🐍Chapter 98
*WARNING* insect..။
ထိုစကားလုံးများကို ကြားလိုက်ရချိန်တွင် သူကြုံတွေ့ခဲ့ရသည့် ကြမ်းတမ်းသည့် လောကဓံနှင့် အေးစက်တိတ်ဆိတ်သည့် သင်္ချိုင်းဟောင်း၊ ချီကျောက်၏ မယုံကြည်နိုင်မှု၊ ကောင်းကင်အား ဆန့်ကျင်သည့် အမျက်ဒေါသနှင့် မမြင်နိုင်လောက်သော ကြည်နူးပီတိများမှာ ဘာမှမဟုတ်တော့ချေ။
ထောင်စုနှစ်ကြာအောင် ပိတ်လှောင်ထားခဲ့ရသည့် ခံစားချက်များမှာ မည်သည့်အချိန်မှစကာ တည်ငြိမ်သွားခဲ့သနည်း။ ကမ္ဘာကြီးပြောင်းလဲသွားခဲ့ပြီး အရာများမှာ မူလအတိုင်း ရှိနေခဲ့သော်လည်း လူသားများ ပြောင်းလဲသွားခဲ့သည်။ ဤချီကျောက်ကဲ့သို့.. မဟုတ်.. ကျိကျောက်သည် ဘဝပေါင်းများစွာ ဝိညာဉ်ကူးပြောင်းခဲ့ပြီး ဤသင်္ချိုင်းဟောင်းသို့ ခြေချရန် မျှော်လင့်ခဲ့သည်။ သူ၏ ဝမ်းနည်းကြေကွဲရမှုမှာ ဝိညာဉ်ကူးပြောင်းခြင်းသည် ရှာဖွေမှုအား ပိုမိုခက်ခဲစေခဲ့သည်။
ကျိကျောက်သည် သူနိုးထလာသော ပထမဆုံးအချိန်ကို မှတ်မိနေသေးသည်။ ငြိမ်းချမ်းသာယာဝပြောမှု ရှိခဲ့စဉ်က တိုင်းပြည်၏ မင်းဆက်အမည်ကို ပြောင်းလဲခဲ့သည်။ တိမ်မြုပ်သွားသော်လည်း သူ့နှလုံးသားထဲတွင် နောင်တမရှိဘဲ ကျိခန်းကို ဘဝပေါင်းများစွာ ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူ့အရိုးစုကို ကျိခန်း၏ သင်္ချိုင်းတွင်း၌ပင် မြှုပ်နှံထားခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။ ကျိကျောက်က ကောင်းကင်ကို လက်ညှိုးထိုးကာ ကျိန်ဆဲသော်လည်း အသုံးမဝင်ပေ။
လူပင်လယ်မှာ အဆုံးမရှိချေ။ ကျိခန်း၏ ကူးပြောင်းမှုအား မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။
သင်္ချိုင်းအတွင်းသို့ဝင်ကာ မန္တာန်ကို ပြန်လည်ပြုလုပ်ရန်အတွက် ကွေ့ဖန်သွေးပါဝင်သူ တစ်ဦးအား ခေါ်ဆောင်လာရမည် ဖြစ်သော်လည်း ကွေ့ဖန်များမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်။ ကွေ့ဖန်မျိုးဆက်အား မည်သည့်နေရာတွင် သွားရှာရမည်နည်း။ သို့သော်လည်း ကောင်းကင်ဘုံသည် ကျိကျောက်အား နောက်ဆုံးတွင် နည်းလမ်းတစ်ခု ပေးလာခဲ့သည်။ ဤမျိုးဆက်တွင် သူရှာတွေ့ခဲ့သည့် ကွေ့ဖန်မျိုးဆက်မှာ ဖုန်းယွမ် ဖြစ်နေလေသည်။
သင်္ချိုင်းဟောင်းထဲသို့ ဝင်ပြီးသည့်အခါ ကုတင်ပေါ်ရှိလူမှာ ထွက်သွားစဉ်ကနှင့် အတူတူပင် ရှိနေဆဲဖြစ်သည်ကို မြင်ရသည့်အတွက် ကျိကျောက် တုန်လှုပ်ကာ စိတ်လှုပ်ရှားလာသည်။ ကျိကျောက်သည် ဖုန်းယွမ်အား ခန်းခြောက်စေပြီး သူ၏ခန္ဓာကိုယ်ရှိ သွေးများအားလုံးကို အသုံးပြုကာဖြင့် ကျိခန်း၏ လက်ရှိဘဝအား အာရုံခံကာ ပြန်လည်မြင်တွေ့နိုင်ရန် ဖြစ်သည်။
သို့သော်လည်း ကျိခန်း ဤနေရာတွင် နေထိုင်လိမ့်မည်ဟု ကျိကျောက်မျှော်လင့်ထားခြင်း မရှိခဲ့ချေ။
ကျိကျောက် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ကျိုးဖုန်းနှင့် ဖုန်းယွမ်မှာ ယခင်အတိုင်း သူ့နောက်တွင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ကျိခန်း ဤနေရာတွင်ရှိကြောင်း ကျိကျောက်သိသည်။ သူ၏နံဘေးတွင် ရှိနေသည်။
ကျိကျောက် အချိန်အတော်ကြာသည့်တိုင်အောင် စကားမပြောနိုင်ချေ။ အတော်ကြာပြီးသည့်နောက်မှသာ သူတစ်ဦးတည်း ကြားနိုင်လောက်သည့်အသံဖြင့် ပြောလာသည်။
“...ကိုကို..”
ကျိုးဖုန်းနှင့် ဖုမ်းယွမ်၏မျက်နှာများ ဖြူဖျော့နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သူတို့သည်လည်း ထိုအသံကို ကြားခဲ့သော်လည်း ဤသင်္ချိုင်းထဲတွင် ကုတင်ပေါ်ရှိ နှစ်ထောင်ချီ သက်တမ်းရှိ အလောင်းတစ်ခုမှလွဲ၍ သူတို့သုံးဦးသာ ရှိလေသည်။ သို့ဖြစ်လျှင် မည်သူပြောလိုက်ခြင်း ဖြစ်သနည်း။ သူတို့သည် ချီကျောက်အား ကြည့်လိုက်ကြပြန်သည်။ ထူးဆန်းသည့်အသံထွက်ပေါ်လာသည့် နေရာကို မသိရုံသာမကဘဲ ချီကျောက်သည် စကားပြောသည့်သူကို သိနေပုံရသည့်အတွက် သူတို့နှစ်ဦး မသက်မသာ ခံစားလာရသည်။ ဖုန်းယွမ်သည် ကျိုးဖုန်း၏ အင်္ကျီအောက်ပိုင်းကို ဆွဲကိုင်လိုက်သည်။ ကျိုးဖုန်းသည် ဖုန်းယွမ်၏ ဆိုလိုရင်းအား ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီး မကြာမီမှာပင် ဖုန်းယွမ်အားဆွဲကာ ပင်မသင်္ချိုင်းအခန်း၏ တံခါးဝသို့ရောက်သည်အထိ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်သည်။
ကျိကျောက်သည် သူ၏ ကိုကိုအား ခေါ်ဆိုလိုက်သော်လည်း အခန်းထဲတွင် မည်သူကမျှ တုံ့ပြန်မှုမရှိပေ။ ကျိကျောက် မှင်တက်လို့နေပြီး သူ၏ စိတ်ကူးယဉ်ပုံရိပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။
“အိုး.. ငါသိပြီ.. မင်းက ပန်းချီကားချပ်တွေထဲက နောက်လူတစ်ယောက်ပဲ..”
ရုတ်တရက် ရှင်းလင်းပြတ်သားသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုလူများအား ကြည့်ကာ သူတို့သတိမပြုမိချိန်တွင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် သူတို့နှင့်အတူ ပင်မသင်္ချိုင်းအခန်းသို့ လိုက်ပါလာခဲ့ကြသည်။
ကျိုးဖုန်းမှာ မြွေပွေးများ စကားပြောနိုင်သည်ကို သိထားပြီးဖြစ်သော်လည်း ဖုန်းယွမ်မှာမူ ယခုမတိုင်မီအထိ မသိခဲ့ရပေ။ ယခုအခါတွင် ဖုန်းယွမ်၏ အသားအရောင်မှာ ယခင်ကထက်ပင် ဖြူဖျော့လို့နေပြီး ကျိုးဖုန်းသည် ဖုန်းယွမ် မြေပြင်ပေါ်သို့ လဲကျမသွားစေရန် ထိန်းထားရသည်။
ကျိကျောက် ယင်ရှောင်ရှောင်းအား ကြည့်လိုက်ချိန်တွင် ယင်ရှောင်ရှောင်း နံဘေးတွင် ရှိနေသည့် မော့လောင်တကိုပါ မြင်လိုက်ရသည်။ မျက်လုံးအနည်းငယ် ကျဉ်းမြောင်းသွားပြီး အင်အားကြီးမားသည့် အော်ရာတစ်ခုသည် သူ၏အသိစိတ်အား ထွေပြားလာစေသည်။
ယင်ရှောင်ရှောင်းသည် ကျိကျောက်ပြန်ဖြေခြင်း မရှိသည်အား ဂရုမစိုက်ပေ။ ထို့အစား ခေါင်းကလေးစောင်းကာဖြင့် ကျိခန်းပြောခဲ့သည်အား စဉ်းစားလိုက်သည်။
“ငါထင်တာတော့ မင်းက ကျိကျောက်ပဲ.. ကျိခန်းရဲ့ တိတိလေ..”
ကျိကျောက်၏ အမူအရာမှာ ဝင်လာစဉ်ကအတိုင်း ခံစားချက်မဲ့သည့် အခြေအနေသို့ ပြန်ရောက်သွားလေသည်။ ယင်ရှောင်ရှောင်း ကျိခန်း၏အမည်အား ပြောသည်ကို ကြားသည့်အခါမှသာ ပြန်ပြောခြင်းဖြစ်သည်။
“ဟုတ်တယ်..”
“ဪ.. ဒါဆို အဲဒါက ဒီလိုပေါ့..”
ယင်ရှောင်ရှောင်း ရေရွတ်လိုက်သည်။
“မင်းက ပန်းချီတွေထဲကလူနဲ့ တကယ်တူတယ်.. မင်းကို ပထမဆုံး တွေ့တုန်းက ဘယ်မှာတွေ့ဖူးလဲလို့ အံ့ဩနေမိတာ..”
ခေတ္တနားပြီးနောက် ယင်ရှောင်ရှောင်း တစ်ခုခုကို သတိရသွားပုံနှင့် ဆက်ပြောသည်။
“ဒါဆို ကျိခန်းက မင်းကို မှတ်မိလို့ မတိုက်ခိုက်ခိုင်းတာပေါ့.. ဒါပေမဲ့ မင်းဝင်လာပြီးတာတောင် ကျိခန်းက ဘာဖြစ်လို့ ပေါ်မလာသေးတာလဲ..”
ကျိကျောက်၏ ခန္ဓာကိုယ်နှင့် အသံ တုန်ယင်လာသည်။
“မင်း.. မင်းဘာပြောတာလဲ.. ကိုကိုက အခုထိ ဒီမှာနေတုန်းပဲလား..”
ဤတစ်ကြိမ်တွင်မူ ယင်ရှောင်ရှောင်း ပြန်မဖြေတော့ချေ။ အကြောင်းမှာ ကျိခန်း၏ ပုံသဏ္ဌာန်သည် လူသားများနှင့် မြွေများရှေ့တွင် အနည်းငယ် ပုံရိပ်ထင်လာပြီ ဖြစ်သောကြောင့်ပင်။ ကျိခန်း၏ အမူအရာမှာ ရှုပ်ထွေးလို့နေသည်။ ကျိကျောက်အား အချိန်အတော်ကြာ ကြည့်ပြီးနောက် သက်ပြင်းရှိုက်ကာဖြင့် ပြောလေသည်။
"မင်း မလာသင့်ဘူး...."
ကျိကျောက်၏ ခန္ဓာကိုယ် တုန်ယင်လာပြန်သည်။
“ကိုကိုက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ.. ဒီမှာမရှိသင့်ဘူးလေ.. ကိုကိုက ဒီမှာရှိရမှာ မဟုတ်ဘူး..”
ကျိခန်း စကားမပြောမီ ခေတ္တမျှကြာအောင် နှုတ်ဆိတ်နေလေသည်။
“ကျောက်အာ.. မင်း လှည့်စားခံလိုက်ရတာ..”
ကျိကျောက်သည် ကျိခန်းပြောသည်အား မယုံကြည်စွာဖြင့် ငေးကြည့်လို့နေသည်။
ကျိခန်း အတွေးများကို စုစည်းပြီးနောက် ပြောလေသည်။
“ဒီမန္တာန်က မင်းထင်သလိုမျိုး မဟုတ်ဘူး.. မင်းထင်ထားသလို လူနှစ်ယောက်ကို အတူတူမြှုပ်နှံလိုက်ရင် သူတို့တွေ ထာဝရ အတူရှိသွားလိမ့်မယ်ဆိုတာ မဟုတ်ဘူး.. အဲဒီအစား လူနှစ်ယောက်ကို အတူမြှုပ်နှံမယ်ဆိုရင် ဟွန်း ပိုကို ဖျက်ဆီးပြီး ဝိညာဉ်ကူးပြောင်း အဆုံးသတ်သွားပြီး နယ်နိမိတ်ကလည်း ပိတ်သွားလိမ့်မယ်..”
(ဟွန်း ပို - တရုတ်ရိုးရာအရ ဝိညာဉ်ကို ဟွန်း နဲ့ ပို ဆိုပြီး ပိုင်းခြားထားတယ်။ သိမ်မွေ့တဲ့ ဝိညာဉ်ကို ဟွန်း ၃ ခုနဲ့ ခန္ဓာကိုယ်ဝိညာဉ်ကို ပို ၇ ခု ဆိုပြီး ထပ်ခွဲတယ်။)
ထို့နောက် သူက ပြောသည်။
“ဖုန်းဟုန်မင်က အစက ကွေ့ဖန်ကပဲ.. ကိုကိုက ကွေ့ဖန်ရဲ့ တစ္ဆေငါးမန်းဥကို ယူခဲ့ပြီး မင်းက ကွေ့ဖန်ကို သတ်ပစ်ခဲ့တယ်.. ဖုန်းဟုန်မင်ပြောတာတွေက အမှန်တွေပါလို့ မင်းဘယ်လိုလုပ်ပြီး ယုံနိုင်ရတာလဲ.. ကျောက်အာ.. ကိုကိုဆုံးသွားတော့ မင်းဘယ်လို အရှုပ်အထွေးမျိုး ဖန်တီးခဲ့တာလဲ.. မင်းက တိုင်းပြည်နဲ့ လူမျိုးကို ဂရုမစိုက်ဘဲ မဟာကျိုးပြည်ထောင်ရဲ့ စည်ပင်ဝပြောမှုနဲ့ ပိုင်ဆိုင်မှုအားလုံးကို ကိုကိုနဲ့အတူ မြှုပ်နှံပစ်ခဲ့တယ်..”
ကျိကျောက်သည် အစပိုင်းတွင် အံ့အားသင့်သွားပုံ ရသော်လည်း ကျိခန်း၏စကားလုံးများအား မကျေမနပ် ဖြစ်လာပုံရပြီး အော်ပြောလာလေသည်။
“မဟာကျိုးက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ.. ကျွန်တော်သိတာက ခမည်းတော်က ကိုကို့ကို ကွေ့ဖန်ကို ကျူးကျော်တဲ့အဖွဲ့နဲ့ စေလွှတ်ပြီး ကျွန်တော့်ကို ထားသွားခဲ့တာကိုပဲ.. အဲဒီတိုင်းပြည်နဲ့ လူမျိုးဆိုတာက ကျွန်တော်နဲ့ ကိုကို့ကို အတူတူမရှိနိုင်အောင် လုပ်ခဲ့တာ..”
ကျိခန်းမှာ ကျိကျောက်၏ စကားများကြောင့် ဒေါသထွက်လာသည်။
“ကျိကျောက်.. နှစ်ထောင်ပေါင်းများစွာ ကြာခဲ့တာတောင် မင်းလုပ်ခဲ့တာတွေက မှန်တယ်လို့ ထင်နေသေးတာလား.. ကိုကို မင်းကို အရမ်း စိတ်ပျက်မိတယ်..”
ဤသို့နှင့် ကျိကျောက်သည် ကျိုးဖုန်းနှင့် ဖုန်းယွမ်အား လုံးလုံးလျားလျား ထိတ်လန့်စေခဲ့သည်။ ကျိကျောက်မှာ အေးစက်ပြီး အကြင်နာမဲ့သူဖြစ်ကြောင်း သူတို့သတိပြုမိခဲ့ကြသော်ည်း မည်သူမှန်းမသိရသည့် လူ၏ရှေ့တွင် သူသည် ခံစားချက်များအား ထိန်းချုပ်နိုင်စွမ်းမရှိသည့် ကလေးတစ်ဦးကဲ့သို့ ဖြစ်လာလေသည်။
ကျိကျောက် ဗလုံးဗထွေးဖြင့် ပြောလာသည်။
“တိုင်းပြည်နဲ့ လူမျိုးကို ကျွန်တော် ဂရုမစိုက်ဘူး.. မှားတာ မှန်တာကိုလည်း မသိဘူး.. ကျွန်တော်က ကိုကိုနဲ့ပဲ အတူတူရှိနေချင်တာ.. ကိုကို.. အဲဒီအချိန်တုန်းက ကိုကိုအရမ်းကြိုးစားခဲ့တာတောင် ဘယ်သူက ကျေးဇူးတင်ခဲ့လို့လဲ.. ကိုကိုက တိုင်းပြည်နဲ့ လူမျိုးကို ကျောမခိုင်းခဲ့ပေမဲ့ တိုင်းပြည်နဲ့ လူမျိုးဆိုတာက ကိုကို့ကို ကျောခိုင်းခဲ့တယ်.. ကျွန်တော့်အကြောင်းကိုပဲ တွေးနေရမယ့်အချိန်မှာ ဘာဖြစ်လို့ သူတို့အကြောင်း တွေးနေရသေးတာလဲ.. ”
“ပိတ်စမ်း..”
ကျိခန်း ဒေါသတကြီး ဆိုသည်။
“မင်းဘာတွေ ပြောနေတာလဲ.. ငါက မင်းရဲ့ အစ်ကိုကွ..”
“ကိုကိုက ကျွန်တော့်ရဲ့ အစ်ကိုမှန်း သိတယ်.. သွေးက ရေထက်ပိုပျစ်တယ်.. အဲဒါကြောင့် ကျွန်တော်တို့ ဒီထက်ပိုပြီး ခွဲမနေသင့်တော့ဘူး.. ကျွန်တော်တို့ အတူရှိဖို့ ကံကြမ္မာက သတ်မှတ်ပေးပြီးသား..”
ကျိကျောက်၏ မျက်လုံးထဲတွင် ဒေါသမီးတောက်လောက်လာသည်။ မေးစေ့ကိုမော့ကာဖြင့် အမူအရာမှာလည်း ကြမ်းတမ်းလို့လာသည်။
“အဲဒီ အမှိုက်ကောင် ဖုန်းဟုန်မင်က ငါ့ကို လှည့်စားရဲတယ်ပေါ့.. ဒါပေမဲ့လည်း..”
ကျိကျောက်သည် အန္တရာယ်မျက်လုံးများဖြင့် ဖုန်းယွမ်နှင့် ကျိုးဖုန်း ရှိရာသို့ စိုက်ကြည့်လာသည်။
“သူ့ရဲ့ မျိုးဆက်ကို ရှာတွေ့ထားပြီးသားလေ..”
ဖုန်းယွမ်နှင့် ကျိုးဖုန်း ဆွံ့အသွားမိပြီး ကျိကျောက်ကိုကြည့်ကာ မသိစိတ်မှ ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်မိသည်။
မျိုးဆက်လား.. ဖုန်းဟုန်မင်က ဘယ်သူလဲ.. ဖုန်းဟုန်မင်ရဲ့ မျိုးဆက်ကကော ဘယ်သူလဲ.. မျိုးရိုးက ဖုန်း ဆိုတော့..
ကျိုးဖုန်းသည် ဖုန်းယွမ်အား မသိစိတ်အရ ကြည့်လိုက်မိသည်။ ဖုန်းယွမ် တံတွေးမျိုချမိလိုက်သည်။
“ကျွန်တော် ဖုန်းဟုန်မင်ကိုမေးပြီး ဝိညာဉ်ကူးပြောင်းနိုင်တဲ့ နည်းလမ်းအမှန်ကို ပြောခိုင်းခဲ့တယ်.. အဲဒီလိုဆို ကျွန်တော်တို့ အတူတူရှိနိုင်ကြမယ်တဲ့..”
ကျိခန်း ကြောင်အစွာဖြင့် ဘီလူးသရဲစီးနေဟန်ရှိသည့် ကျိကျောက်အား ကြည့်လိုက်ပြီးနောက် ရုတ်တရက် ငိုချင်လာမိသည်။ ကျိကျောက်၏ ခံစားချက်များအား သူ သတိမပြုမိခဲ့ခြင်း မဟုတ်သော်လည်း ညီအစ်ကိုအချစ်မှာ ကျင့်ဝတ်နှင့် လူ့အဖွဲ့အစည်းအား ဆန့်ကျင်လို့နေသည်။ ထိုအချိန်က သူနှင့် ကျိကျောက်မှာ မင်းသားများဖြစ်ကြပြီး နောက်ပိုင်းတွင် ကျိခန်းသည် ကျိုးဝမ်ဖြစ်လာခဲ့သည်။ မဟာကျိုးပြည်ထောင်တွင် ဤသို့သော ဆက်ဆံရေးမျိုးအား မည်ကဲ့သို့ လက်ခံနိုင်ကြမည်နည်း။ ကျိခန်းသည် ကျိုးပြည်သူများ အရှက်မရစေရန်အတွက် ချစ်ရသူတစ်ဖြစ်လဲ သူ၏ တိတိအား ကျောခိုင်းခဲ့ရသည်။
ကျိခန်း နူးညံ့စွာ ပြောလေသည်။
“ကိုကိုလည်း မေးခဲ့ပါတယ်.. ကိုကိုက လူပြန်ဝင်စားဖို့ မဖြစ်နိုင်တော့ဘူး.. ဒီနေရာကနေ ထွက်သွားတာနဲ့ ပြာမှုန်တွေလို ပြန့်ကျဲသွားပြီး မီးခိုးငွေ့လို လွင့်ပျောက်သွားရလိမ့်မယ်.. အဲဒီအချိန်တုန်းက မင်းကို ဒီနေရာမှာ မမြှုပ်ခဲ့တာ ကံကောင်းလို့ပေါ့.. မဟုတ်ရင် နယ်နိမိတ်ပွင့်လာတာနဲ့ ကိုကိုနဲ့ မင်းနဲ့က ဒီကမ္ဘာကြီးကနေ ထာဝရ ပျောက်ကွယ်သွားရလိမ့်မယ်.. အဲဒီကျိ ကိုကိုတို့ရဲ့ အဆုံးမဲ့ချစ်ခြင်းမေတ္တာအကြောင်း ဆက်ပြောဖို့တောင် မဖြစ်နိုင်တော့ဘူး..”
ကျိကျောက် မျက်လုံးများ ပြူးကျယ်သွားသည်။
“အဲဒီလို မဖြစ်နိုင်ဘူး.. ဒါကို ဘယ်လိုမှ အဖတ်ဆယ်လို့ မရတော့ဘူးဆိုတာ ဖြစ်နိုင်မှာလဲ.. ဖုန်းဟုန်မင်က အမှန်အတိုင်းပြောတာ မဖြစ်နိုင်ဘူး..”
ကျိခန်းသည် ကျိကျောက်အား ကြည့်ကာဖြင့် သက်ပြင်းချလိုက်မိသည်။
“အဲဒီတုန်းက သူဘာကို လိမ်ခဲ့တာလဲဆိုတာကိုတောင် ကိုကို့ကို ပြောပြခဲ့တယ်.. မင်းကို ဒီနေရာမှာ မြှုပ်မထားဘူးဆိုတာ သူသိသွားတော့ ပိုပြီးတောင် ပျော်နေသေးတယ်.. ဒီလိုမျိုးက ပိုကောင်းတယ်လို့ သူပြောတယ်.. ကိုကိုက သေလည်းမသေနိုင်သလို ထွက်ခွာသွားလို့လည်း မရဘဲ ဒီသင်္ချိုင်းဟောင်းမှာပဲ ထာဝရနေသွားရမယ်.. မင်းကတော့ ဝိညာဉ်ကူးပြောင်းပြီးတိုင်း ကိုကို့ကို လိုက်ရှာနေမယ်.. ပြီးရင် ဘယ်ဘဝမှာမှ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူးတဲ့..”
သူက ထပ်ပြောသည်။
“ချစ်သူနှစ်ဦးက ဘဝအဆက်ဆက် ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် ပြန်မတွေ့နိုင်တာလောက် ကြေကွဲဖို့ကောင်းတာ မရှိတော့ဘူးလေ.. ကျောက်အာ.. ကိုကို မင်းနဲ့ ပြန်တွေ့ရတာ အရမ်းပျော်တာပဲ သိလား..”
ကျိကျောက် အံတင်းတင်းကြိတ်ထားသော်လည်း မည်သည့်စကားမျှ မဆိုပေ။ နှလုံးသားတစ်ခုလုံး ကြေကွဲနေသလို ခံစားရသည်။ ဝိညာဉ်ကူးပြောင်းချိန်တိုင်းတွင် ကျိခန်းရှိနိုင်သည့် နေရာတိုင်းကို သတိရှိရှိဖြင့် စုံစမ်းရန် အရပ်ရပ်သို့ ခရီးထွက်ခဲ့ရသည်။ အကြိမ်တိုင်းမှာလည်း စိတ်ပျက်မှုနှင့်သာ ကြုံခဲ့ရသော်လည်း မျှော်လင့်နေမိဆဲပင်။ သို့သော်လည်း ကျိခန်းသည် ဤနေရာလေးတွင်သာ ထာဝရရှိနေနိုင်တော့မည် ဟူသည့် အမှန်တရားကို သိလိုက်ရသည့်အခါ မျှော်လင့်ချက် မဲ့သွားရလေပြီ။
သို့သော်လည်း ကျိကျောက်သည် ဤနေရာအား တည်ဆောက်ခဲ့ခြင်းကို နောင်တမရပေ။ ဖုန်းဟုန်မင်အား မန္တာန်နှင့်ပတ်သက်၍ အမှန်အတိုင်းပြောလာစေရန် ဖိအားမပေးခဲ့မိခြင်းကိုသာ နောင်တရမိလေသည်။
“ကျွန်တော်တို့ တတ်နိုင်တာ ဘာမှမရှိတော့ဘူးလား..”
ကျိကျောက် လေးနက်စွာဖြင့် မေးသည်။
ကျိခန်း နားမလည်ဟန်ဖြင့် စိုက်ကြည့်နေပြီးနောက်မှ ပြောလေသည်။
“အင်း.. မရှိဘူး..”
ကျိကျောက်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ကျိခန်းသည် ဖုန်းယွမ်အား သတိလက်လွတ် ကြည့်နေသည်ကိုလည်း သူတွေ့လိုက်ရသည်။
“ကျွန်တော် ဖုန်းဟုန်မင်ကို ကိုယ်တိုင်မေးမယ်..”
ကျိကျောက် ပြောပြီးသည့်နောက်တွင် ကျိခန်းပြောသည်ကိုပင် မစောင့်တော့ဘဲ မြေအောက်ထဲသို့ဆင်းရန် ယန္တရားတစ်ခုအား ဖွင့်လိုက်သည်။
_ ဤသည်မှာ ကျိကျောက်သာ သိထားသည့် ယန္တရားတစ်ခုဖြစ်ပြီး ကျိခန်းပင်လျှင် မသိခဲ့ချေ။
ကျိခန်းသည် ကျိကျောက်ဆင်းသွားသည်ကို ကြည့်ရင်း သက်ပြင်းအသာချလိုက်သည်။ ထို့နောက် ဝမ်းနည်းနောင်တများ ရှိနေသည့် မျက်လုံးများနှင့် ဖုန်းယွမ်အား လှည့်ကြည့်လိုက်သည်။
“မင်းက ဖုန်းဟုန်မင်ရဲ့ မျိုးဆက်လား..”
ဖုန်းယွမ်သည် ကျိခန်းအား ကြည့်လာသော်လည်း မည်သည့်စကားမျှ မဆိုပေ။
ကျိခန်းသည် ဖုန်းယွမ်၏ အသွင်အပြင်အား ဂရုတစိုက်ကြည့်ကာ တစ်စုံတစ်ခုအား တွေးနေပုံရပြီးနောက် ပြောလေသည်။