အခန်း (၂) လူကြီးမင်း၊ လိုက်တမ်းပြေးတမ်း ကစားပြီး လိုက်ရှာပေးပါ
Viewers 652

ထန်မော့အာသည် သူ၏သန်မာသော လက်မောင်းများထဲမှ ခုန်ဆင်းလိုက်ရာ ခြေနှစ်ဖက်စလုံး မြေပြင်ပေါ်သို့ အဆင်ပြေချောမွေ့စွာ ကျရောက်သွားသည်။ 


သူမသည် လက်ကလေးများကို လှုပ်ယမ်းပြရင်း သူ့ကို ပြုံးကြည့်ကာ ချိုသာအေးမြသော အသံလေးဖြင့် ပြောလိုက်သည်။


“လူကြီးမင်း၊ ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ရှင်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ"


“လူကောင်း..."


ကုမိုဟန်က ပြစ်ချက်မရှိသော မျက်ခုံးအစုံကို ပင့်လိုက်သည်။ 


သူက ရှေ့သို့တစ်လှမ်းတက်ကာ သူ၏အရပ်

ရှည်ရှည် ကိုယ်လုံးကြီးဖြင့် သူမကို ဖိကပ်လိုက်

ရင်း...


"မကြာသေးခင်ကမှ မင်း ငါ့အကြောင်းကို တစ်မျိုးပြောခဲ့တာ မဟုတ်ဘူးလား၊ ဟင်"


သူ၏ အရပ်အမောင်းမှာ မြင့်မားလွန်းလှ​၏။


သူက သူမအပေါ်သို့ ငုံ့ကိုင်းလိုက်သောအခါ ကျရောက်လာသော အရိပ်မှာ သူမ တစ်ကိုယ်လုံးကို လွှမ်းမိုးထားသည့် နံရံကြီးတစ်ခုအလား ခံစားလိုက်ရသည်။ 


ထန်မော့အာသည် မိမိကိုယ်ကိုယ် အန္တရာယ်ရှိသော အနေအထားသို့ ရောက်နေသည်ကို သတိပြုမိပြီး နောက်သို့ အမြန်ဆုတ်လိုက်သော်လည်း သူမ၏ ကျောပြင်နုနုမှာ နံရံနှင့် ကပ်သွားချေပြီ။ 


သူမ ပြေးစရာ မြေမရှိတော့ပေ။


သူက ရှည်လျားသော ခြေတံများဖြင့် သူမရှေ့သို့ တိုးကပ်လာသည်။ 


သူ၏ မျက်နှာသွင်ပြင်မှာ ချောမောခန့်ညားပြီး မြင့်မြတ်သော အရှိန်အဝါရှိသည်။ 


အနီးကပ်ကြည့်လျှင်ပင် သူ၏ ရုပ်ရည်မှာ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းသည်။


သူမက ခေါင်းကို အနိုင်နိုင်မော့ကြည့်ရင်း “ကျွန်မက… ရှင်က… လူဆိုးလို့… မပြောခဲ့ပါဘူး” ဟု ဆိုလိုက်သည်။


“မသိချင်ယောင်ဆောင်နေတာလား"


ကုမိုဟန်က သူမကို စိုက်ကြည့်ရင်း မျက်လုံးများကို မှေးလိုက်ကာ...


"မင်းကို အခုချက်ချင်း အပြင်ကို လွှင့်ပစ်လိုက်မယ်ဆိုတာ မယုံဘူးလား"


“...”


ထန်မော့အာသည် သူမအနေဖြင့် အန္တရာယ်ကြားထဲ ရောက်သွားပြီဖြစ်ကြောင်း ရုတ်တရက် နားလည်သွားသည်။


“နားလည်ပါပြီ” 


သူမက သူ၏ မယုံနိုင်စရာကောင်းလောက်အောင် ထောင်လွှားမှုကို မျက်ခုံးပင့်ပြကာ ဘေးစောင်းကြည့်လိုက်ပြီး အမိန့်ပေးသံဖြင့် ပြောလိုက်သည်။ 


“သွား၊ ကုတင်ပေါ်မှာ လှဲနေလိုက်"


ကုမိုဟန်၏ မျက်လုံးများ နက်ရှိုင်းသွားပြီး မှင်နက်ရောင် မျက်ဝန်းများထဲမှ အေးစက်သော လူသတ်ငွေ့များ ထွက်ပေါ်လာသည်။


သူက အေးစက်လွန်းသည်။ 


သူ၏ အေးစက်သော အကြည့်တစ်ချက်ကပင် သူမကို သေစေနိုင်သည်။ 


အခြားအချိန်သာဆိုလျှင် ထန်မော့အာသည် ဘာစကားမှမပြောဘဲ ကံကြမ္မာကို ငြိမ်ခံနေမိမည် ဖြစ်သလို တစ်ဖက်လူကို ရန်မစဘဲ ထွက်သွားမိမည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ ထိုသို့ မလုပ်နိုင်ပေ။


သူမသည် လည်ပင်းကို မတ်မတ်ထားကာ သတ္တိအားလုံးကို စုစည်းပြီး ရှေ့သို့ တိုးသွားလိုက်​၏။


သူမ၏ နုနယ်သော လက်ကလေးများဖြင့် သူ၏ ကြွက်သားထုထည်ရှိသော ရင်ဘတ်ကို တွန်းကာ ကုတင်ကြီးပေါ်သို့ လှဲချလိုက်သည်။ 


ထို့နောက် ရဲရဲနီသော နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ညည်းတွားသံဖြင့် အမိန့်ပေးလိုက်သည်။ 


“ခြေထောက်တွေကို ကားလိုက်"


“...”


သူက လုံးဝ ရွေ့လျားလိုစိတ်မရှိသည်ကို မြင်သောအခါ ထန်မော့အာက ကိုယ်တိုင်ပင် ကူညီပေးလိုက်သည်။ 


သူမက သူ၏ ခြေလက်များကို ဂဏန်း ‘၈’ ပုံစံအတိုင်း အတင်းဖြဲကားလိုက်သည်။


မြို့တော်၏ အလေးစားရဆုံး အမျိုးသားမှာ ယခုအခါ ခြေလက်များ ကားလျက်သား ဖြစ်နေသောကြောင့် ကုမိုဟန်၏ နားထင်မှ အကြောများ အနည်းငယ် တုန်သွားသည်။


ထန်မော့အာသည် သူ၏ သန်မာသော ခါးပေါ်သို့ ခွစီးလိုက်ပြီး ဘုရင်မတစ်ပါးကဲ့သို့ ပြောလိုက်​၏။


"ရှင်က ကျွန်မရဲ့ လူဖြစ်သွားပြီဆိုမှတော့၊ ကျွန်မပဲ ဆုံးဖြတ်မယ်"


“...”


သူမက သူ၏ ဝတ်စုံအပေါ်အင်္ကျီ ကြယ်သီးများကို ဖြုတ်ကာ ဘေးတစ်ဖက်စီသို့ ဖယ်လိုက်ရာ ဖြူဖွေးသန့်စင်သော ရှပ်အင်္ကျီ ပေါ်လာသည်။ 


ထိုအင်္ကျီအောက်တွင် တင်းမာခိုင်မာသော ကြွက်သားများက ထင်းနေပြီး ကျစ်လျစ်သော ခါးအလှကို ဖော်ပြနေသည်။ 


သူက တန်ဖိုးကြီး အနက်ရောင် ခါးပတ်ကို ပတ်ထားပြီး သူ၏ ခန္ဓာကိုယ်မှာ ဆွဲဆောင်မှု ပြင်းထန်လွန်းလှသဖြင့် နှာခေါင်းသွေးပင် ထွက်ချင်စရာ ကောင်းလှ​၏။


ထန်မော့အာသည် သူ၏ ခန္ဓာကိုယ်က ဤမျှ ကြည့်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။


ယခုအခါ ဆေးရှိန်က တက်လာပြီဖြစ်ရာ သူမ၏ ခန္ဓာကိုယ်မှာ ပို၍ ပူလောင်လာပြီး အရိုးထဲသို့ ပုရွက်ဆိတ်များ ကိုက်နေသကဲ့သို့ ခံစားလာရသည်။


သူမက သတိကပ်ထားနိုင်ရန် အောက်နှုတ်ခမ်းကို အားရပါးရ ကိုက်လိုက်သည်။ 


သူမအနေဖြင့် ဤအမျိုးသားအပေါ် တကယ်ပဲ စိတ်ကစားမိသွားသည်ကို မယုံနိုင်အောင် ဖြစ်နေရပြီ။


အသုံးမကျလိုက်တာ။


သူမ၏ နားထဲတွင် နက်ရှိုင်းပြီး လှောင်ပြောင်သံပါသော အသံတစ်ခု ကြားလိုက်ရသည်။ 


“ဘယ်လိုလဲ၊ တစ်ယောက်တည်း ကစားရတာ ပျော်နေပုံပဲ"


“..."


"ဘာလဲ"


ထန်မော့အာသည် အရည်လဲ့နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ 


သူမ၏ မျက်နှာလေးကို စိုက်ကြည့်နေသော သူ၏ နက်မှောင်သော အကြည့်များကိုသာ မြင်နေရသည်။ 


ထိုအကြည့်မှာ အထက်စီးဆန်ရုံသာမက သူမကို နှိမ်ချလှောင်ပြောင်နေသကဲ့သို့လည်း ခံစားရသည်။


လူယုတ်မာ။


သူမက ရုတ်တရက် တောက်ပစွာ ပြုံးလိုက်ပြီး အရည်လဲ့နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ 


သူမက သူ့ကို မြှူဆွယ်နေသော်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲဖြင့် မေးလိုက်​၏။


"လူကြီးမင်း၊ ကျွန်မတို့ လိုက်တမ်းပြေးတမ်း ကစားကြမလား"


ကုမိုဟန်၏ အေးစက်သော မျက်လုံးများမှာ ချက်ချင်းပင် ကြည်လင်သွားပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများမှ စကားတစ်ခွန်းသာ ထွက်လာသည်။


"မကစားဘူး"


ထန်မော့အာမှာ ကြောင်အသွားပြီး အလွန်အမင်း စိတ်ပျက်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ 


သူမအပေါ် ကျရောက်နေသော သူ၏ ထက်ရှသော အကြည့်များကြောင့် သူမကိုယ်သူမ သူ၏ရှေ့တွင် ကပြနေသည့် လူပြက်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။


“ဒီကစားနည်းက တကယ်ပျော်ဖို့ကောင်းတာ၊ ကျွန်မ ရှင့်မျက်လုံးတွေကို စည်းပေးမယ်၊ ကျွန်မ ပုန်းပြီးရင် ရှင်က လိုက်ရှာရမယ်"


"ရှင် ကျွန်မကို ရှာတွေ့ရင် ရှင့်စိတ်ကြိုက် ဘာမဆို လုပ်ခွင့်ပေးမယ်"


ထန်မော့အာက သူ၏ နက်ကတိုင်ကို အတင်းဖြုတ်ကာ သူ၏ မျက်လုံးများကို စည်းလိုက်သည်။


သူမသည် ကုတင်ပေါ်မှ အမြန်ဆင်းကာ တံခါးဆီသို့ ပြေးသွားရင်း...


"လူကြီးမင်း၊ ကျွန်မကို သေချာပေါက် ရှာတွေ့အောင် ရှာရမယ်နော်” 


ဟု သတိပေးလိုက်ရန်လည်း မမေ့ပေ။


တံခါးဖွင့်သံ သဲ့သဲ့ကို သူကြားလိုက်ရပြီးနောက် စက္ကန့်အနည်းငယ်ကြာသောအခါ အခန်းထဲတွင် လုံးဝ တိတ်ဆိတ်သွားသည်။ 


ကုမိုဟန်က သူ၏ လက်ဖဝါးကြီးဖြင့် မျက်စိစည်းကို ဖြုတ်ကာ ထိုင်လိုက်သည်။ 


ပိတ်ထားသော တံခါးကို ကြည့်ရင်း သူ၏ ပါးလွှာသော နှုတ်ခမ်းအစုံမှာ အဓိပ္ပာယ်မရှိသော ပြုံးယောင်သန်းမှုတစ်ခု ဖြစ်ပေါ်လာသည်။


သူသည် ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ကာ ဝရန်တာရှေ့တွင် မတ်မတ်ရပ်လိုက်​၏။


မြို့ပြ၏ နီယွန်မီးရောင်များက သူ၏ ထင်ရှားပြီး ပြစ်ချက်မရှိသော မျက်နှာသွင်ပြင်ပေါ်သို့ ဖြာကျနေရာ မည်သူမဆို သူ၏အကြည့်ကို လွှဲဖယ်ရန် ခက်ခဲလှပေမည်။


“ဟယ်လို၊ ယန်သုန်း၊ ငါ့အတွက် မိန်းကလေးတစ်ယောက်အကြောင်း စုံစမ်းပေးစမ်း"