အပိုင်း ၉၅
Viewers 13k

🐍Chapter 95


အပြင်ဘက်တွင် နေသာပြီး ပူပြင်းနေသော်လည်း မူသောင်၏ ကျောက်တံခါးအတွင်းတွင် မဲမှောင်ကာ အေးစက်လို့နေသည်။ နေမင်းကြီးသည် မူသောင်၏ အပြင်ဘက်စွန်းတွင် ထွန်းလင်းနေသော်လည်း ကျောက်တံခါး၏ နယ်နိမိတ်အတွင်းသို့ ရောက်သည့်အခါ တစ်စုံတစ်ယောက်မှ ဖြတ်တောက်လိုက်သကဲ့သို့ ရုတ်တရက် အလင်းမှ အမှောင်ဆီသို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။ စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် အပြင်မှ အတွင်းသို့ဝင်စဉ် ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။

စိုးရိမ်နေသည့် လျှိုကျစ်ရှင်း တံတွေးမျိုချလိုက်သည်။ အမှန်အတိုင်း ဆိုရလျှင် သင်္ချိုင်းအတွင်းသို့ဝင်ရန် စိတ်ကူးနည်းနည်းလေးမျှပင် မရှိချေ။ သို့သော်လည်း ကိစ္စများမှာ ဤနေရာထိတိုင် ရောက်လာပြီဖြစ်သည့်အတွက် မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။

မူလက ရှေ့တွင်ရပ်နေသည့် စုလောင်သည် ရုတ်တရက် လှည့်ကာ လျှိုကျစ်ရှင်းအား ပြောလိုက်သည်။

“မင်းအရင်သွား..”

တစ်ချိန်တည်းမှာပင် ဘေးသို့ခြေတစ်လှမ်း လှမ်းလိုက်သည်။ လျှိုကျစ်ရှင်း ဝင်ရန် နှောင့်နှေးနေသည်ကို မြင်ရသည့်အခါတွင် စိတ်မရှည်စွာဖြင့် ပြောလေသည်။

“ဆက်သွားလေ..”

လျှိုကျစ်ရှင်း သည် သူ၏ ရဲစွမ်းသတ္တိကို ဆင့်ခေါ်ပြီး ဝင်ရောက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ စုလောင်သည် လျှိုကျစ်ရှင်း ဝင်သွားသည်ကို မြင်သောအခါတွင် လျှိုကျစ်ရှင်းနောက်သို့ လိုက်သွားခဲ့သည်။ လူနှစ်ယောက် မူသောင်ထဲကို လုံးလုံးလျားလျား ဝင်သွားပြီးနောက် သူတို့နောက်မှ ကျယ်လောင်သော အသံတစ်ခုထွက်လာသည်။ လျှိုကျစ်ရှင်းနှင့် စုလောင် တို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်သော်လည်း သူတို့နောက်မှ ကျောက်တံခါး ပိတ်သွားသည်ကို တွေ့လိုက်ရသည်။

" ဘယ်လိုဖြစ်ရတာလဲ..." 

လျှိုကျစ်ရှင်း က သူ့အသံကို လျှော့လိုက်သော်လည်း အသံထဲရှိ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ပေ။

စုလောင် သိပ်ဂရုမထားဟန်ဖြင့် ပြောသည်။

“ဒီကျောက်တံခါးမှာ ယန္တရားတစ်ခု ရှိနေတာကြောင့် လူဝင်ပြီးရင် အလိုလို ပိတ်သွားတာ..”

လျှိုကျစ်ရှင်း ထပ်မပြောသော်လည်း သူ့စိတ်ထဲတွင် စုလောင်ပြောသည်အား သဘောမတူချေ။ အကယ်၍ တစ်စုံတစ်ယောက် ဝင်လာပြီးနောက် ကျောက်တံခါး ပိတ်သွားမည်ဆိုလျှင် သူဝင်ပြီးသည့်နောက်တွင် သူ့ဆရာ မဝင်မီ သေချာပေါက် ပိတ်သွားရပေမည်။

အပြင်ဘက်တွင် အထဲသို့ မဝင်ရသေးသည့် လူကျန်နေသေးသည်အား တံခါးမှ သိနေခြင်းမျိုး ဖြစ်နိုင်ပါ့မလား..

ထိုအချိန်တွင် လျှိုကျစ်ရှင်းမှာ ထိုအတွေးကို ဆက်မတွေးဝံ့တော့ပေ။ ရောက်နေသည့်နေရာတွင် နာခံစွာရပ်ပြီး မေးလိုက်သည်။

“အခုဘာဆက်လုပ်မလဲ ဆရာ..”

စုလောင်သည် တစ်ဘက်တစ်ချက်စီတွင်ရှိသည့် နံရံများအား ခံစားမိသဖြင့် အကြောင်းတစ်ခုအား တွေးမိသဖြင့် ပြောလေသည်။

“ဒါက မူသောင်ဖြစ်ရမယ်.. ဒါဆိုရင် နံရံနှစ်ဘက်စလုံးမှာ အလင်းရောင်ပေးတဲ့အရာတွေရှိမှာ သေချာတယ်.. ငါတို့...”

စုလောင်စကားမဆုံးမီမှာပင် မူသောင်တစ်ခုလုံး လင်းထိန်သွားလေသည်။

ရုတ်တရက်ထွက်ပေါ်လာသည့် အလင်းရောင်ကြောင့် စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် မျက်လုံးများကို လက်ဖြင့်ကာလိုက်ကြသည်။ ခေတ္တမျှကြာပြီးနောက်မှ ပြန်သက်သာလာသည်။ 

“ဆ.. ဆရာ.. ကျွန်တော်တို့ ထွက်သွားတာ ပိုကောင်းလိမ့်မယ်..”

လျှိုကျစ်ရှင်းမှာ ဤမီးများကို စုလောင်ဖွင့်လိုက်သည်ဟု သဘာဝကျစွာပင် ယုံကြည်မှုမရှိချေ။ သို့သော်လည်း မည်သို့ဖြစ်သွားသည်ကို မသိချေ။ မီးတိုင်များ ရုတ်တရက် လင်းလာသည်ကို လျှိုကျစ်ရှင်း ယခင်က မြင်ဖူးခဲ့ခြင်း မရှိပေ။ အစပိုင်းတွင် သူသည် သင်္ချိုင်းအတွင်းသို့ ဝင်လိုစိတ်မရှိခဲ့ဘဲ ယခုအခါတွင်မူ နောက်ဆုတ်ရန် အချိန်လွန်သွားခဲ့လေပြီ ဖြစ်သည်။

စုလောင် မျက်နှာပျက်ပျက်ဖြင့် ကျယ်လောင်စွာ အော်လေသည်။

“ပါးစပ်ပိတ်ထား.. အခု ဆက်လျှောက်.. အခုမှ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..”

အော်ဟစ်ပြီးနောက်တွင် လျှိုကျစ်ရှင်းအား အာရုံမထားတော့ဘဲ မူသောင်ကို စစ်ဆေးလို့နေသည်။

သင်္ချိုင်းဟောင်းသို့ မဝင်မီ စုလောင်သည် ကျိုးမင်းဆက်၏ သမိုင်းကြောင်း အများအပြား ဖတ်ရှုခဲ့သည်။ အများအပြားဟု ဆိုသော်လည်း တကယ်တမ်းတွင် သိပ်မရှိချေ။ ကျိုးမင်းဆက်သမိုင်းတွင် အရှေ့ကျိုးနှင့် အနောက်ကျိုးတို့ ပါဝင်သော်လည်း ထိုအချိန်ကာလနှင့် ပတ်သက်၍ အသုံးဝင်သည့် အချက်အလက်များစွာ မကျန်ရစ်ခဲ့ပေ။ အကြောင်းပြချက်တစ်ခုမှာ ချင်ရှစ်ဟွမ်သည် စာအုပ်များကို မီးရှို့ကာ ကွန်ဖြူးရှပ်ပညာသင်များအား အရှင်လတ်လတ် မြှုပ်နှံခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းအရင်းမှာ ကျိုးမင်းဆက် ကုန်ဆုံးသွားသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တတိယအချက်မှာ ထိုအချိန်တွင် စာအုပ်များ ပေါများခြင်းမရှိပေ။ အကြောင်းအရင်းများစွာ ရှိခဲ့ပြီး ကျိုးမင်းဆက်ခေတ်တွင် စာဖတ်သူအများအပြား မရှိခဲ့ခြင်းသည်လည်း တစ်ခုဖြစ်သည်။

သို့သော်လည်း နောက်ဆုံးတွင် ဤနေရာတွင် ကျိုးမင်းဆက်၏ ပိုမိုကျယ်ပြန့်သည့် အကြမ်းဖျင်းသမိုင်းကြောင်း တစ်ခု ရှိလို့နေသည်။ စုလောင်၏ရှေ့တွင်ရှိသည့် နံရံဆေးရေးပန်းချီများမှတဆင့် သိရသည်မှာ ဤသည်မှာ ကျိုးဝမ်၏ သင်္ချိုင်းဖြစ်ကြောင်းပင်။ ကံမကောင်းစွာဖြင့်ပင် ပန်းချီကားချပ်များမှရရှိသည့် အချက်အလက်များနှင့် စုလောင်၏ ကိုယ်ပိုင်အချက်အလက်များ ပေါင်းစပ်သည့်တိုင် သင်္ချိုင်း၏ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း မသိနိုင်သေးပေ။

သို့သော်လည်း စုလောင်သည် ဤကိစ္စနှင့် ပတ်သက်၍ များစွာစိတ်ဝင်စားခြင်း မရှိပေ။ သူသည် ရှေးဟောင်းသုတေသနပညာရှင် မဟုတ်သည့်အတွက် ဤပန်းချီများကို အပြည့်အဝ နားလည်လျှင်လည်း များစွာအသုံးတည့်မည် မဟုတ်ပေ။ သူသည် သင်္ချိုင်းဖောက်သူတစ်ဦးသာ ဖြစ်သည်။ ဤနေရာသို့ လာရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ထာဝရအသက်ကို ပေးစွမ်းနိုင်သော ဒဏ္ဍာရီဆန်သည့် အရာအား ရရှိနိုင်ရန် ဖြစ်သည်။

စုလောင် ရှေ့သို့တိုးသွားပြီး လျှိုကျစ်ရှင်းသည်လည်း စုလောင်၏ ပုံစံအတိုင်း ရှေ့သို့ဆက်လေသည်။ မူသောင်မှာ သိပ်မရှည်သဖြင့် အဆုံးသို့ရောက်ရန် အချိန်သိပ်မယူလိုက်ရပေ။ မူသောင်အဆုံးတွင်ရှိသည့် ကျောက်တံခါးအား ကြည့်လိုက်သည့်အခါ လျှိုကျစ်ရှင်းသည် ခေါင်းလှည့်ကာဖြင့် စုလောင်အားကြည့်လိုက်သည်။ လျှိုကျစ်ရှင်း ဘေးသို့ဆုတ်လိုက်ပြီး စုလောင်သည် ကျောက်တံခါးဆီသို့ လျှောက်သွားလေသည်။ ထိုယန္တရားမှာ ဝင်ပေါက်တွင်ရှိသည့် ယန္တရားကဲ့သို့ အလားတူဖြစ်ပြီး ရှာဖွေရလွယ်ကူသည်။

ကျောက်တံခါးပွင့်လာပြီး အတွင်းဘက်တွင်လည်း ယခင်အတိုင်း အနက်ရောင်ဆေးခြယ်ထားသလိုပင်။ လျှိုကျစ်ရှင်းနှင့် စုလောင်တို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ကြသည်။ ယခင်ဝင်ပေါက်မှာကဲ့သို့ပင် ကျောက်တံခါး အလိုအလျောက် ပိတ်သွားပြီး မကြာသေးမီက မဲမှောင်နေသည့် သင်္ချိုင်းမှာလည်း လင်းထိန်သွားသည်။ ဤတစ်ကြိမ်တွင်မူ သူတို့နှစ်ယောက် မကြောက်တော့ပေ။

သူတို့မျက်လုံးနှင့် မြင်သလောက်တွင် ဤသည်မှာ မူသောင်ဖြစ်နေဆဲပင်။ စုလောင် ငုံ့ကြည့်လိုက်သည့်အခါ မြေပြင်ပေါ်ရှိ မြားများကို တွေ့လိုက်ရသည်။ စုလောင်၏ မျက်နှာအရောင် ပြောင်းလဲသွားသည်။ ယန္တရားအား တစ်ယောက်ယောက် ထိမိသွားသည်မှာ ရှင်းလင်းလှသည်။ သူရောက်လာသည်မှာ အမှန်တကယ် နောက်ကျနေခြင်းများလား။ 

စုလောင်၏မျက်နှာသည် မသေချာမရေရာမှုများဖြင့် မဲမှောင်လို့သွားသည်။ တစ်စုံတစ်ယောက် လာခဲ့လျှင်လည်း အရေးမကြီးဟု သူ့စိတ်ထဲမှ တိတ်တဆိတ် ပြောနေခဲ့သည်။ တစ်ယောက်ယောက် ဝင်လာခဲ့သော်လည်း သူလိုချင်သည့်အရာအား ရယူသွားသည်ဟု မဆိုလိုပေ။ သူလိုချင်သည့်အရာကို ယူသွားခဲ့ပြီးလျှင်ပင် သူကိုယ်တိုင် သွားကြည့်ဦးမည် ဖြစ်သည်။

လျှိုကျစ်ရှင်းသည်လည်း မြေပြင်ပေါ်ရှိ မြားများကို မြင်သည်။ အလွန်ဂရုတစိုက်ဖြင့် စုလောင်ဆီသို့ လျှောက်သွားလိုက်သည်။

“ဆရာ.. ဒီသင်္ချိုင်းထဲကို တစ်ယောက်ယောက် ဝင်သွားပြီလား..”

စုလောင် ‘ဟုတ်တယ်’ ဟု ခပ်တိုတို ဖြေသည်။ စကားရပ်လိုက်ပြီးနောက်တွင် မူသောင်ရှိ ပန်းချီကားချပ်များအား ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် ပန်းချီများမှာ ပို၍အသက်ဝင်လာသည်။ အတွေးရထားမှာ အမှန်တကယ်ကို ထူးဆန်းသည်ဟု ခံစားမိသော်လည်း စုလောင် အများကြီး စဉ်းစားမနေတော့ဘဲ အနီးကပ်လည်း ဆက်မကြည့်တော့ပေ။ သို့သော်လည်း ဤသင်္ချိုင်းတွင် ထင်မှတ်မထားစွာပင် မူသောင်နှစ်ခု ရှိနေပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အမှန်တကယ် မသိတော့ပေ။

တစ်နေရာတည်းတွင် ရပ်နေခြင်းမှာ အချိန်ဖြုန်းခြင်းဖြစ်သည်။ စုလောင်သည် အတွေးများကို ရပ်တန့်လိုက်ပြီး လျှိုကျစ်ရှင်းအား ရှေ့ဆက်လျှောက်ရန် လက်ဟန်ပြလိုက်သည်။ လျှိုကျစ်ရှင်းသည် နာခံစွာဖြင့် ရှေ့သို့လျှောက်လိုက်သည်။

တစ်ယောက်ယောက် ဝင်ရောက်ပြီးပုံရသည့် မူသောင်အတွင်းရှိ ယန္တရားများ ပျက်စီးနေသော်လည်း စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် သတိမဲ့စွာ မနေရဲကြသေးဘဲ မူသောင်၏ အတိုဆုံးလမ်းအတိုင်း ဂရုတစိုက် လျှောက်လှမ်းနေကြသည်။

မူသောင်အတွင်းရှိ ယန္တရားများသည် မည်သူတစ်ဦးတစ်ယောက်‌ကြောင့်မှ မပျက်စီးခဲ့ပေ။ ယင်ရှောင်ရှောင်း သင်္ချိုင်းဟောင်းထဲသို့ ပထမဆုံးအကြိမ် ဝင်သောအခါ ယင်ရှောင်ရှောင်းသည် ယန္တရားများကို ပျက်စီးစေသွားခဲ့သည်။ စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် မူသောင် အတွင်းတွင် မြားမိုးရွာသည်ကို မကြုံတွေ့ရသောကြောင့် ကံကောင်းသည်ဟု ယူဆသင့်သည်။ ဟုတ်သည်၊ မြားမိုးရွာခြင်းမှာ လူသားများကို သတ်ဖို့ပင်ဖြစ်သည်။ သို့သော် ထိုနေရာတွင်သေခြင်းက ကံကောင်းလိမ့်မည်။ သို့မဟုတ် အတွင်းထဲတွင်ရှိသော အရာများကိုမြင်ပြီး သေသွားခြင်းက ကံကောင်းခြင်း ဖြစ်နိုင်သည်။ ဘယ်ဟာမှန်သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိုအချိန်တွင် အဓိကသင်္ချိုင်းတွင်း၌ ကျိခန်း၊ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ရှိသည်။ ကျိခန်း၏ အကူအညီဖြင့် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် မူသောင် ထဲတွင်ရှိသော စုလောင်နှင့် လျှိုကျစ်ရှင်း တို့အား အပြင်ဘက်မှ မြင်နိုင်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် နောက်ဆုံးအကြိမ်က ယင်ရှောင်ရှောင်း ပြုတ်ကျခဲ့သည့်နေရာကို လမ်းလျှောက်သွားသည်ကို လှမ်းကြည့်နေသည်။ ယင်ရှောင်ရှောင်း၏ မျက်လုံးများ ပွင့်လာသည်။ သူသည် ကျိခန်း အနားကို ကပ်သွားပြီး စကားအနည်းငယ်ကို တီးတိုးပြောလိုက်သည်။ ကျိခန်း ရယ်မောကာ တုံ့ပြန်လိုက်သည်။ စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် ထိုနေရာသို့ လျှောက်သွားခဲ့ပြီး လဲကျမသွားဘဲ ဘေးကင်းစွာဖြင့် ဖြတ်ကျော်ကာ လမ်းလျှောက်သွားသည်ကို သူတို့ ကြည့်နေကြသည် ။

ဒုတိယ မူသောင်တွင် စုလောင် နှင့် လျှိုကျစ်ရှင်း တို့သည် အစမှ အဆုံးအထိ ထူးထူးခြားခြား တစ်စုံတစ်ရာ မကြုံတွေ့ခဲ့ကြပေ။ သူတို့နှစ်ဦးသည် အဆုံးသို့ရောက်သည့်အတွက် အလွန်ပျော်ရွှင်ခဲ့ကြသော်လည်း သူတို့၏စိတ်ထဲတွင် တစ်စုံတစ်ခုကြောင့် နေမထိထိုင်မသာဖြစ်နေကြသည်။

အဆုံးတွင် ကျောက်တံခါးသုံးခုကို ကြည့်လိုက်ရာ စုလောင်၏ နှလုံးသားထဲတွင်ရှိသော စိုးရိမ်ပူပန်မှုများက စိတ်လှုပ်ရှားခြင်းအောက်တွင် နစ်မြုပ်နေခဲ့သည်။

တကယ်တမ်းတွင် စုလောင်မှာ ဤသင်္ချိုင်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံသည် ထူးထူးခြားခြား ရိုးရှင်းနေသည်ဟု ခံစားမိသည်။ ရုပ်ကြွများသည် နူးညံ့သိမ်မွေ့ပြီး ပြောင်မြောက်စွာနှင့် ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်သည့်ပုံစံ ရှိသော်လည်း ဤသင်္ချိုင်းကို ပိုင်ဆိုင်သူ၏ အခြေအနေနှင့် မကိုက်ညီသေးကြောင်း စုလောင် အချိန်တစ်လျှောက်လုံး ခံစားခဲ့ရသည်။ သို့သော် တစ်ခုခု သင့်လျော်သည်ဖြစ်စေ၊ မသင့်လျော်သည်ဖြစ်စေ ယခုအချိန်တွင် စုလောင်သည် ဤနေရာသို့ ရောက်ရှိလာပြီဖြစ်ပြီး စိတ်လှုပ်ရှားမှုကိုသာ ခံစားရတော့သည်။

“ဆရာ... ဘယ်ကျောက်တံခါးကို အရင်ဖွင့်သင့်လဲ...”

စုလောင်သည် အလယ်ရှိ ကျောက်တံခါးအား တည့်တည့်စိုက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် လက်ဝဲဘက်ရှိ ကျောက်တံခါးအား ရွေးလိုက်သည်။

“ဒီတစ်ခုကို အရင်ဖွင့်..”

စုလောင် က သင်္ချိုင်းအတွင်းမှာ နေထိုင်သူရဲ့ အသုဘ ပစ္စည်းတွေ ဒီနေရာမှာ ရှိနေရမယ်လို့ ထင်ထားပေမဲ့ ဒီတံခါး အတွင်းဘက်မှာ အသုဘ ပစ္စည်းတွေက ဒီလောက် အံ့သြစရာ ကောင်းလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး....
ဝမ်းသာအားရဖြင့် စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် ကြေးယာဉ်များ၊ မြင်းများ၊ ကြေးစစ်သားများနှင့် ကြေးဝါဗိုလ်ချုပ်ကြီးများ ပြည့်ကျပ်နေသော အခန်းကို ကြည့်လိုက်ကြသည်။

ဒီနေရာကနေပြီးတော့ ပစ္စည်းတစ်ခုကို ယူလိုက်ရုံနဲ့ ငွေတွေအများကြီး ရရှိနိုင်မှာပဲ... 

သို့သော်လည်း ထိုနေရာမှ အရာများကို ထုတ်ပြီးယူဆောင်သွားရန်မှာ အလွန်လွယ်ကူလိမ့်မည်မဟုတ်ပေ၊ စုလောင်နှင့် လျှိုကျစ်ရှင်းတို့တွင် လူနှစ်ယောက်သာရှိသည်။ သူတို့နှစ်ဦးသည် ဆန္ဒမရှိသော်လည်း လက်ဝဲဘက်သင်္ချိုင်းအခန်းမှ ထွက်ခွာလိုက်ရသည်။

မူသောင်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် ညာဘက်ရှိ ကျောက်တံခါးကို စိတ်မရှည်စွာ စိုက်ကြည့်နေကြသည်။

ဘယ်ဘက်ကျောက်တံခါးမှာ ကောင်းတာတွေ အများကြီးရှိတယ်ဆိုရင် ညာဘက်မှာ ဘာတွေရှိလဲ... 

ဘာပဲဖြစ်ဖြစ် ဘယ်ဘက်မှာရှိတဲ့ ပစ္စည်းတွေနဲ့ မတူဘူးဆိုတာ ယူဆလို့ရတယ်...

လူနှစ်ယောက် စိတ်မရှည်စွာဖြင့် ညာဘက်သင်္ချိုင်းအခန်းကို ဖွင့်လိုက်သည်။

သင်္ချိုင်းတွင်းရှိ ဆီမီးခွက်မှ မီးအလင်းရောင်သည် အလွန်မှိန်ဖျော့နေသော်လည်း သင်္ချိုင်းတွင်းရှိ ရွှေ၊ ငွေနှင့် အဖိုးတန်ကျောက်တုံးများက ထိုအလင်းရောင်အောက်တွင် လက်ဖျားခါလောက်အောင် စူးရှသော တောက်ပမှုကို ပေးစွမ်းနိုင်ပြီး စုလောင်နှင့် လျှိုကျစ်ရှင်းတို့ကို မျက်စိကွယ်လုမတတ် ဖြစ်သွားစေသည်။

“ဒါ၊ ဒါ…” 

စုလောင်သည် မရေမတွက်နိုင်လောက်အောင် များပြားသော ရတနာများကို မြင်ဖူးသူဟု ယူဆနိုင်သော လူတစ်ယောက်ဖြစ်ပြီး သူ့လက်ထဲတွင် ဖြတ်သန်းသွားသော ငွေ ပမာဏနှင့် အရေအတွက်ကိုလည်း ထည့်မတွက်နိုင်ပေ။ သို့သော် သူ့ရှေ့တွင် မြင်နေရသည့်အရာနှင့် နှိုင်းယှဥ်ကြည့်လျှင် စုလောင်သည် ယခင်ကအရာအားလုံးသည် ပြောရန်ပင် မထိုက်တန်ကြောင်း ခံစားခဲ့ရသည်။

"ဆရာ... ကျွန်တော်တို့ ချမ်းသာပြီ...."

လျှိုကျစ်ရှင်း၏ အသက်အရွယ်တွင် ထာဝရအသက်သည် သူ့အတွက် မက်စရာ ကောင်းလောက်အောင် သွေးဆောင်မှု မဟုတ်သော်လည်း ငွေကြေးသည် အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။ အထူးသဖြင့် ၎င်းသည် သူ့ရှေ့ရှိ အရာဝတ္ထုများအတွက်သာဖြစ်ပြီး သန်းပေါင်းများစွာ သို့မဟုတ် ဘီလျံပေါင်းများစွာဖြင့် တန်ဖိုးမဖြတ်နိုင်သော အရာများဖြစ်သည်။ ထိုအချိန်တွင် လျှိုကျစ်ရှင်း သည် မြွေသင်္ချိုင်းသို့သွားသည့်လမ်းအတွက် တစ်စုံတစ်ခုမကောင်းကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ အကယ်၍ ထိုအရာများကို ယူထုတ်သွားနိုင်လျှင် ဟူသော အတွေးကို တွေးနေမိသည်။

လျှိုကျစ်ရှင်းသည် စိတ်မထိန်းနိုင်ဘဲ ရှေ့သို့လှမ်း၍ လက်သီးဆုပ်အရွယ် ရွှေတုံးတစ်တုံးကို ကောက်ယူလိုက်သည်။ ထောင်စုနှစ်များစွာကြာပြီးနောက် ဤရွှေတုံး၏ မျက်နှာပြင်သည် အလွန်အကျည်းတန်သွားသော်လည်း လျှိုကျစ်ရှင်းသည် ဤရွှေတုံးတစ်တုံးတည်းနှင့်ပင်လျှင် သိန်းနှင့်ချီ၍ ရနိုင်သည်ကို သိခဲ့သည်။ လျှိုကျစ်ရှင်းသည် ငွေရလွယ်သည်ဟု ပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။

“ပင်မသင်္ချိုင်းအခန်းကို သွားကြည့်ရအောင်...” 

စုလောင်က လေးနက်သော အသံဖြင့် ပြောသည်။ 

“ငါလိုချင်တာ ရပြီးတဲ့အထိ စောင့်ပြီးရင် ဒီမှာရှိတဲ့ ဟာတွေကို မင်းလိုချင်သလောက် ယူသွားလို့ရတယ်..”

လျှိုကျစ်ရှင်း က အင်တင်တင်ဖြင့် ရပ်နေသော်လည်း ထိုရွှေတုံးလေးကို သူ့အိတ်ကပ်ထဲသို့ ခိုးကြောင်ခိုးဝှက် ထည့်လိုက်သည်။ အိတ်ကပ်က ရုတ်တရက် လေးလံလာသော်လည်း လျှိုကျစ်ရှင်း သက်သာရာရသွားသည်။ တခြားဘာမှ မရနိုင်လျှင်လည်း ထိုရွှေတုံးလေးကို အချည်းနှီးမဖြစ်ဘဲ သိမ်းသွားရမည်ဖြစ်သည်။ လျှိုကျစ်ရှင်းသည် ခေါင်းငုံ့ကာ စုလောင်၏ နောက်မှလိုက်၍ သင်္ချိုင်းတွင်းမှ ထွက်လာခဲ့သည်။ ရွှေ၊ ငွေ နှင့် အဖိုးတန် ကျောက်မျက်ရတနာ အများအပြားကို ဘဝပေါင်းများစွာ အသုံးမချနိုင်သော်လည်း ထာဝရအသက်ကို ရနိုင်လျှင်၊ ထာဝရအသက်နှင့်အတူ… လျှိုကျစ်ရှင်းသည် စုလောင်၏ ရှေ့ကိုကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြန်သည်။

စုလောင်သည် စိတ်လှုပ်ရှားစွာဖြင့် အလယ်ကျောက်တံခါးရှေ့တွင် ရပ်လိုက်သည်။ အနည်းငယ်တုန်ရီနေသော သူ့လက်သည် ယန္တရားကို အလွယ်တကူတွေ့ရှိပြီး ကျောက်တံခါးသည် အနည်းငယ်ပွင့်လာသည်။ စုလောင်၏ လက်က မသိစိတ်ဖြင့် လက်သီးကိုကျစ်ကျစ် ဆုပ်ထားသည်။ တံခါးလုံးဝပွင့်သွားသည့် အချိန်အထိ မစောင့်နိုင်တော့ဘဲ ဖွင့်နေဆဲ ကျောက်တံခါးကို စုလောင်က တွန်းထုတ်လိုက်သည်။ ယခင်ကအတိုင်း လျှိုကျစ်ရှင်း သည် စကားမပြောဘဲ စုလောင်၏နောက်သို့ လိုက်သွားခဲ့သည်။

စုလောင် ယန္တရားကို ဖွင့်နေချိန်တွင် ကျိခန်း၊ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ပုန်းနေကြသည်။

ယင်ရှောင်ရှောင်း သင်္ချိုင်းတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းကဲ့သို့ပင် ဤသင်္ချိုင်းတွင်းသို့ ဝင်ရောက်လာသူတိုင်း သတိလစ်မေ့မြောသွားမည်ဖြစ်သည်။ စုလောင်နှင့် လျှိုကျစ်ရှင်းလည်း အလားတူပင် ဖြစ်သည်။

စိမ်းပြာရောင်အသွေးရှိ ကျောက်စိမ်းဖြင့် လမ်းဖော်ထားသည်။ ကျောက်စိမ်းဖြူဖြင့်လုပ်ထားသော စားပွဲနှင့် ကုလားထိုင်များ လျှောက်လမ်းတလျှောက်တွင် ပေါ်လာသည်။ မရေမတွက်နိုင်သော အရောင်မျိုးစုံရှိသည့် ကျောက်စိမ်းများကို ကျောက်စရစ်ခဲများအဖြစ် ပွတ်တိုက်ကာ ကန်အောက်ခြေတွင် ပြန့်ကျဲနေခဲ့သည်။ အခန်း၏ ထိပ်ဖျားတွင် “နေ” မှထွက်လာသော အဝါရောင်အလင်းတန်းများ ဖြာထွက်နေပြီး တိမ်ဖြူဖြူများက အရပ်ရပ်သို့ ပြန့်ကျဲသွားကာ နူးညံ့သိမ်မွေ့သော အဖြူရောင်အလင်းတန်းများ ထွက်လာသည်။ သင်္ချိုင်းအခန်းနံရံများကို ဖုံးကွယ်လေ့ရှိသည့် စိမ်းပြာရောင်ချည်သည် ယခုအခါ အတူတကွ စုစည်းနေပြီး ထွင်းထားသော ကျောက်စိမ်းများကို ပေါ်လွင်စေကာ ခန်းနားထည်ဝါလှသော သင်္ချိုင်းအခန်းတစ်ခုလုံးသည် စိမ်းပြာရောင် ကန့်လန့်ကာ၏ နောက်ကွယ်တွင် ပို၍ပင် လှပနေသည်။

ပင်မသင်္ချိုင်းအခန်း၏ ပထမတစ်ဝက်၏ အလယ်တွင် ကုတင်တစ်လုံးရှိပြီး တစ်ခုလုံးသည် ပထမအဆင့် ကျောက်စိမ်းတုံးဖြူတစ်ပိုင်းဖြင့် ထုလုပ်ထားသည်။ ဤအခိုက်အတန့်တွင် အင်အားကြီးမားသော လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ဖုံးအုပ်ထားသော အဖြူရောင်ကုလားကာသည် ဝေ့ယမ်းသွားသည်။ အဖြူရောင် ကုလားကာခင်းထားသော ကုတင်ပေါ်တွင် ကျောခင်း၍ လဲလျောင်းနေသော တစ်ယောက်ယောက်၏ ပုံသဏ္ဌာန်ကို ယဲ့ယဲ့လေး မြင်နေရသည်။

အချိန်အတော်ကြာပြီးနောက်တွင် စုလောင်နှင့် လျှိုကျစ်ရှင်းတို့က တုံ့ပြန်ခဲ့ကြသည်။

လျှိုကျစ်ရှင်း၏ မျက်လုံးများသည် လောဘဇောများဖြင့် တောက်ပနေပြီး သင်္ချိုင်းတွင်းရှိ နေရာတိုင်းကို အဆက်မပြတ် လှည့်ပတ်ကြည့်နေသည်။

ကျောက်စိမ်း... ကျောက်စိမ်းတွေ အများကြီးပဲ... ရွှေတွေကဈေးကြီးတယ်... ကျောက်စိမ်းက အဖိုးမဖြတ်နိုင်ဘူး... ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ... ထိပ်တန်းအရည်သွေးရှိတဲ့ ကျောက်စိမ်းတွေပဲ... ရာသက်ပန် အကြာကြီးနေရမှာကို မေ့လိုက်ပါ... ရာသက်ပန်အကြာကြီး မနေရလဲ အရာအားလုံးကို စိတ်ကြိုက်သုံးလို့ရတယ်....

စုလောင်သည် သင်္ချိုင်းတွင်းရှိ ဇိမ်ခံပစ္စည်းများကို သဘောကျစွာ ရှူရှိုက်မိသည်။ သို့သော်လည်း အစမှအဆုံးအထိ စုလောင် ၏ရည်ရွယ်ချက်မှာ ထာဝရအသက်ရရန်သာ ဖြစ်သည်။

စုလောင်၏အကြည့်သည် နောက်ဆုံးတွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ပုဂ္ဂိုလ်ကို စိုက်ကြည့်မိသည်။

စုလောင်နှင့် လျှိုကျစ်ရှင်းတို့က ကုတင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

အဖြူရောင် ကန့်လန့်ကာသည် ယခင်ကဲ့သို့ လေဖြင့် ယမ်းကာလွှင့်နေသည်။ စုလောင်နှင့် လျှိုကျစ်ရှင်း ကုတင်အနီးသို့ ရောက်သောအခါတွင် ဥာဏ်ရည်ထက်မြက်သည့်ပုံစံကဲ့သို့ အဖြူ‌ရောင်ကန့်လန့်ကာသည် ဖြည်းညှင်းစွာ နောက်သို့ဆုတ်သွားသဖြင့် စုလောင်နှင့် လျှိုကျစ်ရှင်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေသော လူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါသည်။