ထိုအမျိုးသားက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်ရင်း “မင်းရဲ့မြို့တော်ဝန်ဖခင်ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေဖို့ အသင့်ဖြစ်နေပြီ ထင်တယ်၊ တကယ့်ကို မိဘအပေါ် မရိုသေရာကျလိုက်တာ” ဟု ဆိုသည်။
ထန်မော့အာမှာ ဆွံ့အသွားရသည်။
ဒေါသထွက်လာသည်ကို မထိန်းနိုင်ဘဲ သူမ၏ပုလဲရောင်သွားလေးများဖြင့် အောက်
နှုတ်ခမ်းကို နာကျင်စွာ ဖိကိုက်လိုက်မိ၏။
သူမသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ မြေကြီးကို ဆောင့်ကန်လိုက်၏။
ဤလူယုတ်မာမှာ ယုံနိုင်လောက်စရာမရှိအောင်ပင် အရှက်မရှိလွန်းလှသည်။
“ရှင်... ကျွန်မကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဖို့ ကြံနေတာလား"
“ကုမိုဟန်"
“ရှင်"
“ငါ့နာမည်က ကုမိုဟန်"
“…”
ကုမိုဟန်က သူမကို သဘောကျသလို ကြည့်
နေသည်။
သူမမှာ ပေါက်ကွဲတော့မည့်အလား ဒေါသထွက်နေပြီး မျက်ခုံးနှစ်ဖက်မှာလည်း ကြုတ်ထားနေ၏။
ထိုပုံစံမှာ သူ့အတွက်တော့ ထူးဆန်းစွာပင် ဆွဲဆောင်မှုရှိနေခြင်း။
သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိသော်လည်း သူမ၏တောက်ပနေသော မျက်ဝန်းများနှင့် ချယ်ရီရောင်နှုတ်ခမ်းလေးကို ဖိကိုက်ထားပုံမှာ တစ်မျိုးလေး လှနေပြန်သည်။
သူမ၏ မျက်ဝန်းများက ပို၍ပင် စွဲမက်ဖွယ်
ကောင်းလှသည်။
ခံစားချက်များ ပြည့်နှက်နေသော ထိုမျက်ဝန်းများသည် အလွန်လှပရုံသာမက စကားပြောနိုင်စွမ်းရှိသည့်အလား ကြည်လင်တောက်ပနေသဖြင့် သူကိုယ်တိုင်ပင် သူမအနားသို့ တိုးကပ်သွားချင်စိတ် ပေါက်လာရသည်။
သူမကတော့ လက်သည်းထုတ်ထားသော ကြောင်ပေါက်လေးတစ်ကောင်လို သူ့ကို စိုက်
ကြည့်နေဆဲပင်။
နာကျင်စေခြင်းမျိုးမဟုတ်ဘဲ ယားကျိကျိသာ ဖြစ်စေသည်။
သူသည် အိမ်ရှေ့တံခါးကို တွန်းဖွင့်ကာ ခွင့်ပြုချက်မရဘဲ အထဲသို့ ဝင်လာခဲ့သည်။
"ကိုယ် ရေချိုးဖို့လိုတယ်၊ ရေချိုးခန်း ဘယ်မှာလဲ"
“…”
ထန်မော့အာ တုံ့ပြန်ချိန်ပင်မရလိုက်မီ သူသည် ရေချိုးခန်းကို ရှာတွေ့ကာ ဝင်သွားခဲ့သည်။
“…”
ထန်မော့အာသည် ပခုံးလေးတွန့်ကာ သက်ပြင်းချလိုက်ပြီး သူမ၏ကံဆိုးမှုကို ကျိန်ဆဲရင်း မီးဖိုချောင်ထဲသို့ဝင်ကာ ဖန်ခွက်တစ်ခွက် ရှာလိုက်သည်။
စုကျယ် နှင့် ဟန်ရှောင်းဝမ်တို့၏ သစ္စာဖောက်မှုက အစပျိုးရုံသာရှိသေးသည်။
ယခုတော့ အိမ်ထဲအထိ လိုက်ဝင်လာပြီး ပြန်မထွက်တော့သော အရှက်မရှိသည့် လူစိမ်းတစ်ယောက်ကိုပါ ရင်ဆိုင်နေရပြီ။
တကယ့်ကို နိမိတ်မကောင်းသည့် ကံကြမ္မာပင်။
သူမ ရေကို အငမ်းမရသောက်နေစဉ် နောက်ကျောဘက်မှ လှုပ်ရှားမှုကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပါးစပ်ထဲမှ ရေများပင် ပန်းထွက်လုနီးပါး ဖြစ်သွားရသည်။
ထိုအမျိုးသားသည် ရေချိုးပြီးခါစဖြစ်၍ အပေါ်ပိုင်းဗလာကျင်းလျက် အပူငွေ့များ ထွက်နေကာ ခါးတွင် တဘက်တစ်ထည်ကို ခပ်လျော့လျော့ ပတ်ထားသည်။
ရေစက်လေးများသည် ခန္ဓာကိုယ်ပေါ်မှ စီးကျနေပြီး သူမ၏မျက်လုံးများမှာလည်း မသိစိတ်ဖြင့် ထိုရေစက်လေးများနောက်သို့ လိုက်ပါသွားမိသည်။
ကြည့်ကောင်းသော အညိုရောင်အသားအရေ၊ အချိုးအစားကျနသော ကြွက်သားများ၊ တောင့်တင်းသော ရင်အုပ်နှင့် ခြောက်ခုသော ဝမ်းဗိုက်ကြွက်သားများ၊ ရှည်လျားသန်စွမ်းသော ခြေထောက်များ...။
ဤကဲ့သို့ ခန္ဓာကိုယ်မျိုးနှင့်ဆိုလျှင် သူသည် ဖက်ရှင်စင်မြင့်ပေါ်မှ မော်ဒယ် သို့မဟုတ် နာမည်ကြီးမဂ္ဂဇင်းများအတွက် ဓာတ်ပုံရိုက်ပေးရသူဟု မည်သူမဆို ယုံကြည်ကြလိမ့်မည်။
ထိုမျှ ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦး သူမ၏ရေချိုးခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ သူမသည် ခေါင်းငုံ့လိုက်ပြီး ရှက်သွေးဖြန်းကာ စကားထစ်နေမိသည်။
"ရှင်... ရှင် ဘာလို့ အဝတ်အစားမဝတ်တာလဲ"
အရှက်မရှိတဲ့လူ။
ကုမိုဟန်သည် သူမ၏ပါးပြင်လေးများ နီမြန်းသွားသည်ကို ကြည့်ကာ ပြုံးလိုက်ပြီး ဘုရင်တစ်ပါးကဲ့သို့ မာန်ပါပါဖြင့် အမိန့်ပေးလိုက်သည်။
“ကိုယ့်အတွက် အဝတ်အစားတစ်စုံ ပေး"
သူက သူမကို ခိုင်းစေရဲတာလား။
သူက သူ့ကိုယ်သူ ဘယ်သူမှတ်နေတာလဲ။
မီဒီယာများက ထန်မော့အာကို နတ်မိမယ်လေးကဲ့သို့ အပြစ်ကင်းစင်ပြီး စွဲမက်ဖွယ်ကောင်းသူအဖြစ် အမြဲဖော်ပြလေ့ရှိသည်။
သူမသာ အလိုရှိလျှင် မည်သည့်အမျိုးသားမဆို သူမရှေ့တွင် ဒူးထောက် ခစားကြမည်ဖြစ်သည်။
သို့သော် ဤအမျိုးသားရှေ့တွင်မူ သူမမှာ အရှုံးပေးနေရ၏။
သူမ၏ စိုစွတ်သော နှုတ်ခမ်းနီလေးကို ထပ်မံကိုက်လိုက်ပြီး ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့်....
“ကျွန်မက ဘာလို့ ရှင့်အတွက် အဲဒါတွေ လုပ်ပေးရမှာလဲ" ဟု မေးလိုက်သည်။
“ကြည့်ရတာ မင်းက ငါ့ရဲ့ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်ကို သဘောကျနေပုံပဲ"
ထန်မော့အာသည် မျက်မှောင်ကြုတ်ကာ ဖုန်းကို ကောက်ကိုင်ပြီး သူမ၏ ဒရိုင်ဘာထံ ဖုန်းဆက်
လိုက်သည်။
"ဟယ်လို ဦးလေးဖူး၊ အမျိုးသားဝတ် အဝတ်အစားတစ်စုံလောက် ပြင်ပေးပါ"
"သူက အရပ် ၁.၉ မီတာလောက် ရှိတယ်"
သူမ အရှုံးပေးလိုက်ပြီဖြစ်သည်။
ဤမျှဆိုလျှင် သူ ကျေနပ်ပြီမဟုတ်လား။
“ဟုတ်ကဲ့ပါ မမလေး၊ အတွင်းဝတ်ပါ တစ်စုံ လိုအပ်ပါသလား"
"အတွင်းဝတ်"
ထန်မော့အာသည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး သူ့ခါးတွင် ပတ်ထားသော တဘက်ကို စေ့စေ့ကြည့်မိသွားသည်။
“မမလေး၊ ဘယ်အရွယ်အစားလိုမလဲဆိုတာ သိပါရစေ ခင်ဗျာ"
သူမသည် မှားယွင်းပြီး ဖုန်းစပီကာ ဖွင့်ထားမိသောကြောင့် ထိုမေးခွန်းမှာ ဧည့်ခန်းအတွင်း ဟိန်းထွက်သွားရာ အရှက်သည်းသွားရသည်။
သူမသည် ခေါင်းမော့လိုက်ပြီး သူ့ကို မလွှဲမရှောင်သာ စိုက်ကြည့်လိုက်ရသည်။
သူက သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။
မာနထောင်လွှားဟန်ရှိသလို နောက်ပြောင်လိုသော အပြုံးဖြင့် ဘာမှမပြောဘဲ စောင့်ကြည့်နေ၏။
အခန်းတွင်းရှိ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာသလို ခံစားရပြီး ထန်မော့အာ၏ နှလုံးခုန်သံများ မြန်လာရသည်။
မသင့်တော်သော အတွေးများကို ထိန်းချုပ်ရန် ခက်ခဲလှသည်။
သူသည် အဘယ်ကြောင့် ဤမျှ ကြည့်ကောင်းနေရသနည်း။
ဤမျှ ဆွဲဆောင်မှုရှိသော မျက်နှာပေးမျိုးဖြင့် သူသည် အပြစ်သားတစ်ဦးဖြစ်ရန် မွေးဖွားလာသူပင်။
သူမသည် တဖန်ပြန်လှည့်လိုက်ပြီး နားရွက်လေးများကို ခပ်ဖွဖွ ကိုင်ကြည့်လိုက်သည်။
နားရွက်လေးများ အဘယ်ကြောင့် ဤမျှ ပူနေရသနည်း။
သူမသည် လေသံကို တည်ငြိမ်အောင် ထိန်းကာ ဖြေလိုက်သည်။
"အကြီးဆုံး အရွယ်အစားကိုသာ ယူခဲ့ပါ"
ထို့နောက် ဦးလေးဖူးက ဖုန်းချသွားခဲ့သည်။