အပိုင်း ၉၄
Viewers 13k

🐍Chapter 94




မော့လောင်တ အရာအားလုံး ရှင်းပြပြီးချိန်တွင် ၁၀ မိနစ်ခန့် ကုန်ဆုံးသွားခဲ့သည်။ ကျိခန်းသည်လည်း အဖြစ်အပျက်များကို အပြည့်အဝ နားလည်သွားလေသည်။

“အဲဒါဆို မင်းက ကိုယ့်ကို အဲဒီနှစ်ယောက်ကို သင်ခန်းစာပေးစေချင်နေတယ်ပေါ့..”

ယင်ရှောင်ရှောင်း ကြမ်းကြမ်းတမ်းတမ်း ခေါင်းညိတ်လိုက်သည်။

“သူတို့က ရှားပါးတဲ့ ရတနာတွေနဲ့ အသက်ရှည်တာကို လိုချင်တယ်မလား.. အဲဒါဆို သူတို့ကို ရခွင့်ပြုလိုက်ကြမယ်လေ.. ဒါပေမဲ့ ထွက်သွားဖို့ နည်းလမ်းမရှိလို့ ဘယ်လောက်တောင် ကံဆိုးလိုက်မလဲနော်.. နာကြည်းမှုတွေပြည့်နှက်ပြီး သူတို့ရဲ့ မပြည့်ဝနိုင်တဲ့ လိုအင်ဆန္ဒတွေနဲ့ သေသွားအောင် လွှတ်ထားပေးလိုက်..”

ကျိခန်းမှာ တစ္ဆေသရဲတစ်ကောင် ဖြစ်နေပြီးသား ဆိုသော်လည်း ယင်ရှောင်ရှောင်း၏ ပြောစကားကို ကြားလိုက်သည့်အခါတွင် နောက်ကျောမှ အေးစိမ့်စိမ့်ဖြစ်လာသည်။ ကျိခန်း အားတင်းကာ ရယ်လိုက်ရသည်။

“ဟုတ်ပြီကွာ.. မင်းပြောသလို ဖြစ်စေရမယ်..”

ယင်ရှောင်ရှောင်း ကျေနပ်သွားသည်။

“အဲဒါဆိုရင် ငါတို့ ဒီည သင်္ချိုင်းဟောင်းမှာ နေမယ်နော်..”

ထိုသို့ပြောလိုက်သည့်အခါတွင် ယင်ရှောင်ရှောင်းမှာ သူ၏အိမ်တွင် ဝင်နေသည့် စုလောင်နှင့် လျှိုကျစ်ရှင်းကို နောက်တစ်ကြိမ် သတိရမိသွားပြီး ဒေါသများပြည့်နှက်လာပြန်သည်။ မူလက ယင်ရှောင်ရှောင်းသည် စုလောင်နှင့် လျှိုကျစ်ရှင်းအား ခန္ဓာကိုယ်မပျက်မစီးနှင့် သေဆုံးစေချင်ခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ ဒဏ်ရာမှ နာကျင်မှုနှင့်အတူ သူ၏အိမ်ကိုပါ ကျူးကျော်လာသည့် မုန်းတီးမှုကြောင့် ယင်ရှောင်ရှောင်းသည် ထိုနှစ်ဦးအား ခန္ဓာကိုယ်ပျက်စီးကာ သေဆုံးသွားစေရန် ဆန္ဒရှိလာသည်။

ချောက်ကမ်းပါးအောက်တွင်..

ရှုံးဟွီ၏ နံဘေးတွင် လဲလျောင်းနေသည့် မင်ရှဲသည် သင်္ချိုင်းဟောင်းဆီသု့် လှမ်းကြည့်ရန် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား ရုတ်တရက် မတ်လိုက်ကာ လေးနက်သည့်လေသံဖြင့် ပြောလေသည်။

“ငါ လူသားအနံ့ရနေတယ်..”

ရှုံးဟွီ၏ ခေါင်းကိုးလုံးလည်း မြင့်တက်လာသည်။ ခေါင်းကိုးလုံးသည် လေကို ဂရုတစိုက် ရှူရှိုက်လိုက်ပြီး ခေါင်းတစ်ခေါင်းမှ ပြောလာသည်။

“ငါလည်းအနံ့ရတယ်..”

ထိုသို့ပြောပြီးသည့်နောက်တွင် အခြားသော ထူးဆန်းသောမြွေများ၏ အရိပ်များ ကောင်းကင်တွင်ထင်ဟပ်လာပြီး ထိုအရိပ်များမှာ မင်ရှဲနှင့် ရှုံးဟွီထံသို့ ဦးတည်နေပုံရသည်။

“မင်းတို့ကော အနံ့ရလား..”

မင်ရှဲနှင့် ရှုံးဟွီ ရှေ့သို့ ဆင်းသက်ပြီးနောက် ပါးရှဲ ကမေးလိုက်သည်။

မင်ရှဲနှင့် ရှုံးဟွီ နှစ်ကောင်စလုံး ခေါင်းညိတ်ပြကြသည်။

စကားတစ်ခွန်းအတွင်းမှာပင် အခြားထူးဆန်းသော မြွေများလည်း ရောက်လာခဲ့သည်။

“မြွေပွေးတွေ ရှုံးနိမ့်သွားကြတာလား..”

ဖေးယိ မေးသည်။

“အဲဒါကို မသိရသေးဘူး..”
မင်ရှဲက ကြားဖြတ်ပြောသည်။

“ဒါပေမဲ့ အရမ်းထူးဆန်းတယ်.. ငါက လူနှစ်ယောက်ရဲ့အနံ့ပဲ ရတယ်ဆိုတော့ လူနှစ်ယောက်ပဲ ရောက်နေတာ ဖြစ်ရမယ်.. ဒါပေမဲ့ အနံ့က အရမ်းမှိန်ဖျော့နေတယ်.. သူတို့အနံ့က တော်တော်လေး အားနည်းနေတယ်..”

ကောရှဲခေတ္တမျှ စဉ်းစားပြီးနောက် ပြောသည်။

“ဒဏ်ရာရနေတာမျိုး ဖြစ်နိုင်တယ်..”

နံဘေးရှိ ရှုံးဟွီခေါင်းယမ်းလိုက်သည်။

“ဒဏ်ရာရနေတဲ့ပုံ မရှိဘူး.. ပျော့ညံ့ရုံသက်သက်ပဲ..”

“ဒါက သိပ်ဖြစ်နိုင်ပုံမရဘူး..”

ဟေးလီ မဝံ့မရဲပြောသည်။ 

“လူသားနှစ်ယောက်က သင်္ချိုင်းထဲကို ဝင်လာပြီး သင်္ချိုင်းခန်းမအနီးတောင် ရောက်လာကြပြီဆိုတော့ သူတို့က အားနည်းနေဖို့ မဖြစ်နိုင်ဘူး.. မင်းတို့သိကြတဲ့အတိုင်း မော့လောင်တက မော့မြက်ခုနစ်ပင်ကို စားသုံးခဲ့တဲ့ နယ်နိမိတ်ထဲက တစ်ကောင်တည်းသော မော့မြွေပဲ.. လူသားတွေက သူ့ကိုအနိုင်ယူနိုင်တယ်ဆို ဘာလို့များ အားနည်းနေမှာလဲ.. ဒီနှစ်ယောက်ရဲ့ အနံ့အသက်အရတော့ မော့လောင်တထက် အများကြီး ပိုအားနည်းတယ်..”

ထူးဆန်းသည့်မြွေခုနစ်ကောင်သည် အချိန်အတော်ကြာအောင် စကားပြောနေခဲ့သော်လည်း အဆုံးသတ်သည်အထိ မည်သည့်အရာမှ ကောက်ချက်မချနိုင်ခဲ့ပေ။ နောက်ဆုံးတွင် မင်ရှဲပြောလာသည်။

“အဲဒီလိုဆိုရင် ငါတို့ထဲက တစ်ကောင်ကောင်က အခြေအနေကို အရင်ဆုံး သွားစုံစမ်းသင့်တယ်..”

ထူးဆန်းသောမြွေများသည် တစ်ကောင်နှင့်တစ်ကောင်ကြည့်ကာ သဘောတူလိုက်ကြသည်။ ထို့နောက် မာပန်ရှဲမှ ပြောသည်။

“ဒါဆို ဘယ်သူက သွားမှာလဲ..”

ထူးဆန်းသောမြွေများထဲမှ တစ်ကောင်သည် အခြေအနေကို စူးစမ်းသင့်သည်ဟု ဆုံးဖြတ်ထားသော်လည်း မင်ရှဲ၊ ရှုံးဟွီ၊ မာပန်ရှဲ၊ ဖေးယိနှင့် ဟေးလီတို့မှာ ထွက်မသွားနိုင်သည်မှာ ထင်ရှားသောကြောင့် ကောရှဲနှင့် ပါးရှဲတို့သာ သွားရမည်ဖြစ်သည်။ ကောရှဲနှင့် ပါးရှဲတို့သည် တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ပြီးနောက် ကောရှဲမှပြောလာသည်။

"ငါသွားမယ်..."

ပါးရှဲ သဘောတူ ခေါင်းညိတ်လိုက်ပြီး ကျန်မြွေများသည်လည်း ကန့်ကွက်ခြင်းမပြုပေ။ ထို့ကြောင့် ကောရှဲသည် ချောက်ကမ်းပါးထိပ်သို့ ပျံတက်သွားလေသည်။

ကောရှဲအလျင်စလို ရောက်လာချိန်တွင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ သင်္ချိုင်းဟောင်းထဲသို့ ဝင်နှင့်ကြပြီးဖြစ်သည်။

"လူသားတွေ ဝင်သွားပြီလား..."

အနောက်မှအသံကြောင့် ယင်ရှောင်ရှောင်း အလန့်တကြား ထခုန်လိုက်သည်။ မော့လောင်တသည်လည်း ပို၍ပင် ထိတ်လန့်သွားပြီး တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။ လှည့်ကြည့်လိုက်သည့်အခါတွင် ထူးဆန်းသောမြွေ ကောရှဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ကောရှဲ.. မင်းက ဒီကိုဘာဖြစ်လို့ ရောက်လာတာလဲ..”

ထိုသို့မေးလာသူမှာ ယင်ရှောင်ရှောင်းပင်။ ယင်ရှောင်ရှောင်းမှာ ထူးဆန်းသည့်မြွေများနှင့် အချိန်အတော်ကြာ နေခဲ့သော်လည်း နားမလည်နိုင်ချေ။

မည်သည့်မြွေကမှ သူ့မေးခွန်းအား ဖြေဆိုခြင်းမရှိသည့်အတွက် ကောရှဲ စိတ်အနှောင့်အယှက် မဖြစ်ပေ။ ထို့အစား ယင်ရှောင်ရှောင်း၏ မေးခွန်းအားနားထောင်ပြီးနောက် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြသည်။

“ချောက်ကမ်းပါးအောက်မှာ လူနံ့တွေရလို့လေ.. အဲဒါကြောင့် ဘာတွေဖြစ်နေတာလဲဆိုတာကို လာကြည့်တာ..”

နံဘေးရှိ မော့လောင်တမှာ ကောရှဲပြောသည်အား နားထောင်ရင်း သူသတိမမူမိခဲ့သည့်အရာကို အမှတ်ရသွားလေသည်။ အပြင်မှသတ္တဝါများ သင်္ချိုင်း‌ဟောင်းသို့ ချဉ်းကပ်လာသည့်အခါတွင် ထူးဆန်းသောမြွေများသည် မြွေပွေးများသည် ကျူးကျော်သူ ပြင်ပမှသတ္တဝါများအား နှိမ်နင်းနိုင်စွမ်းမရှိတော့ဟု ထင်သွားကြခြင်းဖြစ်သည်။ ထူးဆန်းသောမြွေများသည် ချောက်ကမ်းပါးအောက်မှ ပျံသန်းလာကာ ပဋိပက္ခတွင် ပါဝင်လာကြလိမ့်မည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် လူသားများကို ဤမျှဝေးဝေးသို့ ရောက်လာနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုထားကြခြင်းဖြစ်ပြီး ထူးဆန်းသည့်မြွေများအား ကြိုတင်သတိပေးရန် မော့လောင်တ မေ့လျော့သွားခဲ့သည့်အတွက် ကောရှဲမှာ ဤနေရာသို့ ရောက်လာခဲ့ရခြင်းပင်။

ထို့ကြောင့် မော့လောင်တသည် အခြေအနေများကို ကောရှဲအား ပြည့်ပြည့်ဝဝ ရှင်းပြရန်ပြန်သည်။ ကောရှဲ ရုတ်တရက် နားလည်သွားလေသည်။ နောက်ဆုံးတွင် ကောရှဲသည် သက်ပြင်းချကာဖြင့် ပြောလာသည်။

“အဲဒီတော့ လူသားတွေက တကယ်ကို အရမ်းအားနည်းနေကြပြီလား..”

ရှင်းပြချက်ပြီးသည့်နောက်တွင် ကောရှဲ ချောက်ကမ်းပါးအောက်သို့ ပြန်သွားခဲ့သည်။

ယင်ရှောင်ရှောင်းသည် ကျိခန်းမှာ သူနှင့် မော့လောင်တတို့၏နောက်တွင် ရှိနေသည်ကို သတိပြုမိလိုက်သည်။

“ကျိခန်းရေ.. ကောရှဲက မင်းကို မမြင်ရဘူးလား..”

“မြင်ရပါတယ်..”

ကျိခန်း အတင်းပြုံးလိုက်ရသည်။

“ကောရှဲက ငါ့ကို မမြင်ချင်ယောင်ဆောင်နေတာ.. ဘယ်လိုပဲဖြစ်ဖြစ်လေ.. ထူးဆန်းတဲ့မြွေတွေက ငါ့ကြောင့် ဒီနေရာမှာပဲ ပိတ်မိနေခဲ့ရတာပဲလေ..”

ရှည်လျားလှသည့် အချိန်များကို ကုန်ဆုံးပြီးသည့်တိုင် ထူးဆန်းသောမြွေများ၏ ဘဝမှာ မဆိုးလှသော်လည်း ဤနေရာတွင် ပိတ်မိနေခြင်းအား စိတ်မရှိဟု မဆိုလိုပေ။ ထိုအခြေအနေမျိုးတွင် ကျိခန်းအား မြင်သည့်အခါ သူတို့သည် မမြင်ချင်ယောင်သာ ဆောင်သွားကြသည်။

ထိုသို့ဆိုလျှင် ထူးဆန်းသောမြွေများမှာ သဘောထားသေးသိမ်သည်ဟု ထင်ရသည်။

ကောရှဲထွက်သွားပြီးနောက် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့လည်း ပင်မသင်္ချိုင်းခန်း၌ အိပ်ရန် ဝင်လာခဲ့ကြသည်။ ထိုနေ့ညတွင် ယင်ရှောင်ရှောင်းမှာ မယုံကြည်နိုင်လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ရသည်။ အိပ်မက်မက်နေခြင်း ဖြစ်နိုင်သော်လည်း တစ်ခါတစ်ရံတွင် ပါးစပ်ဖွင့်ကာ ထူးထူးဆန်းဆန်း ရယ်မောသံများ ပြုတတ်သည်။

စုလောင်နှင့် လျှိုကျစ်ရှင်းတို့ စောစောနိုးလာကြသည်။ စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် သင်္ချိုင်းဟောင်း၏ တည်နေရာအား အတိအကျ မသိရသော်လည်း သင်္ချိုင်းဟောင်းနှင့် လီပေါင်းများစွာ မဝေးတော့ဟု ခံစားမိသည်။ ထို့နောက် မနက်အိပ်ရာနိုးလာပြီးနောက် ဤခံစားချက်မှာ ပို၍ပြင်းထန်လာသည်။

လျှိုကျစ်ရှင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သင်္ချိုင်းအနီးတွင်ရှိနေသည့် ခံစားချက်မျိုး ရရုံသာမကဘဲ အမြဲမပြတ် စောင့်ကြည့်ခံနေရသည့် ခံစားချက်မျိုးလည်း မရှိတော့သည်အတွက် ပျော်ရွှင်သွားမိသည်။

စုလောင်နှင့် လျှိုကျစ်ရှင်းတို့သည် ဂူရှေ့တွင် စားသောက်ပြီးနောက် သင်္ချိုင်းဟောင်းကို ရှာဖွေရန် ခရီးဆက်ကြပြန်သည်။

“ဆရာ.. ဒီမှာတစ်ခုခု ရှိနေတယ်..”

သင်္ချိုင်းဟောင်းအနီးတွင် လျှိုကျစ်ရှင်း သည် ကြေးရုပ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ စုလောင် သည်လည်း ၎င်းတို့ကို တွေ့ရှိခဲ့ပြီး ဂရုတစိုက်ကြည့်ရှုရန် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးသွားခဲ့သည်။

လျှိုကျစ်ရှင်းသည် အစပိုင်းတွင် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း နောက်ပိုင်းတွင် အဘက်ဘက်မှ စောင့်ကြည့်ခံနေရသည်ဟု ရုတ်တရက် ခံစားလာရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးများအားလုံးသည် အဆုံးစွန်ထိ ထောင်ထလာ၏။

 ဒါကဘာကြောင့်ဖြစ်တာလဲ...

လျှိုကျစ်ရှင်း တံတွေးမျိုချလိုက်သည်။ စုလောင်ကို မေးချင်သော်လည်း စုလောင်၏ မျက်နှာပေါ်တွင် ရူးသွပ်သော အမူအရာကို မြင်လိုက်သောအခါ လျှိုကျစ်ရှင်းသည် သူပြောချင်သောစကားကို မျိုချလိုက်သည်။

“ငါအခု တစ်ခုခုပြောရင်တောင် ဆရာက နားထောင်မှာ မဟုတ်ဘူး..”

လျှိုကျစ်ရှင်း ခံစားရသည်မှာ တုန်လှုပ်စရာမဟုတ်ပေ။ နောက်ဆုံးတွင် သူတို့သည် ကြေးရုပ်တုများအနီးသို့ ရောက်သည်နှင့် တပြိုင်နက် ၎င်းတို့၏ တည်ရှိမှုအား ကျိခန်းထံ ထုတ်ဖော်ပြသခဲ့သည်။ ကျိခန်း၏ အာရုံသိစိတ် နယ်ပယ်အတွင်းတွင် သူတို့နှစ်ယောက်အတွက် ပုန်းရန်နေရာမရှိတော့ပေ။

"ဟားဟားဟား... ငါတို့ အုတ်ဂူဟောင်းကို ရှာတွေ့လုနီးပါး ဖြစ်နေပြီ... ထာဝရအသက်ကိုရတော့မယ်..."

စုလောင်၏ အမူအရာကို အရူးအမူးဖြစ်နေသည်ဟု မဖော်ပြနိုင်တော့ပဲ ထိုအစား ရူးသွပ်သွားပြီဟု ထင်ရသည်။ စုလောင် ရှေ့တွင်ပေါ်လာသော အုတ်ဂူဟောင်းကို တွေ့ကတည်းက ကြုံတွေ့ခဲ့သမျှ အားလုံးကို တစ်ခုပြီးတစ်ခု ပြန်ကြည့်နေသည်။ သူအများကြီးကြုံဖူးခဲ့ပြီဖြစ်သည်။

 သင်္ချိုင်းဟောင်းကို ရှာတွေ့ပြီးတော့ ထာဝရအသက်ကို ရနိုင်တော့မှာပဲမဟုတ်လား... 

ယခု သင်္ချိုင်းဟောင်းသည် သူ့မျက်လုံးများရှေ့တွင် ရှိနေပြီး ထာဝရရှင်သန်နိုင်သောအရာမှာ လက်သို့ ရောက်လာပြီ ဖြစ်သောကြောင့် စုလောင် ၏ ရူးသွပ်မှုမှာ အံ့သြစရာမရှိပေ။

လျှိုကျစ်ရှင်းသည် စကားမပြောဝံ့ဘဲ စုလောင်၏ နောက်သို့ လိုက်သွားခဲ့သည်။ ထိုကဲ့သို့ ရူးသွပ်ပြီး ကြောက်စရာကောင်းသော စုလောင်ကို တစ်ခါမှ မတွေ့ဖူးပေ။ သူ့စိတ်ထဲတွင် လျှိုကျစ်ရှင်းက အနည်းငယ် ကြောက်သွားသည်။ ဤသည်မှာ သူအချိန်အတော်ကြာသိခဲ့သော ဆရာ မဟုတ်ပေ။

"ငါတို့ ဒီကြေးရုပ်တွေနောက်ကို လိုက်မယ်ဆိုရင် သင်္ချိုင်းဟောင်းရဲ့ ဝင်ပေါက်ကို ငါတို့သေချာပေါက်တွေ့ရမှာ..." 
 
ထိုစကားပြောပြီး စုလောင်သည် ရှေ့သို့ လျှောက်သွားကာ လမ်းကို ဦးဆောင်ခဲ့သည်။ လျှိုကျစ်ရှင်းသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း စုလောင်၏နောက်မှ လိုက်နေဆဲဖြစ်သည်။

ရှန်းသောင်မှာ သိပ်မရှည်ဘဲ စုလောင်နှင့် လျှိုကျစ်ရှင်းတို့၏ ခြေလှမ်းများ မကြာမီရပ်တန့်သွားသည်။

မြွေပွေးများအပေါ် လုပ်ဆောင်ခဲ့သည့် စိတ်လှည့်စားမှုမှာ လူသားများအပေါ် အလုပ်မဖြစ်ပေ။ ရှန်းသောင်၏ အဆုံးသို့ ရောက်ရှိပြီးနောက် စုလောင်သည် နောက်ဆုံးတွင် သင်္ချိုင်း‌ဟောင်း၏ ဝင်ပေါက်ဖြစ်သည့် တံခါးကြီးတစ်ခုအား တွေ့လိုက်ရသည်။

စုလောင်သည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာဖြင့် ကျောက်တံခါးကို စစ်ဆေးရန် ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်သည်။

“ဒီကျောက်တံခါးမှာ ဖုန်မှုန့်တွေ ရှိနေသေးပြီး ပျက်စီးမှုအရိပ်အယောင် မရှိသေးဘူး..”

 စုလောင် က ပြောသည်။  

“ဘယ်သူမှ မလာသေးဘူးလို့ ထင်တယ်... ငါတို့နှစ်ယောက်က ပထမဆုံးရောက်လာတဲ့သူပဲ..."

ထိုသို့ပြောပြီးနောက် စုလောင်သည် ကျောက်တံခါးကိုဖွင့်ရန် ယန္တရားကိုရှာဖွေလိုက်သည်။ ကျိခန်း၏ "အကူအညီ" ကြောင့် ကျောက်တံခါး၏ယန္တရားကို တွေ့ရန် အလွန်လွယ်ကူသွားသည်။ စုလောင်သည် ကျောက်တံခါးထိပ်ရှိ ကျောက်တုံးကို ဖိချလိုက်သည်။ တံခါး ပွင့်သွားသည်။