Ch 6
Viewers 1k

6





ခေတ္တမျှ စဉ်းစားပြီးနောက် သူ တစ်ခုခုလွဲမှားနေသည်ဟု ခံစားရဆဲဖြစ်ကာ မေးခွန်းအနည်းငယ် ထပ်မေးရန် ပြင်လိုက်စဉ် ထိုအချိန်မှာပင် လီရှီသည် ကျိန်ဆဲလျက် ဝင်လာလေသည်။ လီရှီက ပြောလိုက်၏။





"ထွီ အဲဒီအသည်းနှလုံးမရှိတဲ့ မိန်းမပျက် ဝမ်ချိုးလျန်၊ နောက်တစ်ခါ သူ့ကိုထပ်တွေ့ရင် အရှင်လတ်လတ် အရေခွံခွာပစ်မယ်"





ထို့နောက် ညီအစ်ကိုနှစ်ယောက်ထံ စိုးရိမ်တကြီးကြည့်ကာ သူမမေးလိုက်သည်။




"ချင်းဇီ ရှောင်ဝမ်၊ မင်းတို့နှစ်ယောက် အိမ်မှာအဆင်ပြေရဲ့လား"




လီရှီသည် ညီအစ်ကိုများ၏ဦးလေးဖြစ်သူ ဟော်ထျဲ့ရှန်း၏ဇနီးဖြစ်သည်။ ဟော်ထျဲ့ဖုန်းတွင် အစ်ကိုတစ်ယောက်တည်းသာရှိပြီး သူတို့မိဘများ ကွယ်လွန်သွားကတည်းမှ ဦးလေးဖြစ်သူ၏မိသားစုသည် သူတို့ကို ကောင်းမွန်စွာစောင့်ရှောက်ပေးခဲ့ကာ လိုအပ်ချက်များကိုအမြဲမှတ်ထားပြီး မိသားစုဝင်များကဲ့သို့ ဆက်ဆံခဲ့သည်။ ထို့ကြောင့် ညီအစ်ကိုများသည် လီရှီကို အလွန်လေးစားကြ၏။ သူတို့နှစ်ဦးစလုံး ဝမ်ချိုးလျန်အပေါ် လီရှီ၏ဒေါသတကြီး ပေါက်ကွဲသံကိုကြားခဲ့ရပြီး ဝမ်ချိုးလျန်ကို မောင်းထုတ်ပြီးနောက်တွင်ပင် သူမစိတ်တိုနေဆဲဖြစ်သည်ကို မြင်သောအခါ ဟော်ချင်းမနေနိုင်ဘဲ ပြုံးလိုက်ကာ လီရှီကိုနှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။ လီရှီ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်၏။




"ဟမ့် ငါတအားဒေါသထွက်နေတုန်းပဲ၊ အဲဒီဝမ်ချိုးလျန် လူတွေကိုဘယ်လိုများ ဒီလိုဆက်ဆံရက်တာလဲ၊ သူမကအဲဒီရွှီမိသားစုက ကောင်လေးအကြောင်းကို သိပ်အမွှမ်းတင်ပြောနေတာပဲ၊ ဘာလို့ သူ့သားအရင်းကို အဲဒီကောင်လေးနဲ့ ပေးမစားရတာလဲ"




ကျိန်ဆဲပြီးနောက် သူမလက်ကာပြကာ ပြောလိုက်သည်။




"ကဲပါ ကဲပါ၊ အနည်းဆုံးတော့ ဒီနေ့အဲဒီမိန်းမဆိုးကို ရိုက်နှက်ပြီး ငါ့ဒေါသတွေကို ဖြေဖျောက်ခွင့်ရလိုက်ပါတယ်၊ အဲဒီ စက်ဆုပ်စရာကောင်းတဲ့ကိစ္စကို ဆက်မပြောကြရအောင်"




သူမသည် အငြိုးအတေးထားတတ်သောလူစားမျိုးမဟုတ်ဘဲ ကျိန်ဆဲကာ ရိုက်နှက်ပြီးနောက်တွင် အတော်လေး နေသာထိုင်သာ ရှိသွားခဲ့သည်။ လီရှီ ဟော်ဝမ်ကိုကြည့်ကာ ပြောလိုက်သည်။




"ငါက မင်းတို့နှစ်ယောက်ကိုလာကြည့်ရုံသက်သက်ပါပဲ၊ အဲဒီစုန်းမကြီးပြောသွားတဲ့ စကားတွေကို စိတ်ထဲမထားနဲ့ ကြားလား၊ အထူးသဖြင့် ရှောင်ဝမ်ပဲ၊ ဝမ်ချိုးလျန်ရဲ့ပါးစပ်က အညစ်အကြေးတွေနဲ့ ပြည့်နေတာ ကျက်သရေမရှိဘူး ဆိုတာဘာကိုပြောတာလဲ၊ ငါတို့ရှောင်ဝမ်က ကံကောင်းတဲ့သူပဲဟာ"




ထိုအချိန်တွင် ဟော်ဝမ်သည် ဝမ်ချိုးလျန်အကြောင်းကို ဂရုမစိုက်နိုင်တော့ပေ။ သူ အစ်ကိုဖြစ်သူ၏စီစဉ်ထားသော အိမ်ထောင်ရေးအကြောင်းကိုသာ တွေးနေခဲ့သည်။ မူလက အစ်ကိုဖြစ်သူ၏စီစဉ်ထားသော အိမ်ထောင်ရေးအကြောင်း သူမသိသလားဟု အဒေါ်ဖြစ်သူကို မေးချင်ခဲ့သော်လည်း သူမ၏ဒေါသထွက်နေသော မျက်နှာကို မြင်သောအခါ ဟော်ချင်းမှလည်း သူ့ကို မျက်စိမှိတ်ပြလိုက်သဖြင့် စကားများကိုမျိုချ၍ ခေါင်းညိတ်သဘောတူလိုက်ရတော့သည်။




လီရှီသည် စိုးရိမ်တကြီးဖြင့်ဝင်လာခဲ့သော်လည်း သူတို့နှစ်ယောက်စလုံး သိပ်ပြီး ဒေါသထွက်နေပုံမပေါ်သည်ကို မြင်သောအခါ စိတ်သက်သာရာရသွားခဲ့သည်။ သူမသည် ညီအစ်ကိုများကို အကြိမ်အနည်းငယ် ထပ်မံနှစ်သိမ့်ပြီးနောက် အိမ်သို့ပြန်သွားခဲ့၏။ ထိုကိစ္စသည် ပြီးဆုံးသွားပြီဟုယူဆရသည်။ သို့ရာတွင် ညီဖြစ်သူကို နှစ်သိမ့်ရန် သူအသုံးပြုခဲ့သော ဆင်ခြေသည် ဤမျှမြန်မြန်တကယ်ဖြစ်လာလိမ့်မည်ဟု ဟော်ချင်း ဘယ်သောအခါမှထင်မှတ်မထားခဲ့ပေ။




တစ်ဖက်တွင်လည်း ကျန်းယွင်လင်သည် လှေပေါ်မှဆင်းကာ လက်ထပ်စာချုပ်ပါ လမ်းညွှန်ချက်များအတိုင်း လမ်းတစ်လျှောက် လူများစွာကို မေးမြန်းရင်း သုံးရက်အကြာတွင် နောက်ဆုံး၌ ယန်ရှီးရွာသို့ရောက်ရှိလာခဲ့သည်။ သူ့ရှေ့တွင် တင်းတင်းပိတ်ထားသော သစ်သားတံခါးကိုကြည့်ပြီး ကျန်းယွင်လင် စိုးရိမ်တကြီးဖြင့် လက်ကို ပွတ်သပ်နေမိပြီး ရင်ထဲတွင်ကြောက်ရွံ့မှုတစ်ခု ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။ သူသည် သိပ်မတွေးဘဲ ဤနေရာသို့ အလျင်စလို ရောက်လာခဲ့သော်လည်း ယခု ဟော်မိသားစုနှင့် အလွန်နီးကပ်နေချိန်တွင် ထိုတံခါးကိုမည်သို့ခေါက်ရမည်အားမသိဘဲ တွေဝေနေခဲ့သည်။ 




ဟော်မိသားစုက သူ့ကိုလက်ခံပါ့မလား။ သူ့ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ သတ်မှတ်မလား။ သူ့စေ့စပ်ထားသူ ဟော်ချင်းက ဘယ်လိုလူမျိုးလဲ။ 




အေးစက်သော လေပြင်းတစ်ချက်ကြောင့် လန့်ဖြတ်နိုးလာသည်ထိ သူ့အတွေးများမှာ ရှုပ်ထွေးနေခဲ့သည်။ မြစ်တစ်စင်းတည်းသာ ခြားနေသော်လည်း ဤနေရာရှိ ရာသီဥတုမှာ ကျားလင်နှင့် အလွန်ကွာခြားလှသည်။ ဆောင်းဦးနှောင်းပိုင်းသာရှိသေးသော်လည်း နံနက်ခင်းလေထုမှာ သိသိသာသာ အေးစိမ့်နေပြီပင်။ ကျန်းယွင်လင် သူ့အဝတ်အစားများကိုပိုတင်းတင်းဆွဲစိလိုက်ပြီးနောက် ဤကဲ့သို့ဝတ်စားဆင်ယင်လျက် သွားရောက်လည်ပတ်ရန် မသင့်တော်သလိုဖြစ်နေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ သူသည် တစ်ယောက်တည်း ခရီးသွားနေရသောကြောင့် ထင်ရှားသောဝတ်စားဆင်ယင်မှုမှာ လမ်းပေါ်ရှိလူဆိုးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မည်ကို ကြောက်ရွံ့သဖြင့် လှေပေါ်မတက်မီကတည်းမှ ရုပ်ဖျက်ထားခဲ့ခြင်းဖြစ်သည်။ 




သူ့အဝတ်အစားများမှာ လွန်ခဲ့သောနှစ်များတည်းကဝတ်ခဲ့သော အဝတ်ဟောင်းများဖြစ်ပြီး လှေပေါ်တွင်ရက်ပေါင်းများစွာ ခရီးသွားခဲ့ရသဖြင့် စုတ်ပြဲညစ်ပတ်ကာ ထူးဆန်းသောအနံ့အသက်များ ထွက်နေသည်။ သူ့မျက်နှာထက်တွင် မီးသွေးပြာများလူးထားပြီး အမာရွတ်တစ်ခုဖုံးလွှမ်းနေကာ မျက်လုံးများမှလွဲ၍ သူ့ကိုမှတ်မိနိုင်စရာမရှိတော့ပေ။ လမ်းတစ်လျှောက် သူကြုံတွေ့ခဲ့ရသော ရွာသားများသည် တိတ်ဆိတ်နေကြသော်လည်း ရုတ်တရက်ပေါ်လာသော သူတောင်းစားတစ်ဦးကို ကြည့်သကဲ့သို့ သူ့ကိုကြည့်ခဲ့ကြသည်။




သူကိုယ်သူ ဆေးကြောရန် အနည်းဆုံးတော့ မျက်နှာသစ်ရန် ချောင်းတစ်ခုခုကို မရှာသင့်ဘူးလားဟု တွေးနေမိသည်။ ကျန်းယွင်လင်တွေဝေနေစဉ်မှာပင် သစ်သားတံခါးမှာ အထဲမှ ရုတ်တရက် ပွင့်လာခဲ့သည်။ ဓားပုံစံ မျက်ခုံးများ၊ မျက်ဝန်းနက်များနှင့် ဂျုံရောင်အသားအရေတို့ရှိသည့် လူငယ်တစ်ဦးထွက်လာခဲ့၏။ ထိုသူသည် ရုပ်ရည်ချောမောလှသည့်အပြင် အရပ်မြင့်မြင့်ဖြင့် တွန်းလှည်းတစ်စီးကို တွန်းလာသည်။ သူ့ပခုံးများနှင့် လက်မောင်းများမှာ ကြွက်သားများဖုထစ်နေပြီး သန်မာကာစွမ်းဆောင်ရည်ရှိသော အမျိုးသားတစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။




ကျန်းယွင်လင်မှာ ခေတ္တမျှမှင်တက်သွားပြီး သူ့ဗာဒံစေ့ပုံစံမျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ ဟော်မိသားစုနှင့် ဤကဲ့သို့ဆုံတွေ့ရလိမ့်မည်ဟု ဘယ်သောအခါမှ သူထင်မှတ်မထားခဲ့ပေ။ ဤအမျိုးသားမှာ အလွန်ငယ်ရွယ်ပုံရသဖြင့် သူ့စေ့စပ်ထားသူဟော်ချင်းပင် ဖြစ်ရမည်ဟု ထင်မှတ်နေမိသည်။ မနက်အစောကြီး တံခါးဝတွင် လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဟော်ချင်းသည်လည်း အံ့အားသင့်သွားခဲ့သည်။ သူ အနီးအနားရှိ ရွာတစ်ရွာသို့ ဝက်များသွားရောက်ဝယ်ယူရန် ထွက်လာခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ တံခါးဝတွင် ရပ်တန့်လိုက်ရ၏။ ထိုလူမှာ ခေါင်းအစခြေအဆုံးညစ်ပတ်နေပြီး မျက်နှာမှာ မည်းနက်နေသဖြင့် မည်သူမည်ဝါမှန်း ခွဲခြား၍မရနိုင်ပေ။ သူ့နားရွက်ပေါ်ရှိ အနီရောင်မှဲ့ငယ်လေးသာမရှိလျှင် ဟော်ချင်း သူ့ကိုကောလေးတစ်ဦးမှန်း သိနိုင်မည်မဟုတ်ပေ။ ခေတ္တမျှ အပြန်အလှန် စိုက်ကြည့်ပြီးနောက် လူငယ်လေး၏စိုးရိမ်နေသော အကြည့်ကို မြင်သောအခါ ဟော်ချင်းမနေနိုင်ဘဲ အရင်မေးလိုက်သည်။




"ညီလေး လူတစ်ယောက်ယောက်ကိုရှာနေတာလား"




သို့သော် သူဘာကြောင့် လူရှာရင်း တံခါးဝမှာ လာရပ်နေရတာလဲဟု တွေးနေမိသည်။ ထိုအချိန်က ကျန်းယွင်လင် ဘာတွေးနေသည်ကို သူကိုယ်တိုင်ပင်မသိခဲ့ပေ။ ဖြစ်နိုင်သည်မှာ အလွန်တရာစိုးရိမ်နေခြင်းကြောင့် သို့မဟုတ် ဟော်ချင်းမှ သူ့ကိုသူတောင်းစားဟု ထင်မှတ်ကာ မောင်းထုတ်မည်ကို ကြောက်ရွံ့နေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ စကားလုံးများသည် မစဉ်းစားဘဲ ပါးစပ်မှ ထွက်ကျသွားခဲ့သည်။

 



"အစ်ကိုဟော် ကျွန်တော်ကကျန်းယွင်လင်ပါ၊ အစ်ကို့ရဲ့ ခင်ပွန်းလေ"





ဟော်ချင်းမှာဘာပြန်ပြောရမှန်းမသိဘဲဆွံ့အသွားခဲ့သည်။ တံခါးဝမှဆူညံသံကို ကြားရသဖြင့် အိမ်ထဲမှထွက်လာသော ဟော်ဝမ်သည် ဤစကားကိုအမှတ်မထင် ကြားလိုက်ရလေသည်။