Ch 4
Viewers 1k

4




လီစီကိုမယှဉ်နိုင်တော့သဖြင့် ဝမ်ချိုးလျန် ပေါင်ကိုရိုက်ကာ အော်ဟစ်ငိုယိုတော့သည်။ သူအော်ဟစ်လိုက်၏။





"အိုး ငါ့ဘဝကစိတ်ဆင်းရဲစရာကောင်းလိုက်တာ၊ ဒီမိသားစုကိုကြည့်ကြပါဦး၊ ငါက အိမ်ထောင်ရေးကမ်းလှမ်းဖို့ လာတာကို ပြဿနာရှာနေကြတယ်"





ထို့နောက် သူအော်ဟစ်လိုက်ပြန်သည်။




"ထွီ အရူးမ ကယ်ကြပါဦး၊ လူသတ်နေပါတယ်၊ ငါ့ရှေ့ကဖယ်စမ်း"




သို့ရာတွင် သူ မည်မျှအော်ဟစ်နေစေကာမူ ပတ်ဝန်းကျင်ရှိ ရွာသားများသည် ပြဇာတ်ကြည့်သလိုကြည့်နေကြပြီး လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသော်လည်း မည်သူကမှ သူ့ကိုလာရောက်မကူညီခဲ့ကြချေ။ အခြားအကြောင်းအရင်းတော့ မရှိပေ။ ဝမ်ချိုးလျန်သည် တကယ်ကိုဆိုးယုတ်လွန်းလှရာ အရိုက်ခံရသည်မှာထိုက်တန်လှသည်။




ခေတ္တမျှ ဒေါသထွက်ကာငိုယိုပြီးနောက် မည်သူကမှ သူ့ကိုဂရုမစိုက်သည်အားမြင်သောအခါ လက်ရှိနေရာသည် သူ့ကိုယ်ပိုင်ရွာတွင်မဟုတ်ကြောင်းသိရှိသွား၏။ ဝမ်ချိုးလျန် အခွင့်ကောင်းယူကာ လီစီကိုတွန်းထုတ်ပြီး ပြောဆိုကာ ထွက်ပြေးသွားခဲ့လေသည်။





"ထွီ လူမိုက်မိသားစု၊ ဟော်ချင်းက ဘယ်လိုရွှေဖီးနစ်ငှက်မျိုးနဲ့ လက်ထပ်နိုင်မလဲဆိုတာ ငါစောင့်ကြည့်ရသေးတာပေါ့"




လီစီသည် တုတ်တစ်ချောင်းကို ကောက်ကိုင်ကာ သူ့ကိုလိုက်လံမောင်းထုတ်လေသည်။





အိမ်ထဲတွင်တော့




ဟော်မိသားစု၏ခြံစည်းရိုးမှာ မြေသားနံရံဖြစ်သောကြောင့် အပြင်ဘက်မှ ဝမ်ချိုးလျန်၏ဆူညံသံများနှင့် ကျိန်ဆဲသံများကို အထဲရှိလူတိုင်းရှင်းလင်းစွာ ကြားနေရပေသည်။ အစပိုင်းတွင် ဟော်ချင်းသည် ဝမ်ချိုးလျန်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်ကိုထောက်ထား၍ သူ့ကိုဂရုမစိုက်ဘဲ အပြင်သို့သာမောင်းထုတ်ခဲ့သည်။ သို့ရာတွင် တံခါးဝတွင် သူ၏ပိုမိုရိုင်းစိုင်းလာသော စကားများကိုကြားရသောအခါ ဟော်ချင်းမျက်နှာမှာ မည်းမှောင်သွားပြီး တံမြက်စည်းကိုဆွဲ၍ သူ့ကိုမောင်းထုတ်ရန် ပြင်လိုက်ပေသည်။ သူလှည့်ကြည့်လိုက်သောအခါ ညီဖြစ်သူဟော်ဝမ်မှာ သူ့နောက်တွင် လက်သီးကိုတင်းတင်းဆုပ်ထားပြီး မျက်နှာမှာဖြူဖျော့သွားလိုက် နီမြန်းသွားလိုက်ဖြင့်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ဟော်ဝမ်မှာ ခေါင်းငုံ့ကာ မိမိကိုယ်ကိုအပြစ်တင်သည့်ဟန်ဖြင့် ဖြူဖျော့နေသောနှုတ်ခမ်းများအား တင်းတင်းစေ့ထားရင်းပြောလိုက်၏။





"အစ်ကို ကျွန်တော်တောင်းပန်ပါတယ်၊ အစ်ကို့ရဲ့အိမ်ထောင်ရေးကိစ္စအဆင်မပြေတာက ကျွန်တော့်ကြောင့်ပါ"





ထိုစကားကိုကြားသောအခါ ဟော်ချင်း မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။





"မင်း ဘာတွေပြောနေတာလဲ၊ ရွှီမိသားစုဆိုတာ ဝံပုလွေဂူကြီးပဲ၊ မင်းမရှိရင်တောင် အစ်ကိုကဒီကိစ္စကို ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး၊ မင်းရဲ့အစ်ကိုက အဲဒီလိုမိသားစုမျိုးနဲ့ပဲ ထိုက်တန်တယ်လို့ မင်းကပါထင်နေတာလား"




ဟော်ဝမ် အမြန်ခေါင်းရမ်းလိုက်ပြီး အစ်ကိုဖြစ်သူကို မော့ကြည့်လိုက်သည်။




"ကျိန်းသေမဟုတ်ရပါဘူး"





သူ့ရင်ထဲတွင် အစ်ကိုဖြစ်သူဟော်ချင်းမှာ လောကတွင်သူအလေးစားဆုံးလူပင်ဖြစ်သည်။ ဟော်ဝမ်သည် လမစေ့ဘဲ မွေးလာသောကလေးဖြစ်ပြီး မွေးကတည်းမှ အားနည်းခဲ့လေသည်။ ဟော်ထျဲ့ဖုန်းနှင့် ကျောက်ရှန်ယီတို့သည် သူတို့သားငယ်ကို ပြုစုပျိုးထောင်ရန် ရုန်းကန်ခဲ့ရသော်လည်း သူ့ကျန်းမာရေးမှာ ဘယ်သောအခါမှတိုးတက်မလာခဲ့ဘဲ အလုပ်ကြမ်းများကိုလည်းမလုပ်နိုင်ခဲ့ချေ။




သားဖြစ်သူအတွက် အနာဂတ်တစ်ခု သေချာစေရန် မိသားစုသည် သူ့ကို ကျောင်းထားပေးရန် ငွေစုဆောင်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သူ့ကိုနာမည်ကြီးပညာတတ်တစ်ဦး ဖြစ်လာစေရန် မမျှော်လင့်ထားသော်လည်း အနည်းဆုံးတော့ စာရေးစာဖတ်သင်ယူနိုင်ပြီး မြို့ပေါ်တွင် ပိုမိုလွယ်ကူသောအလုပ်တစ်ခုကို ရှာဖွေနိုင်မည်ဟုမျှော်လင့်ခဲ့ကြ၏။





ဟော်ထျဲ့ဖုန်း သက်ရှိထင်ရှားရှိစဉ်က သူသည်မုဆိုးတစ်ဦးဖြစ်ပြီး ဟော်မိသားစုမှာ အတော်အတန်ပြည့်စုံကာ သားဖြစ်သူ၏ပညာရေးနှင့် ဆေးကုသစရိတ်များကို တတ်နိုင်ခဲ့သည်။ သို့ရာတွင် လွန်ခဲ့သောလေးနှစ်ခန့်က ကျောက်ရှန်ယီနှင့် ဟော်ထျဲ့ဖုန်းတို့ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခဲ့ကြပြီးနောက် ဟော်မိသားစု၏ကံကြမ္မာမှာ ပြိုလဲသွားခဲ့ရပေ၏။ ချူချာသောညီဖြစ်သူ ဟော်ဝမ်ကို ပြုစုပျိုးထောင်ရန် သားကြီးဖြစ်သူ ဟော်ချင်းတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး သူတို့ညီအစ်ကိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မှီခိုအားကိုးကာနေထိုင်ခဲ့ကြရသည်။




သူ့ကိုပြုစုပျိုးထောင်ရန် အစ်ကိုဖြစ်သူ မည်မျှဒုက္ခခံခဲ့ရသည်ကို ဟော်ဝမ် ကောင်းစွာသိရှိထား၏။ အလွန်တရာခက်ခဲခဲ့သောနှစ်များအတွင်း သူသည် ပညာသင်ကြားမှုကို ရပ်နားထားခဲ့ရသည်။ သူ့အစ်ကိုဖြစ်သူမှာ မိုးမလင်းမီကပင် မြို့ပေါ်ရှိအသားသည်အိမ်တွင် အလုပ်သင်အဖြစ် သွားရောက်လုပ်ကိုင်ရပြီး မွန်းလွဲပိုင်းတွင် သူ့ဆေးဖိုးအတွက် ငွေရှာရန်ဆိပ်ကမ်း၌ ကုန်ပစ္စည်းများ ထမ်းပိုးသည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်။




နောက်ပိုင်းတွင် အစ်ကိုဖြစ်သူမှာ ကိုယ်တိုင်အသားသည်တစ်ဦးဖြစ်လာခဲ့ပြီး ငွေအနည်းငယ်စုဆောင်းနိုင်ခဲ့လေသည်။ ပထမဆုံးသူလုပ်ခဲ့သည့်အရာမှာ လက်ဆောင်ပစ္စည်းများကို ယူဆောင်သွားပြီး အိမ်နီးချင်းရွာရှိ ဆရာကျိုးထံတွင် ပညာသင်ကြားရန် သူ့ကိုပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းပင် ဖြစ်၏။ ဟော်ဝမ်သည် သူကမိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေမှန်း သိသောကြောင့် ပို၍ကြိုးစားပညာသင်ယူခဲ့သည်။ အကယ်၍ သူသာနန်းတွင်းစာမေးပွဲများအောင်မြင်ခဲ့လျှင် ရွာထဲရှိ မည်သူကမှ သူတို့ကိုအထင်သေးဝံ့တော့မည်မဟုတ်ဟု တွေးတောခဲ့လေသည်။





သို့ရာတွင် မဟာရွှမ်မင်းဆက်၏ဥပဒေများအရ မိဘများကွယ်လွန်ပြီးနောက် သားသမီးများသည် သူတို့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သုံးနှစ်တိတိ အိမ်ထောင်ပြုခြင်း သို့မဟုတ် နန်းတွင်းစာမေးပွဲများဝင်ရောက်ဖြေဆိုခြင်းမပြုလုပ်ရဟု ပြဋ္ဌန်းထား၏။ နောက်ပိုင်းအချိန်ကြာလာသည်နှင့်အမျှ အိမ်ထောင်ပြုခြင်းအတွက် ဝမ်းနည်းခြင်းကာလ သတ်မှတ်ချက်မှာ တဖြည်းဖြည်း ဖြေလျှော့လာခဲ့ပြီး ရက်ပေါင်းတစ်ရာကာလအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း နန်းတွင်းစာမေးပွဲများဝင်ရောက်ဖြေဆိုခြင်းကို တားမြစ်ထားသည့် စည်းမျဉ်းမှာတော့ကျန်ရှိနေဆဲပင်။




ဟော်ထျဲ့ဖုန်းနှင့် သူ့ဇနီးတို့ကွယ်လွန်ချိန်တွင် ဟော်ဝမ်မှာ အသက်ခုနစ်နှစ်သာရှိသေးသည်။ သုံးနှစ်တိတိ ဝမ်းနည်းခြင်းကာလကို ဖြတ်သန်းပြီးနောက် သူသည်အသက်ဆယ်နှစ်ရှိနေမည်ဖြစ်သည်။ ထိုကြားထဲတွင် သူသည် ပညာသင်ကြားမှုကိုနှစ်အနည်းငယ်ကြာ ရပ်နားထားခဲ့ရပြီး ယခုနှစ်အစပိုင်းမှသာ ဆရာကျိုးထံသို့ ပြန်လည်ပညာသင်ကြားရန် စတင်ခဲ့သောကြောင့် သူ့အခြေခံမှာမခိုင်မာသေးချေ။





နန်းတွင်းစာမေးပွဲဆိုသည်မှာ လွယ်ကူသော အရာတစ်ခုမဟုတ်ပေ။ လုံလောက်သော ပြင်ဆင်မှုမရှိဘဲ အတင်းအကျပ် ဝင်ရောက်ဖြေဆိုခြင်းသည် အချိန်ကုန်လူပန်းဖြစ်စေရုံသာမက မိသားစု၏ငွေကြေးများကိုပါ ကုန်ဆုံးစေမည်ပင်။ ထို့ကြောင့် သူသည် နောက်ထပ်တစ်နှစ် အပြင်းအထန်ပညာသင်ယူပြီးနောက်နှစ်တွင် အခြေခံပညာတတ်အဆင့် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် မူလက စီစဉ်ထားခဲ့သည်။




နန်းတွင်းစာမေးပွဲများကို ခေတ္တဘေးဖယ်ထားလိုက်လျှင် အစ်ကိုဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စများ နှစ်ပေါင်းများစွာ ထပ်တလဲလဲအဆင်မပြေဖြစ်နေရခြင်းမှာ အဆုံးတွင် သူ့ကြောင့်သာဖြစ်ကြောင်း ဟော်ဝမ်သိရှိထား၏။ ဟော်ချင်းသည် ငယ်ရွယ်သန်စွမ်းပြီး ရုပ်ရည်ချောမောကာ အိမ်ထောင်ကျသွားသည်နှင့် မိသားစုအတွက် ခွန်အားကြီးသော အလုပ်သမားတစ်ဦးဖြစ်လာမည်ဖြစ်သည်။ အသားသည်တစ်ဦးအနေဖြင့် သူသည်ပတ်ဝန်းကျင်ရွာများရှိ လူအများစုမျက်လုံးထဲတွင် အားကျဖွယ်ကောင်းသော ခင်ပွန်းလောင်းတစ်ဦးဖြစ်၏။ ပြဿနာမှာ ချူချာသော သူ့ညီဖြစ်သူ ဟော်ဝမ်ပင်ဖြစ်လေသည်။





တကယ်တော့ ဟော်ချင်း အသက်ဆယ့်ခြောက်နှစ်ပြည့်ကတည်းမှ သူ့အတွက် အိမ်ထောင်ရေးကမ်းလှမ်းရန် မိသားစုများစွာရောက်လာခဲ့ကြသော်လည်း သူ၏စည်းကမ်းချက်များဖြစ်သော အိမ်ထောင်ကျပြီးနောက် မိသားစုကိုခွဲထွက်၍မရနိုင်ခြင်းနှင့် ညီဖြစ်သူ၏ ဆေးကုသမှုနှင့် ပညာရေးကို ဆက်လက်ထောက်ပံ့မည်ဆိုသည့် အချက်များကို ကြားသောအခါ သူတို့အားလုံးခေါင်းရမ်း၍ သက်ပြင်းချသွားကြပြီး ထိုကိစ္စလည်းပျက်ပြယ်သွားခဲ့ရသည်။




အိမ်ထောင်ရေးကိုစီစဉ်မပေးနိုင်ခဲ့သော ထိုမိသားစုများကို ဟော်ဝမ်အပြစ်မတင်ခဲ့ပေ။ ချူချာသော သူ့ကျန်းမာရေးကိုသာ အပြစ်တင်ခဲ့လေသည်။ ယခု ကိစ္စများ ဤမျှကြာရှည်လာချိန်တွင် ဝမ်ချိုးလျန်လိုလူမျိုးကပင် သူတို့ထံလာရောက်စော်ကားရဲနေပြီဖြစ်၏။ ထိုသို့တွေးမိသောအခါ ဟော်ဝမ်သည် ရှက်ရွံ့မှုနှင့် အပြစ်ရှိသလို ခံစားရမှုတို့ကြောင့် သူ့လက်သီးများကိုပို၍တင်းတင်းဆုပ်ထားလိုက်သည်။ နဂိုကတည်းမှ အားနည်းနေသော သူ့ခန္ဓာကိုယ်မှာ ပို၍ပင်ယိုင်နဲ့နဲ့ဖြစ်သွားသလိုပင်။





ဟော်ချင်းသည် ညီဖြစ်သူ၏အတွေးများကို ကောင်းစွာသိရှိထားသော်လည်း အနည်းငယ် အကူအညီမဲ့သလိုခံစားနေရသည်။ ချူချာသော သူ့ကျန်းမာရေးနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော မိသားစု၏ကံဆိုးမိုးမှောင်ကျမှုများကြောင့် ဟော်ဝမ်သည် ငယ်စဉ်ကတည်းမှ ရွာထဲတွင် အတင်းအဖျင်းစကားများကို များစွာကြားခဲ့ရပြီး သူ့ကို အထူးတလည် ခံစားလွယ်သူတစ်ဦး ဖြစ်လာစေခဲ့ပုံရ၏။




တကယ်တော့ ဟော်ချင်းသည် သူ့ကိုယ်ပိုင်အိမ်ထောင်ရေးနှင့် ပတ်သက်၍ အတော်လေးပွင့်လင်းစွာ တွေးတောထားသူဖြစ်သည်။ အိမ်ထောင်ရေးဆိုသည်မှာ မကျေနပ်ချက်များဖြင့် အစပြုရမည့်ကိစ္စမဟုတ်ပေ။ အိမ်ထောင်မပြုမီကတည်းက အဆင်မပြေမှုများရှိနေလျှင် အိမ်ထောင်ကျပြီးနောက် မိသားစုအတွင်း ကမောက်ကမဖြစ်ကာ ပြဿနာများ ပိုမိုဖြစ်ပေါ်လာစေမည်သာဖြစ်၏။





ထို့ပြင် သူ့မိသားစုအတွက် ရှောင်ဝမ်၏ လစဉ်ဆေးဖိုးနှင့် ကျောင်းစရိတ်များမှာ တကယ်ပင်များပြားလှရာ လူများက သူတို့သမီးများနှင့် သားများကို ဤမိသားစုထဲသို့ အိမ်ထောင်ချပေးရန်နှင့် အတူတကွဒုက္ခခံခိုင်းရန် ဝန်လေးကြသည်မှာ ပုံမှန်ပင်ဖြစ်လေသည်။ သို့ရာတွင် သူ့အသက်ဆယ့်တစ်နှစ်အရွယ် ချူချာသောညီဖြစ်သူကို သီးခြားခွဲနေရန် စေလွှတ်မည့်ကိစ္စကိုတော့ သူလုံးဝသဘောတူနိုင်မည် မဟုတ်ချေ။





ဤအကြောင်းကို ဟော်ဝမ်အား အကြိမ်ကြိမ် သူပြောပြခဲ့ဖူးသော်လည်း သူ့အိမ်ထောင်ရေးကိစ္စ တစ်နှစ်ပြီးတစ်နှစ် ကြန့်ကြာနေသည်ကိုမြင်ရသောအခါ ဟော်ဝမ်အတွက်တော့ တကယ့်ကို စိုးရိမ်စရာကိစ္စတစ်ခုဖြစ်လာခဲ့ပေသည်။ ယနေ့ ဝမ်ချိုးလျန်၏ ပေါက်ကွဲမှုကြောင့် ရက်အနည်းငယ်ခန့် သူစိတ်မကောင်းဖြစ်နေရဦးမည်ပင်။





ဤအတိုင်း ဆက်သွား၍မဖြစ်နိုင်တော့ချေ။ ရေရှည်အတွက် အဖြေတစ်ခုကို သူရှာဖွေရန်လိုအပ်နေပေပြီ။ ဟော်ချင်း ဤကိစ္စကို မည်သို့ဖြေရှင်းရမည်နည်းဟု တွေးတောရင်းမော့ကြည့်လိုက်ရာ သစ်သားဗီရိုကြီးပေါ်တွင် သူ ပေါ့ပေါ့ဆဆ တင်ထားခဲ့သော သတိပြုမိရန်ခက်သည့် ကျောက်စရစ်ခဲဖြူလေးတစ်လုံးပေါ်သို့ မျက်လုံးရောက်သွားခဲ့သည်။





ဝေးကွာနေပြီဖြစ်သော အတိတ်မှ မှတ်ဉာဏ်တစ်ခုသည် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ ခေတ္တမျှ စဉ်းစားပြီးနောက် ဟော်ချင်းတွင် အကြံတစ်ခုရလာခဲ့လေသည်။ ရုတ်တရက် သူရယ်မောလိုက်ပြီး ရှေ့သို့လှမ်းကာ ညီဖြစ်သူပခုံးကိုပုတ်၍ ဘာသိဘာသာလေသံဖြင့် ပြောလိုက်သည်။





"ကဲပါ မျက်နှာကြီး မှိုင်းမနေနဲ့တော့၊ အစ်ကို့ရဲ့အိမ်ထောင်ရေးအတွက် မင်း စိတ်ပူစရာမလိုပါဘူး၊ အမေသက်ရှိထင်ရှားရှိစဉ်ကတည်းက အစ်ကို့အတွက် အိမ်ထောင်ဖက်စီစဉ်ပေးခဲ့ပြီးသားဆိုတော့ နောက်ထပ် အိမ်ထောင်ရေးတစ်ခုကို ကိုယ်က ဘယ်လိုလုပ် စီစဉ်လို့ရတော့မလဲ"