အခန်း (၃) မျိုးဆက်သစ် အပြစ်ကင်းစင်သော နတ်ဘုရားမ ဟန်ရှောင်းဝမ် က Tang Mo’er ၏ စေ့စပ်ထားသူကို မြှူဆွယ်ဖြားယောင်းခြင်း
Viewers 670

သုံးနှစ်ကြာပြီးနောက်...


ကာဂါလစ်မြို့။


သူမ၏ ဦးတည်ရာဖြစ်သော ကျင်ချန်း ဗီလာသို့ ကားဆိုက်ရောက်သောအခါ ထန်မော့အာ ကားပေါ်မှ ဆင်းလာခဲ့သည်။ 


သူမသည် လှပသောနှာတံလေးပေါ်တွင် မျက်မှန်အနက်တစ်လက်ကို တပ်ဆင်ထားရာ သူမ၏ နုနယ်သောမျက်နှာလေးမှာ တစ်ဝက်

ခန့်သာ မြင်ရသည်။ 


သူမ၏ ပိုးသားကဲ့သို့ နူးညံ့သော ဆံနွယ်များမှာ ပုခုံးပေါ်သို့ ဝဲကျနေပြီး ပတ္တမြားရောင်နှုတ်ခမ်းနီလေးနှင့် ဖြူဖွေးသော သွားလေးများမှာ လိုက်ဖက်လွန်းလှ​၏။


သူမသည် ဓာတ်ပုံရိုက်ခံရမည်ကို စိုးရိမ်နေသည်။ 


သူမသည် မြို့တော်ဝန်၏ အဖိုးတန်သမီးပျိုဖြစ်ရုံသာမက ကာဂါလစ်မြို့၏ အလှဆုံးမိန်းကလေးလည်း ဖြစ်သည်။ 


လွန်ခဲ့သော သုံးနှစ်က အနုပညာလောကထဲသို့ စတင်ဝင်ရောက်လာချိန်တွင် သူမ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်နှင့် သရုပ်ဆောင်အရည်အချင်းများက အခြားမင်းသမီးများကို လွှမ်းမိုးထားနိုင်ခဲ့သည်။ 


သူမသည် အလွန်လျင်မြန်စွာပင် လူကြိုက်များလာပြီး လွန်ခဲ့သော နှစ်လခန့်ကပင် ‘အကောင်းဆုံး မျက်နှာသစ်ဆု’ ကို ရရှိခဲ့သည်။ 


လူကြိုက်အများဆုံး မင်းသမီးလေးဦးထဲတွင် ခေါင်းဆောင်တစ်ဦးဖြစ်ရာ သူမ၏ လွှမ်းမိုးမှုကို ငြင်းဆို၍မရပေ။


ပုံမှန်အခြေအနေတွင် သူမသည် အိမ်ပြင်

ထွက်လေ့မရှိသော်လည်း ဟန်ရှောင်းဝမ်ဆီမှ ကျင်ချန်းဗီလာသို့ လာခဲ့ရန် စာတိုရောက်ရှိလာသောကြောင့်သာ ထွက်လာခဲ့ခြင်း။


ကျင်ချန်းဗီလာ၏ ပိုင်ရှင်မှာ စုကျယ် ဖြစ်သည်။ 


စု မိသားစုက သူတို့လက်ထပ်ပြီးနောက် နေထိုင်ရန် ဤဗီလာကို မင်္ဂလာလက်ဆောင်အဖြစ် ပေးထားခြင်းဖြစ်​၏။


လွန်ခဲ့သော သုံးနှစ်က စုကျယ်သည် စီးပွားရေးခရီးထွက်သွားခဲ့ပြီး လွန်ခဲ့သော တစ်ပတ်ကမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ 


ဟန်ရှောင်းဝမ်က ဘာကြောင့် စုကျယ်၏ ဗီလာသို့ လာခိုင်းရသနည်း။


သူမ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရသည်။


သူမသည် သော့ကိုထုတ်ကာ ဗီလာရှေ့တံခါးကို ဖွင့်လိုက်သည်။ 


အတွင်းထဲသို့ လှမ်းကြည့်လိုက်သည့်အခါ သူမ တစ်ကိုယ်လုံး တုန်ရင်သွားပြီး မှင်တက်ကာ ရပ်တန့်သွား​၏။


ဗီလာ၏ ဧည့်ခန်းထဲတွင် စုကျယ်က လှပသော အမျိုးသမီးတစ်ဦးကို နံရံတွင် ကပ်ထားပြီး နှစ်ယောက်သား ရစ်ပတ်ကာ အတားအဆီးမရှိ ရမ္မက်ပြင်းစွာ နမ်းရှုံ့နေကြသည်။ 


ထိုအမျိုးသမီးမှာ ဟန်ရှောင်းဝမ်ပင် ဖြစ်သည်။


သူမ၏မိခင် ချင်ယာဝန်သည် လွန်ခဲ့သော ၁၈ နှစ်က သူမ၏ဖခင် မြို့တော်ဝန် ထန်ဟိုင် နှင့် ကွာရှင်းခဲ့သည်။ 


ထန်ဟိုင်က အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ကာ သားတစ်ယောက်ရခဲ့ပြီး ချင်ယာဝန်ကမူ ဟန်သုန်း နှင့် လက်ထပ်ကာ ဟန်ရှောင်းဝမ်ကို မွေးဖွားခဲ့သည်။


လက်ရှိတွင် သူမသည် အနှိုင်းမဲ့အလှတရားနှင့် ကျော်ကြားမှုများကို ပိုင်ဆိုင်ထားသော်လည်း ထန်မော့အာသည် ဘောလုံးတစ်လုံးကဲ့သို့ ကန်ထုတ်ခံခဲ့ရသော အလိုမရှိသည့် ကလေးတစ်ဦး ဖြစ်သွားခဲ့သည်။ 


သူမ၏ အဘွားဖြစ်သူကသာ သူမကို ယခုလိုဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။


အနမ်းရှည်ကြီးအပြီးတွင် ဟန်ရှောင်းဝမ်က သူမ၏ နီမြန်းနေသော မျက်နှာလေးကို စုကျယ်၏ ရင်ခွင်ထဲတွင် ဝှက်လိုက်​၏။


"အာကျယ်... ဒါက မမှန်ဘူးနော်၊ ရှင်က ကျွန်မအစ်မရဲ့ စေ့စပ်ထားသူပဲ၊ ကျွန်မတို့အကြောင်း သိသွားရင် သူ အရမ်းစိတ်ဆိုးလိမ့်မယ်"


စုကျယ်က ဟန်ရှောင်းဝမ်၏ ခေါင်းကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်မှာ...


"ရှောင်းဝမ်၊ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး Las Vegas မှာ ငါနဲ့အတူ ရှိပေးခဲ့တာ မင်းပဲလေ"


"ငါချစ်တာ မင်းတစ်ယောက်တည်းပါ၊ စိတ်မပူပါနဲ့၊ ငါ စေ့စပ်ထားတာကို ဖျက်လိုက်ပါ့မယ်"


"ဒါပေမဲ့ ကျွန်မအစ်မက Prevailing အနုပညာကုမ္ပဏီမှာ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပိုင်ထားတာလေ..."


စုကျယ်၏ ချောမောသော မျက်နှာတွင် မှိုင်ညို့သော အရိပ်အယောင်များ ပေါ်လာသည်။ 


"စိတ်မပူပါနဲ့၊ အဲဒီရှယ်ယာတွေကို သူ့ဆီက ပြန်

ရအောင် ငါနည်းလမ်းရှာမှာပါ"


"အာကျယ်ကတော့ ဆိုးလိုက်တာ၊ ကျွန်မအစ်မ သနားစရာပါပဲ"


ထို့နောက်တွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် အာရုံထဲတွင်သာထားပြီး ပြင်းပြင်းထန်ထန် ဆက်လက်နမ်းရှုံ့နေကြပြန်သည်။


ထန်မော့အာ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ထိုအခိုက်အတန့်တွင် သူမ ခံစားလိုက်ရသည်မှာ နာကျင်မှုနှင့် မုန်းတီးမှုများသာ ဖြစ်သည်။ 


သူမသည် စုကျယ် ပြန်လာမည့်အချိန်ကို လွန်ခဲ့သော သုံးနှစ်လုံးလုံး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရ​၏။


စုကျယ် က ဟန်ရှောင်းဝမ် နှင့် ချစ်ကျွမ်းဝင်ပြီး သူမကို ယခုလို သစ္စာဖောက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။


လွန်ခဲ့သော သုံးနှစ်က သက်သေမရှိသောကြောင့် ဟန်ရှောင်းဝမ်ကို အပြစ်မပေးနိုင်ခဲ့ပေ။ 


ယခုအခါ ဟန်ရှောင်းဝမ်က နောင်တမရရုံသာမက သူမ၏ စေ့စပ်ထားသူကိုပါ မြှူဆွယ်ခဲ့သည်။ 


ဟန်ဆောင်ကောင်းလှသော အပျက်မ။


မူလက သူမ အထဲသို့ ပြေးဝင်ပြီး သူတို့ကို ဖွင့်ချချင်ခဲ့သည်။ 


သို့သော် ခဏမျှ စဉ်းစားပြီးနောက် ထန်မော့အာက ထိုနာကျင်မှုနှင့် အရှက်ရမှုများကို အောင့်အည်းသည်းခံရန် ဆုံးဖြတ်လိုက်သည်။ 


ဟန်ရှောင်းဝမ်က သူမကို တမင်တကာ စာပို့ခဲ့ခြင်းပင်။


သူမ အထဲကို စွန့်ပစ်ခံရသော မိန်းမတစ်ဦးလို ပြေးဝင်သွားပြီး သူတို့ကို ကျေနပ်မှု ပေးမည်မဟုတ်ပေ။


သူမသည် ဖုန်းကိုထုတ်ကာ သူတို့ နမ်းနေသည့်ပုံကို ဗီဒီယိုရိုက်ထားလိုက်သည်။


သူမ လှည့်ထွက်လာပြီး ကားပေါ်တက်လိုက်

သည်။ 


မြို့တော်ဝန်ဖြစ်သူ ဖခင်က သူမအတွက် ကိုယ်ပိုင်ကားနှင့် ဒရိုင်ဘာတစ်ဦး ပေးထားသည်။ 


သူမ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်ပြီး ပြောလိုက်သည်မှာ...


"ဟဲလို ချီရှီ၊ ငါ အခုပဲ ပို့လိုက်တဲ့ ဓာတ်ပုံတွေကို ရလား"


ချီရှီ မှာ သူမ၏ မန်နေဂျာဖြစ်သည်။


"မော့အာ...အခုပဲ ရတယ်၊ ကြည့်လိုက်ဦးမယ်..."


"အို... ဘုရားရေ၊ ဒါ Prevailing အနုပညာကုမ္ပဏီရဲ့ သူဌေး စုကျယ် မဟုတ်လား"


"နင့်ရဲ့ စေ့စပ်ထားသူက မျိုးဆက်သစ် အပြစ်

ကင်းစင်တဲ့ နတ်ဘုရားမ ဟန်ရှောင်းဝမ် နဲ့ ဘာလုပ်နေတာလဲ"


ထန်မော့အာက ပြတင်းပေါက်အပြင်ဘက်က နီယွန်မီးရောင်များကို ကြည့်ရင်း ကြည်လင်သော မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များဖြင့် ပြန်ပြောလိုက်သည်။


"ငါ သူတို့ရဲ့ သစ္စာဖောက်တာကို ခံလိုက်ရပြီ၊ ငါ့ကို ကူညီပြီး ဒီဓာတ်ပုံတွေကို နာမည်ကြီး Weibo အကောင့်တချို့ဆီ ပို့ပေးပါ"


"ခေါင်းစဉ်ကိုတော့ 'မျိုးဆက်သစ် အပြစ်ကင်းစင်သော နတ်ဘုရားမ ဟန်ရှောင်းဝမ်က ထန်မော့အာ၏ စေ့စပ်ထားသူကို မြှူဆွယ်ခြင်း' လို့ ပေးလိုက်"


ချီရှီက သူမဘက်က ရပ်တည်ပေးရင်း အားပေးစကား ပြောလိုက်သည်။


"မော့အာ၊ ငါ့ကိုယုံလိုက်စမ်းပါ၊ ဟန်ရှောင်းဝမ် မနက်ဖြန် သတင်းမျက်နှာဖုံးမှာ ပါစေရမယ်"


"သူက အနုပညာလောကထဲ ရောက်ကတည်းက ဖြူစင်တဲ့ပုံစံကိုပဲ ပြလာတာ"


"ဒီဓာတ်ပုံတွေသာ ပေါက်ကြားသွားရင် သူ သေချာပေါက် ပျက်စီးသွားလိမ့်မယ်"


"သူဟာ တစ်နိုင်ငံလုံးရဲ့ အပျက်မ ဖြစ်သွားလိမ့်မယ်"