နံရံများက ဝန်းရံထားပြီး အခုချိန်မှာ သူသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လေကို ရှူရှိုက်နေရသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဧကရာဇ်မင်းတရား၏ ရုပ်အလောင်းကြီးဟာ ဤနေရာကို ဖြတ်သွားခဲ့ဖူးသည်။
"မလိုပါဘူး။ နံရံရဲ့ လေးဖက်စလုံး ပုံစံ၊ ပစ္စည်းနဲ့ အရွယ်အစားက အတူတူပဲ။ ဒီနံရံကြီးက မြေအောက်နန်းတော်ရဲ့ တံခါးလို့ ဘယ်လို သေချာ ပြောလို့ရမှာလဲ။ ဒါက ဒီတိုင်း အကာအကွယ်သက်သက်ပဲ ဆိုရင်ရော။ ဒီကလူတိုင်း ဒီသင်္ချိုင်းကြီး ဘယ်လောက် ဆိုးဝါးနိုင်လဲဆိုတာ မသိကြဘူးလား"
ထိုညက ဥမင်လိုဏ်ခေါင်းအတွင်း ဖြစ်ပျက်ခဲ့သည့်အရာသည် ဟယ်ရှင်း၏ ရင်ထဲ အမာရွတ်တစ်ခု ကျန်နေခဲ့စေ၏။
ကျန်းချီရှို့က သူတို့ရှေ့မှာ အဲလိုမျိုး သေဆုံးခဲ့တာကို မြင်ခဲ့သည်ကြောင့် ဒီနေရာကို ပြန်ခြေချလာတဲ့အချိန် သူတို့ ဘယ်လိုလုပ် စိတ်သက်သာနိုင်မည်လဲ။
ဟယ်ရှင်း သတိထားနေရသည့် အကြောင်းအရင်းကို ချင်းချိန် နားလည်ပေသည်။ သူလဲ သူ့ကိုယ်သူ မစိုးရိမ်တာ မဟုတ်ပေ။
ကျန်းချီရှို့ ဖြစ်ခဲ့သည့် မတော်တဆလိုမျိုး ထပ်မဖြစ်အောင် ဂူလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဂူဖောက်သူခိုးတွေ ဝင်ခဲ့သည့် အပေါက်တွေကို ရှောင်လိုက်ကြသည်။ မူလအစီအစဉ်ကို ထပ်မြှင့်လိုက်ပေမဲ့ လမ်းကြောင်းဘယ်လောက်ပဲပြောင်းပြောင်း တစ်ဖွဲ့လုံးရှောင်လို့မရသည့် အတားအဆီးတစ်ခု ပေါ်လာပြီ ဖြစ်သည်။
"ဟယ်ရှင်းက တစ်ခုခုကို ပြောချင်တာလို့ ထင်တယ်။ ရှေးဟောင်းစာအုပ်တွေထဲမှာ ကျွမ်းကျင်တဲ့ လက်သမားဆရာတွေ တည်ဆောက်ခဲ့တဲ့ တော်ဝင်ဂူဗိမာန်ထဲက ယန္တရားတွေနဲ့ ထောင်ချောက်တွေကို မှတ်တမ်း တင်ထားတယ်။ နင်းလိုက်တာနဲ့ ကြမ်းပြင်ပြိုကျနိုင်တာတွေလိုမျိုးပေါ့။ ဒါတွေက အမှန်လား တကယ် မဟုတ်ဘူးလားဆိုတာ မပြောနိုင်ဘူး"
ဝူဟိုင်ရဲ့ စကားကြောင့် အစတည်းကမှ ရှေ့တိုးဖို့ တွန့်ဆုတ်နေကြသည့် အဖွဲ့သားတွေမှာ သဘောတူသည့် အနေဖြင့် ခေါင်းတွေ ညိတ်ပြကြသည်။
"ဟုတ်တယ်။ သေချာသတိထားတာ ပိုကောင်းတယ်။ နောက်ထပ် လူသေမှု ထပ်ဖြစ်ရင် ငါတို့အလုပ်က ချက်ချင်း ရပ်ရမှာ"
"အရင်ဆုံး မလုံခြုံရတဲ့ နေရာရှိမရှိ လိုက်ရှာကြည့်ရအောင်"
"ထောင်ချောက်တွေ ရှေးမှတ်တမ်းတွေအရ ဝှက်ထားတဲ့မြားတွေ ရှိမယ်ဆိုရင် ငါတို့အားလုံး ထိကုန်မှာမလား"
ကျန်းကျွင်းက ငြင်းခုံနေသည့်လူတွေကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာပြောချင်တာလဲ။ အရင်ဆုံး တစ်ယောက်ကို သွားခိုင်းရမှာလား။ ဒါဆို အရင်သွားမယ့်သူက ဘယ်သူလဲ"
သူက ငြင်းခုံနေသည့်လူများကို လက်ညိုးထိုးကာ
"မင်းလား ဟမ်။ ကံကောင်းတဲ့သူက ဘယ်သူများလဲ။ မဟုတ်မှလွဲရော မင်းတို့ဘာလို့ မသွားချင်ကြဘူးမလား"
ကျန်းကျွင်း ပြောလိုက်တာနဲ့ သူတို့ အကုန် ပါးစပ်ပိတ်သွားကြသည်။
"အထဲမှာ ဘာတွေရှိလဲဆိုတာ ဘယ်သူမှမသိဘူး။ ကျောက်ပြားတစ်ချပ်ကို ခွာပြီး အထဲမှာဘာရှိလဲ ဆလိုက်မီးနဲ့ ကြည့်ကြည့်ရအောင်"
ချင်းချိန်က မျက်မှန်ကို ချွတ်ပြီး ဖုန်သုတ်လိုက်သည်။
"ငါတို့ အားလုံး အရင်လက်ဦးမှု ယူသင့်တယ်"
ချင်းချိန် ပြောတာမှန်သည်။ သင်္ချိုင်းထဲမှာ ဘယ်လိုအရာတွေက သူတို့ကို စောင့်ကြိုနေမလဲဆိုတာ စိုးရိမ်နေသော်ငြား နောင်တမရဘဲ ဆက်ကြိုးစားနေ ဖို့လိုသည်။
ကျောက်နံရံ မပြိုကျလာအောင်အတွက် ချင်းချိ၏အဖွဲ့က ခေါက်ချိုးလှေကားကို ထောင်ကာ အက်ကွဲနေသည့် နံရံထိပ်ကို တူးကြည့်ကြသည်။ ဒါဟာ ရှေးဟောင်းသုတေသန အလုပ်ပင်ဖြစ်ပြီး ကျောက်နံရံနောက်မှာ ဘာတွေရှိနေနိုင်မလဲ မသိနိုင်ပေ။ ရတနာလား။ ထောင်ချောက်လား။ ဘာမှမရှိတာပဲဖြစ်နေမလား။ ကျောက်နံရံနောက်မှာ တန်ဖိုးကြီးတာ တစ်ခုခုရှိနေမယ်ဆို နံရံကိုဖြိုလိုက်လို့ ဖျက်ဆီးမိသွားသလို နောက်မှ နောင်တရနေဦးမည်။
ထို့ကြောင့် နံရံကို တန်းဖြိုမချဘဲ ကိရိယာတွေဖြင့် ဖြည်းဖြည်းချင်း ထုချေကာ ကျောက်ပြားတွေကို တစ်ခုချင်းစီ ခွာချရမည်ဖြစ်သည်။
ကြာလာတော့ နံရံပေါ်ရှိ သုံးမီတာမြင့်သော အပေါက်ကြီးဟာ လူတစ်ယောက် ဖြတ်သွားလို့ရသည့် အနေအထားပေါ်လာသည်။
လှေကားထိပ်တွင် ချင်းချိန်က အိတ်ကပ်ထဲရှိ ကျောက်စိမ်းပြားအား ကိုင်လိုက်ပြီး နံရံနောက်ကို ကြည့်လို့ရအောင် ကျန်းကျွင်းအား ဓာတ်မီး ကမ်းခိုင်းလိုက်သည်။
တစ်ဖက်တွင် လမ်းကြောင်းတစ်ခုအား မြင်လိုက်ရပြီး နှစ်ပေါင်းထောင်ချီ ကြာအောင် ဘယ်သူမှ မဖြတ်သန်းရသေးသည့် လမ်းကြောင်းတစ်ခုပင် ဖြစ်သည်။
"တစ်ဖက်မှာ မူမမှန်တာ ဘာမှမရှိဘူး"
ချင်းချိန်က လှေကားပေါ်က ဆင်းရင်းပြောသည်။
"ထောင်ချောက်တွေ ဘာတွေ တွေ့လိုက်လား"
"ဓာတ်မီးလေးလောက်နဲ့ ဘယ်လိုလုပ် မြင်ရမှာလဲ။ မြင်ရင်တောင် သရဲပဲဖြစ်မှာ"
"ဒါဆို ဘာဆက်လုပ်ကြမလဲ"
ဟယ်ရှင်းက ချင်းချိန်ကို ကြည့်ကာ
"သိုးတစ်ကောင်ကို အရင် သွားခိုင်းကြည့်ရအောင်"
တကယ်က ကျင်းကျွန်းလဲ တိရစ္ဆာန်တစ်ကောင်ကောင်ကို အရင်သွားခိုင်းဖို့ရာ စဉ်းစားမိတာကြောင့် ဟယ်ရှင်းရဲ့စကားကို ကြားတော့ ခေါင်းညိတ်ကာ
"ဟုတ်ပြီ။ တိရစ္ဆာန်နဲ့ အရင်စမ်းကြည့်ရအောင်"
"ဒါပေမဲ့ သိုးကို အထဲပို့ပြီးလို့ လုံခြုံလား မလုံခြုံဘူးလားဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ အထဲမှာ သေသွား မလားတောင် မသိနိုင်တာကို"
"ကြိုးနဲ့ သိုးကို ချည်ထားလိုက်မယ်။ အဝေးကြီး ရောက်သွားရင် ပြန်ဆွဲပြီး တစ်ခုခု ထိခိုက်ထားလား ပြန်ကြည့်လို့ ရတယ်"
အဖွဲ့၏ အကြံက ကောင်းပါသည်။ ဒါပေမဲ့ နေ့လယ်ဘက် သိုးကို သွားရှာပြီးတော့ ဘာဖြစ်လို့မှန်းမသိပေ။ သိုးကိုချည်ပြီး နံရံနောက်ကို ပို့ပေမဲ့ သိုးဟာ ရှေ့ဆက်သွားဖို့ ငြင်းနေပြီး နံရံ နောက်ထောင့်နားလေးမှာပဲ ပုန်းကာ တုန်ယင်နေလေသည်။
အခြေအနေကိုကြည့်ကာ ချင်းချိန် ရှက်သလိုလိုတောင် ဖြစ်သွားသည်။ သူတို့အားလုံး တိရစ္ဆာန်လေးတစ်ကောင်ကို အနိုင်ကျင့်နေတယ်လို့ ဘာလို့ ခံစားမိရတာပါလိမ့်။
"အေးပါကွာ။ ငါပဲ သွားလိုက်ပါ့မယ်"
အဲဒီနောက် ချင်းချိန်က သိုးကို ပြန်ဆွဲခေါ်လိုက်ပြီး ကြိုးဖြေကာ လွှတ်ပေးလိုက်သည်။ ပြီးတော့ ကြိုးကို သူ့ခါးတွင် တင်းတင်းကျပ်ကျပ် ချည်ကာ
"ဘာမှ ဖြစ်မယ်လို့ မထင်ပါဘူး။ အန္တရာယ်ရှိတာ တစ်ခုခုများ ရှိမလားလို့ ရှာကြည့်လိုက်မယ်။ အန္တရာယ်ရှိလာပြီဆိုရင် မင်းတို့ ငါ့ကို မြန်မြန် ဆွဲခေါ်ကြ"
"မင်း တကယ်ကြီး သွားမလို့လား"
ကျန်းကျွင်းက နည်းနည်း စိုးရိမ်နေသည်။ ချင်းချိန်က သရဲမြင်နိုင်တာကိုလဲ ကျန်းကျွင်းက သိနေတာကြောင့်ပင်။
"ဘာမကောင်းတာမှ ဖြစ်လာမှာ မဟုတ်ပါဘူး"
ထို့နောက် ချင်းချိန်က ဝူဟိုင်ကို နောက်ထပ် သစ်သားလှေကားကို ယူခိုင်းပြီး သူ့ထံသို့ ပေးခိုင်းလိုက်သည်။ ထို့နောက် လှေကားကို နံရံတစ်ဖက်တွင် သေချာ ချထားလိုက်သည်။ သစ်သားလှေကားကို ချပြီးသောအခါ ချင်းချိန်သည် ဓာတ်မီးကိုယူကာ လှေကားပေါ်ကနေ တစ်ဆင့်ပြီး တစ်ဆင့်ဆင်းသွားသည်။
လှေကား တထစ်ပြီး တထစ်တက်ပြီးချိန်တွင် ချင်းချိန်သည် ဓါတ်မီး၏အကူအညီဖြင့် နံရံလေးခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ထို့ပြင် ဒုတ္တာကျောက် ( lapis lazuli ) ကျောက်ချပ်များကို တစ်ခုချင်းစီ ထွင်းထုပြီး အသက်ဝင်သော ရုပ်ထုများ ဖြစ်အောင် ဖန်တီးထားသေးသည်။ ရုပ်ထုများ မှာ ဖေးလုံ၊ ဖုန့်ဟွမ် ၊ ဖီရှဲ့ ၊ ချီဝိန် ၊ ထောင်ထဲ့ ၊ ယာကျစ် ၊ ပိအန့် ၊ စွင်းနီ၊ ကုန်းဖု ၊ ကျောင်းထူ ၊ ဖူလောင် စေသော ဒဏ္ဍာရီလာ သတ္တဝါများ ဖြစ်လေသည်။
ဓာတ်မီးဖြင့် ချင်းချိန်သည် အပေါ်ထပ်ကို ထိုးကြည့်လိုက်တော့ ထူးဆန်းသောပုံစံများနှင့် ရှုပ်ထွေးနေသော အစင်းကြောင်းများကို တွေ့လိုက်ရသည်။ ချင်းချိန်သည် ဤအရာများကို ယခင်က တစ်နေရာတွင် မြင်ဖူးပုံ ရသော်လည်း အခု မမှတ်မိနေပေ။
မီတာ ၂၀ ခန့်အကွာရှိ လမ်းအဆုံးတွင် စကျင်ကျောက်သားအဖြူဖြင့် ပြုလုပ်ထားသော ဂိတ်တစ်ခု ရှိလေသည်။ မျှော်စင်ကဲ့သို့သော တံစက်မြိတ် နှင့် မြင့်မားသော ကျောက်ဂိတ်ပေါက်ဝက ဗိမာန်ရှင်၏ ချမ်းသာကြွယ်ဝမှု ပြယုဒ်များပင် ဖြစ်သည်။ ထိုအရာများသည် အံသြတကြီး ငေးမောကြည့်နေနိုင်အောင်ကို ခန့်ညားထယ်ဝါလှသည်။ တံစက်မြိတ်အောက် တံခါးအစွန်းတွင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော မော်ကွန်းကျောက်စာတစ်ခု ရှိပြီး အက္ခရာတစ်ခု ကို ရေးထိုးထားသည်။
“မော့"
စကျင်ကျောက်ဖြူဂိတ်ဝ ဘေးတဖက်တချက်တွင် နှစ်မီတာခန့် အမြင့်ရှိသော နတ်ဘုရားနှင့် နတ်သားရဲ ကြေးရုပ်ထုများ ရှိလေသည်။ ရုပ်ထုများသည် အံကြိတ်ထားကြသော ရန်လိုသောဟန်ပန်က အလွန်အမင်း ကြောက်မက်ဖွယ်ရာ ဖြစ်နေသည်။ ကြည့်ရသည်က ဒီသင်္ချိုင်းဂူကို စောင့်ကြပ် နေကြပုံရသည်။
ရှေးခေတ်က ပြောကြသည်က
"အပေါ်မှာအိမ် မြေအောက်မှာဂူ"
သေလွန်သူများသည် အထူးသဖြင့် အထက်တန်းလွှာများသည် သူတို့၏ ယန်အိမ်များ ဆောက်လုပ်ပုံကို အတုယူကာ ယင်အိမ်များကို ဆောက်လုပ်ကြပြီး သူတို့ မြတ်နိုးကြသည့် ပိုင်ဆိုင်သောအရာများကို သူတို့နှင့်အတူ မြေအောက်တွင် မြှုပ်နှံရန် ယူဆောင်လာကာ တမလွန်မှာလည်း ရှင်သန်နေအောင် ဖြစ်သည်။
ထို့ကြောင့် ဤဂူဗိမာန်၏ တည်ဆောက်ပုံနှင့် ပုံစံသည် ထိုကဲ့သို့ပင် ဖြစ်ရမည်။
ကျောက်စိမ်းကမ္ပည်းပြားပေါ်တွင်ထွင်းထားသော "မော့"ဆိုသည့် စာလုံးကို ထပ်ကြည့်လိုက်ပြီး ချင်းချိန်သည် သူ၏လက်ထဲရှိ ကျောက်စိမ်းပြားကို ဆုပ်လိုက်မိသည်။ ဒါဟာ တကယ်ပဲ သင်္ချိုင်းပိုင်ရှင်၏ ကျောက်စိမ်းပြား ဖြစ်ပုံရသည်။
စုကျင်မော့…… ဒီနာမည် ……
“အရမ်းလှတာပဲ……”