အခန်း ၃၀ ရန်ဖြစ်ကြပြန်ပြီ
"ပိုက်ဆံ
မရှိတော့ဘူး"
စုန့်ယွိလန်က ရှတာ့ရှန်းကို
မော့ပင်မကြည့်ဘဲ ကလေးအဝတ်တစ်ထည်ကို ချုပ်နေရင်း ငြင်းဆန်လိုက်သည်။
ရှတာ့ရှန်းက
အနည်းငယ်
စိတ်တိုနေပုံရပြီး
အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ခဏအကြာတွင် သူက ထပ်ပြောလာပြန်သည်။
" ဒါက အရေးကြီးတဲ့
ကိစ္စမို့လို့ ငါ ပြောနေတာနော်"
စုန့်ယွိလန်၏မျက်နှာက
ရှုံမဲ့သွားပြီး အချက်ကျကျပြန်ပြောလိုက်သည်။
"ဘာကို
အရေးကြီးတဲ့ကိစ္စလဲ၊ ပြီးတော့ ရှင် လက်ဆောင်ပေးချင်တာကို ကျွန်မ နားလည်ပါတယ်၊
ဒါပေမယ့် ဘာလို့ ကျွန်မဆီနေပဲ
ပိုက်ဆံတောင်းရတာတုန်း၊ လက်ဆောင်ပေးဖို့ ပိုက်ဆံဆိုတာမျိုးက
မိသားစုပိုင်ငွေတွေထဲကနေ ထုတ်ရမှာ မဟုတ်ဘူးလား"
ရှတာ့ရှန်းက စိတ်ရှည်ရှည်ဖြင့်
ပြန်ရှင်းပြလာသည်။
"ငါတို့မိသားစုမှာ
ပိုက်ဆံသိပ်မရှိတာ
မင်းလည်း သိနေတာပဲ၊ အခု ရှမျိုးနွယ်ထဲက
လူတစ်ယောက် ကျင့်ရှီ ဖြစ်သွားပြီ၊ နောင်ကျရင် သူက အရာရှိကြီး ဖြစ်လာတော့မှာ၊
ငါတို့ အခုကတည်းက သူတို့နဲ့ အဆက်အသွယ်လုပ်ထားမှ နောင်ကျရင် သူတို့က ငါတို့ကို
ပြန်ကြည့်မှာပေါ့”
စုန့်ယွိလန်က အပြုံးသဲ့သဲ့ဖြင့်
ပြန်ပြောလိုက်သည်။
"ကျွန်မတို့က
မျိုးဆက်ငါးဆက်ခြားနေပြီးသားပါ၊ ဆွေမျိုးအရင်းတွေတောင်မှ တစ်အိမ်တက်ဆင်း
လိုက်မလည်နိုင်တဲ့ အခြေအနေမှာ ရှင် လက်ဆောင်ပေးရုံနဲ့ သူတို့က ရှင့်ကို
ပြန်ကြည့်မယ်တဲ့လား၊ ပြီးတော့ သူတို့က ရှင့်ဆီက ပိုက်ဆံကို တကယ်ပဲ လိုအပ်နေပါ့မလား? ဟိုမှာ
အရာရှိတွေ၊ မြေရှင်တွေက သူတို့ကို လက်ဆောင်တွေ ပေးနေလို့ အများကြီးတောင်
ဖြစ်နေလောက်ပြီ၊ ရှင်ကရော သူတို့ကို ဘယ်လောက်ပေးဖို့ စဉ်းစားထားလဲ၊ ဆယ်လျန်လား လျန်နှစ်ဆယ်လား? ရှတာ့ရှန်း...
ကျွန်မ ရှင်းရှင်းပဲ ပြောမယ်၊ ရှင် ကျွန်မဆီကနေ ကြေးတစ်ပြားတောင် ရမှာ မဟုတ်ဘူး”
"စုန့်ယွိလန်... မင်း!"
ရှတာ့ရှန်းက
အနည်းငယ်
ဒေါသထွက်သွားဟန်ဖြင့်
အော်ဟစ်လိုက်သည်။
"ငါတို့
အိမ်ထောင်ကျတာ သုံးနှစ်ပဲ ရှိသေးတယ်၊ မင်းက ဘာလို့ ဒီလောက်တောင်
ပြောင်းလဲသွားရတာလဲ၊ အရင်တုန်းက ငါ လုပ်ငန်းစဖို့ မင်းရဲ့မိသားစုဆီကနေ
ငွေလေးလျန်နှစ်ဆယ်လောက် ချေးခဲ့တာလေ၊ အဲ့တော့ ဘာတွေ ဖြစ်လာခဲ့လဲ၊ သူတို့က ငါ့ကို
အခက်တွေ့အောင် လုပ်ခဲ့ကြတယ်လေ၊ ပြီးခဲ့တာကို ထားလိုက်ပါတော့... အခု မင်းက
ဘာမှမဟုတ်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်နေပြန်ပြီ"
"ရှတာ့ရှန်း၊
ဘယ်သူတွေပဲ ပြောင်းလဲပါစေ ကျွန်မကတော့ လုံးဝ မပြောင်းလဲဘူး၊ ရှင်က ဒီနေ့ ကျွန်မနဲ့
ရန်ဖြစ်ချင်နေတာလား?"
စုန့်ယွိလန်က
သူမ ချုပ်လက်စ ကလေးအင်္ကျီကို ဘေးသို့ ချလိုက်ပြီး ခန်ပေါ်တွင် မျက်လုံးဝိုင်းဝိုင်းလေးဖြင့်
ဟိုကြည့်ဒီကြည့် လုပ်နေသည့် သားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက်
သူမက ခင်ပွန်းဖြစ်သူကို စတင်စိန်ခေါ်လိုက်သည်။
"ကောင်းပြီလေ၊
ရှင်က ရန်ဖြစ်ချင်တယ်ဆိုမှတော့ အခု စာရင်းရှင်းကြတာပေါ့၊ လာခဲ့..
ရှင့်မိဘတွေရှေ့မှာ သွားရှင်းကြမယ်"
"ဘယ်... ဘယ်သူက မင်းနဲ့ ရန်ဖြစ်ချင်တယ်
ပြောနေလို့လဲ?"
ရှတာ့ရှန်းက
သူအပြစ်ရှိနေမှန်း သိနေပုံဖြင့် ရှောင်လွှဲရန် ကြိုးစားလိုက်သည်။
"ရှင်ပဲ ကျွန်မဆီကနေ ပိုက်ဆံတောင်းနေတာ
မဟုတ်ဘူးလား၊ ကျွန်မ ရှင့်ကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ ကျွန်မမှာ ပိုက်ဆံ
မရှိတော့ဘူး၊ ရှင် လိုချင်ရင် တခြားသူဆီကနေ သွားတောင်းလိုက်။ ကျွန်မဆီကတော့
ရမှာမဟုတ်ဘူး"
စုန့်ယွိလန်က
သားဖြစ်သူကို ပွေ့ချီကာ ချော့မြှူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ညင်ညင်သာသာ
ချပေးလိုက်သည်။
"တာ့ပေါင်...
သွား၊ ဘေးအိမ်က ဟေးဇီတို့နဲ့ သွားဆော့လိုက်ဦးနော်"
တာ့ပေါင်က ရှတာ့ရှန်းကို တစ်လှည့်
စုန့်ယွိလန်ကို တစ်လှည့်ကြည့်လိုက်ပြီး မပီမသ စကားသံလေးများဖြင့် ပြန်ပြောကာ
ခြေတံတိုတိုလေးများဖြင့် ပြေးထွက်သွားသည်။
သားဖြစ်သူ
ထွက်သွားသည်ကို ကြည့်နေပြီးနောက် ရှတာ့ရှန်းက သည်းမခံနိုင်တော့သလို ခံစားလာရကာ
ထပ်မံအော်ဟစ်လိုက်သည်။
"စုန့်ယွိလန်...
မင်းက ဘာသဘောလဲ၊ အခု မင်းက ဘယ်သူ့ရှေ့မှာ လာပြီး မလုပ်ဖူးတာတွေ လုပ်နေတာလဲကွ၊ ငါတို့
ရှမိသားစုက မင်းအပေါ်မှာ အကြွေးတင်နေလို့လား"
စုန့်ယွိလန်က ခနဲ့တဲ့တဲ့
အပြုံးဖြင့် ရှတာ့ရှန်းကို ပြန်ကြည့်လိုက်ပြီးမှ
ခပ်လှောင်လှောင် ပြန်ပြောလိုက်သည်။
"ကျွန်မက
မလုပ်ဖူးတာတွေ လုပ်နေတယ်ပေါ့လေ၊ ကောင်းပြီလေ၊ ရှင်က ဒီလို ပြောနေမှတော့ ဒီနေ့ ရှင့်မိဘတွေရှေ့မှာ
အပြတ်ရှင်းကြတာပေါ့"
ထိုသို့ပြောပြီးနောက် သူမက
ခုတင်ပေါ်မှ ခုန်ဆင်းကာ ဖိနပ်စီးပြီး အပြင်သို့ အပြေးတပိုင်း ထွက်သွားတော့သည်။ သူမက လမ်းလျှောက်နေရင်း စကားကို
အမျှင်မပြတ် ပြောသွားသေးသည်။
"ရှင်တို့ရဲ့ ရှမိသားစုက ကျွန်မနဲ့
ကျွန်မရဲ့ညီမအပေါ် အကြွေးတင်နေတာ အသေအချာပဲလေ၊ ကျွန်မ ဒီအကြောင်းကို စဉ်းစားနေတာ
တော်တော်ကြာနေပြီ၊ အခုတော့ တွေ့ကြသေးတာပေါ့၊ ဟွန့်"
သူမက
ခပ်သွက်သွက် လျှောက်လှမ်းနေပြီး ပင်မအိမ်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး
အပြုံးဖြင့် လှမ်းမေးလိုက်သည်။
"အဖေနဲ့
အမေ၊ ကျွန်မ ကြားတာတော့ အဖေတို့က ရှချမ်းတို့အိမ်ကို လက်ဆောင်သွားပေးချင်လို့
ဆိုပြီး တာ့ရှန်းကို ကျွန်မဆီကနေ ပိုက်ဆံတောင်းခိုင်းတယ်တဲ့"
ရှချမ်း၏
မိဘများကလည်း ထိုကိစ္စကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။ သူတို့ကြားတွင်
ဆွေမျိုးငါးဆက် ဝေးကွာနေပြီဖြစ်သော်လည်း ရှမျိုးရိုးချင်း တူနေသဖြင့် ယခုကဲ့သို့
ကျင့်ရှီတစ်ယောက် ထွက်ပေါ်လာခြင်းက သူတို့အတွက် တိုးတက်ရန် အခွင့်အရေးဟု သူတို့
ယူဆနေကြသည်။ ယခု အဆက်အသွယ် ကောင်းကောင်းလုပ်ထားနိုင်လျှင် သူတို့၏အနာဂတ်လည်း
တောက်ပလာမည်ဟု ယုံကြည်နေကြသည်။
သို့သော်
ယခုအချိန်တွင် သူတို့ လက်ထဲ၌ ငွေဆယ်လျန်သာ ရှိပြီး တစ်ခုခုဝယ်ရန် မလုံလောက်ဟု ထင်နေကြသည်။ ထို့ကြောင့်လည်း ရှတာ့ရှန်းအား
စုန့်ယွိလန်ဆီမှ
ငွေတောင်းခိုင်းခဲ့ခြင်း
ဖြစ်သည်။ ယခု ချွေးမဖြစ်သူက ဤသို့ ဗြောင်ကျကျ မေးလာချိန်တွင် လူကြီးနှစ်ယောက်စလုံး
အနည်းငယ် အရှက်ရသွားရသည်။
ဝမ်ရှီက
အပြုံးလေးဖြင့် ချွေးသိပ်ရန် ကြိုးစားလာသည်။
"သမီးရယ်.... ဘာတွေပြောနေတာတုန်း၊ ဘာကို
ပိုက်ဆံတောင်းရမှာလဲ၊ မဟုတ်တာတွေ၊ ငါတို့က မိသားစုတွေလေ"
စုန့်ယွိလန်ကလည်း
သူမနည်းတူ အပြုံးတစ်ခု ဆင်မြန်းထားပြီး ပြတင်းပေါက်နားမှ ထိုင်ခုံပေါ်တွင်
ဝင်ထိုင်လိုက်သည်။
"ခုနကလေးတင်
တာ့ရှန်နဲ့ ကျွန်မနဲ့ ငြင်းခုန်လာခဲ့ကြတာ၊ သူ ပြောတာကတော့ အရင်က သူ
လုပ်ငန်းစချင်လို့ ကျွန်မရဲ့မိဘအိမ်ကနေ ပိုက်ဆံတောင်းတာကို ကျွန်မ မိဘတွေက
မပေးလို့ သူ့ကို အခက်တွေ့အောင် လုပ်ကြတာတဲ့။ ကျွန်မကတော့ သူ အဲဒီမပြောသင့်ဘူးလို့
မြင်တယ်၊ အခု အဖေတို့က ရှချမ်းတို့အိမ်ကို လက်ဆောင်ပေးဖို့ ကျွန်မဆီကနေ
ပိုက်ဆံတောင်းခိုင်းကြတယ်၊ အဖေနဲ့ အမေ၊ ကျွန်မ အိမ်ထောင်စကျတုန်းက
ခန်းဝင်ပစ္စည်းအဖြစ် လျန်နှစ်ဆယ်ယူလာခဲ့တယ်၊ အခု အဲဒီပိုက်ဆံတွေကို ဒီအိမ်အတွက်
ပစ္စည်းတွေဝယ်ဖို့ အကုန်သုံးခဲ့ပြီးပြီ၊ ဒီအခြေအနေမှာ ကျွန်မဆီကနေ
ပိုက်ဆံထပ်တောင်းတော့ ကျွန်မ ဘယ်ကနေ သွားရှာပေးရမှာလဲ"
ဝမ်ရှီ၏မျက်နှာက
နီမြန်းသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
"ဒါပေမဲ့
ဒါက ရှမိသားစုအတွက် အရေးကြီးတဲ့ ကိစ္စလေ၊ တာ့ပေါင်ကလည်း ရှမျိုးရိုးပဲ
မဟုတ်ဘူးလား၊ နောင်ကျရင် သူ့မှာ ရာထူးကြီးကြီးနဲ့ ဆွေမျိုးရှိလာပြီး
နာမည်ကျော်ကြားမှာကို နင် မမြင်ချင်ဘူးလား"
"ဟုတ်တယ်"
စုန့်ယွိလန်၏
ယောင်းမဖြစ်သူ ရှရှို့ကျွမ်းကလည်း ဝင်ပြောလာသည်။
"ယောင်းမမှာ
ပိုက်ဆံမရှိရင်တောင် ယောင်းမရဲ့မိသားစုမှာ ပိုက်ဆံနေရှိတာပဲဟာကို၊ ဘာလို့
သွားမတောင်းတာတုန်း၊ အနည်းဆုံးတော့ လက်ဆောင်ကောင်းကောင်းလေး ပေးနိုင်တာပေါ့"
စုန့်ယွိလန်က
သူမ၏ပါးစပ်ကို အုပ်ကာ ခေတ္တမျှ ရယ်မောလိုက်ပြီးမှ ခပ်လှောင်လှောင်
ပြန်မေးလိုက်သည်။
"ကျွမ်းအာ...
နင်က ငါ့ကို ငါ့မိဘတွေဆီကနေ ပိုက်ဆံသွားတောင်းခိုင်းနေတာလား၊ ချေးငှားခိုင်းနေတာတောင်
မဟုတ်ဘူးပေါ့လေ"
ရှရှို့ကျွမ်းက
ချက်ချင်း ထပ်ပြောလိုက်သည်။
"အင်းလေ၊
ဒါက ငွေလေးတစ်လျန်၊ နှစ်လျန်လောက်ပါပဲ၊ ယောင်းမတို့ မိသားစုက အရမ်းချမ်းသာတာပဲကို၊
သူတို့လက်ကြားကနေ ထွက်ကျတဲ့ အစအနလေးတင် ငါတို့အတွက် လုံလောက်နေပါပြီဟယ်"
စုန့်ယွိလန်က
ရှရှို့ကျွမ်းကို စိုက်ကြည့်လိုက်ပြီး ခပ်ရှင်းရှင်း ပြန်ပြောလိုက်သည်။
"ကျွမ်းအာ၊
နင့်ကို ဒီလိုစကားမျိုး ပြောဖို့ ဘယ်သူသင်ပေးလိုက်တာလဲ၊ ငါ့မိဘတွေရဲ့
ပိုင်ဆိုင်မှုက ငါ့မိသားစုနဲ့ပဲ ဆိုင်တယ်၊ ငါ့မောင်လေးတွေ လက်ထပ်တဲ့အချိန်မှာ
သုံးစွဲဖို့ သူတို့ စုဆောင်းထားတာ၊ ငါက အိမ်ထောင်ကြပြီးသား သမီးတစ်ယောက်လေ၊ ငါက
မိဘအိမ်ကို ပြန်ပြီး ပိုက်ဆံတောင်းလို့ မရတော့ဘူး၊ ချေးတယ်ဆိုရင်တောင်
ဒီလိုကိစ္စမျိုးအတွက်တော့ ငါ ပြန်မသွားနိုင်ဘူး"
ရှရှို့ကျွမ်းက
နှုတ်ခမ်းဆူလိုက်ပြီး ထပ်ပြောလာပြန်သည်။
"ဘာလို့
ချေးလို့ မရရမှာတုန်း၊ ယောင်းမရဲ့မိသားစုက ယောင်းမရဲ့ ညီမစုန့်တင်းရှန်းကိုပဲ
မျက်နှာသာပေးပြီး ယောင်းမကိုတော့ လုံးဝ ဂရုမစိုက်ဘူးလို့ ကျွန်မ ထင်တယ်။ ကျွန်မ
အစ်ကို လုပ်ငန်းစချင်လို့ ပိုက်ဆံချေးတုန်းကလည်း သူတို့က လုံးဝ မပေးခဲ့ကြဘူး၊
အခုလို အရေးကြီးတဲ့ ကိစ္စမျိုးကတော့ သူတို့ဘက်ကနေတောင် လိုလိုလားလား
လာထုတ်ပေးသင့်သေးတယ်"
စုန့်ယွိလန်၏
မျက်နှာမှာ တင်းမာသွားပြီး ခပ်ပြတ်ပြတ် ပြန်မေးလိုက်သည်။
"ရှို့ကျွမ်း...
အရင်တုန်းက ရှချမ်းနဲ့ စုန့်ထောင်ဟုန်တို့က ငါ့ညီမကို ပြဿနာရှာခဲ့လို့ ငါ့ညီမ
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တာကို နင် မသိဘူးလား"
"အဲဒါက ယောင်းမရဲ့ညီမကိုယ်တိုင်က မဆင်မခြင်ဘဲ
ယောကျ်ားတစ်ယောက်နဲ့...."
ရှရှို့ကျွမ်းက
စကားစလိုက်စဉ်မှာပင်
စုန့်ယွိလန်က
ဝုန်းခနဲ ထရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ရှရှို့ကျွမ်း၊
နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ နင်က အပျိုလေးနော်၊ ဘာလို့ ဒီလောက်
ရိုင်းစိုင်းတဲ့စကားတွေကို ပြောရဲနေရတာတုန်း"
"ဘယ်နေရာမှာ လာအော်နေတာတုန်း၊ ရှို့ကျွမ်းပြောတာ
ဘာမှ မမှားဘူး"
ရှတာ့ရှန်းကလည်း
အသံမြှင့်ပြီး အော်ဟစ်လိုက်သည်။
စုန့်ယွိလန်က
ခနဲ့ပြုံးပြုံးကာ အခန်းထဲမှ လူအားလုံးကို တချက်ဝေ့ကြည့်လိုက်သည်။
"ဒါဆို ရှင်တို့အားလုံးက
ကျွန်မတို့ရဲ့မိသားစုကို ဒီလို မြင်နေကြတာပေါ့၊ တာ့ရှန်း လုပ်ငန်းစချင်လို့
ပိုက်ဆံတောင်းတုန်းက ကျွန်မအဖေက သူကို လုပ်ငန်းရဲ့ အသေးစိတ်ပြောခိုင်းတာက သူ့ကို
အခက်တွေ့အောင် လုပ်ခဲ့တယ်လို့ ရှင်တို့ ယူဆနေကြတယ်ပေါ့၊ ကျွန်မရဲ့အမေက ကျွန်မရဲ့
ခန်းဝင်ငွေတွေကို တာ့ရှန်းရဲ့ လုပ်ငန်းအတွက် ပေးလိုက်ဖို့ ပြောတုန်းကလည်း
အဲဒီပိုက်ဆံတွေကို ရှင်တို့အားလုံးအတွက် သုံးလို့ ကုန်သွားတာကို ကျွန်မ
မပြောရဲခဲ့ဘူး၊ ကျွန်မရဲ့ညီမ မတော်တဆဖြစ်တာကို သူ မဆင်မခြင်လို့ ရှင်တို့က
ပြောတယ်ပေါ့လေ၊ ဒါဆို သူမ သေသွားရင်ရော၊ အဲ့လိုဆိုရင်တောင် သူ သေသင့်တယ်လို့
ရှင်တို့ ပြောဦးမှာလား၊ ပြီးတော့ ရှချမ်း ကိစ္စလား၊ ဟက်... အခု အပြင်မှာ
ဘာတွေပြောနေကြလဲဆိုတာ ရှင်တို့ မသိကြဘူးလား၊ ရှချမ်းနဲ့ စုန့်ထောင်ဟုန်တို့
ဖောက်ပြန်ခဲ့ကြလို့ ကလေးက လနည်းနည်းလေးနဲ့ မွေးလာတာလေ၊ ကျွန်မ တွေးမိတာက... သူက
ကျွန်မညီမနဲ့ စေ့စပ်ထားတုန်း စုန့်ထောင်ဟုန်နဲ့ ငြိစွန်းနေခဲ့တာ၊
ထောင်ဟုန်ကိုယ်ဝန်ရှိလာတော့ ကျွန်မရဲ့ညီမက ရုတ်တရက် မြစ်ထဲကျသွားတယ်၊ အင်း....
အဲဒါက ဘာအဓိပ္ပာယ် ဖြစ်နိုင်မလဲ"
"နင်...
နင် ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာတုန်း၊ နင့်ပါးစပ်ကို
ပိတ်ထားစမ်း!"
ရှချမ်း၏ဖခင်က
ခန်ကို ဒေါသတကြီး ရိုက်ချကာ စုန့်ယွိလန်ကို တားဆီးလိုက်သည်။
"နင်
အခု ရှမိသားစုထဲကို လက်ထပ်ပြီး ဝင်လာပြီးပြီ၊ နင်လည်း ရှမိသားစုဝင်ပဲ၊
ရှမိသားစုကို ထောက်ပံ့တာက ဘာမှားလို့လဲ"
"ကျွန်မ
ရှမိသားစုထဲကို လက်ထပ်ပြီး ဝင်လာခဲ့တယ်၊ အဲ့ဒါ အမှန်ပဲ၊ ဒါပေမယ့် ကျွန်မမှာလည်း
ကိုယ်ပိုင်မိသားစု ရှိတယ်၊ ညီမဖြစ်သူ အနိုင်ကျင့်ခံနေရတာကို အစ်မဖြစ်တဲ့သူက
မျက်စိမှိတ်ပြီး ငြိမ်ခံနေရမှာလား၊ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်၊ ဒါပေမယ့်
ဒီနေ့တင် မကဘူး၊ နောင်မှာလည်း ပိုက်ဆံ ပေးတော့မှာ မဟုတ်ဘူး၊ ကျွန်မရဲ့ အသွင်းငွေက
ကျွန်မရဲ့ပိုက်ဆံပဲ၊ ဒီအိမ်က အများပိုင် ပိုက်ဆံမဟုတ်ဘူး၊ နောင်ကျရင် ကျွန်မ
စိတ်ပျော်ဖို့ပဲ ငွေသုံးတော့မယ်၊ ကျွန်မ စိတ်မချမ်းသာရင် ရှင်တို့ ဘာမှ
ရတော့မှာမဟုတ်ဘူး"
ပြောချင်ရာပြောပြီးနောက် စုန့်ယွိလန်က အခန်းထဲမှ လူများကို အေးစက်စက် တစ်ချက်ကြည့်ကာ
သူမ၏အင်္ကျီလက်ကို ခါရင်း ပြန်ထွက်သွားတော့သည်။
သူမ၏အခန်းသို့
ပြန်ရောက်လာချိန်တွင် စုန့်ယွိလန်တစ်ယောက် သူမ၏ ရင်ထဲမှ ရုတ်တရက် ပေါ့ပါးသွားသလို
ခံစားလိုက်ရသည်။ သူမ အားရပါးရပင် ရယ်မောလိုက်မိသည်။ သူမ ယောက္ခမ၊ ယောင်းမနှင့် ယောကျ်ားဖြစ်သူတို့
စိတ်ကျေနပ်အောင် အမြဲကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူမ ပြန်ရလိုက်သည်က
အမုန်းသာဖြစ်နေကြောင်း သူမ သိလိုက်ရသည်။ ယခု သူတို့အားလုံး စိတ်အနှောင့်အယှက်
ဖြစ်နေသည်ကို မြင်ရချိန်တွင်တော့ သူမလည်း စိတ်ကျေနပ်သွားရသည်။
မကြာမီမှာပင်
ရှတာ့ရှန်းက ဒေါသတကြီးဖြင့် အခန်းထဲသို့ ပြန်ဝင်လာသည်။
"စုန့်ယွိလန်၊
မင်းကိုယ်မင်း ပြန်ကြည့်ဦး၊ မင်းက ငါ့မိဘတွေကို ဘယ်လောက်တောင် စိတ်ဆိုးအောင်
လုပ်လိုက်တာလဲကွ"
ပြောနေရင်းဖြင့်
သူက သူမကို ရိုက်ရန် လက်မြှောက်လိုက်သည်။
စုန့်ယွိလန်က
မျက်ခုံးပင့်ရင်း ပြန်စိန်ခေါ်လိုက်သည်။
"ဘာလဲ? ရှင်က
ကျွန်မကို ရိုက်ချင်လို့လား၊ လာလေ၊ ဒီကိုလာ ရိုက်ကြည့်လိုက်စမ်းပါ"
သူမက
ရှေ့သို့ တိုးသွားရင်း ထပ်စိန်ခေါ်နေပြန်သည်။
"ရှင်က
ကျွန်မကို ရိုက်ရဲမယ်တဲ့လား၊ ကျွန်မတော့ မယုံဘူး"
ရှတာ့ရှန်း၏
လက်က လေထဲတွင် ရန်တန့်သွားပြီး ခဏအကြာတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
အောက်ပြန်ကျသွားသည်။ အမှန်တကယ်လည်း သူ စုန့်ယွိလန်ကို မရိုက်ရဲပေ။ စုန့်ယွိလန်
ပြောခဲ့သလိုပင် သူမထံတွင် အစ်ကိုနှင့် မောင်များစွာရှိနေပြီး အကယ်၍ သူ သူမကို
တကယ်ရိုက်လိုက်ပါက ပျားအုံကို တုတ်နှင့်ထိုးသလို ပြဿနာကြီးသွားနိုင်ကြောင်း သူ
သိထားပြီး ဖြစ်သည်။
"ကောင်းပြီလေ၊
ငါ မင်းကို မရိုက်ဘူး၊ ဒါပေမဲ့ ငါတို့ ရှမိသားစုက မင်းလို အသုံးအဖြုန်းကြီးပြီး
မနာခံတတ်တဲ့သူကို မထောက်ပံ့နိုင်တော့ဘူး။ ငါ ကွာရှင်းစာ သွားရေးခိုင်းမယ်"
ရှတာ့ရှန်းက
အသံမာမာဖြင့် ခြိမ်းခြောက်လိုက်သော်လည်း သူ၏လေသံက မသေချာသလို ဖြစ်နေလေသည်။
စုန့်ယွိလန်၏မျက်နှာက
ချက်ချင်း ဖြူဖျော့သွားပြီး သူမက ရှတာ့ရှန်းကို မယုံနိုင်ဟန်ဖြင့် ကြည့်ကာ
အသံတုန်တုန်ဖြင့် ပြန်မေးလိုက်သည်။
"ရှင်...
ရှင်က ကျွန်မကို ကွာရှင်းချင်နေတာလား"
သူမ
ကြောက်ရွံ့သွားသည်ကို မြင်လိုက်ရချိန်တွင် ရှတာ့ရှန်းက ပို၍ မောက်မာလာပြီး မေးကို
ပင့်ကာ ထပ်ပြောလိုက်သည်။
“မင်းက
ငါ့မိဘတွေအပေါ် ရိုသေမှု မရှိဘူး၊ မင်းလို ချွေးမမျိုးက ငါတို့အတွက်
ဘာအသုံးဝင်မှာတုန်း"
စုန့်ယွိလန်က သူ့ကို ခဏလောက်
စေ့စေ့ကြည့်လိုက်ပြီးမှ
ရုတ်တရက်
ရယ်မောလိုက်သည်။
"ဪ...
ကျွန်မက ရှင့်မိဘတွေအပေါ်ကို ရိုသေမှု မရှိဘူးပေါ့လေ၊ ကျွန်မရဲ့အမေ ကျွန်မကို
ရှင်တို့မိသားစုထဲ ထည့်ပေးလိုက်တာက ရှင်တို့အားလုံးက ရိုးသားတဲ့သူတွေလို့
ထင်ထားလို့လေ၊ အခုတော့ ကျွန်မတို့ မှားသွားပုံပဲ၊ ရှင်က ကျွန်မကို
ကွာရှင်းချင်တယ်ပေါ့လေ၊ ဟုတ်လား... ကောင်းပြီလေ... ကျွန်မ ရှင့်ဆီက
ကွာရှင်းစာကို စောင့်နေမယ်၊ တကယ်လို့ ရှင်
ကျွန်မကို ကွာရှင်းစာ မပို့ရင် ရှင် ယောကျ်ားမဟုတ်လို့ပဲ"
ထိုစကားကို
ပြောပြီးနောက်
သူမက ချက်ချင်း မတ်တပ်ထရပ်ကာ
အပြင်သို့
ထွက်သွားပြီး လမ်းတစ်ဖက်တွင် ဆော့နေသော တာ့ပေါင်ကို လှမ်းခေါ်ပြီး နောက်သို့
လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
ရှတာ့ရှန်းက
အံ့ဩမှင်သက်နေပြီး အခန်းထဲတွင် ခဏမျှ ငိုင်နေသေးသည်။ သူ သတိဝင်လာပြီး နောက်မှ လိုက်သွားချိန်တွင် သူ
သူမကို လုံးဝ ရှာမတွေ့တော့ပေ။
"ဟေး တာ့ရှန်း၊
မင်း
ဘာရှာနေတုန်းကွ"
တစ်ဖက်မှ
အိမ်နီးနားချင်းက
ဟိုရှာသည်ရှာ
လုပ်နေသည့်သူ့ကို မြင်သွားပြီး လှမ်းမေးလိုက်သည်။
ရှတာ့ရှန်းက အားနာဟန်ဖြင့်
ပြုံးပြရင်း ပြန်မေးလိုက်သည်။
"ကျုပ်မိန်းမကို
ရှာနေတာ၊ ကျုပ်မိန်းမ
ဘယ်ဘက်ထွက်သွားတယ်ဆိုတာ
ခင်ဗျား မြင်လိုက်သေးလား?"
အိမ်နီးနားချင်းကလည်း
သူ့ကို ပြန်မေးလိုက်သည်။
“အခုလေးတင်
မင်းမိန်းမက မင်းရဲ့ကလေးကို ခေါ်ပြီး ထွက်သွားတာလေ၊ မင်းမိန်းမရဲ့မျက်နှာကလည်း
သိပ်ကြည့်မကောင်းဘူး၊ မင်းတို့ နှစ်ယောက် ရန်ဖြစ်ခဲ့ကြတာလား"
ရှတာ့ရှန်းက ပေါ့ပေါ့ပါးပါး
ပြန်ဖြေလိုက်သည်။
"အင်း၊ နည်းနည်းပါးပါး
ငြင်းခုံမိရုံလေးပါ"
ရှတာ့ရှန်းက
ဝတ်ကျေတန်းကျေ ပြန်ဖြေပြီး သူတို့၏ခြံဝင်းထဲသို့ အလျင်အမြန် ပြန်ဝင်လာခဲ့သည်။
"အဖေနဲ့
အမေ၊ ကျွန်တော် ကွာရှင်းမယ်လို့ ပြောလိုက်တာနဲ့ စုန့်ယွိလန်က တာ့ပေါင်ကို ခေါ်ပြီး
ချက်ချက်း ထွက်သွားတယ်"
ဝမ်ရှီက
ထိတ်လန့်တကြား အော်မေးလိုက်သည်။
"ဘာ! သူ ထွက်သွားပြီ ဟုတ်လား၊ ဘယ်ကို
သွားတာလဲ"
ရှတာ့ရှန်းက
ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။
"မသိဘူး၊
သူ့အမေအိမ် ပြန်သွားတယ်လို့တော့ ထင်တာပဲ"
ဝမ်ရှီက အလွန်ဒေါသထွက်ပြီး
သားဖြစ်သူကို အော်ဟစ်အမိန့်ပေးလိုက်ပြန်သည်။
"စုန့်ယွိလန်က ဒီလောက် ခေါင်းမာမှန်း ငါ
မသိခဲ့ဘူး၊ မင်း အဲဒီမှာ ရပ်မနေနဲ့လေ၊ သူ့နောက်ကို အမြန်လိုက်သွားစမ်း"
သူမက
စုန့်ယွိလန်ကို သူမ၏အမေအိမ်သို့ ဤအတိုင်း ပြန်မလွှတ်နိုင်ပေ။ ချွေးမဖြစ်သူက
မကောင်းလျှင်ပင် သူမတို့မိသားစုမှ အကြီးဆုံးမြေးလေး၏မိခင်ဖြစ်နေသေးသည်။ ထို့အပြင်
လွန်ခဲ့သည့် နှစ်နှစ်အတွင်း စုန့်ယွိလန်က သူမတို့မိသားစုအတွက် ငွေအများကြီး
သုံးစွဲပေးခဲ့သည်။ အကယ်၍ စုန့်ယွိလန် အပြင်တွင် လျှောက်ပြောပါက သူမတို့အတွက်
အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။
"ကျွန်တော် မသွားဘူး”
ရှတာ့ရှန်းက
တံခါးကို မှီကာ ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း စိတ်ပျက်လက်ပျက်ဟန်ဖြင့်
ငြင်းဆန်နေသည်။
"အမေပဲ သူ့ဆီကနေ ငွေတောင်းခိုင်းပြီး
မပေးရင် ကွာရှင်းမယ်လို့ လိမ်ညာခြိမ်းခြောက်ခိုင်းခဲ့တာလေ၊ သူ ပြောသွားတာက 'ရှင်
ကျွန်မကို ကွာရှင်းစာမပို့ရင် ရှင် ယောကျ်ားမဟုတ်တော့ဘူး' တဲ့၊
ကျွန်တော် ဘယ်လို လိုက်သွားရမှာလဲ"
"မင်း၊ မင်း..."
ဝမ်ရှီက သူမ၏ရင်ဘတ်ကို တဖုန်းဖုန်း
ပုတ်ကာ
ရင်ဘတ်စည်တီး ညည်းညူလိုက်သည်။
"ဘာလို့
ငါ့မှာ မင်းလောက် မိုက်မဲတဲ့
သားတစ်ယောက်
ရှိနေရတာတုန်း"
အစပိုင်းတွင်
သူမက သူမ၏သားကြီးကို အခြေအနေကောင်းသော မိသားစုနှင့် လက်ထပ်နိုင်ရန် စုန့်ယွိလန်ကို
အလိုလိုက်ကာ အလွန်ပင် မြှောက်ပင့်ဆက်ဆံခဲ့သည်။ အကယ်၍ စုန့်ယွိလန်၏ မိသားစုထံမှ
အထောက်အပံ့ရနိုင်လျှင် သူမ၏သားကြီးက သားလတ်၏မိသားစုကဲ့သို့ တနေကုန်တူးဆွကာ
ဆင်းဆင်းရဲရဲ နေရမည်မဟုတ်ဟု သူမ တွေးထားခဲ့သည်။ ထို့ပြင် စုန့်ယွိလန်ကလည်း
သူမတို့အိမ်သို့ ရောက်ခါစတွင် တခြားစုန့်မိသားစုဝင်များနှင့် လုံးဝမတူဘဲ
သဘောကောင်းပြီး အေးအေးဆေးဆေး နေတက်သူ ဖြစ်သည်။
‘အခု
စုန့်ယွိလန်က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ခေါင်းမာသွားရတာတုန်း’
ရှတာ့ရှန်း၏ဖခင်ကလည်း
မျက်နှာပျက်ပျက်ဖြင့် ဆူပူလာပြန်သည်။
"ရှို့ကျွမ်းကို
အဲဒီစကားတွေ မပြောခိုင်းသင့်ဘူး၊ သူ့ညီမ စုန့်တင်းရှန်းနဲ့ ရှချမ်းတို့ကြားမှာ
ပြသနာတွေရှိခဲ့တာကို မသိတဲ့လူရှိလို့လား၊ သူတို့မိသားစုက ဘယ်လိုလုပ်ပြီး
ရှချမ်းရဲ့မိသားစုနဲ့ ပြန်အဆင်ပြေနိုင်တော့မှာလဲ၊ အဲဒီစကားတွေကို ပြောမယ့်အစား
တာ့ပေါင်ရဲ့ရှေ့ရေးကို ပိုအလေးပေးပြီး ပြောခဲ့သင့်တာ... ဟူး"
ရှရှို့ကျွမ်းက
မြည်းတစ်ကောင်ကို ချည်နှောင်နိုင်လောက်အောင် မကျေမနပ် နှုတ်ခမ်းဆူလိုက်ရင်း
ပြန်ခံပြောလိုက်သည်။
"အဖေလည်း
အမြဲတမ်း ဒီလိုပဲ ပြောနေခဲ့တာ မဟုတ်ဘူးလား၊ သမီး ပြောတာ ဘာမှ မမှားဘူး။ ပြီးတော့
စုန့်တင်းရှန်းကလည်း သေသွားတာမှ မဟုတ်တာ၊ တခြားလူနဲ့တောင် လက်ထပ်သွားပြီပဲ၊
တင်တောင်းငွေတွေ၊ လက်ဆောင်တွေကလည်း အများကြီး၊ မြို့ထဲမှာလည်း ဆိုင်တစ်ဆိုင်
ရှိသေးတယ်။ အဲဒါတွေသာ သမီးတို့ ယောင်းမအတွက်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ?
သမီး ထင်တာတော့ သူတို့မိသားစုက ဘက်လိုက်တာပဲ"
‘အဲ့ဆိုင်ကို
ငှားထားတာတောင် တစ်လကို ငွေတစ်လျန်၊ နှစ်လျန်လောက် ရတယ်တဲ့၊ ငွေတစ်လျန်ဆိုရင်တောင်
ငါ့အတွက် အဝတ်အစားသစ်တွေနဲ့ ပိုးပန်းပွင့်တွေ အများကြီး ဝယ်နိုင်မှာ မဟုတ်ဘူးလား’
ရှတာ့ရှန်းက
ဝင်ပြောလိုက်သည်။
"အဲဒီဆိုင်ကို
ဝယ်တဲ့ ငွေနဲ့ ပစ္စည်းတွေက ကျိုးထျဲကျူး သတ်လာတဲ့ ကျားကို ရောင်းလို့ရတဲ့
ပိုက်ဆံနဲ့ ဝယ်ထားတာ၊ စုန့်မိသားစုက ပိုက်ဆံမဟုတ်ဘူးလို့ ယွိလန် ပြောတယ်"
အမှန်တကယ်တွင်
ထိုအရာက သတင်းအသစ် မဟုတ်ပေ။ အစပိုင်းတွင် ကျိုးယိနိုက သူပိုင်သမျှ မြေနှင့် ငွေအားလုံးကို
တင်တောင်းပစ္စည်းအဖြစ် ထုတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ကျားရောင်းရငွေဖြင့်
စုန့်မိသားစုအား ဆိုင်ဝယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ တောင်ပေါ်သို့
တက်ပြီး ဝံပုလွေများကို အမဲလိုက်ခဲ့သဖြင့် ငွေအမြောက်အမြား ထပ်ရခဲ့သေးသည်။
"ကျိုးမိသားစုကတော့ တကယ်ကို အမြင်မရှိကြဘူး၊
တစ်နေ့ ရွှေဥတစ်လုံးဥပေးမယ့် ငန်းကို လွှတ်ပေးလိုက်ကြတယ်"
ဝမ်ရှီက
တီးတိုးရေရွတ်လိုက်သည်။
"တကယ်လို့
ကျိုးထျဲကျူး ပြန်မလာခဲ့ရင်တောင် ဒီမြေတွေ၊ ဆိုင်တွေနဲ့ဆိုရင် စုန့်တင်းရှန်း
ငတ်တော့မှာ မဟုတ်ဘူး၊ နောင်ကျရင် သူ့ကို လိုချင်တဲ့သူတွေ တန်းစီနေမှာ၊
ထားလိုက်ပါတော့... ဒါတွေ ပြောလို့ ငါတို့အတွက် ဘာထူးတာမှာလဲ? တာ့ရှန်း...
မြန်မြန်သွား၊ နင့်ယောက္ခမအိမ်ကို သွားပြီး ချွေးမကို ပြန်ခေါ်လာခဲ့"
ရှတာ့ရှန်းက
မျက်နှာပျက်ပျက်ဖြင့် ညည်းတွားနေပြန်သည်။
"ကျွန်တော်
မသွားဘူး။ အဲဒီလောက်ထိ ဖြစ်ပြီးမှ ကျွန်တော် ဘယ်လိုမျက်နှာနဲ့ သွားရမှာလဲ?"
ဝမ်ရှီက
သက်ပြင်းချကာ တိုက်တွန်းလိုက်ပြန်သည်။
"အခု
တခြားနည်းမှ မရှိတာ၊ နင်တို့လူငယ်စုံတွဲတွေ ရန်ဖြစ်ကြတာ ပုံမှန်ပဲလေ၊ ဒါမျိုးက
ဖြစ်တတ်ပါတယ်"
ရှတာ့ရှန်းက
နှုတ်ခမ်းမဲ့ကာ မေးလိုက်ပြန်သည်။
"တခြားလူတွေက
ကျွန်တော်တို့ ဘာလို့ရန်ဖြစ်တာလဲလို့ မေးရင် ကျွန်တော် ဘာပြန်ပြောရမလဲ၊ သူက
ကျွန်တော့်ကို ပိုက်ဆံမပေးလို့ ရန်ဖြစ်ကြတာလို့ ပြောရမှာလား"
ဝမ်ရှီက
စိတ်ပျက်လက်ပျက်ဖြင့် ဆူငေါက်လိုက်သည်။
"နောက်ရင်း
ပြောင်ရင်း ဖြစ်တာလို့ ပြန်ပြောလိုက်ပေါ့၊ နင်က ဘာလို့ သူ့ဆီက ပိုက်ဆံတောင်းရမှာလဲ"
ထိုစဉ်မှာပင်
ဝမ်ရှီ၏ ယောင်းမဖြစ်သူက အပြုံးမျက်နှာဖြင့် ဝင်လာခဲ့သည်။
"ဟယ်...
ဘာတွေ ဒီလောက် ဆူညံနေကြတာတုန်အေ့၊ ယွိလန် သူ့မိဘအိမ် ပြန်သွားတယ်လို့ ငါ
ကြားခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ဒီလောက် အေးတဲ့ ကလေးမလေးက ဘာလို့ ချက်ချင်းကြီး
ထွက်သွားရတာတုန်းအေ"
ဝမ်ရှီက
သူမကို မချိပြုံးသာ ပြန်ပြုံးပြလိုက်သည်။
"လင်မယားချင်း
စကားများတာပါ ယောင်းမရယ်၊ ငယ်ရွယ်တဲ့သူတွေဆိုတော့လည်း ဒါမျိုးက ဖြစ်နေကြပါ"
ယောင်းမဖြစ်သူက
ရယ်မောလိုက်ပြီး ထပ်စပ်စု နေသေးသည်။
"ငါလည်း
လာဖို့ အစီအစဥ် မရှိပါဘူး၊ ဒါပေမဲ့ ငါ့အမေက သူ့မြေးလေးကို တွေ့ချင်တယ်ဆိုလို့
လာခဲ့တာ။ လမ်းမှာ အနည်းအကျဉ်းတော့ ကြားခဲ့တယ်... နင်တို့တွေ ပုံမှန်ဆို အဆင်ပြေကြသားပဲ၊
ဘာလို့ ရန်ဖြစ်ကြတာလဲ"
ဝမ်ရှီက
ခြောက်ကပ်ကပ် ရယ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဘာရယ်မဟုတ်ပါဘူး၊
ယောင်းမရယ်။ ယောင်းမနဲ့ ကျွန်မရဲ့အစ်ကိုကြီးတို့လိုပဲပေါ့၊ လင်နဲ့မယားဆိုတာက
တစ်ခါတလေ ကတောက်ကဆ ဖြစ်ကြတာပါပဲ၊ ကဲ... တာ့ရှန်း၊ သွား... နင့်မိန်းမကို
သွားပြန်ခေါ်တော့လေ"
ရှတာ့ရှန်းက
ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ မကျေမချမ်းဖြင့် အိမ်မှ ထွက်သွားသည်။
တစ်ဘက်မှ
စုန့်ယွိလန်ကလည်း တာ့ပေါင်ကို ပွေ့ချီလျက် ဒေါသတကြီးဖြင့် သူမ၏မိဘအိမ်ဘက်သို့ လျှောက်လာခဲ့သည်။ လမ်းလျှောက်လာရင်း သူမ ပိုဒေါသထွက်လာပြီး ထိန်းမနိုင်သိမ်းမရဖြင့် မျက်ရည်များ စီးကျလာသည်။ သူမ မြောက်ဘက်ကမ်းရွာ၏အဝင်ပေါက်သို့
ရောက်ရှိနေပြီဖြစ်သော်လည်း သူမကို ဤကဲ့သို့ မြင်လိုက်ရလျှင်
ဖန့်ရှီ စိတ်ဆင်းရဲမည်ကို
စိုးရိမ်သောကြောင့် သူမ ရှေ့ဆက်မတိုးရဲ ဖြစ်နေပြန်သည်။
ထိုအချိန်တွင်
တိုက်တိုက်ဆိုင်ဆိုင် စုန့်တင်းရှန်းက ဆဋ္ဌမအဘွားဆီမှ ပန်းထိုးလက်ရာတစ်ခု
သင်ယူပြီးပြီ ဖြစ်သောကြောင့် ပစ္စည်းအချို့ဝယ်ရန် ရွာဝင်ပေါက်သို့ ထွက်လာရာ
တချက်လှမ်းကြည့်ရုံဖြင့် စုန့်ယွိလန်ကို မြင်သွားခဲ့သည်။
သူမက
စုန့်ယွိလန်ဆီသို့ အပြေးသွားလိုက်ပြီး အလောတကြီး မေးမြန်းလိုက်သည်။
"အစ်မလား?
အစ်မ ငိုနေသလား? ဘာဖြစ်လာတာလဲ?"
စုန့်ယွိလန်က မထိန်းနိုင်တော့ဘဲ
ငိုသံပါဖြင့်
ပြန်ဖြေလိုက်သည်၊
"နင့်ခဲအိုက
ငါ့ကို
ကွာရှင်းချင်တယ်လို့ ပြောတယ်"
"ဘာ"
စုန့်တင်းရှန်းက
အံ့ဩတကြီး
အော်လိုက်ပြီးမှ အစ်မဖြစ်သူကို ထပ်ပြောလိုက်သည်။
"လာ... အိမ်ပြန်ကြမယ်၊
အိမ်ကို ရောက်မှ ဆက်ပြောကြတာပေါ့"
"ငါ....
ငါ အိမ်ထဲကို မဝင်ချင်သေးဘူး၊ ငါ့ရဲ့
ဒီပုံစံကို အမေ
မြင်သွားရင်
ဘယ်လိုလုပ်မလဲ?"
စုန့်ယွိလန်က
အနည်းငယ်
စိုးရွံ့နေပုံရသည်။
စုန့်တင်းရှန်းက သူမကို
ချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။
"ရတယ်၊ ဘာမှ မဖြစ်ဘူး၊ အခု အမေရဲ့ကျန်းမာရေးက အရမ်းကောင်းတယ်၊ ဗိုက်ထဲက တစ်ယောက်ကလည်း
အရမ်းသန်မာတယ်တဲ့၊ ဆေးဆရာက အားလုံး အဆင်ပြေတယ်လို့ ပြောထားပြီးသား၊ တခြားကိစ္စဆိုရင်
ထားလိုက်ပါတော့၊ အခုက သူတို့မိသားစုက အစ်မကို အနိုင်ကျင့်နေကြတာလေ၊ ဘာလို့
ပြန်မလာရမှာတုန်း?"
သူမက
ပြောပြောဆိုဆိုဖြင့် စုန့်ယွိလန်ကို အိမ်သို့ အတင်းပြန်ဆွဲခေါ်သွားတော့သည်။
ယခုရက်ပိုင်း
နွေဦးစိုက်ပျိုးခြင်း ပြီးသွားပြီဖြစ်၍ အိမ်တွင် အိမ်အလုပ်များ လုပ်နေကြရသည်။
စုန့်ကျစ်ယွမ်နှင့် တခြားသူများက မြို့ပေါ်ရှိ သူဌေးအိမ်တစ်အိမ်၏
နွေဦးပွဲတော်အတွက် ဝက်သတ်ပေးရန် အလုပ်လက်ခံထားပြီး အပြင်သို့ သွားနေကြသည်။
အိမ်ထဲတွင်
စုန့်ရှင်းယိနှင့် အမျိုးသားအချို့သာရှိပြီး ကျန်သူများက အမျိုးသမီးများသာ
ဖြစ်သည်။ နွေဦးစိုက်ပျိုးရေး ပြီးသွားပြီဖြစ်သဖြင့် အမျိုးသားများ
အနားယူနိုင်သော်လည်း အမျိုးသမီးများကမူ ပို၍ အလုပ်များနေကြသည်။ သူမတို့က
ဆောင်းတွင်းဝတ်အင်္ကျီများကို ဖြုတ်၊ လျှော်၊ ပြန်ချုပ်ပြီး သိမ်းဆည်းရသလို၊
ရာသီဥတု နွေးလာလျှင် ဝတ်နိုင်မည့် အဝတ်အစားများကိုလည်း ထုတ်လျှော်ရသည်။
ကလေးများကလည်း
အကြီးမြန်သဖြင့် သူတို့၏အဝတ်များကို ဖာထေးပြုပြင်ရသေးသည်။ ထို့ပြင် အိမ်ရှိ
ဝက်များနှင့် ကြက်များကို ပြုစုစောင့်ရှောက်ရသည့် အလုပ်ကလည်း အမျိုးသမီးများ၏
အလုပ်သာ ဖြစ်နေပြန်သည်။
ယခုအချိန်တွင်
စုန့်မိသားစုလည်း အမှန်တကယ် အလုပ်များနေခဲ့သည်။ စိုက်ပျိုးရာသီပြီးကာစမှာပင်
စုန့်တင်းရှန်း၏ အကြီးဆုံးယောင်းမက ကိုယ်ဝန်ရှိလာပြီး အမြဲတမ်း အော့အန်နေတတ်သည်။
ဦးလေး၏အိမ်မှ အကြီးဆုံးယောင်းမက အဆင်ပြေနေသော်လည်း ယောင်းမအငယ်က ကလေးမွေးထားသည်မှာ
မကြာသေးသောကြောင့် သူမလည်း ကလေးနှစ်ယောက်ကို ကြည့်ရှုရင်း အလုပ်များနေရသည်။
ဖန့်ရှီ၏ဗိုက်ကလည်း
တဖြည်းဖြည်း ပိုကြီးလာပြီး နေသာသည့်နေ့များတွင် အိမ်ရှေ့ဝင်း၌ လမ်းလျှောက်ရင်း
အသေးအဖွဲ အလုပ်လေးများကိုသာ ကူလုပ်ပေးနိုင်တော့သည်။ ဝက်စာနှင့်
ကြက်စာချက်သည့်အလုပ်ကမူ များသောအားဖြင့် ချွေးမကြီးဖြစ်သူ ကျန်းရှီနှင့်
သူမ၏ချွေးမအပေါ် ကျရောက်နေခဲ့သည်။
ကျန်းချောင်းအာ
ကိုယ်ဝန်ရှိနေသဖြင့် သူမတို့က အိမ်မကြီးသို့ ပြန်ပြောင်းလာကြရပြီး အကြီးဆုံးဦးလေး၏
သားကြီးနှင့် ဇနီးဖြစ်သူတို့ ဝက်အုပ်ကို စောင့်ရှောက်ရန် ယခင်အိမ်သို့
ပြောင်းရွှေ့နေထိုင်ကြရသည်။
ဖန့်ရှီက
ခြံထဲတွင်
လမ်းလျှောက်နေတတ်ပြီး တခါတရံတွင်
ပင်မအိမ်ခန်းထဲသို့ ဝင်ကာ
ယောက္ခမဖြစ်သူနှင့် စကားပြောလေ့ရှိသည်။ နွေဦး၏
အအေးဓာတ်က လုံးဝမကုန်သေးသဖြင့် အိမ်ထဲတွင် ထင်းမီး မွှေးထားသောကြောင့် အထဲတွင်
နွေးထွေးနေသည်။
စုန့်တင်းရှန်းက
စုန့်ယွိလန်ကို ဆွဲခေါ်ရင်း ဝင်သွားချိန်တွင် ဖန့်ရှီက သမီးဖြစ်သူ၏
မျက်လုံးများထဲမှ မျက်ရည်များကို မြင်သွားပြီး မျက်မှောင်ကြုံ့ကာ
လှမ်းမေးလိုက်သည်။
"တာ့နွီအာ...
ဘာဖြစ်လာတာလဲ?"
လီရှီက
ချောင်းတစ်ချက်ဟန့်ကာ ဘေးနားက ကလေးအချို့ကို လှမ်းပုတ်ရင်း အပြင်သို့
နှင်လွှတ်လိုက်သည်။
"သွား...
အငယ်တွေကို ခေါ်ပြီး နောက်ဘက်ခြံမှာ သွားဆော့ကြဦး၊ ပြီးမှ နင့်အမေဆီက
အသီးခြောက်တွေ သွားတောင်းစားကြ"
ဤကလေးများက
တစ်မနက်လုံး
ဝက်စာမြက်ရှာရန်
အပြင်ထွက်နေခဲ့ကြသည်။ ယခု သူတို့
ထမင်းစားပြီး
အိပ်ချင်နေပြီ
ဖြစ်သော်လည်း အဘွားက
ပြောနေသောကြောင့် မဖြစ်မနေ နာခံကြရသည်။
ကလေးများအားလုံး ထွက်သွားပြီးနောက် စုန့်ယွိလန်က ငိုနေရင်း ရှမိသားစုတွင်
ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို
အကုန်လုံး ပြောပြလိုက်သည်။
ဖန့်ရှီ၏မျက်နှာက လုံးဝမည်းမှောင်သွားပြီး လီရှိ၏မျက်နှာကလည်း မကောင်းလှချေ။
"အခုတော့
ရှတာ့ရှန်းရဲ့မိသားစုက
ဘာလုပ်ချင်နေလဲဆိုတာ တကယ်ပဲ မသိနိုင်တော့ဘူး၊ သူတို့က
တစ်ခုပြီးတစ်ခု ပြဿနာရှာနေကြကိုး၊ သူတို့ အေးအေးဆေးဆေး မနေချင်ကြတော့ဘူးလား?” "
စုန့်ယွိလန်က
ငိုသံဖြင့် ထပ်ပြောလာပြန်သည်။
“အရင်တုန်းကတော့
အဆင်ပြေနေတာပဲ"
"အဲဒါက နင်
သူတို့ကို
ပိုက်ဆံတွေ
ပေးနေလို့လေ၊ အခုတော့ နင်မှာ
ပေးစရာမှ မရှိတော့တာ"
လီရှီက
အပြစ်တင်ဟန်ဖြင့် ထပ်ပြောလိုက်သည်။
"နင် ဘာလို့ နင့်ရဲ့ငွေတွေကို အကုန်ပေးလိုက်ရတာတုန်း၊ အဲဒါက နင့်ရဲ့အားကိုးရာလေ၊
အခုတော့ ကြည့်ဦး... နင်က တခြားသူတွေအတွက် အကုန်သုံးပစ်လိုက်တယ်၊ တာ့နွီ.... နင်
ဘာလို့ ဒီလောက်တောင် အရတာလဲ?"
စုန့်ယွိလန်က ရှိုက်ကြီးတငင်
ငိုကြွေးရင်း ထစ်ထစ်ငေါ့ငေါ့ ပြန်ရှင်းပြနေသည်။
"သမီး...
သမီးက ချွေးမကောင်းတစ်ယောက် ဖြစ်ချင်လို့ပါ....
ယောက္ခမက သူ့မှာ ခြုံထည်ကောင်းကောင်းလေး တစ်ထည်တောင် မရှိဘူး၊ ယောင်းမလေးကလည်း
ဝတ်စုံလှလှလေးတစ်စုံတောင် မရှိတော့ အပြင်ထွက်ရင် မျက်နှာပန်း မလှဘူးဆိုပြီး
အမြဲညည်းနေခဲ့တော့ သမီးလည်း စိတ်မထိန်းနိုင်ဘဲ...”
“ဒါက ဘယ်လိုယောက္ခမျိုးလဲ?”
ဖန့်ရှီက ဒေါသတကြီး
အော်ဟစ်နေပြန်သည်။
"ဒီလို
ဘဝမျိုးနဲ့ နေရတယ်ဆိုရင် နင် အဲ့အိမ်မှာ ဆက်မနေနဲ့တော့၊ ဒီလိုမျိုး မိသားစုကို
ရှာခဲ့မိတာ
ငါ မျက်စိကန်းသွားလို့ပဲ"
........။.......။......
စုန့်တင်းရှန်း
: "ကျွန်မကတော့
ကွာရှင်းဖို့ လိုအပ်တယ်လို့ တွေးမိတယ်၊ အချိန်မီ ရပ်တန့်လိုက်လေလေ
အရှုံးနည်းလေလေပဲ"
ဖန့်ရှီ
: "ငါ သဘောတူတယ်"
လီရှီ
: “ဒီသားအမိနှစ်ယောက်ကို ငါ တကယ်
လက်လျှော့လိုက်ပါပြီအေ”
---------------
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟