အခန်း ၂၉ အဖွားက အရမ်းမိုက်တယ်
"အမေ၊ ဒါက စတုတ္ထဦးလေးရဲ့မိသားစုက
လူတွေ လျှောက်ပြောနေတာပဲ ဖြစ်ရမယ်”
စုန့်ကျစ်ရန်၏ဇနီး
ကျူးရှီက အခန်းထောင့်တွင် ထိုင်ကာ ငိုယိုတိုင်တောနေလေသည်။
"ကျွန်မရဲ့သားမက်က တင်းရှန်းနဲ့ စေ့စပ်ထားတာကို
ဖျက်ပြီး
ကျွန်မရဲ့သမီး ထောင်ဟုန်နဲ့ အိမ်ထောင်ပြုခဲ့တယ်၊ အခု ကျွန်မသမီးရဲ့ ယောက်ျားက
ကျင့်ရှီဖြစ်သွားပြီဆိုတော့ သူတို့ မနာလိုဖြစ်နေမှာပဲ၊ အဲ့ဒါကြောင့် သူတို့က
ကျွန်မရဲ့ သမီးနဲ့ သူ့ယောက်ျားကို နာမည်ဖျက်ဖို့ လုပ်ကြံပြောဆိုနေကြတာ၊ အမေ...
ဒါကို ဘယ်လိုလုပ်ကြမလဲ... ဟီး..."
ကောင်းရှီကလည်း ဒေါသတကြီး ဆူပူနေသည်။
"အဘိုးကြီး၊
ရှင့်ရဲ့ညီက
တော်တော်လွန်နေပြီ၊ စေ့စပ်ပွဲပြတ်တာက ကျွန်မတို့နဲ့
ဘာမှမဆိုင်ဘူး၊ တင်းရှန်း မြစ်ထဲပြုတ်ကျပြီး တခြားလူက ကယ်တင်ပေးခဲ့လို့
အဲ့လိုတွေ ဖြစ်ခဲ့တာ မဟုတ်ဘူးလား၊ ရှမိသားစုက တင်းရှန်းကို
မကြိုက်တော့တာလေ၊ အခု အပြင်မှာ ပြောနေကြတဲ့ အတင်းအဖျင်းတွေ
နားထောင်ကြည့်လိုက်စမ်း၊ ရှင့်ညီက လူကောင်းတစ်ယောက်လို့ ပြုံးနေပေမယ် အခုတော့... ကြည့်စမ်းပါဦး၊
သူ့နှလုံးသားက
မည်းမှောင်နေလိုက်တာ၊ လူ့စိတ်ဆိုတာ အတော်အတိုင်းရခက်တာပဲ"
စုန့်ရှင်းရန်က
သူ့ဆေးတံထဲမှ ဆေးမှုန့်များကို
တချက်ဖိရင်း သူ့မျက်ခွံကို
ပင့်ကာ သူ့မိန်းမကို
စိုက်ကြည့်ရင်း
ပြန်မေးလိုက်သည်။
"အဲ့တော့
ငါက ဘာလုပ်ပေးရမှာလဲ၊ သူတို့
ပြောနေတာကို မင်းကိုယ်တိုင် မြင်ခဲ့လို့လား"
"ငါတို့ ထောင်ဟုန်ကို မုန်းတဲ့လူက ဘယ်သူရှိလို့လဲ၊
အိုက်ယား၊ သူ့မြေးသမက် စစ်ထဲ ဝင်သွားရတာလဲ ငါတို့မိသားစုရဲ့အပြစ်မှ မဟုတ်တာ၊ ငါ့မြေးသမက်က
ကျင့်ရှီ
ဖြစ်သွားပြီး နောင်တစ်ချိန်မှာ အဆင့်မြင့်အရာရှိကြီး ဖြစ်လာတော့မယ်၊ သူတို့မိသားစု
ဘယ်လိုလုပ်ပြီး မနာလိုမဖြစ်ဘဲ
နေနိုင်မှာတုန်း”
ကောင်းရှီက
ဒေါသမာန်ပါပါဖြင့် ဆက်ပြောနေသေးသည်။
"ငါတို့
ထောင်ဟုန်
အိမ်ထောင်ကျပြီးကတည်းက
သူ့မိသားစုက
နှာခေါင်းကို နှာခေါင်းလို့
မမြင်တော့ဘူး
မျက်လုံးကို
မျက်လုံးလို့ မမြင်တော့ဘူး၊ သူတို့က ပန်းကန်လုံးတစ်လုံးအတွက်တောင်
နေရာတကာမှာ
လိုက်ပြောနေသေးတယ်၊ ငါတို့မိသားစုမှာ ပိုက်ဆံရှိရင်
သူတို့ကို
လက်ဆောင်ကောင်းကောင်းမပို့ဘဲနေပါ့မလား၊
အခုကစပြီး သူတို့ဆီ ဘာမှမပို့နဲ့တော့၊
သူတို့က သူတို့ဘာသာ ဝယ်နိုင်တယ်"
"ဟုတ်တယ်
အမေ၊ မနှစ်က နှစ်သစ်ကူးလက်ဆောင် သွားပို့တုန်းကလည်း သူတို့မိသားစုက
ကျွန်တော်တို့ရဲ့ နှစ်သစ်ကူးလက်ဆောင်တွေကို မကောင်းဘူးလို့ ထင်နေပုံပဲ။ အိုက်ယား၊
သူတို့တစ်မိသားစုလုံး ကျွန်တော့်ကို ဓားလို မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတာ"
စုန့်ရှင်းရန်၏
သားကြီး စုန့်ကျစ်ရှန်းကလည်း ဝင်ပြောလိုက်သည်။
"နှစ်ပေါင်းများစွာ
ဒီလိုပဲ ပို့လာတာလေ၊ အရင်တုန်းက သူတို့ ဘာမှ မပြောခဲ့ကြဘူး၊ အခုနှစ်ကျမှ
ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာ၊ ဒါက ထောင်ဟုန် ကောင်းစားသွားလို့ မနာလိုဖြစ်နေတာ
မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ?"
ဝူရှီက မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ
သူမ၏ခင်ပွန်းကို
လှမ်းဟန့်တားလိုက်သည်။
“ယောကျ်ား၊ စကားကို
ဆင်ဆင်ခြင်ခြင် ပြော၊
ဒီကိစ္စက စတုတ္ထဦးလေးရဲ့မိသားစုကနေလာတာ ဟုတ် မဟုတ် ဘယ်သူမှ
မသိဘူး"
"မင်းက
မင်းရဲ့တံတောင်ဆစ်တွေကို အပြင်ဘက် လှည့်ချင်နေတယ်ပေါ့၊ ဒါ ဘာလို့
သူတို့မိသားစုက လာတာ
မဖြစ်နိုင်ရမှာတုန်း၊ သူတို့မိသားစုက လွဲရင် ဘယ်သူက
ဒါမျိုးတွေ လိုက်ပြောနေမှာတုန်း၊
မင်း ပြောလေ"
စုန့်ကျစ်ရှန်းက
သူ့ဇနီးကို စိုက်ကြည့်ကာ မကျေမနပ် တုံ့ပြန်လိုက်သည်။
ကျူးရှီကလည်း
ငိုနေရင်း ထပ်ပြောလာပြန်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊
မနှစ်က သူတို့မိသားစုက တင်းရှန်း
နှစ်သစ်ကူးလက်ဆောင်ပို့ဖို့ လာခဲ့တာပါ၊ အိုက်ယား၊ သူက
ငါတို့ကို နှပြားမတန်အောင် ဝေဖန်သွားတာ၊ သူ အသက်တိုမယ့် သရဲနဲ့ လက်ထပ်ရတာနဲ့ သူက ငါတို့မိသားစုကို
အပြစ်တင်နေတာလား၊
သူတို့က ငါတို့ရဲ့ ထောင်ဟုန်ကို အခက်တွေ့စေချင်တာ... အဖေ၊ အမေ၊ ထောင်ဟုန်က အဖေတို့ရဲ့မြေးအရင်းပဲ၊ အဖေတို့ ထောင်ဟုန်အတွက် ဆုံးဖြတ်ချက်ချပေးရမယ်..."
သူမက သူမ၏ပေါင်ကို ရိုက်ရင်း ထပ်ငိုနေပြန်သည်။
ထိုအချိန်တွင်
အပြင်ဘက်မှ ကျယ်ကျယ်လောင်လောင်
အော်မေးလိုက်သည့်
အသံတစ်ခု ထွက်ပေါ်လာသည်။
"တတိယအစ်ကို... တတိယယောင်းမ...
အိမ်မှာ
ရှိကြလား"
စုန့်ကျစ်ရန်က အပြင်ဘက်ကို လှမ်းကြည့်ရင်း
ဝင်ပြောလိုက်သည်။
“စတုတ္ထအဒေါ်
ရောက်လာပြီ"
ကျူးရှီက
ချက်ချင်းထရပ်လိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“သူတို့က
လာရဲသေးတယ်ပေါ့?
ဘာအကြောင်းပြချက်နဲ့
ရောက်လာလဲဆိုတာ ငါ သိချင်သေးတယ်"
လီရှီက
သူမ၏ ချွေးမကြီး၊ မြေးချွေးမကြီးနှင့် စုန့်တင်းရှန်းတို့ကို ခေါ်ဆောင်လာပြီး
တတိယမိသားစု၏အိမ်ရှေ့၌ တည်တည်ငြိမ်ငြိမ် ရပ်နေလေသည်။ သို့သော် သူတို့၏
မျက်နှာများက ပျက်ယွင်းနေပြီး အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသည်။
ကျူးရှီက
တံခါးဝမှ ကန့်လန့်ကာကို ဖွင့်လိုက်ရင်း သရော်တော်တော် လှမ်းပြောလိုက်သည်။
"အိုက်ယား...
စတုတ္ထအဒေါ်၊ ဘာကိစ္စရှိလို့လဲ? အရေးကြီးကိစ္စတစ်ခုခု ရှိနေတာလား၊
ပုံမှန်ဆိုရင် ငါတို့ရဲ့စတုတ္ထအဒေါ်က ဆင်းရဲတဲ့ ငါတို့မိသားစုဆီကို
အလည်လာဖို့တောင် အားလပ်တာမဟုတ်ဘူး"
လီရှီက
သူမကို လက်ယပ်ခေါ်လိုက်သည်။
"ဒီကို
လာခဲ့"
ကျူးရှီက
နှုတ်ခမ်းကို မဲ့ကာ ရှေ့သို့ အနည်းငယ် တိုးသွားရင်း ထပ်မေးလိုက်သေးသည်။
"ဘာများ
ပြောချင်လို့တုန်း အဒေါ်ရဲ့"
ကောင်းရှီကလည်း
အပြင်သို့ ထွက်လာရင် ဟန်လုပ်ပြုံးပြရန် ကြိုးစားနေသော်လည်း မအောင်မြင်ဘဲ
ပွင့်ပွင့်လင်းလင်းသာ လှမ်းမေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ
တတိယယောင်းမ"
လီရှီက
ရှေ့သို့ လျှောက်လာပြီး ကျူးရှီ၏ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူမက သူမ၏လက်ကို
ရုတ်တရက် လက်မြှောက်လိုက် ကျူးရှီ၏ ပါးကို ရိုက်ချလိုက်သည်။ သူမ အသက်အရွယ် ရနေပြီ
ဖြစ်သော်လည်း ပြည့်စုံသည့်မိသားစုမှ ဖြစ်ပြီး ကောင်းကောင်းမွန်မွန် စားသောက်ကာ
နေ့စဉ် အလုပ်လုပ်နေသူ ဖြစ်သောကြောင့် လီရှီ၏ လက်ချက်က အတော်လေး ပြင်းထန်လှသည်။
ကျူးရှီတစ်ယောက်
ထိုရိုက်ချက်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်ကျသွားပြီး ကြောင်အမ်းအမ်း
ဖြစ်နေလေသည်။
ကောင်းရှီက
အံ့အားသင့်နေပြီးမှ မျက်နှာထားတင်းတင်းဖြင့် လှမ်းမေးလိုက်သည်။
"တတိယယောင်းမ...
နင် ဘာလုပ်တာတုန်း"
လီရှီ၏
အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"တတိယယောင်းမ...
နင့်ရဲ့ ချွေးမကောင်းလေး ဘာတွေပြောခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတာ သူ့ကို
အရင်မေးကြည့်လိုက်ဦး၊ အရင်တုန်းက နင်တို့ ငါတို့ဆီက အခွင့်အရေးယူခဲ့တာတွေကို ငါ
မျက်ကွယ်ပြုထားပေးခဲ့တယ်၊ ဘာပဲဖြစ်ဖြစ် စုန့်ဆိုတဲ့ စာလုံးကို
စုတ်ချက်တစ်ချက်ထည်းနဲ့ မရေးနိုင်သလို ငါတို့ကလည်း မိသားစုဝင်တွေ ဖြစ်နေကြတုန်းပဲ၊
ငါ သည်းခံပြီးရင်း သည်းခံပေးခဲ့တယ်၊ ဒါပေမယ့် နင်တို့က ငါ့တို့မိသားစုကို
အနိုင်ကျင့်ဖို့ လွယ်တယ်လို့ တွေးနေကြတာလား? ငါ့အိမ်ထဲအထိ
လာပြီး ရမ်းကားလောက်ရဲအောင် ဘယ်သူက သူ့ကို ခွင့်ပြုပေးလို့တာတုန်း"
ထိုအချိန်မှသာ
ကျူးရှီတစ်ယောက် သတိဝင်လာပြီး ငိုယိုအော်ဟစ်နေပြန်သည်။
"ကျွန်မ
ဘာမှ မပြောရဘူး၊ တတိယအဒေါ်က ကျွန်မကို ဘာလို့ရိုက်ရတာတုန်း"
လီရှီက
နှာမှုတ် လှောင်ပြောင်လိုက်ပြီး သူမ၏အသံကလည်း ပိုကျယ်လာသည်။
"နင်တို့မိသားစုက
ထောင်ဟုန် ကလေးစောမွေးရတာက ငါ့မြေး ကျန်းချောင်းအာကြောင့်ဆိုပြီး ကောလာဟလတွေ
လျှောက်ဖြန့်နေတာ နင် မဟုတ်ဘူးလား၊ သက်သေပြဖို့ တစ်ယောက်ယောက်ကို ခေါ်ပေးရဦးမလား၊ နင်က
တော်တော် သတ္တိရှိနေတယ်ပေါ့၊ ငါက နင့်ကို မျက်နှာသာပေးထားလို့ နင်က
အောက်ခြေလွတ်နေတာပဲ၊ ငါ နင့်ကို ပါးရိုက်ရုံပဲ ရိုက်လိုက်တာက နင့်ယောက္ခမတွေရဲ့
မျက်နှာကို ထောက်ထားနေလို့ပဲ၊ မဟုတ်ရင်တော့ ငါ နင့်ပါးစပ်ကို
ဆွဲဖြဲပြီးနေလောက်ပြီ၊ နင့်စကားတွေကြောင့် ငါ့မြေးမလေး ကျန်းချောင်းအာခမျာ
နို့တောင် ခန်းလုနီးပါး ဖြစ်သွားရတယ်၊ ငါ့မြေးမလေး တစ်ခုခုဖြစ်လို့ကတော့
ကျူးမျိုးရိုးနဲ့ကောင်မ... ငါ နင့်ခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးပစ်မယ်"
ထို့နောက်
သူမက ခပ်ပြတ်ပြတ် ဆက်ပြောလိုက်ပြန်သည်။
“ပြီးတော့
နင့်သမီး ထောင်ဟုန် ဘာလို့ ရှမိသားစုထဲကို ရောက်သွားရသလဲဆိုတာ နင် အသိဆုံးပဲ၊
နင်သိသလို ငါလည်း သိတယ်၊ ငါ ဘာမှမပြောဘဲ နေခဲ့တာက မေ့သွားလို့ မဟုတ်ဘူး၊
ငါ့ယောက်ျားရဲ့ မျက်နှာကို ထောက်ထားပေးခဲ့လို့ပဲ၊ ငါ့ကို လာပြီး ရန်မစနဲ့၊
မဟုတ်ရင် နင်တို့အားလုံး ကောင်းကောင်းနေရမှာမဟုတ်ဘူး၊ လာ သွားကြမယ်"
အဘွားစုန့်က
ခေါင်းကို
လှည့်ကာ အခြားသူများနှင့် ထားခဲ့ကာ ခြံဝင်းထဲတွင် ရှုပ်ယှက်ခတ်နေပြီး ထိတ်လန့်နေသူများနှင့်
ပြည့်နေပြီး အပြင်ဘက်တွင် လူအနည်းငယ်က
ထို့နောက်တွင်
လီရှီက သူမ၏လူစုနှင့်အတူ ချက်ချင်း ပြန်လှည့်ထွက်ပြီး ခြံဝင်းထဲရှိ
လူများအားလုံးမှာ ကြောင်အမ်းအမ်း ကျန်ရစ်နေခဲ့ရသည်။ အပြင်ဘက်မှ စပ်စုနေသည်လူအချို့ကလည်း
တီးတိုးသံများဖြင့် ပြောဆိုနေကြသည်။
ကောင်းရှီကတော့
ဒေါသထွက်လွန်းလို့ တုန်ယင်နေပြီး အိမ်ထဲသို့ ပြန်ဝင်သွားသည်။ သူမက
သူမ၏အကြီးဆုံးသားကို တစ်ခါတည်း လှမ်းအော်ခဲ့သေးသည်။
"ကြောင်ကြည့်မနေနဲ့လေ၊
တံခါးပိတ်လိုက်တော့၊ နင်လည်း အထဲဝင်ခဲ့"
ကျူးရှီကလည်း
သူမ၏ပါးကို အုပ်ကာ ပုခုံးများ တုန်နေအောင် ငိုယိုရင်း အိမ်ထဲသို့ လိုက်ဝင်လာသည်။
စုန့်ရှင်းရန်က
တစ်ခန်းလုံး မီးခိုးများဝေနေအောင် သူ့ဆေးတံကို ဖွာရှိုက်နေလေသည်။ အခြားသူများ ဝင်လာသည်ကို
မြင်လိုက်သည်နှင့်
သူက သက်ပြင်းချရင်း
ညည်းညည်းညူညူ လှမ်းပြောလိုက်သည်။
“မင်းတို့တွေ တကယ်ပဲ
ခံခဲ့ရပြီ မဟုတ်လား၊ မင်းတို့ရဲ့စတုတ္ထအဒေါ် ငယ်ငယ်က ဘယ်လိုလူမျိုးဆိုတာ
မင်းတော့ မေ့သွားကြပြီပေါ့လေ"
ထိုစကားက
ကောင်းရှီ၏နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သည်။ သူမက
ကျူးရှီကို တင်းမာသော အကြည့်ဖြင့် လှမ်းကြည့်ကာ ချက်ချင်း လှမ်းမေးလိုက်သည်။
"ဒုတိယချွေးမ၊ နင်
ပြောစမ်းပါဦး၊ နင် အပြင်မှာ အဓိပ္ပာယ်မရှိတာတွေ
လျောက်ပြောခဲ့တာလား”
“ကျွန်မ....
ကျွန်မ... အဲ့လို မပြော…”
ကျူးရှီက
သူမ၏မျက်နှာကို အုပ်ထားရင်း စကားထစ်နေလေသည်။
"နင်
ဘာလို့ ကျန်းချောင်းအာကို မကောင်းပြောရတာတုန်း"
သူမ၏
တုံ့ပြန်မှုကို ကြည့်ရုံဖြင့် ကောင်းရှီက အမှန်တရားကို သိသွားပြီ ဖြစ်သည်။
ကောင်းရှီက
စိတ်ပျက်လက်ပျက် ထပ်မေးလိုက်ပြန်သည်။
"နင်က
ဘာလို့ တခြားသူအကြောင်း မကောင်းပြောရတာလဲ? နင့်
နင့်ရဲ့စတုတ္ထအဒေါ်က ဘယ်လိုလူဆိုတာ မသိလို့လား၊ ဘာကြောင့် သူ့အကြောင်း
မကောင်းပြောရဲရတာလဲ"
လီရှီ
ငယ်ရွယ်စဥ်က သူမလည်း အလွန်ချောမောလှပသော မိန်းမပျိုတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူမ၏
မိသားစုက လူနည်းပြီး မသန်စွမ်းသော အစ်ကိုတစ်ဦး၊ ညီမငယ်နှစ်ဦးနှင့်
မောင်ငယ်လေးတစ်ဦးသာ ရှိသည်။ ထို့ကြောင့် မိသားစုတစ်ခုလုံးက သူမကိုသာ
မှီခိုနေထိုင်ခဲ့ကြရသည်။ သူမ၏ အဘိုးအဘွားများကလည်း လူကောင်းများ မဟုတ်ကြပေ။ သူမ၏
အဘွားက သူဌေး၏အိမ်တွင် အစေခံ ဖြစ်ခဲ့ဖူးပြီး အခြားပညာများကို မသင်ယူခဲ့သော်လည်း
မိသားစုဝင်များအကြား သွေးခွဲပေးသည့် အတတ်ပညာတွင်မူ ဆရာတစ်ဆူ ဖြစ်သည်။ သူမက သူမ၏
ရိုးသားသော သားဖြစ်သူကို အထင်သေးကာ ချွေးမနှင့် မြေးများကို အမြဲ
နှိပ်စက်လေ့ရှိသည်။
ထို့ကြောင့်
လီရှီက ထိုအခက်အခဲများကြားမှ ရုန်းကန်နေထိုင်ခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင်
သူမ မည်သည့်နည်းလမ်းကို သုံးခဲ့မှန်း မည်သူမျှမသိဘဲ သူမတို့၏မိသားစုက
သီးခြားခွဲထွက်ကာ သူတို့၏ဘဝအသစ်ကို စတင်ခဲ့ကြသည်။
သူမနှင့်
စုန့်ရှင်းယိတို့၏တွေ့ဆုံမှုကလည်း အတော်လေး ထူးခြားလှသည်။ ထိုစဥ်က သူမ
ကောက်ပဲသီးနှံများ တင်ဆောင်လာသော လှည်းကို တွန်းနေခြင်း ဖြစ်ပြီး သူမကို
စနောက်ချင်သည့် လူတချို့၏ နှောင့်ယှက်မှုကို ခံခဲ့ရသည်။ သူမက သူမ လက်ထဲတွင်ရှိနေသည့်
ထွန်ခြစ်ဖြင့် ထိုလူများကို ရိုက်နှက်မောင်းထုတ်ပစ်ခဲ့သည်။
ထိုအဖြစ်အပျက်ကို
လူအများ မြင်တွေ့ခဲ့ကြပြီး သူမ၏ သတ္တိကြောင့် သူမ နာမည်ကြီးသွားခဲ့သည်။ သို့သော်
မည်သူမျှ သူမကို အိမ်ထောင်ဖက်အဖြစ် လာမတောင်းရမ်းရဲကြတော့ပေ။ ထိုစဉ်က
မြင်တွေ့ခဲ့သူများထဲတွင် စုန့်ရှင်းယိလည်း ပါဝင်ခဲ့ပြီး သူက သူမကို ချက်ချင်း
စိတ်ဝင်စားသွားခဲ့သည်။ သို့ဖြင့် လူကြီးချင်းစကားပြောကာ လီရှီကို စုန့်အိမ်သို့
တောင်းရမ်းခေါ်ဆောင်လာခဲ့ကြသည်။
စုန့်ရှင်းယိ၏
အတွေးကလည်း ရိုးရှင်းလှသည်။ သူက အလုပ်ကိစ္စဖြင့် မကြာခဏ ခရီးထွက်ရသူဖြစ်သည်။
ထို့ကြောင့် သူ အိမ်၌မရှိချိန်တွင် သူ့မိသားစုကို ကာကွယ်ပေးနိုင်မည့်
စိတ်ဓာတ်ခိုင်မာသော ဇနီးမျိုးကို သူ လိုချင်ခဲ့ခြင်းပင်။
‘သူမ
နည်းနည်း ခက်ထန်တာက ပိုကောင်းတယ်လေ၊ အဲ့ဒါမှ ငါ အိမ်မှာ မရှိတဲ့အချိန် ငါ့ဇနီးနဲ့
ကလေးတွေကို ဘယ်သူမှ အနိုင်မကျင့်ရဲတော့မှာ’
အချိန်တွေ
ကုန်လွန်လာပြီး သားသမီးများ ရလာချိန်တွင် လီရှီက ယခင်ကဲ့သို့ ဆတ်ဆတ်ကြဲ
မဟုတ်တော့ဘဲ တည်ငြိမ်ရင့်ကျက်သူတစ်ဦး ဖြစ်လာခဲ့သည်။ ယခုအချိန်တွင်မူ
လူကြီးတချို့မှလွဲ၍ ကျန်သူများမှာ ဤမိန်းမအိုကြီး၏ ငယ်စရိုက်ကို မေ့လျော့သွားကြပြီ
ဖြစ်သည်။
ကျူးရှီကတော့
ယောက္ခမဖြစ်သူ၏ စကားများကို နားထောင်ရင်း ထိတ်လန့်ကာ ပိုငိုယိုနေလေသည်။
စုန့်ကျစ်ရှန်းကမူ ဂရုမစိုက်ဟန်ဖြင့် ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။
"အဲ့တော့
ဘာဖြစ်တုန်း၊ အခု သူက အိုနေပြီပဲ၊
ငယ်ငယ်တုန်းကထက် ပိုတည်ငြိမ်သွားတာက ဖြစ်သင့်တာပဲလေ"
ကောင်းရှီက
နှာခေါင်းရှုံ့လိုက်ရင်း သူမ၏သားကို တားဆီးလိုက်သည်။
"တော်တော့...
နင် ဆက်မပြောနဲ့တော့၊ ဘေးကို ဖယ်နေစမ်း၊ ကဲ... ဒုတိယချွေးမ၊ နင် ပြော၊ နင်
ကျန်းချောင်းအာ အကြောင်း တခြားသူတွေကို ဘာတွေ ပြောခဲ့လဲဆိုတာ အမှန်အတိုင်း
ပြော"
ကျူးရှီက
ဝန်ခံရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သူမ ပြောခဲ့သည့်စကားများကို
ပြန်ပြောပြလိုက်ရသည်။
"ကျွန်မ..
ကျွန်မက တိုက်ဆိုင်လို့ ပြောမိတာပါ၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ အခု
ဘာဆက်လုပ်ရမလဲ... ဟီး..."
ကောင်းရှီကတော့
ဒေါသထွက်လွန်းလို့ ခေါင်းပင် မူးနောက်သွားရသည်။
"နင်က
ဘာလုပ်ရမလဲ မေးနေတယ်ပေါ့လေ၊ အခု နင် ဘာလုပ်နိုင်ဦးမှာလဲ၊ သူက အရင်လာပြီး နင့်ကို
ပါးရိုက်သွားပြီလေ၊ နင် ကောလာဟလတွေ ဖြန့်နေတာကိုလည်း လူတွေအကုန် သိသွားကြပြီ၊ နင်
အဲဒီအချိန်တုန်းက တစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ဘူး မလား၊ အခုကျမှ ငါ့ကို
ဘာလုပ်ရမလဲ လာမေးနေတယ်၊ နင်က ငါ သူ့ဆီ သွားပြီး ထောင်ဟုန်အကြောင်း အပြင်မှာ
မကောင်းပြောနေတာတာက သူတို့လားလို့ သွားမေးစေချင်တာလား? သူတို့
ပြောခဲ့ရင်တောင် သူတို့က ဝန်ခံမယ်လို့ နင်ထင်နေတာလား၊ အခုမှတော့ ဒီတစ်ခါ ငါတို့ပဲ
အရှုံးပေးရတော့မယ်"
လီရှီက
ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သူဖြစ်သော်လည်း သူမ၏ မိသားစုကိုမူ အလွန်
ကာကွယ်တတ်သူ ဖြစ်သည်။ သူမက အလွန်ပင် ဉာဏ်ထက်မြက်သူဟုလည်း နာမည်ကြီးပြီး
အမှန်တကယ်ပါးနပ်သူလည်း ဖြစ်သည်။ သူမကို ကြည့်ရသည်မှာ အေးအေးဆေးဆေး
နေတတ်ပုံရသော်လည်း သူမအကြောင်း သိသည့်သူများကမူ သူမ မိသားစုအပေါ် မည်မျှအထိ
အနွံ့တာခံပြီး ကာကွယ်စောင့်ရှောက်တတ်ကြောင်း ကောင်းစွာ သိကြသည်။
တခြားကိစ္စများကို ထည့်မပြောဘဲ မိသားစုခွဲခွာခြင်းကို
နမူနာကြည့်လျှင်ပင် လီရှီ၏အရည်အချင်းကို တွေ့မြင်နိုင်သည်။ စုန့်မိသားစုမှ
ညီအစ်ကိုခြောက်ယောက်စလုံး မိသားစု ခွဲခွာပြီးကြသော်လည်း ပဉ္စမနှင့်
ဆဋ္ဌမအိမ်ထောင်စုများမှ လွှဲ၍ အခြားမိသားစုများက အမြဲတစေ
ဆူညံပွက်လောရိုက်နေတတ်သည်။ သို့သော် စတုတ္ထအိမ်ထောင်စုကမူ မိသားစု
မခွဲရသေးသကဲ့သို့ စည်းစည်းလုံးလုံး နေထိုင်ကြပြီး အေးချမ်းတည်ငြိမ်ကာ ရိုးရှင်းသော
ဘဝကို ပိုင်ဆိုင်ထားကြသည်။
ထိုအချက်ကို
ကြည့်ခြင်းဖြင့် လီရှီ၏ စီမံခန့်ခွဲနိုင်စွမ်း မည်မျှကောင်းမွန်သည်ကို သိနိုင်သည်။
တစ်ရွာလုံးတွင် ယောက္ခမကို အမြဲချီးမွမ်းနေတတ်သည့် ချွေးမမျိုး ရှားပါးသော်လည်း
လီရှီကမူ ထိုသို့ဖြစ်အောင် စွမ်းဆောင်နိုင်ရုံတင်မကဘဲ မိသားစုကိုလည်း
ဦးဆောင်နိုင်စွမ်းရှိသည်။
ကျူးရှီက
ငိုသာငိုနေပြီး ဘာမှ မလုပ်နိုင်သောကြောင့် ကောင်းရှီလည်း စိတ်ပျက်လက်ပျက်ဖြင့်
အားမရ ဖြစ်လာပြန်သည်။ သူမ ခေါင်းကိုက်လာသောကြောင့် သားနှင့် ချွေးမများကို
လက်ယပ်ခါပြရင်း မောင်းထုတ်လိုက်သည်။
"ဒီအခန်းထဲမှာ
လာပြီး ရန်ဖြစ်မနေကြနဲ့တော့၊ အားလုံး ကိုယ့်အခန်းကိုယ် ပြန်ကြတော့။
မနက်စောစောစီးစီး နားငြီးအောင် လာလုပ်နေကြတယ်၊ ငါ ခေါင်းတောင် ကိုက်လာပြီ"
သားနှင့်
ချွေးမများ ထွက်သွားပြီးနောက် စုန့်ရှင်းရန်က သက်ပြင်းတစ်ချက်ဖြင့်
ညည်းညူလိုက်ပြန်သည်။
"အခု
ငါတို့ လောင်စစ်ရဲ့ မိသားစု အကြီးအကျယ် စိတ်ဆိုးသွားအောင် လုပ်မိသွားပြီ၊
လောင်စစ်တို့ကို စိတ်ဆိုးအောင် လုပ်လိုက်တာကြောင့် လောင်ဝူနဲ့ လောင်လျို့ရဲ့
မိသားစုတွေလည်း ငါတို့နဲ့ ဝေးကွာသွားတော့မှာ သေချာတယ်၊ နောင်တစ်ချိန်
တစ်ခုခုဖြစ်ရင် ငါတို့ တာ့ကောနဲ့ အာ့ကောကိုပဲ အားကိုးရတော့မယ်...ဟူး..."
"ရှင်က
ဘယ်သူ့ကို အားကိုးချင်နေတာတုန်း၊
ဘယ်သူ့ကိုမှ
အားမကိုးနဲ့”
ကောင်းရှီက
ခန်ပေါ်တွင် ဟိုဘက်ဒီဘက် လှည့်ရင်း မကျေမနပ် ထပ်ပြောနေပြန်သည်။
“ဟွန်း...
သူများကို အားကိုးရမယ်တဲ့လား၊ အခု ငါတို့ ထောင်ဟုန်ကို အားကိုးတာ
ပိုကောင်းတယ်၊ ထောင်ဟုန်က ရှမိသားစုအတွက် ကျန်းမာသန်စွမ်းတဲ့
ကောင်လေးတစ်ယောက် မွေးဖွားပေးပြီးပြီ၊ ထောင်ဟုန်က
အရာရှိရဲ့ဇနီးဖြစ်လာတော့မှာ၊ အနည်းဆုံးတော့ ကျွန်မတို့လည်း အသားးတစ်ပိုင်းတော့
ရနိုင်သေးတယ်၊ အခုကိစ္စတွေကတော့ ဒုတိယချွေးမ အရမ်းမောက်မာလွန်းလို့ ဖြစ်လာရတာပဲ၊
ထောင်ဟုန်က သူ့ဗိုက်ထဲက ထွက်လာတယ်ဆိုပြီး ကျွန်မအပေါ်မှာတောင် ကျော်တက်ဖို့
ကြိုးစားနေတာ၊ ရွံဖို့ကောင်းလိုက်တာ...ဟက်"
စုန့်ရှင်းရန်ကတော့
ဆက်တိုက်သက်ပြင်းချနေပြီး ကောင်းရှီကတော့
အိပ်နေရာမှ
ပြန်ထထိုင်လိုက်သည်။
"မဖြစ်သေးပါဘူး၊ ကျွန်မ ရှအိမ်ကို သွာမှဖြစ်မယ်၊ ဒုတိယချွေးမကို
လွှတ်ထားလို့ မဖြစ်ဘူး၊ ဒီမိန်းမရဲ့ ပါးစပ်က...
အရင်က သူ ဒီလိုလူတစ်ယောက်ဆိုတာကို ကျွန်မ
ဘာလို့
မမြင်ခဲ့မိတာတုန်း၊ အခု
ထောင်ဟုန်က ကလေးကို နို့တိုက်နေရတာ၊ ကျွန်မ
ကြက်ဖမ်းသွားမယ်"
ထိုသို့ပြောပြီးနောက်
ကောင်းရှီတစ်ယောက် အိမ်နောက်ဖေးကို အမြန်ပြေးသွားပြန်သည်။
တစ်ဖက်တွင်တော့
အိမ်ပြန်သွားသည့် လီရှီတစ်ယောက် မပြုံးဘဲ မနေနိုင်ဘဲ ကျေကျေနပ်နပ် ပြုံးနေလေသည်။
စုန့်တင်းရှန်း၏မျက်နှာတွင်လည်း ကြည်နူးမှုများ
ပြည့်နေပြီး သူမ၏အဘွားကို လေးစားအားကျနေမိသည်။
‘အဖွားက
အခြေအနေကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်ရုံတင်မကဘဲ တစ်ဖက်လူကိုပါ
နှုတ်ဆိတ်သွားအောင် လုပ်နိုင်ခဲ့တယ်။ ယခုဆိုရင် ငါတို့မိသားစုက
အသာစီးရသွားရုံတင်မကဘဲ တစ်ဖက်လူကိုတောင် ပြန်ပြီးပြဿနာရှာနိုင်ခဲ့သေးတယ်’
"အဖွား၊ အဖွားက တကယ်ကို
တော်လွန်းတယ်"
စုန့်တင်းရှန်းက
အားကျနေသည့်အမူအရာဖြင့် အဘွားဖြစ်သူ၏ ခြေထောက်ကို နှိပ်ပေးရင်း တောင်းဆိုလိုက်သည်။
"သမီးကို
သင်ပေးပါလား"
လီရှီက
ရယ်မောလိုက်ပြီး မြေးဖြစ်သူကို ဆူပူလိုက်သည်။
"နင်က
ဘာကို သင်ချင်နေတာလဲ၊ နင့်မှာ ယောက္ခမလည်း မရှိဘူး၊ ယောင်းမကြီး၊
ယောင်းမငယ်တွေလည်း မရှိဘူး၊ ပြီးတော့ နှစ်လှမ်းလောက် လမ်းလျှောက်လိုက်ရင်
မိဘအိမ်ကို ရောက်နေပြီ၊ နင့်မိသားစုက နင် အားကိုးဖို့ အဆင်သင့် ရှိနေတာလေ၊ နင်က
ဘာကို ထပ်သင်ချင်သေးတာလဲ၊ အိမ်မှာ ပြဿနာတက်တာ နည်းနေသေးတယ်လို့ နင် ထင်နေတာလား"
"အဲ့လို
မဟုတ်ပါဘူး
အဖွားရယ်၊ အဖွားက အရမ်းတော်တယ်လေ၊ အခု
သင်ထားရင် သမီး အပြင်ထွက်တဲ့အခါ အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး"
စုန့်တင်းရှန်းက
မြှောက်ပင့်ပြောဆိုလိုက်သည်။
စုန့်တင်းရှန်းက
လီရှီကို အမှန်တကယ် လေးစားနေမိခြင်းပင်။ သူမ၏ယခင်ဘဝတွင် သူမ မိသားစုကို ကာကွယ်ရန်
ဆွေမျိုးများကို တိုက်ရိုက်ရင်ဆိုင်ခဲ့သော်လည်း အကျိုးအမြတ် သိပ်မရခဲ့ပေ။
လွတ်မြောက်ပြီးကာလ၏နောက်ပိုင်းသို့ ရောက်မှသာ သူမ သူမ၏စွမ်းဆောင်ရည်ကို
ပြနိုင်ခဲ့ပြီး မိသားစု၏ ပဲငံပြာရည်စက်ရုံကို နာမည်ကြီး လုပ်ငန်းတစ်ခု ဖြစ်လာအောင်
လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဘွား၏
ခြိမ်းခြောက်စကားများက တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောခြင်းသက်သက်ဟု
သူမ ထင်ခဲ့သော်လည်း အဘွားဖြစ်သူထံတွင် အရန်အစီအစဥ်ရှိနေမှန်း သူမ မသိခဲ့ပေ။
ယနေ့မနက်စောစောတွင် လီရှီက သူမတို့ အားလုံးကို အဆင်သင့်ပြင်ခိုင်းပြီး
စာရင်းရှင်းရန် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။
လက်ဖက်ရည်တစ်ခွက်စာ
အချိန်အတွင်းမှာပင် သူမက စုန့်တင်းရှန်း အကြီးအကျယ် အထင်ကြီးသွားအောင်
လုပ်ပြနိုင်ခဲ့သည်။
လီရှီက အပ်ချည်ခြင်းတောင်းကို
ဘေးသို့ချရင်း မြေးဖြစ်သူကို အလေးအနက် ပြောပြနေသည်။
"နင့်ကို ဘာမှ သင်ပေးစရာ မရှိဘူး၊
ဒါပေမယ့် နင်တစ်ခုခု မလုပ်ခင်
ဒါမှမဟုတ် တစ်ခုခု မပြောခင် ရေရှည်ကို အရင် စဉ်းစားရမယ်၊ ကိုယ့်ရဲ့
လုပ်ရပ်နဲ့ ကိုယ်ရဲ့စကားတွေကြောင့် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို အရင် ထည့်တွက်ထား၊
အဲဒါက အခြေခံ သဘောတရားပဲ”
သို့သော်လည်း
ပြောရသည်မှာ လွယ်ကူပြီး လက်တွေ့လုပ်ရန်မှာ ခက်ခဲလွန်းလှသည်။ သူတို့၏အိမ်တွင်ပင်
ကျန်းရှီက ရိုးသားလွန်းသောကြောင့် ရှေ့ရေးကို ကြိုမတွေးနိုင်သလို ဖန့်ရှီ၏
ပွင့်လင်းလွန်းသော သဘာဝကလည်း ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။
ကျန်းချောင်းအာကလည်း
ကလဲ့စားချေနိုင်ခဲ့မှုကြောင့် စိတ်လက်ပေါ့ပါးသွားပြီး နို့ရည်များ ပိုထွက်လာသည်။
မီးနေသည်ဘဝတွင် ခံစားနေရသော မအီမသာ ဖြစ်မှုများကလည်း လေနှင့်အတူ လွင့်ပါသွားသလို
ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"တကယ်တော့
နင့်အဖွားက
အရမ်းကို
အင်အားကြီးတဲ့မိန်းခလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်"
ညနေပိုင်းတွင်
ဖန့်ရှီက ဖိနပ်အောက်ခံများကို
ဖာထေးရင်း သမီးဖြစ်သူကို
ပြောပြနေသည်။
“အဲဒီတုန်းက
နင့်အဖွားက ယောက်ျားလေးယောက်ကို
တစ်ယောက်တည်း ပြန်တိုက်ခိုက်ခဲ့တာ၊ သူတို့အားလုံး မြေကြီးပေါ်မှောက်သွားတဲ့အထိ
အရိုက်ခံခဲ့ရတယ်၊ အဲဒီအချိန်မှာ နင်တို့အဖိုးက နင်တို့အဖွားကို သတိထားမိသွားတာ၊
နင်တို့အဖိုးကလည်း
သတ္တိကောင်းတာပဲ။
တခြားသာဆိုရင်
အဲ့ဒိမိန်းခလေးရဲ့ တံခါးဝကိုတောင် သွားရပ်ရဲမှာ မဟုတ်ဘူး။ ဒါပေမယ့်
နင်တို့အဖိုးကတော့ မိသားစုကို သဘောတူပေးဖို့
အတင်းတောင်းဆိုခဲ့တာ၊ ပြီးတော့ အောင်သွယ်ကို သွားရှာပြီး တောင်းရမ်းခိုင်းခဲ့တယ်၊
နင်တို့အဖိုးက နင်တို့အဖွားကို အိမ်အပါခေါ်နိုင်ဖို့ ငွေနှစ်လျန်နဲ့ စပါးကျင်းတစ်ရာတောင်
သုံးခဲ့တာလေ"
"ဒါပေမယ့် အခု
ဒီအတိုင်း ကြည့်ရင် အဖွားက အမေပြောသလိုမျိုး မဟုတ်ပါဘူး"
စုန့်တင်းရှန်းက ဖိနပ်အောက်ခံများကို ကူညီဖာထေးရင်း
ပြန်မှတ်ချက်ပေးလိုက်သည်။ ညဘက်တွင် အလင်းရောင် ကောင်းကောင်းမရသောကြောင့်
ပန်းထိုးလျှင် မျက်လုံးများကို ထိခိုက်စေနိုင်သည်။
ထို့ကြောင့် ဖိနပ်အောက်ခံပြုလုပ်ခြင်းကဲ့သို့
လွယ်ကူသည့်အလုပ်က အိပ်ရာမဝင်ခင်
လုပ်ရန်
အသင့်တော်ဆုံးအလုပ်
ဖြစ်သည်။
"ဘာကို
မယုံနိုင်ဖြစ်နေတာလဲ"
စုန့်ကျစ်ယွမ်က
အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"မင်း
မွေးပြီးနောက်ပိုင်းမှ မင်းအဘွားက သူ ငယ်ငယ်တုန်းကလောက် မကြမ်းတော့တာ၊
မင်းရဲ့အကြီးဆုံးဦးလေး ငယ်ငယ်ကဆိုရင် အေးလွန်းလို့ အမြဲအနိုင်ကျင့်ခံရတယ်။ သူက
အပြင်မှာ အနိုင်ကျင့်ခံရရင်တောင် အိမ်မှာ ဘာမှ ပြန်မပြောဘူး၊ အဲဒီတုန်းက
မင်းတို့အဘွားက နည်းလမ်းရှာပြီး အနိုင်ကျင့်တဲ့သူတွေကို အိမ်အရောက်လာ
တောင်းပန်ခိုင်းရုံတင်မကဘဲ လက်ဆောင်ပါ ပေးခိုင်းခဲ့တာ၊ ဒီရွာမှာ ဘယ်သူကများ
မင်းတို့အဖွားကို အထင်သေးရဲလို့တုန်း၊ နောက်ကွယ်မှာ အတင်းပြောရဲတဲ့သူတောင် မရှိဘူး"
စုန့်တင်းရှန်းက
ချက်ချင်း ပြန်မေးလိုက်သည်။
"ဒါဆိုရင်
တတိယအဖိုးတို့ မိသားစုက ဘာလို့ ကျွန်မတို့မိသားစုကို အမြဲအနိုင်ကျင့်ချင်နေရတာလဲ"
စုန့်ကျစ်ယွမ်က
သက်ပြင်းချပြီးမှ ပြန်ဖြေလိုက်သည်။
"မင်းရဲ့တတိယအဖိုးက သူ့မိသားစုကို မထိန်းနိုင်ဘူး၊ မင်းရဲ့တတိယအဖွားကလည်း
ပါးစပ်ဖွာတာပဲရှိတယ် ဘာမှ နားမလည်ဘူး။ ချွေးမနှစ်ယောက်ကလည်း
တစ်ယောက်က သူ့မိသားစုအတွက်ပဲ စဉ်းစားတယ်၊
နောက်တစ်ယောက်ကတော့ သူများကို အခွင့်ကောင်းယူဖို့ပဲ တွေးနေတာ။
သူတို့ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ဘဝနဲ့ နေနိုင်မှာတုန်း? ထားလိုက်ပါတော့....
သူများမိသားစုအကြောင်း
မပြောတော့ဘူး၊
မင်းတို့သားအမိလည်း
အနားယူသင့်နေပြီ၊
ဆီမီးခွက်နဲ့ အလုပ်လုပ်ရတာက မျက်စိကို ထိခိုက်စေတယ်"
စုန့်တင်းရှန်းက
အိပ်ရာပေါ်တွင်
လှဲလျောင်းနေပြီး ထိုအကြောင်းကို ပြန်တွေးနေခဲ့သည်။ သူမ၏
စိတ်ထဲတွင် အဘွားဖြစ်သူ၏ ခံ့ညားထည်ဝါသော အရှိန်အဝါများ ပြည့်နှက်နေသည်။ သူမ
ဘဝနှစ်ခုစာ ရှင်သန်ခဲ့သော်လည်း ဤကဲ့သို့သော အရှုပ်အထွေးများကို ကိုင်တွယ်ရာတွင်
အဘွားဖြစ်သူကို မမီနိုင်သေးကြောင်း စုန့်တင်းရှန်း နားလည်လိုက်ရသည်။ ထို့ကြောင့်
သူမက အစ်မဖြစ်သူ စုန့်ယွိလန်၏ကိစ္စအား
သူမ၏ အဘွားကို ပြောပြပြီး အကြံတောင်းရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင်
ဖန့်ရှီ၏အလစ်၌ စုန့်တင်းရှန်းက အစ်မဖြစ်သူစုန့်ယွိလန်၏ ယောက္ခမအိမ်မှ ပြဿနာများကို
လီရှီအား ပြောပြလိုက်သည်။
လီရှီက
ခေါင်းညိတ်ရင်း ပြန်သုံးသပ်ပြနေသည်။
"နင် ပြောတာ မှန်တယ်၊
နင်တို့အမေက ဒီကိစ္စကို
ခွင့်မပြုနိုင်ဘူး။ ဒီကိစ္စကို နင့်အမေ မသိစေနဲ့ဦး၊ သူ့သမီးကြီး
ကောင်းကောင်းမနေရဘူးဆိုတာ သိသွားရင် နင့်အမေ စိတ်တိုပြီး
နေမကောင်းဖြစ်သွားလိမ့်မယ်၊ ခုတလော သူ့ကျန်းမာရေးက စိုးရိမ်ရတယ်”
"သမီးလည်း
အဲလိုပဲ တွေးမိတယ်၊ အဖွား၊ ဒါပေမယ့် ခဲအိုတို့ဘက်က အရမ်းအနိုင်ကျင့်လွန်းတယ်"
"ဒါဆို အရင်တုန်းက အေးအေးဆေးဆေး ဖြစ်နေကြပြီး
အခုမှ နင့်ခဲအိုက ဘာလို့ ပြဿနာရှာလာတာဆိုတာ နင် သိလား?"
စုန့်တင်းရှန်းက ခဏလောက်စဉ်းစားပြီးမှ
ပြန်ဖြေလိုက်သည်။
"သမီး ထင်တာကတော့ စုန့်ထောင်ဟုန်ရဲ့
မကောင်းတဲ့ အကြံကြောင့်ပဲ၊ သူတို့ အိမ်ထောင်ပြုတုန်းက အစ်မက နေမကောင်းလို့
မသွားနိုင်ခဲ့ဘူးလေ၊ အဲဒီက ပြန်လာကတည်းက အဆင်မပြေတော့ဘူးလို့ အစ်မက ပြောတယ်၊
သူ့ယောက်ျားနဲ့ ယောက္ခမတွေက ထူးထူးဆန်းဆန်းတွေ လုပ်လာကြတယ်တဲ့၊ အခု ရှချမ်းလည်း
စာမေးပွဲအောင်သွားပြီဆိုတော့ သူတို့ ပိုပြီး ပြဿနာရှာတော့မှာ သေချာတယ်"
"ဒါက
လူ့သဘာဝအတိုင်း
အတောမသတ်နိုင်တဲ့ လောဘကြောင့်ပဲ"
လီရှီက
ဆက်ပြောနေပြန်သည်။
"အရင်တုန်းကတော့
နင့်အစ်မကို ရလိုက်တာက သူတို့အတွက် ကျေနပ်စရာပေါ့၊ ဘာပဲဖြစ်ဖြစ် နင့်အစ်မက
ခန်းဝင်ပစ္စည်းတွေ အများကြီး သယ်သွားခဲ့တာကိုး၊ သူတို့မိသားစုအတွက်လည်း
သူတို့ရွာမှာ ဂုဏ်ရှိစေမှာပေါ့၊ နင့်အစ်မကလည်း အိမ်ထောင်ကျခါစဆိုတော့
လိမ္မာယဉ်ကျေးတဲ့ ချွေးမကောင်းဆိုတဲ့ နာမည်ကို လိုချင်ခဲ့တာ ဖြစ်နိုင်တယ်။
ဒါပေမယ့် သူ မှားသွားတာက အဲဒီဂုဏ်သတင်းကို ငွေနဲ့ ဝယ်လို့မရဘူးဆိုတာ သူ
မသိခဲ့တာပဲ၊ သူက ငွေတွေပေးနေတော့ ရှမိသားစုက ရလေ ပိုလိုချင်လေ ဖြစ်သွားစေပြီး
အခုလို အကျိုးဆက်တွေ ဖြစ်လာတာပဲ၊ နင်ပြောသလိုပဲ နင့်အစ်မသာ သူ့ဘာသာ
မရပ်တည်နိုင်ရင် နောင်ဆို ဒီထက်ပိုတဲ့ ပြဿနာတွေ ရှိလာနိုင်သေးတယ်"
“ဒါဆို အစ်မ…”
စုန့်တင်းရှန်းလည်း
အနည်းငယ်
စိုးရိမ်သွားရသည်။
လီရှီက
သူမကို နှစ်သိမ့်ပေးလိုက်သည်။
"အခြေအနေက အဲဒီလောက်အထိတော့ မဆိုးသေးပါဘူး။
နင့်အစ်မကလည်း စိတ်ပျော့တဲ့သူတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ
အိမ်ထောင်ကျသွားပြီဆိုတော့ မိသားစုအနေနဲ့ ဝင်ပါလို့မရတဲ့ ကိစ္စတွေ အများကြီး
ရှိတယ်။ သူကိုယ်တိုင်ပဲ ဒါကို နားလည်သဘောပေါက်မှ သူ့ဘာသာ ဖြေရှင်းနိုင်မှာ၊ မဟုတ်ရင်တော့
သူ့ဘဝက ရှေ့လျှောက် အမြဲတမ်း ခက်ခဲနေလိမ့်မယ်"
"အဆိုးဆုံးအခြေအနေ ဖြစ်လာရင်တောင်
ကွာရှင်းလိုက်လို့ ရပါသေးတယ်"
စုန့်တင်းရှန်းက အဘွားဖြစ်သူ၏အမူအရာကို
အကဲခတ်ရင်း
သွေးတိုးစမ်းလိုက်သည်။
လီရှီက
အေးအေးဆေးဆေး ပြန်ခွဲခြမ်းစိတ်ဖြာပြလာခဲ့သည်။
"ကွာရှင်းတာလား၊
ကွာရှင်းဖို့က နင် ထင်သလောက်
မလွယ်ဘူး၊ ပြီးတော့
အခု နောက်ခံကောင်းရနေတဲ့ ရှမိသားစုက ကွာရှင်းပေးဖို့ အလွယ်တကူ သဘောတူမယ်လို့ နင်
ထင်လို့လား၊ သူတို့ ကွာရှင်းစာ ပေးရင်တောင် နင့်အစ်မရဲ့အနာဂတ်က ခက်ခဲနေဦးမှာပဲ။ မိန်းခလေးတစ်ယောက်
အိမ်ထောင်ကျသွားရင်
ကိုယ့်ဘဝပိုကောင်းလာအောင် ကိုယ့်ဘာသာ နည်းလမ်းရှာရမယ်၊ ယောက်ျားကို အားကိုးလို့ ရရင်
အားကိုးလိုက်၊ ယောကျ်ားက အားကိုးလို့ မရရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ရတော့မှာပေါ့”
"ဒါပေမဲ့ သူတို့က ဆွေမျိုးငါးဆက်ထက်
ကျော်လွန်နေပြီလေ၊ ရှချမ်းက သူတို့ကို ကူညီပေးပါ့မလား"
"အိုက်ယား၊
တုံးအလိုက်တဲ့ ကောင်မလေး၊ သူတို့ ဆွေမျိုးငါးဆက်ကျော်သွားရင်တောင် သူတို့ရဲ့မျိုးရိုးနာမည်က
ရှဖြစ်နေတုန်းပဲ၊
သူတို့က တစ်ရွာတည်းမှာ
အတူတူနေကြတာ၊ တခြားသူတွေဆိုရင်တော့
တစ်မျိုးဖြစ်ချင်
ဖြစ်မှာပေါ့၊
ဒါပေမယ့် ရှချမ်းက
နင်နဲ့ စေ့စပ်ခဲ့ဖူးတယ်၊ ပြီးတော့ နင့်အစ်မက သူတို့ရွာကို ချွေးမအဖြစ်
ရောက်နေတာလေ။ အစကတော့ အဲဒါက ဆွေမျိုးတော်စပ်မှုကို ပိုခိုင်မာစေမယ်လို့ သူတို့
တွေးထားမှာပေါ့၊ အခုတော့ မရေမရာ
ဖြစ်သွားပြီ၊ ဒါတွေအားလုံးက နင့်အစ်မ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာပဲ
မူတည်တော့တယ်”
လီရှီက သက်ပြင်းချရင်း ညည်းညူလိုက်ပြန်သည်။
"မိန်းမတွေရဲ့ဘဝက
မလွယ်ပါဘူးအေ၊ အိမ်ထောင်ကျပြီး ကောင်းကောင်းနေရရ
တော်ပါသေးရဲ၊ မကောင်းရင်တော့....."
စုန့်တင်းရှန်း
မမျှော်လင့်ထားသည့်အရာက သူမတို့ စကားပြောနေကြချိန်တွင် စုန့်ယွိလန်တစ်ယောက်
ယောက္ခမအိမ်၌ ပြဿနာထပ်ဖြစ်နေခြင်းပင်။
.......။........။......
စုန့်တင်းရှန်း
: ငါက ငါ့ကိုယ်ငါ
အရမ်းတော်တယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမယ့် ငါထက် တော်တဲ့သူ ရှိနေမယ်လို့ ငါ မမျှောင်လင့်ထားခဲ့မိဘူး....
🌟🌟🌟🌟🌟 Thank
you for always being my greatest supporter. 🌟🌟🌟🌟🌟