🐍Chapter 96
T/N : သတ်ဖြတ်သည့်အခန်းများ ပါဝင်ပါသည်။ မဖတ်ရဲသည့်သူများ ကျော်နိုင်စေရန် ထိုအခန်း စတင်သည့်အချိန်နှင့် အဆုံးတွင် Warning ဖြင့် သတိပေးပါမည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသားသည် ဈာပနအခမ်းအနားဝတ်စုံကို ၀တ်ထားသည်။ ထောင်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သော်လည်း အဖြူရောင်အဝတ်အစားများသည် အသစ်ကဲ့သို့ အစက်အပြောက်ကင်းစင်ကာ ဖုန်မှုန့်အမှုန်အမွှားများပင် ကင်းစင်နေသည်။ ထိုလူ၏မျက်နှာကို ကြည့်လိုက်သောအခါ စုလောင်နှင့် လျှိုကျစ်ရှင်း ကြက်သေသေသွားသည်။ ဝေးကွာသော တောင်ကြီးများကဲ့သို့ မျက်ခုံးနှင့် အနီရောင်နှုတ်ခမ်းဖြစ်သည်။ နိုင်ငံတော်နှင့်မြို့တော်ကို ကျဆုံးစေနိုင်သည့် အလှတရားမျိုး မဟုတ်ဘဲ နွေဦးလေညင်း ကဲ့သို့ပင် သူ့ကို ကြည့်မိသောသူများ၏ နှလုံးသားကို ငြိမ်းချမ်းစေသည်။ ထိုလူက မျက်လုံးဖွင့်လိုက်လျှင် သူ့မျက်လုံးများသည် ဆောင်းဦးရေကဲ့သို့ ကြည်လင်နေမည်မှာ သေချာသည်။ မျက်မှောင်ကြုတ်လိုက်တိုင်း၊ ပြုံးလိုက်တိုင်းတွင် လူတစ်ယောက်၏နှလုံးသားကို တုန်လှုပ်စေလိမ့်မည်။
“ကြည့်နေရင်းနဲ့ အ သွားတာလား..”
ရုတ်တရက် ကျယ်ဝန်းပြီး ဘာမှမရှိနေသော ပင်မသင်္ချိုင်းအခန်းတွင် လှောင်ပြောင်သံတစ်ခု ပဲ့တင်ထပ်လာသည်။
အာရုံပြန်မပေါ်လာသေးသော လျှိုကျစ်ရှင်းက သဘောတူစွာဖြင့် အလိုအလျောက်တုန့်ပြန်လိုက်သည်။
“လှတယ်... တကယ်လှတယ်... ဒီလိုလူမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး...”
ထိုစကားများပြောနေချိန်မှာပင် လျှိုကျစ်ရှင်း သည် သူ့ကိုယ်သူ ရုတ်တရက် သတိပြန်ဝင်လာသည်။
အခုက ဘယ်သူစကားပြောလိုက်တာလဲ...
စုလောင် လည်း သတိပြန်ဝင်လာကာ လျှိုကျစ်ရှင်း နှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
သူတို့နောက်မှာ ရယ်မောပျော်ရွှင်နေတဲ့ ယင်ရှောင်ရှောင်း ကလွဲရင် ဘယ်သူဖြစ်ရမှာလဲ။ ယင်ရှောင်ရှောင်း၏ ဘေးတွင် မော့လောင်တ ရပ်နေသည်။
စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် ပါးစပ်ဟောင်းလောင်း ဖြစ်နေခဲ့ကြသည်။ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ မသိစိတ်က ပြင်ဆင်နေသော စုလောင် ကမေးလိုက်သည်။
"မင်းကဘာလို့ ဒီကို ရောက်နေတာလဲ..."
ယင်ရှောင်ရှောင်း က ခေါင်းငုံ့ပြီး အံ့သြတကြီး မေးလိုက်သည်။
"အရမ်း အံဩသွားလား...ငါတို့ကဘာလို့ဒီမှာမရှိနေရမှာလဲ... အိုး... မှန်ပါတယ်... မင်းနဲ့ စာရင်းရှင်းဖို့ ငါ့မှာ အကြွေးကျန်သေးတယ် ... မနေ့ညက ငါတို့ဂူထဲမှာ မအိပ်ခဲ့ဘူးလား... ငါ့လျော်ကြေးက ဘာလဲဆိုတာရော သိလား... နောက်ပြီး….”
ယင်ရှောင်ရှောင်း သည် လျှိုကျစ်ရှင်း ကို ကြည့်လိုက်သည်။
“ဒီလူက ငါ့ကို ဒဏ်ရာရစေခဲ့တာကော သိလား.. ငါ့ရဲ့ ငွေရောင်ကြေးခွံတွေက ငါ့ရဲ့ ဂုဏ်ယူမှုနဲ့ ပျော်ရွှင်မှုပဲ..”
ယင်ရှောင်ရှောင်း က ပြုံးနေသော်လည်း သူ့မျက်လုံးများသည် ဝမ်းနည်းပူဆွေးပြီး အေးစက်နေသည်။
လျှိုကျစ်ရှင်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
အမှန်အတိုင်းပြောရရင် ဒီငွေရောင်မြွေဟာ အဲဒီတုန်းက သူမြင်ခဲ့ရတဲ့ မြွေတစ်ကောင်ပဲ...
“အစကတော့ မင်းတို့ က ငါတို့ကို လွှတ်လိုက်မယ်လို့ ကတိပေးထားတယ်... မင်းတို့က အခု ငါတို့ကို ချောင်ပတ်ဖမ်းနေတာ ဖြစ်သင့်လား..."
စုလောင် သည် လျှိုကျစ်ရှင်း ကို စိုက်ကြည့်ရင်း အသံလေးနက်နေသည်။
မော့လောင်တ က စကားမပြောပေ။ ယင်ရှောင်ရှောင်း က ပြုံးလျှက် ပြောသည်။
"အဲဒီတုန်းက မင်းတို့ကို လွှတ်ပေးမယ်လို့ ငါတို့ကတိပေးခဲ့တယ်... ဒါပေမယ့် နောက်တစ်ခါကျရင်မင်းတို့ကို လွှတ်ပေးမယ်လို့ ငါတို့ ဘာမှ မပြောခဲ့ဘူး... ဒါ့ပြင် အခု မင်း တို့က သင်္ချိုင်းဟောင်းထဲကို ဝင်သွားပြီးတော့ အသက်ရှင်ပြီး ထွက်သွားဖို့ကို မျှော်လင့်နေတုန်းပဲလား။
စုလောင် သည် ခဏမျှ နှုတ်ဆိတ်နေပြီးမှ ရုတ်တရက် ပြောလိုက်သည်။
“မင်းတို့က ငါ့နောက်မှာရှိနေတဲ့ အလောင်းကို ကာကွယ်ဖို့ရှိနေကြတာ မဟုတ်ဘူးလား.. အခု ဒီအလောင်းက ငါ့ဘေးမှာလေ.. မင်းတို့က အရမ်းမြန်တယ်ဆိုရင်တောင် ဒီအလောင်းကို ဖျက်ဆီးမှာကို တားနိုင်လောက်အောင် မမြန်ဘူးဆိုတာတော့ သေချာတယ်..”
စုလောင်ပြောပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း ပြုံးလျက်နှင့် မည်သည့်စကားမျှ မဆိုသည်ကို မည်သူကမျှ တွေးမိမည်မဟုတ်ပေ။ ယင်ရှောင်ရှောင်းနံဘေးတွင် ရှိနေသည့် မော့လောင်တပင်လျှင် မျက်လုံးများထဲတွင် လှောင်ပြောင်လိုမှုတို့ ရှိနေသည်။ စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် မြွေနှစ်ကောင်၏ စိတ်ထဲတွင် မည်သို့တွေးနေသည်ကို မသိကြ၍ ပဟေဠိဖြစ်နေကြသည်။ သို့သော်လည်း ထိုအချိန်မှာပင် အနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းတို့က ငါ့အလောင်းကို ပြောနေကြတာလား..”
ထိုယောကျ်ား၏ လေသံမှာ ထူးမခြားနား ဖြစ်သော်လည်း သူ၏အသံသည် အထူးတလည် နူးညံ့သာယာလို့နေသည်။ သို့သော်လည်း ယခုအချိန်တွင် စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် သာယာသည်၊ နူးညံ့သည်အား ဂရုစိုက်နိုင်သည့်အချိန် မဟုတ်ပေ။ သူတို့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားရပြီး ချက်ချင်းပင် ကုတင်ဘေးမှ ပြေးထွက်လိုက်သည်။
ကုတင်ပေါ်တွင် ထိုင်နေသည့် အမျိုးသားကို တွေ့သည့်အခါ စုလောင်နှင့် လျှိုကျစ်ရှင်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကုတင်ပေါ်ရှိလူမှာ ထထိုင်ပြီး စကားပြောနေသည်။ ထို့နောက် သူတို့ထပ်ကြည့်လိုက်ကြပြန်သည်။ သူတို့နှစ်ယောက်၏ သတ္တိများ ပြိုလဲသွားလေပြီ။ ကုတင်ပေါ်ရှိလူမှာ ကောင်းမွန်စွာ လဲလျောင်းနေဆဲရှိသည်။ ကုတင်ပေါ်တွင် ထိုင်နေသည့်လူမှာလည်း သူတို့အားကြည့်ကာ စကားပြောလို့နေပြီး ကုတင်ပေါ်ရှိ မျက်လုံးများပိတ်ထားသည့်လူနှင့် တစ်ထေရာတည်း တူနေသည်။
ထိုအရာများနှင့် ကြုံတွေ့ရသော်လည်း စုလောင် ရှုပ်ထွေးသွားခြင်း မရှိပေ။ ထို့နောက် အထိတ်တလန့်ဖြင့် မေးလိုက်သည်။
“မင်းက ဘယ်သူလဲ...”
ကုတင်အစွန်းတွင်ထိုင်ရင်း ကျိခန်း အနည်းငယ်ပြုံးလိုက်သည်။ အပြုံးသည် အလွန်တရာ လှပနေသော်လည်း စုလောင်နှင့် လျှိုကျစ်ရှင်း၏ မျက်လုံးထဲတွင်မူ အလွန်ကြောက်စရာကောင်းသည်။ ကျိခန်း မတ်တပ်ရပ်လိုက်သည်။ သူသည် သူတို့၏မေးခွန်းကို မဖြေဘဲ အထက်စီးဆန်စွာဖြင့်မေးလိုက်သည်။
“ဒီမှာ ထာဝရအသက်ရှည်နိုင်မယ့်ပစ္စည်းကို လာရှာတာလား..”
စုလောင် တံတွေးမျိုချလိုက်သော်လည်း မည်သည့်စကားမျှ မဆိုပေ။
ယင်ရှောင်ရှောင်း သည် ကျိခန်း ၏ပခုံးပေါ်မှ လျှောကျလာပြီး ပြုံးကာ ပြောလိုက်သည်။
“သူက ထာဝရအသက်ထက် ပိုလိုချင်နေတာ မဟုတ်ဘူးလား.. မင်းသင်္ချိုင်းထဲက အသုဘပစ္စည်းတွေကို တစ်ယောက်ယောက်က မျက်စိကျနေတာ အတော်လေး ခက်ခဲမှာပဲနော်..”
ယင်ရှောင်ရှောင်း၏ အကြည့်သည် လျှိုကျစ်ရှင်း၏ အိတ်ကပ်ထဲတွင်ရှိသော ရွှေတုံးအပေါ် ရောက်သွားသည်။
ကျိခန်း ကလည်း ပြုံးပြီးပြောသည်။
"ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... ထောင်စုနှစ်ပေါင်းများစွာအထိ ငါ့ရဲ့သင်္ချိုင်းအခန်းကို ဘယ်သူမှဖျက်ပြီး မ၀င်ရောက်ရဲဘူး...”
ခေတ္တနားပြီးနောက် သူက မေးလိုက်သည်။
“ဒီမှာ အသက်ရှည်နိုင်တဲ့ တစ်စုံတစ်ခုရှိတယ်ဆိုတာ ဘယ်သူပြောလဲ...”
ကျိခန်း ၏ အကြည့်က စုလောင် ကို စိုက်ကြည့်နေသည်။
စုလောင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသော်လည်း သူ မတုံ့ပြန်ဘဲ မနေရဲပေ။
“ဒါက အတိအကျတော့ မသိဘူး... လူတိုင်းကပြောနေကြလို့... ငါကကံစမ်းဖို့ လာခဲ့တာ..."
လျှိုကျစ်ရှင်းသည် စုလောင် ၏နောက်တွင် တိတ်တဆိတ် ပုန်းနေလိုက်သည်။ ကုတင်ပေါ်တွင် လဲနေသည့်သူနှင့် သူတို့ရှေ့တွင် ရပ်နေသည့်သူမှာ တစ်ဦးတည်း ဖြစ်ပေမည်။ ကုတင်ပေါ်တွင် လဲနေသည့်သူမှာ အလောင်းဖြစ်လျှင် သူတို့အရှေ့တွင် ရပ်နေသူမှာ မည်သည့်အရာနည်း။
လျှိုကျစ်ရှင်းတွေးနေသည်အား ယင်ရှောင်ရှောင်း သိနေပုံရသည်။ ရုတ်တရက် လျှိုကျစ်ရှင်းအား ပြောလာသည်။
“သေချာပေါက် သရဲပေါ့..”
လူနှစ်ယောက်၏ မျက်နှာများ ဖြူဖျော့သွားပြီး ခြေလှမ်းအနည်းငယ် လှမ်းကာ သတိလစ်သွားကြသည်။ သူတို့စိတ်နှလုံးသားအောက်ခြေတွင် ၎င်းတို့သည် ထိုနိဂုံးချုပ်ကို အနည်းနှင့်အများဆိုသလို အတည်ပြုပြီး ဖြစ်သော်လည်း လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။
ကျိခန်းသည် သူတို့နှစ်ဦး၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ သူက လှည့်ကြည့်ရုံမျှဖြင့် သူ့အလောင်းကို ခံစားချက်မပါစွာဖြင့် စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူသည် သက်ပြင်းချလိုက်သည်။
“ထာဝရအသက်... လူတွေက ဒါကို တကယ်ယုံကြည်နေသေးတာလား...”
ထို့နောက် သူသည် စုလောင် နှင့် လျှိုကျစ်ရှင်း ကို လှည့်ကြည့်လိုက်သည်။
"ထာဝရအသက်သာတကယ်ရှိခဲ့ရင် အခုငါဒီလိုဖြစ်နေပါ့မလား..."
စုလောင် ၏နှလုံးတုန်လှုပ်သွားသည်။
“ဒါပေမယ့် မင်းရဲ့အလောင်းက မဆွေးမြေ့သေးပါဘူး...အခုလည်း မင်း…”
ကျိခန်း က စုလောင်ကို ရိုင်းစိုင်းစွာဖြင့် ကြားဖြတ်လိုက်သည်။ သူ့အသံမှာ သနားစရာပင်ဖြစ်သည်။
“အမှန်တိုင်းပြောရရင် ငါ့ပါးစပ်ထဲက တစ္ဆေငါးမန်းဥက သေဆုံးသူရဲ့ ရုပ်အလောင်းကို မဆွေးမြေ့အောင် တားဆီးပေးနိုင်တယ်... ဒါက မင်းတို့ခေါ်နေတဲ့ ထာဝရအသက် လုံးဝမဟုတ်ဘူး... ငါ့ဝိညာဉ်က ဘာလို့ဒီမှာရှိနေရတာလဲဆိုတော့..."
ကျိခန်း ၏အကြည့်သည် အနည်းငယ်ဝေးသွားသည် ။
“ငါ ဒီကို ရောက်နေတာ နှစ်ထောင်ချီနေပြီ... ငါဒီမှာ နှစ်ထောင်ချီကြာနေချင်တယ်လို့ မင်းထင်လား... မင်းက ဒီလိုပဲ လိုချင်တာလား..."
ကျိခန်း ပြောသမျှကို နားထောင်ရင်း စုလောင် ထိတ်လန့်သွားသည်။ ဤအရာသည် အစစ်အမှန်မဟုတ်ဟု သူမထင်ခဲ့ပေ။ သို့သော် လူသားများသည် ၎င်းတို့ကိုယ်တိုင် သက်သေမပြဘဲ ဤအရာများသည် မှားယွင်းကြောင်း အမြဲဝန်မခံကြပေ။ ယခု ဤနေရာသို့ ရောက်သောအခါ စုလောင် စိတ်ပျက်နေပြီဖြစ်သည်။
လျှိုကျစ်ရှင်း ကတုန်တုန်ယင်ယင်ဖြင့် စုလောင် ၏နောက်တွင် ရပ်လိုက်သည်။
ရှုပ်လိုက်တဲ့ ထာဝရအသက်၊ ရှုပ်လိုက်တဲ့ရတနာ၊ အခုအချိန်မှာ သူ ထွက်သွားချင်တာပဲရှိတယ်...
လျှိုကျစ်ရှင်း သည် ခရီးတစ်လျှောက်တွင် စုလောင် စကားကို နားထောင်ရင်း နောင်တရနေပြီဖြစ်သည်။
အဲဒီငွေရောင်မြွေနောက်ကို လိုက်ပြေးပြီး အစကတည်းက သူ ထွက်သွားဖို့ အတင်းအကျပ် တွန်းအားပေးနေမယ်ဆိုရင် ပိုကောင်းလိမ့်မယ်... စုလောင်နဲ့ သူပဲ ရှိတဲ့အချိန် သူထွက်ပြေးခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... စုလောင် နဲ့အတူ မဝင်ဖို့ ရွေးလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ...
သို့သော်လည်း ဤကမ္ဘာတွင် နောင်တတရားအား ကုသရန် ဆေးဝါးမရှိသေးပေ။
ယင်ရှောင်ရှောင်းနှင့် ကျိခန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယင်ရှောင်ရှောင်း ကပြောသည်။
"မင်းတို့ကို အခုအချိန်အထိ စာနာထောက်ထားတဲ့စိတ်နဲ့ အသက်ရှင်ခွင့်ပေးဖို့ စဉ်းစားပါ... ဒါပေမဲ့ အခုအချိန်အထိတော့ အသက်ရှင်ဖို့ပဲရမယ်...”
“မဟုတ်ဘူး...”
လျှိုကျစ်ရှင်း ရုတ်တရက် အော်လိုက်သည်။
"ငါဒီမှာမသေဘူး...လုံးဝမဖြစ်နိုင်ဘူး"
ပြောပြီးသည်နှင့် မကြာသေးမီက ဝင်လာခဲ့သော ကျောက်တံခါးဆီသို့ ပြေးသွားခဲ့သည်။ သို့သော် စုလောင်က ထိုနေရာတွင် ရပ်နေကာ အံအားသင့်သွားသည်။
အလွန်နောက်ကျသွားပြီဖြစ်သည်။ ကျိခန်းသည် အက်ျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ စုလောင်နှင့် လျှိုကျစ်ရှင်းတို့၏ ခြေထောက်အောက်တွင် အပေါက်တစ်ခု ပေါ်လာပြီး ၎င်းတို့နှစ်ဦး လဲကျသွားခဲ့သည်။
လူနှစ်ယောက် မြေပြင်ပေါ်သို့ လဲကျရန် အချိန်သိပ်မကြာပေ။ ယခင်ကဲ့သို့ပင် စုလောင်သည် အံ့အားသင့်သွားသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ထိုသို့မဟုတ်လျှင် သူသေရမည်မှာ သေချာပြီဟု သိထားပြီးဖြစ်သောကြောင့် လွတ်မြောက်ရန်အတွက် ရုန်းကန်မှုများကို ရပ်တန့်လိုက်သည်။ သို့သော် လျှိုကျစ်ရှင်းသည် မြေပြင်သို့ရောက်ရှိပြီးနောက် အသက်ရှင်လိုသောဆန္ဒကို မဆုံးရှုံးခဲ့ပေ။
သူက ငယ်သေးတယ်... ဒီမှာ မသေသင့်သေးဘူး...
မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် လျှိုကျစ်ရှင်း မတ်တပ်ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် နာကျင်နေသော်လည်း သူ့လှုပ်ရှားမှုများကို အဟန့်အတားမရှိပေ။ လျှိုကျစ်ရှင်း ၏ အရပ်အမောင်းသည် ကံကောင်းလောက်အောင် မမြင့်သည့်အတွက် အတွင်းစိတ်ထဲမှဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ သို့သော်လည်း လျှိုကျစ်ရှင်း သည် သူ့ရှေ့ရှိ အရာများကို မြင်လိုက်ရသောအခါ သူ့တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။
အရှေ့ဘက်တွင် အရိုးတောင်ကြီးတစ်ခုရှိသည်။ မှန်သည်၊ အရိုးတောင်တစ်ခုဖြစ်သည်။
မရေမတွက်နိုင်တဲ့ လူ့အရိုးတွေက တောင်ကြီးတစ်ခုအနေနဲ့ စုပုံလာတာပဲ....
လျှိုကျစ်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။ အလွန်တိတ်ဆိတ်နေသော ထိုသင်္ချိုင်းအခန်းတွင် လျှိုကျစ်ရှင်း၏ တံတွေးမျိုချသံမှာ အထူးသဖြင့် ကျယ်လောင်သည်။
ရုတ်တရက် လျှိုကျစ်ရှင်းနှင့် စုလောင်တို့မှ ထွက်ပေါ်လာခြင်းမဟုတ်သော အသံများသည် ဤသင်္ချိုင်းအခန်းအတွင်း ပဲ့တင်ထပ်သွားသည်။
“ခါချာ …ခါချာ…”
လျှိုကျစ်ရှင်း၏ မျက်နှာတွင် ချွေးအေးများထွက်လာသည်။ အသံလာရာဆီသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့်အရာကြောင့် လူနှစ်ယောက်လုံး၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးများ ထောင်ထလာသည်။ အံ့အားသင့်ဖွယ်ရာမှာ ထိုအရိုးများတွင် သက်ရှိများ၏ အနံ့အား ရရှိနေခြင်းကြောင့်ပင်။ လက်ရှိတွင် ထိုအရိုးများမှာ အသက်ရှင်နေသကဲ့သို့ အတူတကွ ရှိနေကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးခေါင်းခွံမပါသည့် အရိုးစုတစ်ခု ဖြစ်လာသည်။ ဖြည်းညင်းသော်လည်း ခိုင်မာစွာဖြင့် လျှိုကျစ်ရှင်းနှင့် စုလောင်တို့ထံ လျှောက်လာလေသည်။ ပထမတစ်ခု ဖြစ်ပေါ်လာပြီးနောက် ဒုတိယအရိုးစုတစ်ခုလည်း သူ့ကိုယ်သူ တပ်ဆင်လိုက်သည်။ ပို၍ပို၍ များပြားသည့် အရိုးစုများ ဖြစ်ပေါ်လာပြီးနောက်တွင် လျှိုကျစ်ရှင်းနှင့် စုလောင်တို့ထံ လျှောက်သွားကြသည်။
လျှိုကျစ်ရှင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤအချိန်တွင် စုလောင် အသက်ရှင်သည်၊ သေဆုံးသည်အား သူဂရုမစိုက်တော့ဘဲ ဆန့်ကျင်ဘက်တွင်ရှိသော မြင်နေရသည့် ကျောက်တံခါးဆီသို့ အလုအယက် ခြေကုန်သုတ်ပြေးတော့သည်။ အရိုးစုအချို့သည် စုလောင်ဆီသို့ လျှောက်လှမ်းလာကြသော်လည်း ကျန်အရိုးစုများမှာ လျှိုကျစ်ရှင်းဆီသို့ လျှောက်သွားလေသည်။
ကျောက်တံခါးဆီသို့ ပြေးသွားပြီးနောက် လျှိုကျစ်ရှင်း ကျောက်တံခါး၏ ယန္တရားကို အလျင်စလို ရှာဖွေလေသည်။ ကျေးဇူးတင်စရာကောင်းလောက်အောင်ပင် လျှိုကျစ်ရှင်းသည် ယန္တရား၏ခလုတ်အား အလွန်လွယ်ကူစွာ တွေ့ရှိခဲ့သည်။ ယန္တရားအား ဖွင့်ပြီးနောက် လျှိုကျစ်ရှင်းသည် ကျောက်တံခါးကိုဖြတ်ကာ တရှိန်ထိုး ပြေးထွက်သွားလေသည်။ ကျောက်တံခါးမပိတ်မီ တစ်စက္ကန့်အလိုတွင် လျှိုကျစ်ရှင်းသည် စုလောင်အား မသိစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။ တစ်ချက်မျှသာ ကြည့်လိုက်သော်လည်း လျှိုကျစ်ရှင်းမှာ သေမတတ် ဖြူဖျော့သွားကာ ခေါင်းအမြန်လှည့်လိုက်ရသည်။ နောက်တစ်ကြိမ်ထပ် မကြည့်ရဲတော့ပေ။
****** Warning STARTs *****
ထိုအရိုးစုများ စုလောင်ဆီသို့ ရောက်နေကြသည့်တိုင် စုလောင်မှာ တုံ့ပြန်မှုမပြုချေ။ အရိုးစုများသည် ကိုယ်ကိုကိုင်းကာဖြင့် စုလောင်၏ ခန္ဓာကိုယ်အားဆွဲယူကာ အသားများအား ဆွဲခွာပြီး သူတို့၏ အရိုးများပေါ်တွင် ကပ်လို့နေသည်။ အသားစများအား ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် အသားများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ပြုလုပ်နေကြခြင်းပင်။ စုလောင်သည် နာကျင်မှုကြောင့် မေ့မြောသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ထိုသို့မေ့မြောသွားရာမှ သူ့အနေဖြင့် မည်သည့်အခါတွင်မှ ပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ပေ။
အကြည့်ပြန်ရုတ်ပြီးနောက် လျှိုကျစ်ရှင်း အနည်းငယ် စိတ်သက်သာရာ ရမိသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ထိုကြောက်မက်ဖွယ်ရာအခန်းမှ လွတ်မြောက်ခဲ့ခြင်းပင်။ လျှိုကျစ်ရှင်း စိတ်အားတင်းကာဖြင့် အရှေ့သို့ကြည့်လိုက်ပြီးနောက် သူ၏ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ကြောက်လန့်တကြား ခုန်ထွက်သွားသလို ခံစားလိုက်ရသည်။ ဤကြောက်မက်ဖွယ်ရာ နေရာမှ သူအမှန်တကယ် လွတ်မြောက်ခဲ့ခြင်း မရှိပေ။ သူ၏ရှေ့တွင် လူခေါင်းပိရမစ်တစ်ခုအား လျှိုကျစ်ရှင်း မြင်လိုက်ရသည်။ ယခုအချိန်တွင် သူ့အနေဖြင့် သတိလစ်မေ့မျောသွားဖို့ရန်သာ ဆန္ဒရှိနေမိသည်။ ကံမကောင်းစွာဖြင့် လျှိုကျစ်ရှင်း မေ့လျော့သွားချင်သည့်တိုင် အသိစိတ်အပြည့် ရှိနေခဲ့ပြီး ကူကယ်ရာမဲ့စွာဖြင့် ထိုလူခေါင်းပိရမစ်အား ရွေးချယ်ရန်မရှိဘဲ ကြည့်နေရတော့သည်။
ထိုဦးခေါင်းများသည် သက်ရှိအနံ့အား ရမိပုံရသည်။ မူလက ဦးခေါင်းများမှာ အဘက်ဘက်သို့ မျက်နှာမူနေခဲ့ကြသော်လည်း ဖြည်းညင်းစွာဖြင့် လျှိုကျစ်ရှင်းရှိရာသို့ လှည့်လာကြပြီး လျှိုကျစ်ရှင်းအား မမှိတ်မသုန် စိုက်ကြည့်လာကြသည်။
ထို့နောက်တွင် ဦးခေါင်းခွံပိရမစ်မှ ခေါင်းတစ်လုံး ဖြည်းညင်းစွာ လိမ့်ဆင်းလာသည်။ လျှိုကျစ်ရှင်း၏ ခြေထောက်နားသို့ ရောက်သည့်အထိ လှိမ့်ကာ လှိမ့်ကာ လှိမ့်ကာဖြင့် လာနေခြင်းဖြစ်သည်။ လျှိုကျစ်ရှင်းမှာ ထွက်ပြေးဖို့ရန် လုံးလုံးလျားလျား မေ့သွားလေပြီ။ သို့သော်လည်း သူဝင်လာခဲ့သည့် တံခါးမှလွဲ၍ ထွက်ပေါက်မရှိချေ။
လျှိုကျစ်ရှင်းသည် ပြိုလဲသွားပြီးနောက် စိတ်ပျက်အားငယ်စွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
လျှိုကျစ်ရှင်း၏ခြေရင်းသို့ လှိမ့်လာသည့် ဦးခေါင်းများမှာ စာနာမှုမရှိပေ။ တစ်ခေါင်းချင်းစီမှ ပါးစပ်ဖွင့်ကာဖြင့် လျှိုကျစ်ရှင်းအား ကိုက်လေသည်။ လျှိုကျစ်ရှင်းနံဘေးတွင် ဦးခေါင်းများ ပို၍ပို၍ များပြားလာပြီး လျှိုကျစ်ရှင်း၏အသားကို ကိုက်လိုက်၊ ဝါးလိုက်၊ မြိုချလိုက် ပြုလုပ်နေကြသည်။ ဝါးထားသည့်အသားများမှာ ဦးခေါင်းခွံထဲမှ ပြုတ်ကျလာသည်။ ထိုအသားများကို ကောက်လိုက်၊ ဝါးလိုက်၊ မြိုချလိုက်ဖြင့် ထပ်တလဲလဲ ပြုလုပ်လို့နေလေသည်။
***** Warning ENDs ******
ဝမ်းနည်းပူဆွေး ငိုကြွေးသံများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး မြေပြင်တွင် လျှိုကျစ်ရှင်း၏ အရိုးများပင် မကျန်ရစ်ခဲ့ချေ။ တစ်ခုတည်းသော ကျန်ရှိသည်မှာ သွေးအိုင်တစ်ခုသာ ဖြစ်သည်။