အပိုင်း ၉၉
Viewers 12k

🐍Chapter 99



“ကျောက်အာက သေချာပေါက် အမှားလုပ်မိမှာတော့ မဟုတ်ဘူး.. မင်းရဲ့မျိုးရိုးကို ငါသိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းဟုန်မင်ကတော့ မသိထားဘူး.. အဲဒီတုန်းက ဖုန်းဟုန်မင်ရဲ့ အဓိကအိမ်တော်မှာ အစေခံတစ်ဦးရှိတယ်.. သူမက မလှဘူး.. ဒါပေမဲ့ အတော်လေး လုပ်ရည်ကိုင်ရည်ရှိတာကြောင့် ဖုန်းဟုန်မင်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်.. နောက်ပိုင်းမှာ မျက်နှာသာရဖို့ အားပြိုင်ကြရင်း ဖုန်းဟုန်မင်ရဲ့ ဇနီးက ထိခိုက်မိခဲ့တယ်.. အဲဒီဇနီးရဲ့ မိသားစုက အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိတယ်.. ကိုယ်လုပ်တော်တစ်ယောက်ကို နှင်ထုတ်ဖို့ဆိုတာ ပေါ့ပေါ့တန်တန် လုပ်လို့တော့ ဘယ်ရမလဲ.. ဖုန်းဟုန်မင်က အဆက်ဟောင်းကို လွမ်းဆွတ်နေတဲ့အချိန် ကိုယ်လုပ်တော်က ဘယ်ကိုမှ သွားစရာမရှိအောင် နှင်ထုတ်ခံလိုက်ရတယ်.. အဲဒီမှာ ငါ့လူတွေက သူမကို ခေါ်လာခဲ့ပြီး ကိုယ်ဝန်ရှိနေတာကို သိလိုက်ရတယ်.. အတော်လေး ရှုပ်ထွေးတဲ့ကာလဆိုတော့ ငါက အရမ်းအလုပ်ရှုပ်နေခဲ့ပြီး သူမကို စောင့်ရှောက်ဖို့ အချိန်အများကြီး မပေးနိုင်ခဲ့ဘူး.. အားကိုးရာမဲ့နေတဲ့ အဲဒီအမျိုးသမီးကို ကရုဏာသက်မိတာကြောင့် အခြေချဖို့ နေရာတစ်ခု ရှာတွေ့နိုင်အောင် ငွေကြေးအနည်းငယ် ပေးလိုက်တယ်.. ငါမှတ်မိသလောက်တော့ သူမက သားယောကျ်ားလေး မွေးတယ်လို့ ငါ့ကို သတင်းပေးလာတယ်.. အဲဒီအချိန်မှာပဲ သူမကို ရှာဖို့အတွက် လူလွှတ်လိုက်ပေမဲ့ အဲဒီနေရာမှာ မရှိတော့ဘူး.. အများကြီးမတွေးတော့ဘဲ သူမကို ထွက်သွားခွင့်ပြုလိုက်တယ်.. သူမထွက်သွားတာကလည်း ဆိုးဝါးတာတော့ မဟုတ်ဘူးလေ.. မင်းကိုကြည့်ပါဦး.. မင်းနဲ့ အဲဒီအမျိုးသမီးမှာ တူတဲ့အချက်တွေ ရှိနေတယ်.. ဒါကြောင့်ပဲ အဲဒီအဖြစ်အပျက်ကို အမှတ်ရမိလိုက်တာ.. မင်းက အဲဒီအမျိုးသမီးရဲ့ သားဖြစ်သူကနေ ဆင်းသက်လာတဲ့ မျိုးဆက်ဆိုတာ သေချာတယ်..”

ဖုန်းယွမ်မှာ ယခုထိတိုင် စကားပြောဆိုခြင်း မရှိသေးသော်လည်း သူ၏စိတ်ထဲတွင် တုန်ယင်လို့နေသည်။ ဤအခြေအနေမျိုးတွင် ဖုန်းဟုန်မင်၏ မျိုးဆက်ဖြစ်သည်၊ မဖြစ်သည်အား စိုးရိမ်နိုင်ခြင်း မရှိပေ။ ထိုလူနှစ်ဦး ပြောခဲ့သည့် စကားများကို နားထောင်ပြီးနောက် သူ့အတွက် ကောင်းမွန်သည့်အလားအလာ ရှိမနေချေ။ သူ၏ ထင်မြင်ချက်အရ ကျိကျောက် သူ့အား ကယ်တင်ခဲ့ခြင်းမှာ သူသည် ကျိကျောက်အတွက် အသုံးဝင်နေဆဲဖြစ်သောကြောင့်ပင်။ သို့သော်လည်း ဤအဆင့်အထိ ရောက်လာပြီးသည့်နောက်တွင် သူမသေချင်သေးပါ။

‘ငါလွတ်မြောက်နိုင်မယ့်နည်းကို ရှာရမယ်..’ ဖုန်းယွမ် တိတ်တဆိတ် တွေးနေမိသည်။

ကျိခန်း ထပ်ပြောသည်။

“ဖုန်းဟုန်မင်က မင်းတို့မိသားစုအခွဲ ရှိနေတာကို လုံးဝမသိထားဘူး.. ဒီကမ္ဘာပေါ်မှာ ကွေ့ဖန့်မျိုးဆက်တွေ မကျန်တော့ဘူးလို့ပဲ သူထင်နေခဲ့မှာ သေချာတယ်.. ဖြစ်နိုင်ခြေလည်းရှိတယ်..”

ကျိခန်းသည် ကျိကျောက်ဆင်းသွားသည့်နေရာအား ကြည့်လိုက်သည်။

“ဖုန်းဟုန်မင်က ကျောက်အာကို ထိခိုက်စေဖို့အတွက် ငြင်းမှာ သေချာတယ်..”

ကျိခန်း စကားပြောပြီးကာစမှာပင် ကျိကျောက် ပြန်တက်လာသည်။ ယန္တရားမပိတ်မီတွင် အောက်ခြေမှ တစ်စုံတစ်ယောက်၏ အသံဖျော့ဖျော့အား ကြားလိုက်ရသည်။

“ကျိကျောက် အခုကတည်းက အရှုံးပေးလိုက်တော့.. ဒီကမ္ဘာကြီးမှာ ကွေ့ဖန့်မျိုးဆက်ဆိုတာ လုံးဝမရှိဘူး.. မင်းက ကျိခန်းနဲ့ ထာဝရ ခွဲနေရမှာ.. ဟားဟားဟား..”

ကျိကျောက် ပြန်တက်လာရင်း အောက်ခြေမှ ထိုလူခေါင်းပြောနေသည့် စကားများကို နားထောင်ဖို့ရန် အချိန်မရှိပေ။ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု အပြည့်နှင့် ဖုန်းယွမ်ထံသို့ သွားလေသည်။

ဖုန်းယွမ်မှာလည်း အရူးမဟုတ်ပေ။ ကျိကျောက်၏ အမူအရာကိုကြည့်ရင်း သူအသက်ရှင်ဖို့ရန် အချိန်သိပ်မကျန်တော့ကြောင်း သိလိုက်ရသည်။ ကျိုးဖုန်းအား အလျင်စလို စွန့်ခွာပြီးနောက် ဝင်ပေါက်ဆီသို့ ပြေးကာ တံခါးဖွင့်ရန် ယန္တရားရှာလေသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်ပင် သူတို့ဝင်လာစဉ်က တံခါးဖွင့်ခဲ့သူမှာ ကျိကျောက်ဖြစ်သည့်အတွက် ဖုန်းယွမ်သည် ယန္တရားရှိရာအား ရှာဖွေနိုင်ခြင်း မရှိသည်မှာ သိသာလှသည်။

ကျိကျောက် ဖုန်းယွမ်ဆီသို့ ရောက်ကာနီးတွင် ကျိခန်းသည် ကျိကျောက်အား လမ်းပိတ်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်သည်။

“ကျောက်အာ...”

ကျိခန်းအား ထိချင်စိတ်ကြောင့် ကျိကျောက် လက်ဆန့်လိုက်သော်လည်း သူ၏လက်သည် ကျိခန်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။ နှစ်ယောက်စလုံး ‌ကြက်သေသေသွားကြသည်။ ကျိခန်းသည် အကြည့်မလွှဲဘဲ ကျိကျောက်၏လက်သာ ဆန့်လျက်သား ကျန်လေသည်။ ထို့နောက် နူးညံ့စွာဖြင့် ပြောသည်။

“ကိုကို တကယ်ပဲ ကျွန်တော်နဲ့ အတူတူ မနေချင်ဘူးလားဟင်..”

ကျိကျောက် စကားပြောနေခြင်းအား ရပ်လိုက်ပြီးနောက် ကျိခန်းတုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ တံခါးရှေ့တွင် ရှိနေသည့် ဖုန်းယွမ်အား လက်ဖြင့်လှမ်းဆွဲလိုက်သည်။

စိတ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံအား ကြားသည့်အခါ ကျိခန်းသည် ဖုန်းယွမ်အား ကယ်တင်ရန် နောက်တစ်ကြိမ် ထပ်သွားခဲ့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ အချိန်မမီခြင်းလား သို့တည်းမဟုတ် သူ့နှလုံးသားထဲတွင် ဖုန်းယွမ်အား အမှန်တကယ် ကယ်တင်လိုစိတ် မရှိ၍လားဟူသည်ကို ကျွန်ုပ်တို့အနေဖြင့် မည်သည့်အခါတွင်မျှ သိရလိမ့်မည် မဟုတ်ချေ။

ဖုန်းယွမ်၏ ဦးခေါင်းအား လက်တစ်ဖက်တွင်ကိုင်ကာ ကျန်တစ်ဘက်တွင် ခန္ဓာကိုယ်အား သယ်ကာဖြင့် ကျိကျောက် နောက်တစ်ဖန် အောက်ခြေသို့ ဆင်းသွားပြန်သည်။

ကြောင်အနေသည့် ယင်ရှောင်ရှောင်းမှာ သူ့အရှေ့ရှိ မြင်ကွင်းအား စိုက်ကြည့်ရင်း ခေါင်းချာချာလည်နေသကဲ့သို့ ခံစားနေရသည်။ အဖြစ်အပျက်များအား နားမလည်ခြင်းကြောင့် မဟုတ်ဘဲ ကျိခန်း၏ တိတိသည် လူတစ်ဦးအား အလွန်လွယ်ကူစွာ သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။ 

အဲဒီ ဖုန်းယွမ်ဆိုတဲ့လူဆီ တန်းသွားပြီး ခန္ဓာကိုယ်ကနေ ခေါင်းကို ဆွဲဖြုတ်လိုက်တာလား.. ဟိုလီရှစ်..! ဒါက အရမ်းကြီး သွေးထွက်သံယိုဖြစ်နေတာ မဟုတ်ဘူးလား..

ဇာတ်ကြောင်းမှာ တစ်ဦးနှင့်တစ်ဦး နှစ်ထောင်ချီ ရှာဖွေနေခဲ့ကြသော ညီအစ်ကိုများအကြားမှ တားမြစ်ထားသည့် ချစ်ခြင်းမေတ္တာကို ဖော်ကြူးသည့် မြူးကြွကြွ ဇာတ်ဝင်ခန်းများမှ တစ်ခုဖြစ်သည်မှာ ထင်ထင်ရှားရှားပင်။ သို့သော်လည်း ရုတ်တရက်ဆန်စွာ လူသတ်သည့်ဇာတ်ဝင်ခန်းအဖြစ် ပြောင်းသွားခဲ့သည်။ အပြောင်းအလဲမှာ အတော်လေး မြန်ဆန်လှသည်။

မော့လောင်တသည် အမူအရာမဲ့စွာဖြင့် ယင်ရှောင်ရှောင်း၏ ပါးစပ်အား သူ၏အမြီးဖြင့် ပိတ်လိုက်သည်။

ကျိုးဖုန်းမှာ ကြောက်လန့်မှုကြောင့် လူသေအလား ဖြူဖျော့လို့နေသည်။ ခွန်အားမဲ့ကာဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ဤအချိန်တွင် သူ့အား မည်သူကမျှ ဂရုမစိုက်နိုင်တော့ပေ။ သူသည် ဇာတ်ရံသက်သက်သာ ဖြစ်လေသည်။

ခေတ္တမျှကြာပြီးနောက် ကျိကျောက်ပြန်တက်လာခဲ့ပြီး ကျိခန်း၏ရှေ့တွင် ရပ်လိုက်သည်။ နူးညံ့သိမ်မွေ့စွာဖြင့် ကျိခန်းအား ကြည့်လိုက်သည်။ ကျိခန်း၏ ဆံပင်အဖျားအား သပ်တင်ပေးရန် လက်တစ်ဘက်အား ဆန့်ထုတ်လိုက်သော်လည်း မထိလိုက်မီမှာပင် ရပ်တံ့လိုက်သည်။

“အခုကစပြီး ကျွန်တော်နဲ့ ကိုကိုက အတူတူရှိသွားတော့မှာ..”

ကျိခန်း၏ အကြည့်သည်လည်း ကျိကျောက်ထံတွင်သာ ရှိလို့နေသည်။

“အတူတူရှိကြမယ်..”

‘တောင်းပန်ပါတယ် ဖုန်းယွမ်.. မင်းက အပြစ်အကင်းဆုံး ဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက် မဟာကျိုးပြည်ထောင်ကလည်း သမိုင်းထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ.. ကျောက်အာက ငါ့ကို ဘဝပေါင်းများစွာ ရှာဖွေခဲ့ရတယ်.. ငါကလည်း ဒီနေရာမှာ သူ့ကို နှစ်ထောင်ပေါင်းများစွာ လွမ်းဆွတ်နေခဲ့ရတယ်.. ငါတို့ အရမ်းနာကျင်ခဲ့ရပြီးပြီ.. သူနဲ့အတူတူ ရှိနေချင်တယ်.. တိုင်းပြည်ပဲဖြစ်ဖြစ် လူမျိုးပဲဖြစ်ဖြစ် ဂရုမစိုက်ချင်တော့ဘူး.. ကျင့်ဝတ်ဆိုတာကိုလည်း မစဉ်းစားချင်တော့ဘူး.. သူနဲ့ပဲ အတူတူရှိသွားချင်တယ်..’

ကျိကျောက်ပြုံးလိုက်သည်။ ယခင်ပြင်ဆင်ထားခဲ့သည့် ဓားကို ထုတ်ယူပြီးနောက် လက်ကောက်ဝတ်အား လှီးဖြတ်လိုက်သည်။ ထိုအချိန်တွင် သွေးတစ်ပေါက်ပေါက် ကျဆင်းလာသည်။ ကျိခန်း၏ မျက်ရည်များလည်း စီးကျလို့လာသည်။

လူတစ်ယောက်တွင် သွေးမည်မျှလောက် ရှိမည်နည်း။ ယင်ရှောင်ရှောင်း မသိချေ။ သူ၏ မြင်ကွင်းထဲတွင် သွေးများနှင့် ပြည့်လို့နေသည်ကိုသာ သိလေသည်။ ယင်ရှောင်ရှောင်း ရုတ်တရက် မော့လောင်တအား မော့ကြည့်လိုက်သည်။ မော့လောင်တအား ကြည့်နေစဉ်တွင် ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ ပါးစပ်အား ဖိကပ်ကာ အနမ်းပေးလိုက်သည်။

‘ကောင်းလိုက်တာ.. ငါတို့က နှစ်ထောင်ပေါင်းများစွာ စောင့်နေဖို့ မလိုဘူး.. အတူတူရှိကြဖို့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ မလိုဘူး.. အချင်းချင်း ချစ်မြတ်နိုးကြပြီး ချစ်ခရီးကလည်း အေးအေးချမ်းချမ်းပဲ.. တကယ်ကောင်းလိုက်တာ..’

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ ဆိုလိုရင်းကို နားလည်သွားပုံရပြီး အနမ်းအား နက်ရှိုင်းစေလိုက်သည်။

နောက်ဆုံးတွင် ကျိကျောက်၏သွေးများ ရပ်တန့်သွားလေသည်။ သွေးများ ကုန်ဆုံးသွားသည်နှင့် တောင်နှင့် မြေပြင် တုန်လှုပ်လာသည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ထိတ်လန့်သွားပြီး မော့လောင်တသည် ချက်ချင်းပင် ယင်ရှောင်ရှောင်းအား အလျင်အမြန် ကာကွယ်လိုက်သည်။

ကျိခန်း အလျင်စလို ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး.. မစိုးရိမ်ကြနဲ့.. မကြာခင် အဆင်ပြေသွားလိမ့်မယ်..”

ကျိခန်း ပြောခဲ့သလိုပင် မကြာခင်တွင် တည်ငြိမ်မှုပြန်ရလာခဲ့သည်။

“ဘာဖြစ်သွားတာလဲ..”

ယင်ရှောင်ရှောင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ကျိခန်း လေးနက်သည့်အသံဖြင့် ပြောလေသည်။

“ဒီတစ်ကြိမ် ငါတို့က ကိုယ်ပိုင်ကမ္ဘာထဲမှာ ရှိနေကြပြီ...”

ကျိခန်း၏ မျက်နှာပေါ်ရှိ အထီးကျန်ဆန်သည့် အမူအရာမှာ ပျော်ရွှင်မှုနှင့် စောင့်စားမှုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။

ခေတ္တမျှအကြာတွင် ယင်ရှောင်ရှောင်း၊ မော့လောင်တနှင့် အမေ့ခံလေး ကျိုးဖုန်းတို့သည် လေထုထဲတွင် တဖြည်းဖြည်းချင်း ပုံပေါ်လာသည့် ကျိကျောက်၏ ပုံရိပ်အား မြင်လိုက်ရသည်။ ကျိကျောက်သည် ကျိခန်းကဲ့သို့ ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်စေရန် သူ၏ခန္ဓာကိုယ်အား ဖြတ်တောက်ခဲ့သည်။ 

ကျိကျောက် လက်ဆန့်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ကျိခန်း၏ နားသယ်စပ်ရှိ အမွေးလေးများအား လက်ဖြင့်ထိလိုက်နိုင်ပြီ ဖြစ်သည်။ သူ၏အသံမှာ တုန်ယင်လို့နေသည်။

“ကိုကို.. နောက်ဆုံးတော့ ကျွန်တော်တို့ ထာဝရ အတူတူနေနိုင်ကြပြီ..”

ကျိခန်းအနေဖြင့် သူ၏ခံစားချက်များအား ဖုံးကွယ်ပြီး မငိုဘဲနေရန်မှာ အလွန်ခက်ခဲလှသည်။ ကျိကျောက် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သူ၏မျက်ဝန်းထောင့်တွင်လည်း မျက်ရည်စများ ရှိလို့နေလေသည်။