8
"အစ်ကိုဟော် ကျွန်တော်၊ ကျွန်တော် တကယ်တော့ ဒီနေ့ဆွေမျိုးတွေဆီ အလည်လာတာပါ"
ရှက်ရွံ့မှုကြောင့် သူ့နားရွက်များမှာ အနည်းငယ် နီရဲသွားခဲ့လေသည်။ ဤစကားကိုကြားသောအခါ ဟော်ချင်း ခေတ္တရပ်တန့်သွားသော်လည်း သိပ်တော့အံ့သြမသွားခဲ့ပေ။ တကယ်တော့ ကျန်းယွင်လင် သူ့တံခါးဝတွင် တစ်ယောက်တည်း ပေါ်လာကတည်းက ဘာတွေဖြစ်နေသလဲဆိုတာကို သူ ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော် ထိုလူငယ်လေးထံ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သူသိရှိရန် လိုအပ်နေခဲ့သည်။
ပထမဆုံးစကားကို ပြောထွက်သွားပြီးနောက် ကျန်သည့်အရာများမှာ ပို၍လွယ်ကူသွားပုံရ၏။ ဟော်ချင်း၏ပြောင်းလဲမှုမရှိသော နူးညံ့သည့် မျက်နှာထားကိုမြင်သောအခါ ကျန်းယွင်လင်ရင်ထဲတွင် သတ္တိများထွက်ပေါ်လာခဲ့သည်။ သူ့အင်္ကျီလက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီးနောက် အိမ်တွင်မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများဖြစ်သော မိဘများကွယ်လွန်သွားခြင်း၊ ဆွေမျိုးများ၏ ဖိအားပေးမှုများနှင့် အကြံအစည်များကို တစ်ခုချင်းစီ ပြန်လည်ပြောပြလေတော့သည်။ အဆုံးသတ်ရောက်ချိန်တွင် သူ့လည်ချောင်းမှာ ခံစားချက်များကြောင့် အနည်းငယ် ဆို့နင့်နေခဲ့ရ၏။
သက်သေအထောက်အထားမရှိဘဲ သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဟော်ချင်း သံသယဝင်မည်ကိုစိုးရိမ်သဖြင့် ကျန်းယွင်လင် ခရီးစဉ်တစ်လျှောက်လုံး သူ့ရင်ခွင်ထဲတွင် ဂရုတစိုက် သိမ်းဆည်းလာခဲ့သော လက်ထပ်စာချုပ်ကို ထုတ်ယူလိုက်သည်။
"အစ်ကိုဟော် ကျွန်တော်တကယ်ကို အကူအညီမဲ့နေလို့ပါ၊ အမေကမကွယ်လွန်ခင် ဒီလက်ထပ်စာချုပ်ကိုယူပြီး အန်တီကျောက်ဆီမှာ ခိုလှုံဖို့ပြောခဲ့ပါတယ်၊ ကျွန်တော်က အစ်ကိုနဲ့စေ့စပ်ထားပြီးသားမလို့ အစ်ကို့ကိုလက်ထပ်ဖို့လည်း ဆန္ဒရှိပါတယ်၊ ဟော်မိသားစုက ကျွန်တော့်ကို လက်ခံပေးနိုင်မလား"
ထိုသို့ပြောပြီးနောက် ကျန်းယွင်လင် ခေါင်းငုံ့ထားလိုက်ပြီး သူ့ရင်များ တဒိတ်ဒိတ်ခုန်ကာ အဖြေကို စောင့်ဆိုင်းနေခဲ့သည်။ တစ်ဖက်တွင်လည်း ကျန်းယွင်လင်၏စကားများကိုကြားပြီးနောက် ဟော်ချင်းမနေနိုင်ဘဲ ဝမ်းနည်းစိတ်တစ်ခု ဝင်ရောက်လာခဲ့ပေသည်။ ဦးလေးကျန်းနှင့် အန်တီကျီတို့ သူ့အိမ်သို့လာရောက်ခဲ့ချိန်၌ သူသည်ငယ်ရွယ်သေးပြီး သူတို့နှစ်ဦးစလုံးမှာ အလွန်နူးညံ့သိမ်မွေ့သူများဖြစ်ကြောင်းကိုသာ မှတ်မိနေခဲ့သည်။ အထူးသဖြင့် အန်တီကျီ၏အသံမှာ သူ့မိခင်ကဲ့သို့ပင် နားထောင်လို့ကောင်းကြောင်း မှတ်မိနေခဲ့၏။ နောက်ပိုင်းတွင် သူ့မိခင်မှထိုအိမ်ထောင်ရေးမှာ တရားမဝင်တော့ကြောင်း ပြောခဲ့သော်လည်း ဟော်ချင်းစိတ်ထဲမထားခဲ့ပေ။
ထိုအချိန်က သူအသက်ခုနစ်နှစ်သာ ရှိသေးပြီး ဤကိစ္စများကို တကယ်တမ်း နားလည်နိုင်စွမ်း မရှိခဲ့ချေ။ သူ့အတွက်တော့ ခင်ပွန်းတစ်ယောက်ဆိုသည်မှာ တောင်ပေါ်မှသစ်သီးများလောက်ပင် အရေးမကြီးသောကြောင့် ရက်အနည်းငယ်အတွင်းမှာပင် မေ့ပျောက်သွားခဲ့လေသည်။ မမျှော်လင့်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးစလုံးကွယ်လွန်သွားကြပြီး ကောင်လေးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေတော့သည်။ သို့သော် သူ့မိသားစု လက်ရှိအခြေအနေမှာတော့.....
မျှော်လင့်ချက်အပြည့်ရှိနေသော ကျန်းယွင်လင်၏မျက်ဝန်းများကို ရင်ဆိုင်ရချိန်တွင် ဟော်ချင်းခေတ္တမျှစကားဆွံ့အသွားခဲ့ရ၏။ သူ နှုတ်ခမ်းကိုစေ့ကာ နောက်ဆုံးတွင် ပြောလိုက်သည်။
"ကိုယ့်အမေလဲ ကွယ်လွန်သွားခဲ့ပြီ"
ဤစကားကိုကြားသောအခါ ကျန်းယွင်လင် ခေတ္တမျှမှင်တက်သွားပြီးနောက် လုံးဝအေးခဲသွားကာ သူ့စိတ်ထဲတွင်ထူပူသွားခဲ့သည်။ အတန်ကြာပြီးနောက် တုန်ရီနေသော နှုတ်ခမ်းများဖြင့် သူပြန်မေးလိုက်သည်။
"အန်တီကျောက်လဲ ဆုံးပါးသွားပြီပေါ့"
"ဟုတ်တယ်၊ လွန်ခဲ့တဲ့လေးနှစ်က သူ ကလေးမွေးရင်း ဆုံးသွားခဲ့တာ၊ ခြောက်လတောင်မပြည့်သေးဘူး၊ ကိုယ့်အဖေလည်း တောင်ပေါ်မှာအမဲလိုက်ရင်း မတော်တဆဖြစ်ပြီးဆုံးသွားတယ်၊ အခုအိမ်မှာ ကိုယ်နဲ့ရှောင်ဝမ်ပဲကျန်တော့တယ်၊ ရှောင်ဝမ်က ကျန်းမာရေးမကောင်းဘူး၊ နေ့တိုင်း ဆေးသောက်နေရပြီး ကျောင်းလည်း တက်နေရတုန်းပဲ"
ဟော်ချင်း သက်ပြင်းမောချကာပြောဆိုနေသလို ကျန်းယွင်လင်ကလည်း ဤအရာများကို လက်ခံနိုင်ရန်ရုန်းကန်နေရ၏။ ဆွေမျိုးများထံခိုလှုံရန် ဟော်မိသားစုသို့ မလာရောက်မီက ကျန်းယွင်လင်တွင် တကယ်တမ်းယုံကြည်ချက် အပြည့်အဝ မရှိခဲ့ချေ။ မိခင်ဖြစ်သူမှ သူမနှင့် ကျောက်ရှီတို့ကြား နက်ရှိုင်းသော ဆက်ဆံရေးရှိသည်ဟု ပြောခဲ့သော်လည်း သူတို့သည် နှစ်ပေါင်းများစွာ မတွေ့ဆုံခဲ့ကြသလို အဆက်အသွယ်လည်း မရှိခဲ့ကြသဖြင့် ဟော်မိသားစုအတွက် သူဆိုသည်မှာ သူစိမ်းတစ်ယောက်လိုဖြစ်နေခဲ့သည်။
ထို့ကြောင့် မလာမီကတည်းမှ ကျန်းယွင်လင် သူ့ကိုမြင်သောအခါ ဟော်မိသားစုမှ တုံ့ပြန်လာနိုင်သည့် အခြေအနေအမျိုးမျိုးဖြစ်သော စိုးရိမ်ပူပန်မှု၊ နူးညံ့သိမ်မွေ့မှု၊ ရွံရှာမှု စသည်တို့ကို စိတ်ကူးထားခဲ့သော်လည်း ဤရလဒ်မျိုးကိုတော့ မမျှော်လင့်ထားခဲ့ပေ။
ဟော်ထျဲ့ဖုန်းနှင့်ကျောက်ရှီတို့နှစ်ဦးစလုံးမှာ လွန်ခဲ့သောလေးနှစ်ကတည်းမှ ကွယ်လွန်သွားခဲ့ကြပြီး ဟော်မိသားစု၏လက်ရှိအခြေအနေမှာလည်း သူ့အခြေအနေနှင့် လုံးဝနီးပါးတူညီနေခဲ့ပေသည်။ သူ့ကိုဖျင်ယောင်စီရင်စုသို့ လွှတ်လိုက်ချိန်တွင် တစ်ချိန်ကပြည့်စုံခဲ့သော ဟော်မိသားစုသည် နှစ်အနည်းငယ်အတွင်း ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားလိမ့်မည်ဟု မိခင်ဖြစ်သူကလည်း ထင်မှတ်ထားခဲ့မည်မဟုတ်ပေ။ ၎င်းမှာ နောက်ဆုံးကျန်ရှိနေသော စွန်ကြိုးလေး ပြတ်တောက်သွားသကဲ့သို့ပင် ဖြစ်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ်၊ ဒီလိုတွေရှိခဲ့မှန်း မသိခဲ့ဘူး"
ကျန်းယွင်လင် အသာပြန်ဖြေရင်း နေမထိထိုင်မသာဖြစ်သွားရ၏။ ယခု ဟော်ထျဲ့ဖုန်းနှင့် သူ့ဇနီးတို့မရှိတော့ကြောင်းနှင့် ဟော်ညီအစ်ကိုနှစ်ဦးမှာ အလွန်ရုန်းကန်နေရကြောင်းကို သူ သိရှိသွားပြီဖြစ်သည်။ ယနေ့သူ့ပေါ်ထွက်လာမှုသည် ဟော်ချင်းအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်သွားမည်မှာ ယုံမှားဖွယ်ရာမရှိတော့ချေ။ မိသားစုထဲတွင် လူတစ်ယောက် ထပ်တိုးလာခြင်းမှာ ထမင်းစားရန်တူတစ်စုံ ထပ်တိုးရုံထက်များစွာပို၍ရှုပ်ထွေးလှပေသည်။ အစားအစာ၊ အခွန်အခ၊ အဝတ်အစားနှင့် အခြား လိုအပ်ချက်များ အရာအားလုံးအတွက် သေချာစွာ တွက်ချက်စီစဉ်ရန် လိုအပ်၏။
ကျန်းယွင်လင် အတွေးလွန်နေချိန်တွင် ဟော်ချင်းသည်လည်း အလားတူ အကျပ်အတည်းမျိုးကို ရင်ဆိုင်နေရသည်။ ယခုအခါ သူသည်အသားသည်တစ်ဦးဖြစ်ပြီး လယ်ထဲတွင်အလုပ်လုပ်နေသော လယ်သမားများထက် ဝင်ငွေပိုကောင်းသော်လည်း မိသားစု၏နေ့စဉ်အသုံးစရိတ်များမှာ များပြားနေဆဲပင်။ ဟော်ဝမ်မှာ လစဉ်ဆေးဖိုးလိုအပ်ပြီး ဆရာကျိုးထံတွင် ပညာသင်ယူရန် ကျောင်းလခမှာ ဒုတိယအရေးကြီးသောအရာဖြစ်သည်။ ပညာသင်ကြားရန် လိုအပ်သော စုတ်တံ၊ မှင်၊ စာရွက်နှင့် မှင်အိုးစသည်တို့ အားလုံးမှာ ငွေကုန်ကြေးကျများလှ၏။ တစ်ခါတစ်ရံ စာကြည့်တိုက်မှ စာအုပ်ပါးပါးလေးတစ်အုပ်မှာ ငွေတစ်တေး သို့မဟုတ် နှစ်တေးခန့်ပင်ကျသင့်တတ်သည်။ ထို့ပြင် ကျန်းယွင်လင်ပါ ထပ်တိုးလာမည်ဆိုပါက အခက်တွေ့နိုင်ပေ၏။
တိတ်ဆိတ်နေသော ထိုအခိုက်အတန့်လေးအတွင်းမှာပင် ကျန်းယွင်လင်သည် အဖြေကိုသိရှိနေခဲ့ပြီပင်။ ကြည့်ရသည်မှာ သူဟော်မိသားစုနှင့်အတူ နေထိုင်၍ရနိုင်မည်မဟုတ်ချေ။ သူ စိတ်ပျက်ဝမ်းနည်းမှုမဖြစ်ပါဟုပြောလျှင် လိမ်ညာရာကျပေမည်။ သို့ရာတွင် ဟော်မိသားစု၏လက်ရှိအခြေအနေအရ လုံးဝကိုနားလည်ပေးနိုင်စရာပင်ဖြစ်သည်။ သူတို့အတွက် ပြဿနာဖြစ်စေခဲ့ကြောင်း သိလိုက်ရသဖြင့် ကျန်းယွင်လင်ဝမ်းနည်းမှုရော ရှက်ရွံ့မှုပါ ခံစားလိုက်ရ၏။ ထို့ကြောင့် ကျန်းယွင်လင်သည် ဖြူဖျော့နေသော မျက်နှာဖြင့် အသာမတ်တတ်ရပ်လိုက်ပြီးပြောလိုက်သည်။
"တောင်းပန်ပါတယ် အစ်ကိုဟော်၊ ဒီနေ့ ကျွန်တော် အစ်ကို့ကိုအနှောင့်အယှက်ပေးမိသွားပြီ၊ ကျွန်တော် ဒီကိုတစ်ခါမှမရောက်ဖူးဘူးလို့ပဲ သဘောထားလိုက်ပါ"
ထိုသို့ပြောပြီးနောက် ခြံတံခါးဝဆီသို့ သူလျှောက်သွားလိုက်သည်။
'ကိစ္စမရှိပါဘူး ကျန်းယွင်လင်'
သူ့ပခုံးပေါ်ရှိအထုပ်ကို ခပ်တင်းတင်းဆွဲလိုက်ပြီး အားတင်းထားရန် သူ့ကိုယ်သူ အတင်းအကျပ်အားပေးလိုက်သည်။ တကယ်တော့ ဟော်မိသားစုဆီသို့ မလာမီကတည်းမှ ဤရလဒ်မျိုးကို သူစဉ်းစားထားပြီး အဆိုးရွားဆုံးအတွက်ပြင်ဆင်ထားခဲ့ပြီးသားပင်။ ခြံဝင်းငယ်လေးအားပြန်အပ်ချိန်၌ အိမ်ရှင်ပြန်အမ်းပေးလိုက်သော အိမ်လခငွေအချို့ သူ့ထံတွင်ရှိနေသေးသည်။ သိပ်မများသော်လည်း အချိန်အတန်ကြာသည်ထိတော့ သုံးလောက်ပေမည်။
ရွှမ်မင်းဆက်တွင် အမျိုးသမီးများနှင့် ကောလေးများကို သီးခြားခွဲနေခွင့်မပြုသော်လည်း စီရင်စုနှင့် ခရိုင်တိုင်းတွင် အိမ်ရာမဲ့ဒုက္ခသည်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများကိုလက်ခံစောင့်ရှောက်ပေးသော ပရဟိတဂေဟာတစ်ခုစီရှိသည်။ အဆိုးဆုံးဆိုလျှင်ပရဟိတဂေဟာတွင် သူနေထိုင်နိုင်ပါ၏။ အနာဂတ်အတွက်မူ နောက်မှသာစိတ်ပူတော့မည်။
သူသည် ဟင်းချက်ကောင်းသူဖြစ်ရာ လမ်းပေါ်တွင်ရောင်းချရန် သရေစာများနှင့် မုန့်များလုပ်ကြည့်နိုင်သည်။ သူ့ပန်းထိုးလက်ရာမှာလည်း ကောင်းမွန်သဖြင့် ဆိုင်တွင်ငွေနှင့်လဲလှယ်ရန် လက်ကိုင်ပုဝါများနှင့် အမွှေးအိတ်လေးများကို ပန်းထိုးနိုင်၏။
"ဘဝကခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် ငါရှင်သန်နိုင်မှာပါ၊ သေချာပေါက် ငါရှင်သန်နိုင်မှာ"
ကျန်းယွင်လင်သည် သူ့ကိုယ်သူစကားပြောနေသကဲ့သို့ သို့မဟုတ် သူ့ကိုယ်သူတည်ငြိမ်စေရန် ကြိုးစားနေသကဲ့သို့ တီးတိုးရေရွတ်လိုက်သည်။ မိခင်ဖြစ်သူအကြောင်းပြောပြအပြီးတွင် ကောလေး၏မျက်ဝန်းများထဲမှ နောက်ဆုံးကျန်ရှိနေသော အလင်းရောင်လေး ငြိမ်းသတ်သွားသည်ကို မြင်လိုက်ရသောအခါ ဟော်ချင်းရင်ထဲတွင် ရုတ်တရက်တင်းကျပ်သွားရ၏။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်၌ ညဘက်ဆေးထည့်ပေးရန် သူ့အခန်းထဲသို့ ပြေးလာခဲ့သော ကောက်ညှင်းလုံးလေး၏မျက်ဝန်းများမှာ သူ့မျက်လုံးထဲတွင် ရုတ်တရက်ပြန်လည်ပေါ်လာခဲ့သည်။ သူသာ တကယ်တမ်းအကူအညီမဲ့နေသော အခြေအနေမျိုးသို့ မရောက်ခဲ့လျှင် သူကဲ့သို့သော ကောလေးတစ်ဦးမှာ ကျားလင်စီရင်စုမှ ဤမျှဝေးကွာသောနေရာထိ လက်ထပ်စာချုပ်တစ်ခုတည်းကိုသာ အားကိုးလျက် တစ်ခါမှမတွေ့ဖူးသော ခင်ပွန်းသည်၏မိသားစုထံတွင်ခိုလှုံရန် တစ်ယောက်တည်း အဘယ်ကြောင့် ခရီးထွက်လာခဲ့မည်နည်း။ ထိုကဲ့သို့ ခက်ခဲကြမ်းတမ်းသော အခြေအနေမျိုးတွင်ပင် သူတို့ကို အနှောင့်အယှက် မပေးလိုသဖြင့် အကူအညီမတောင်းခဲ့ခြင်းမှာ တကယ့်ကိုကြင်နာတတ်သော သဘောသဘာဝရှိသူပင်ဖြစ်သည်။
ထားလိုက်ပါတော့၊ မိသားစုထဲမှာ ကောလေးတစ်ယောက် ထပ်တိုးလာတော့ရောဘာဖြစ်လဲ။ ဟော်ဝမ်ကို ကျွေးမွေးစောင့်ရှောက်ရတာက တစ်ကဏ္ဍ၊ ကျန်းယွင်လင်ကို ကျွေးမွေးရတာကလည်း နောက်ထပ်ညီတစ်ယောက် ထပ်တိုးလာသလိုပါပဲ။
ဤသို့တွေးမိသောအခါ ဟော်ချင်းအံကိုတင်းတင်းကြိတ်လိုက်သည်။ သူ ကျွေးမွေးစောင့်ရှောက်ရမည်။ ထို့ကြောင့် သူသည် ရှေ့ရှိပိန်ပါးပြီး အားနည်းနေသော ပုံရိပ်လေးကိုကြည့်ကာ လှမ်းခေါ်လိုက်သည်။
"လင်ကောအာ ခဏနေပါဦး"
ကျန်းယွင်လင်၏စိတ်ထဲတွင် အနည်းငယ် ဗလာကျင်းသွားသည်။ ဟော်ချင်းမှ သူ့ကိုခေါ်လိုက်သည်ကို ကြားသောအခါ သတိပြန်ဝင်လာရန် ခေတ္တမျှအချိန်ယူလိုက်ရပြီးမှ ရပ်တန့်ကာ ခပ်တွေတွေဖြင့်ပြန်လှည့်ကြည့်လိုက်၏။
"အစ်ကိုဟော် တစ်ခုခုပြောစရာရှိလို့လား"
ဟော်ချင်း အိမ်ထဲမှနေ၍ သူ့နောက်သို့ လိုက်လာကာ ခြေလှမ်းအနည်းငယ် အကွာသို့ ရောက်လာပြီးမှပြောလိုက်သည်။
"ကိုယ့်မိသားစုရဲ့အခြေအနေကို မင်း မြင်တဲ့အတိုင်းပဲ၊ ကိုယ်တို့က သာမန် လယ်သမားမိသားစုလေးပါပဲ၊ ကိုယ်က အသားသည်တစ်ယောက်ဆိုပေမယ့် ဟော်ဝမ်က ဆေးသောက်ရတယ်၊ ကျောင်းတက်ရတယ်ဆိုတော့ အသုံးစရိတ်က မသေးဘူး၊ ဒါပေမယ့် ကံကောင်းတာက ကိုယ်တို့မှာလယ်ဧကနည်းနည်း ရှိတယ်၊ ဒါကြောင့် နောက်ထပ် လူတစ်ယောက်ကို ကျွေးမွေးဖို့ဆိုတာ ပြဿနာမရှိပါဘူး"
အစပိုင်းတွင် ကျန်းယွင်လင်သည် ဟော်ချင်းမှ သူ့ကို ဤအရာများ ရုတ်တရက် ဘာကြောင့်ပြောနေသနည်းဆိုသည်ကို နားမလည်ခဲ့ပေ။ နောက်ဆုံးတွင် တစ်ခုခုကို သူသဘောပေါက်သွားပြီး ခေတ္တရပ်တန့်သွားကာ သူ့မျက်လုံးများ တဖြည်းဖြည်းဝိုင်းစက်လာသည်။
"အစ်ကိုဟော် ဒါက "
ကျန်းယွင်လင်သည် အစပိုင်းတွင် ယုံကြည်ရန်တွေဝေနေခဲ့သော်လည်း သူ့ရှေ့မှ အမျိုးသား လေးနက်စွာ းပြောလိုက်သည်ကို ကြားလိုက်ရသည်။
"သိပ်ကောင်းတဲ့ဘဝမျိုးတော့မဟုတ်ပေမယ့် မင်းနေမယ်ဆိုရင်တော့ ကိုယ်ရှိနေသရွေ့ မင်းနဲ့ဟော်ဝမ် ဝဝလင်လင် စားရဖို့ သေချာပေါက်တာဝန်ယူပါတယ်၊ မင်း သဘောတူလား"