Ch 10
Viewers 1k

10




ပတ်ဝန်းကျင်အား  သူလိုက်ကြည့်လိုက်ရာ နောက်ဆုံးတွင် ညီအစ်ကိုနှစ်ယောက် မီးဖိုချောင်ထဲ၌ဟင်းချက်နေသည်ကို တွေ့လိုက်ရသည်။ ထိုဆူညံပွက်လောရိုက်မှုများ အားလုံးပြီးဆုံးသွားချိန်တွင် နေ့လယ်စာစားချိန်ပင် ရောက်နေပြီပင်။ မီးဖိုချောင်တွင် ယောက်ျားများအလုပ်လုပ်နေသည်ကို တစ်ခါမှမမြင်ဖူးခဲ့သဖြင့် ကျန်းယွင်လင် အနည်းငယ်အံ့သြသွားမိသည်။ သို့ရာတွင် ယင်းမှာအဓိပ္ပာယ်ရှိကြောင်း သူချက်ချင်း သဘောပေါက်လိုက်၏။ အိမ်တွင် ညီအစ်ကိုနှစ်ယောက်တည်းသာရှိသဖြင့် သူတို့လည်းအစားစားရန် ကျိန်းသေလိုအပ်ရာ ဟော်ချင်း ဟင်းချက်ခြင်းမှာ ပုံမှန်ပင်ဖြစ်ပေသည်။




"အစ်ကိုဟော်"




ကျန်းယွင်လင် မီးဖိုချောင်တံခါးဝမှနေ၍ ခေါ်လိုက်သည်။ ဟော်ချင်းနှင့် ဟော်ဝမ်တို့ သူ့အသံကြောင့် မော့ကြည့်လိုက်ကြသော်လည်း ညီအစ်ကိုနှစ်ယောက်စလုံး သူ့ကိုမြင်သောအခါမှင်တက်သွားကြ၏။ အထူးသဖြင့် ဟော်ချင်းသည် ကျန်းယွင်လင်ကို စိုက်ကြည့်ကာ လုံးဝဆွံ့အသွားခဲ့ပေသည်။




"မင်းက"




ဟော်ချင်း သူ့မျက်နှာကိုအံ့သြတကြီးကြည့်ရင်း ပြောလိုက်သည်။ ကောလေးအနေဖြင့် အမြန်ရေချိုးပြီး အဝတ်အစားလဲရုံသာ လိုအပ်မည်ဟု သူထင်မှတ်ထားခဲ့သော်လည်း ထွက်လာသောအခါ လုံးဝကွဲပြားခြားနားသော လူတစ်ယောက်နှင့်တူနေပေသည်။ မြို့ပေါ်တွင်နေထိုင်ပြီး လယ်ထဲတွင် အလုပ်လုပ်စရာမလိုသဖြင့်ဖြစ်မည်။ ကျန်းယွင်လင်သည် အလွန်တရာအသားဖြူပြီး သူမြင်ဖူးသမျှအခြားမည်သည့်ကောလေးများထက်မဆို အသားပိုဖြူလေသည်။ 




ပထမဆုံးအကြိမ် သူမြင်လိုက်ရုံနှင့် ကျောက်စိမ်းလေးတစ်ပွင့်ကဲ့သို့ဖြစ်ကာ ရှည်လျားသွယ်လျသော မျက်ခုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် နူးညံ့သိမ်မွေ့သော အလှတရားများရှိနေ၏။ အထူးသဖြင့် ဗာဒံစေ့ပုံစံ သူ့မျက်လုံးများမှာ နက်မှောင်ကြည်လင်နေပြီး ကလေးဘဝမှ ကောက်ညှင်းလုံးလေးကို မပီဝေဝါးစွာဖြင့်ပြန်လည်အမှတ်ရစေသည်။ ဟော်ဝမ်သည်လည်း အလားတူတွေးနေခဲ့သော်လည်း သူ့ခံစားချက်များမှာ ဟော်ချင်းထက် ပို၍ရှုပ်ထွေးနေ၏။ 




သူ့မရီးဖြစ်မည်ဟု ထင်မှတ်ထားသူမရှိတော့သည့်အတွက် အလွန်တရာစိတ်ပျက်ပြီး အနည်းငယ်စိတ်ဓာတ်ကျနေပေသည်။ ယင်းမှာကျန်းယွင်လင်ကြောင့်မဟုတ်ဘဲ အစ်ကိုဖြစ်သူမှစီစဉ်ပေးသော အိမ်ထောင်ရေးနှင့်ပတ်သက်၍ သူ့ကိုတကယ်လိမ်ခဲ့ပြီး ဤမျှကြီးမားသော အကြောင်းပြချက်ကို သူ့ထံမှဖုံးကွယ်ထားခဲ့သဖြင့် ဒေါသထွက်နေခြင်းသာဖြစ်သည်။ ကျန်းယွင်လင်သည် အိမ်တွင်သာ သူတို့နှင့်အတူနေထိုင်မည်ဖြစ်ကြောင်း အစ်ကိုဖြစ်သူမှ သူ့ကိုပြောပြပြီးဖြစ်ရာ ဟော်ဝမ်လည်းကန့်ကွက်စရာမရှိပေ။ 




အစ်ကိုဖြစ်သူ၏ အနာဂတ် ဝန်ထုပ်ဝန်ပိုးများအတွက် ရင်ထဲတွင် နာကျင်မှုတစ်ခု ခံစားရသော်လည်း အစ်ကိုဖြစ်သူပြောသည်မှာ မှန်ကန်ကြောင်း သူသိရှိထားသည်။ သူတို့နှစ်ဦးစလုံးမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသူများဖြစ်ကြပြီး ကူညီနိုင်ချိန်တွင် ကူညီပေးသင့်ပေသည်။ ညီအစ်ကိုနှစ်ယောက် သူ့ကိုစိုက်ကြည့်နေသည်ကို မြင်သောအခါ ကျန်းယွင်လင် အနည်းငယ် ရှက်ရွံ့သွားရ၏။ အဝတ်အစားများကိုဆွဲချကာ သူရှင်းပြလိုက်သည်။




"ကျွန်တော် ခုနကတစ်ယောက်တည်း အပြင်ထွက်လာတာဆိုတော့ လူဆိုးတွေ အန္တရာယ်ပြုမှာကြောက်လို့ ရုပ်ဖျက်လာခဲ့တာပါ"




ဟော်ချင်း သတိပြန်ဝင်လာပြီး အကြည့်ကိုအမြန်လွှဲကာ ပြန်ဖြေလိုက်သည်။




"ဟုတ်တယ်၊ အဲ့လိုလုပ်တာမှန်တယ် မင်းကဉာဏ်ကောင်းသားပဲ"




သူကိုယ်တိုင်လည်း အနည်းငယ်ရှက်ရွံ့သွားပြီး အဘယ်ကြောင့် ကောလေးကို အတွေ့အကြုံမရှိသော လူငယ်လေးတစ်ဦးကဲ့သို့ အချိန်အကြာကြီးစိုက်ကြည့်နေမိသနည်းဟု တွေးတောနေမိသည်။ ထို့နောက် ကျန်းယွင်လင်သည် ဟော်ဝမ်ထံကြည့်လိုက်၏။ အစပိုင်းတွင် ဟော်ဝမ်မှ သူ့ကိုလက်ခံမည်မဟုတ်ဟု သူစိုးရိမ်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် ပိန်ပါးသော လူငယ်လေးသည် မတ်တတ်ရပ်ကာ ခေါ်လိုက်သည်။




"အစ်ကိုလင်"




သူ့မျက်ဝန်းများတွင် အနေရခက်မှုနှင့် ချုပ်တည်းမှု အရိပ်အယောင်များရှိနေသော်လည်း မကျေနပ်မှု သို့မဟုတ် ရွံရှာမှုများ မရှိပေ။ ကျန်းယွင်လင်မှာ လုံးဝ စိတ်အေးသွားပြီး ခေါင်းပြန်ညိတ်ပြလိုက်သည်။ ညီအစ်ကိုနှစ်ယောက် ဟင်းချက်နေသည်ကို မြင်သောအခါ ကူညီရန် သူ့အင်္ကျီလက်များကို အမြန်ခေါက်တင်လိုက်သော်လည်း ဟော်ချင်းမှ သူ့ကိုတားလိုက်သည်။




"ကျက်တော့မှာပါ၊ ခဏနေရင်စားလို့ရပြီ"




ကျန်းယွင်လင်လည်း မတတ်နိုင်ဘဲ လက်လျှော့လိုက်ရသည်။ တကယ်တော့ ညီအစ်ကိုနှစ်ယောက် နေ့လယ်စာ ယူမလာမီသိပ်မကြာလိုက်ပေ။ ကျန်းယွင်လင် ပထမဆုံးအကြိမ်လာလည်ခြင်းဖြစ်သဖြင့် ဟော်ချင်းသည် မူလက အသားအနည်းငယ်ပြင်ဆင်ရန် စီစဉ်ထားခဲ့သည်။ သို့သော် သူရောက်ရှိလာမှုမှာ ရုတ်တရက်ဖြစ်ပြီး ယမန်နေ့ည၌ ကျန်ခဲ့သော မုန့်ပေါင်းအနည်းငယ်၊ ကြက်ဥနှစ်လုံး၊ ဝက်သားတုံးလေးတစ်တုံးနှင့် အရင်ရက်အနည်းငယ်၌ ခြံထဲမှခူးဆွတ်ထားသော ရွှေဖရုံသီးတစ်လုံးမှလွဲ၍ အိမ်တွင်ဘာမှအဆင်သင့်ရှိမနေပေ။




ဟော်ချင်းသည် သူ့ကိုယ်ပိုင်ဟင်းချက်စွမ်းရည်ကို သိရှိထားသည်။ အသားဟင်းချက်ရန်မှာ မဖြစ်နိုင်ဘဲ အလဟဿဖြစ်သွားမည်ကို စိုးရိမ်ရလေသည်။ ထို့ကြောင့် အသားအစား ကြက်ဥတစ်လုံးကိုသာ အခက်အခဲများဖြင့်ကြော်လိုက်ပြီး ရွှေဖရုံသီးအနည်းငယ်ကိုလှီးကာ မီးဖိုပေါ်တွင် ပေါင်း၍ မုန့်ပေါင်းများကိုပြန်နွှေးလိုက်ရသည်။ ထိုအရာများမှာ သူတို့သုံးယောက်အတွက် နေ့လယ်စာပင်ဖြစ်၏။




ထမင်းဟင်း၏ အရသာနှင့်ပတ်သက်၍ ရိုးရိုးသားသားပြောရလျှင် သိပ်မကောင်းလှပေ။ လူကြီးတစ်ယောက်ဖြစ်သော ဟော်ချင်းသည် ဟော်ဝမ်ကိုနှစ်များတစ်လျှောက် ပြုစုပျိုးထောင်လာခဲ့သော်လည်း သူ့ဟင်းချက်စွမ်းရည်မှာ တကယ်ကို ဆိုးရွားလှပေ၏။ သူသည် အစားအစာများကို အဆင်ပြေရုံနှင့် ဗိုက်မနာစေရန်သာ ကြိုးစားချက်ပြုတ်နေခြင်းဖြစ်သည်။ အစားအသောက်တို့မှာ သေသပ်သောပြင်ဆင်မှုမျိုး အားနည်းလှ၏။




မုန့်ပေါင်းများမှာ မာကျောကြမ်းတမ်းနေပြီး ကြော်ထားသောကြက်ဥနှစ်လုံးမှာလည်း အနည်းငယ်တူးနေသည်။ ဆီနှင့် ဆားမပါဘဲ ပေါင်းထားသော ရွှေဖရုံသီးဟင်းတစ်ပွဲသာလျှင် အဆင်ပြေနေခဲ့၏။ အစ်ကိုဖြစ်သူ၏ ပြုစုပျိုးထောင်မှုအောက်တွင် နှစ်ပေါင်းများစွာ ကြီးပြင်းလာခဲ့သော ဟော်ဝမ်မှာ ယင်းကိုကျင့်သားရနေပြီဖြစ်ကာ ညည်းညူခြင်းမရှိဘဲ စားသောက်နေသည်။ ကျန်းယွင်လင်မှာလည်း အလားတူပင် မတုန်မလှုပ်ဘဲ တိတ်ဆိတ်စွာ စားသောက်နေ၏။ 




ဟော်ချင်းတစ်ယောက်တည်းသာ အနေရခက်စွာဖြင့် သူ့နှာခေါင်းကိုပွတ်သပ်နေသည်။ အစားစားပြီးနောက် ကျန်းယွင်လင်သည် ပန်းကန်များဆေးရန် အတင်းတောင်းဆိုလေတော့၏။ ပုံမှန်အားဖြင့် ဟော်ဝမ်မှ ပန်းကန်များဆေးလေ့ရှိရာ သူသည်ဟော်ချင်းကို တွေဝေဟန်ဖြင့် ကြည့်လိုက်သည်။ ကျန်းယွင်လင်သည် အခုမှရောက်လာသူဖြစ်ပြီး စိတ်အေးလက်အေးဖြစ်စေရန် တစ်ခုခုလုပ်ချင်နေကြောင်းသိထားသဖြင့် ယခုတစ်ကြိမ်တွင် ဟော်ချင်း သူ့ကိုမတားဆီးခဲ့ပေ။




ကျန်းယွင်လင်သည် ကျေးဇူးတင်ဟန်ဖြင့် ပန်းကန်များဆေးရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ထိုနေရာနှင့် မရင်းနှီးသဖြင့် ပစ္စည်းများ ဘယ်နေရာတွင်ရှိသည်ကိုရှာဖွေရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူသည် ရေမှုတ်ဖြင့် သစ်သားဇလုံထဲသို့ ရေတစ်ဇွန်းခပ်ထည့်လိုက်ပြီး ဆပ်ပြာသီးတစ်လုံးကို အပိုင်းပိုင်းချိုးကာ ဆီပေနေသော ပန်းကန်လုံးကို သန့်စင်အောင်ဆေးကြောပြီးနောက် ခြောက်သွေ့အောင်သုတ်ကာ မီးဖိုအထက်ရှိ သစ်သားဗီရိုထဲသို့ ထည့်ထားလိုက်၏။ ရွာသားများအတွက် အိုးများ၊ ဒယ်အိုးများနှင့် အသုံးအဆောင်များ အားလုံးမှာ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများဖြစ်ပြီး သဘာဝကျကျပင် မြတ်နိုးတန်ဖိုးထားကြသည်။ 




ပန်းကန်များဆေးပြီးနောက် ကျန်းယွင်လင်သည် သူ့လက်များကိုသုတ်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။ ထိုအချိန်မှာပင် အိမ်ထဲသို့ လီရှီဝင်လာခဲ့သည်။ ဟော်ထျဲ့ရှန်းနှင့် ဟော်ထျဲ့ဖုန်းတို့မှာ ညီအစ်ကိုဖြစ်ကြသော်လည်း ရွာထဲရှိ သူတို့အိမ်များမှာကပ်လျက်မဟုတ်ပေ။ ဟော်ထျဲ့ရှန်းအိမ်မှာ ရွာလယ်တွင်ရှိပြီး ဟော်ထျဲ့ဖုန်းအိမ်မှာ တောင်ပေါ်သို့ အတက်အဆင်းလုပ်ရလွယ်ကူစေရန် ရွာအစွန်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။





မနက်ခင်းတွင် လုပ်စရာအလုပ်မရှိသဖြင့် ဘေးအိမ်မှလျိုရှီသည် လီရှီထံသို့ လာရောက်လည်ပတ်ခဲ့သည်။ သူတို့ ခေတ္တမျှစကားစမြည်ပြောကြပြီး အိမ်တွင် အခြားမည်သူမှမရှိသည်ကို မြင်သောအခါ လျိုရှီသည် မရေမရာဟန်ဖြင့်မေးလိုက်၏။




"ယွဲ့ချင် နင့်တချင်အိမ်မှာ တစ်ယောက်ယောက် လာနေနေတာလား၊ ဒီမနက်စောစောက ကောလေးတစ်ယောက် ရွာအစွန်ဘက်ကိုသွားနေတာ ငါတွေ့လိုက်တယ်၊ သူ့ကို ငါမသိတာနဲ့ သေချာကြည့်လိုက်တော့ သူတချင်အိမ်ရှေ့မှာ ရပ်သွားတာကိုတွေ့လိုက်ရတယ်၊ နောက်တော့ တချင်ထွက်လာပြီး သူနဲ့စကားခဏပြောပြီး တချင့်နောက်ကလိုက်ဝင်သွားတယ်"




အစပိုင်းတွင် လီရှီသည် ဤစကားကိုမယုံကြည်ဘဲ ရွာရှိမိန်းမများ သူမကွယ်ရာတွင်အတင်းပြောနေကြသည်ဟုသာ ထင်မှတ်ကာ လျိုရှီကိုပင် ဆဲဆိုလိုက်သေး၏။ သို့ရာတွင် အိမ်တွင် နေ့လယ်စာစားပြီးနောက် သူမတွေးလေတွေးလေ ပို၍သံသယဝင်လာလေဖြစ်သည်။ လျိုရှီမှာ ဘာကြောင့် ဒီလိုဇာတ်လမ်းမျိုးလုပ်ကြံပြီး သူမထံတောင်လာပြောပြရပါမည်နည်း။ သူမ တကယ်မြင်ခဲ့တာများလား။




ဤသို့တွေးမိသောအခါ လီရှီသည် အိမ်တွင်ဆက်မထိုင်နိုင်တော့ဘဲ ဟော်ထျဲ့ရှန်းကိုပြောကာ ရွာအစွန်ဘက်သို့ထွက်လာခဲ့သည်။ ရွာထဲတွင် အိမ်၌လူရှိနေလျှင် နေ့ဘက်၌တံခါးများကို သော့ခတ်လေ့မရှိကြပေ။ မကြာခဏလာရောက်လည်ပတ်လေ့ရှိသော လီရှီကို ဧည့်သည်ဟုမသတ်မှတ်ထားပေ။ သူမတံခါးကို တွန်းဖွင့်လိုက်ရာ သော့မခတ်ထားသည်ကိုတွေ့ရသဖြင့် အထဲသို့ဝင်လာခဲ့ပြီး ပန်းကန်များဆေးပြီး မီးဖိုချောင်ထဲမှ ထွက်လာသော ကျန်းယွင်လင်နှင့်တည့်တည့်တိုးလေတော့သည်။ နှစ်ယောက်စလုံး မှင်တက်သွားကြသည်။ လီရှီသည် ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိသော ကောလေးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိ၏။




ဘုရားရေ ဒီကလေးက သိပ်ချောတာပဲ




သူမဘဝတွင် ဤမျှလှပသောကောလေးမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူ့နှုတ်ခမ်းများမှာ နီရဲနေပြီး သွားများမှာလည်း ဖြူဖွေးနေကာ ဆံပင်များမှာလည်း နက်မှောင်နေပြီး အလွန်တရာနုပျိုပုံရသည်။ ကျန်းယွင်လင်သည်လည်း မှင်တက်သွား၏။ ရွာသို့ရောက်ကာစသူဖြစ်ရာ ထိုအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သူ သဘာဝကျကျပင် မသိခဲ့သော်လည်း ဟော်ချင်းနှင့် ဟော်ဝမ်တို့အိမ်မှာမရှိပေ။




ချွီဝမ်ရွာတွင် ကျိုးဟုအမည်ရသော ပညာရှင်အဘိုးတစ်ဦးနေထိုင်သည်။ သူသည် အသက်အရွယ်ကြီးရင့်လာပြီဖြစ်ကာ နန်းတွင်းစာမေးပွဲများကို အောင်မြင်ရန် မျှော်လင့်ချက်မရှိ

တော့သည်ကိုမြင်ပြီး အသက်မွေးဝမ်းကျောင်းပြုရန်အတွက် အိမ်တွင်သာ ကိုယ်ပိုင်ကျောင်းလေးတစ်ခုဖွင့်လှစ်၍ ကျောင်းသားအနည်းငယ်ကို လက်ခံသင်ကြားပေးခဲ့သည်။ ဟော်ဝမ်သည်လည်း ထိုကျောင်းသားများထဲမှ တစ်ဦးဖြစ်သော်လည်း သူ့ကျန်းမာရေးမကောင်းသဖြင့် ထိုမျှဝေးသောနေရာထိ လမ်းမလျှောက်နိုင်ရာ ဟော်ချင်းသည် ရွာထဲမှ နွားလှည်းတစ်စီးကို ငှားရမ်းပေးထားခဲ့သည်။ 




ကျန်းယွင်လင်၏ကိစ္စကြောင့် ဟော်ဝမ်မှာ တစ်မနက်လုံးအချိန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နေ့လယ်စာစားပြီးနောက် ဟော်ချင်းသည် ဟော်ဝမ်ကို ထိုမိသားစုအိမ်သို့ခေါ်ဆောင်သွားပြီး နောက်တစ်ခေါက်လက်ခံပေးရန် အကူအညီတောင်းဖို့ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ သူတို့မျက်လုံးချင်းဆုံသွားပြီးနောက် နောက်ဆုံးတွင် ကျန်းယွင်လင် သူ့နှုတ်ခမ်းကိုစေ့ကာအရင်နှုတ်ဆက်လိုက်သည်။




"အဒေါ်"




ကောလေး၏အသံမှာလည်း အလွန်တရာနားထောင်လို့ကောင်းပြီး နူးညံ့သိမ်မွေ့ကာ ဤအရပ်ရှိလူများနှင့် လုံးဝကွာခြားလှသည်။ ထိုအခါမှ လီရှီသည် သတိပြန်ဝင်လာပြီး သူ့လွှမ်းမိုးမှုအောက်တွင် သူမအသံမှာလည်း နူးညံ့သွားခဲ့သည်။ သူမနှစ်ကြိမ်ခန့် ရေရွတ်လိုက်ပြီး မေးလိုက်၏။




"မင်းက ဘယ်သူလဲ"




ကျန်းယွင်လင် စကားပြောရန်ပြင်လိုက်စဉ်မှာပင် ဟော်ချင်း ပြန်ရောက်လာခဲ့သည်။ လီရှီကိုမြင်သောအခါ သူလန့်သွားပြီး ရှေ့သို့အမြန်လှမ်းလာကာ မေးလိုက်သည်။




"အဒေါ် ဒီအချိန်ကြီး ဘယ်လိုလုပ်ရောက်လာတာလဲ"




သို့ရာတွင် သူ၏ပေါ်လာပုံမှာ လီရှီအတွက် အပြစ်ရှိနေသလိုဖြစ်နေခဲ့ပေသည်။ လီရှီသည် ကျန်းယွင်လင်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် ဟော်ချင်းဘက်သို့လှည့်ကြည့်ကာ ရှုပ်ထွေးသော မျက်နှာထားဖြင့် သူ့ကိုအိမ်ထဲသို့ တွန်းသွင်းရင်းပြောလိုက်လေတော့သည်။




"ငါနဲ့ အထဲလိုက်ခဲ့စမ်း"