အပိုင်း ၁၀၀
Viewers 12k

🐍Chapter 100



ကျိကျောက်သည် ဖုန်းယွမ်ကို သတ်ပြီးနောက် ဝိညာဉ်တစ်ကောင် ဖြစ်လာစေရန် သူ့ကိုယ်သူ သတ်သေပြီးသည့် ‌နောက်တွင် မြွေသင်္ချိုင်းမှာ ပြင်ပကမ္ဘာနှင့် လုံးလုံးလျားလျား ပြတ်တောက်သွားခဲ့ပြီး သူတို့၏ ကိုယ်ပိုင်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ပြင်ပကမ္ဘာမှ မည်သူမဆို မြွေသင်္ချိုင်းအတွင်းသို့ ဝင်လိုပါက ၎င်းတို့သည် ဝူ သို့မဟုတ် ယောင်မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်ရမည်။

(ဝူ က မျိုးရိုးနာမည်လို့ ထင်ရသော်လည်း မူရင်းတရုတ်စာလုံးရဲ့ အဓိပ္ပါယ်က နတ်ဆရာလို့လည်း ဆိုလိုပါတယ်။ ယောင် က သဘာဝလွန် ဖြစ်တည်မှုမျိုးကို ဆိုလိုတာပါ..တစ်နည်းပြောရရင် မိစ္ဆာမျိုးနွယ်ပါ)

မြွေပွေးများသည် ဤအရာအား များစွာအာရုံစိုက်ခြင်း မရှိကြချေ။ မည်သို့ပင်ဖြစ်စေ သူတို့မှာ နယ်နိမိတ်အတွင်းရှိ ဘဝအား ကျင့်သားရနေပြီပင်။ သူတို့ထွက်မသွားနိုင်သည့်အတွက် ဤနယ်မြေအား ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ အနည်းငယ်မျှပင် သူတို့အပေါ် သက်ရောက်နိုင်စွမ်း မရှိချေ။

 မော့လောင်တသည် အပေါ်ယံတွင် အမူအရာမဲ့စွာဖြင့် ရှိနေသော်လည်း စိတ်ထဲတွင်မူ အလွန်ပျော်ရွှင်လို့နေသည်။ အတားအဆီး၏ တည်ရှိမှုမှာ ကျန်မြွေပွေးများအပေါ် သက်ရောက်မှု မရှိသော်လည်း ယင်ရှောင်ရှောင်းအပေါ်တွင်မူ ထိုသို့မဟုတ်ချေ။ ရှောင်ရှောင်း အတားအဆီးအပြင်သို့ ထွက်သွားနိုင်ခြင်းကို သိထားသဖြင့် မော့လောင်တအတွက် ဘဝတစ်လျှောက်လုံး ပူပန်နေရတော့မည်အရာ ဖြစ်ခဲ့သည်။ ဘုရားသခင်မှသာလျှင် ယင်ရှောင်ရှောင်း မည်သည့်အချိန် စည်းအပြင်သို့ထွက်ကာ အပျော်ရှာမည်ကို သိပေလိမ့်မည်။ ယင်ရှောင်ရှောင်းမှာမူ အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။ မြွေတစ်ကောင်ဖြစ်လာသော်လည်း လူသားများ၏ အစားအစာနှင့် နည်းပညာရပ်များအား တစ်ခါတစ်ရံ လွမ်းဆွတ်နေတတ်သည်။ သို့သော်လည်း ဤစိတ်ဓာတ်ကျခြင်းမှာ ကြာရှည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ယင်ရှောင်ရှောင်းမှာ ညှိုးငယ်ပူဆွေးနေတတ်သည့် ကလေးတစ်ယောက် မဟုတ်ချေ။

ကျိခန်းနှင့် ကျိကျောက်တို့မှာ ပို၍ပင် ဂရုမစိုက်ကြချေ။ သူတို့သည် သင်္ချိုင်းဟောင်းတွင် ထာဝရပိတ်မိနေသည့်တိုင် ချစ်ရသူနှင့် နှစ်ထောင်ပေါင်းများစွာ မတွေ့မြင်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းသောကထက် ပိုဆိုးသည့်အရာ မရှိနိုင်ပေ။ အထူးသဖြင့် ယခုမှ ပြန်လည်ဆုံစည်းခဲ့ရသည့် ကျိခန်းနှင့် ကျိကျောက်တို့မှာ အလွန်ကြင်နာလွန်းသဖြင့် ယင်ရှောင်ရှောင်းမှာ ချိုလွန်းသည်ကြောင့် သွားများပင် ကိုက်ခဲလာသည်။ ကျိခန်းနှင့် ကျိကျောက်တို့မှာ ဧည့်သည်များအား လက်မခံသည့်အပြင် ယင်ရှောင်ရှောင်း သွားလည်ချိန်တိုင်းတွင် တံခါးကိုပင် မဖွင့်ပေးကြချေ။

စိတ်ဓာတ်အကျဆုံးသောသူမှာ ကျိုးဖုန်းဖြစ်သည်။ ယင်ရှောင်ရှောင်းဟုခေါ်သည့် ငွေရောင်မြွေ၏ မျက်ရည်များဝဲကာ ပြောသည်ကို ကြားပြီးသည့်နောက် ကျိုးဖုန်းသည် ငိုကြွေးနိုင်သည့် မြွေကြောင့် လုံးဝအံ့အားသင့်နေသည်။ သို့သော်လည်း ဤသည်မှာ အဓိကပြဿနာ မဟုတ်ပေ။ အဓိကအချက်မှာ ကျိကျောက်နှင့် ကျိခန်းတို့၏ အချစ်ဇာတ်လမ်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သော်လည်း ကျိုးဖုန်း စိတ်ဝင်စားနိုင်ခြင်း မရှိပေ။ စိတ်လှုပ်ရှားဖို့လား.. ဘာကို စိတ်လှုပ်ရှားရမှာလဲ..။ ဖုန်းယွမ်အား ကျိကျောက်ကိုယ်တိုင် ခေါင်းဖြတ်လိုက်ခြင်းကို သူ၏မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်။ သူ့အနေဖြင့် အလုပ်မရှိခြင်းကြောင့် ပျင်းရိလို့နေသည်။ ယင်ရှောင်ရှောင်းနောက်သို့လည်း မလိုက်နိုင်ပါချေ။ မော့လောင်တ ဟု ခေါ်သည့်မြွေမှာ ကျိုးဖုန်း ယင်ရှောင်ရှောင်းဆီသို့ ချဉ်းကပ်သွားချိန်တိုင်းတွင် ကြမ်းကြုတ်ရက်စက်စွာဖြင့် စိုက်ကြည့်လို့နေတတ်သည် မဟုတ်ပါလား။ ဤမြွေသင်္ချိုင်းမှ မထွက်ခွာနိုင်သော်လည်း အချိန်မတန်ခင် မသေချင်သေးပေ။

ဂုဏ်ယူဝမ်းမြောက်ဖွယ်ရန်မှာ ဤမြွေသင်္ချိုင်းထဲတွင် အခြားလူသားတစ်ဦး ရှိလို့နေသည်။ လူသားစစ်စစ် ဖြစ်သည်။ တစ္ဆေသရဲတစ်ကောင် မဟုတ်သလို ညှို့ယူဖမ်းစားနိုင်သည့် ဝိညာဉ်တစ်ခုလည်း မဟုတ်ဘဲ လူသားစင်စစ်တစ်ဦး ဖြစ်လေသည်။ ထိုသို့ဖြင့် မြွေသင်္ချိုင်းအတွင်း ကျိုးဖုန်း၏ ပျော်ရွှင်ဖွယ်ဘဝတစ်ခု စတင်လေသည်။ အဟမ်း.. အဟမ်း.. ဒါကို နောက်ပိုင်းမှ ဖော်ပြတော့မယ်နော်..။

ကျိကျောက်နှင့် ကျိခန်းတို့သည် မည်သည့်ဧည့်သည်နှင့်မျှ တွေ့ဆုံခြင်းမရှိသည့်အပြင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်ကိုလည်း မသိကြပေ။ မော့လောင်တသည် ယင်ရှောင်ရှောင်းထက်ပို၍ တာဝန်သိတတ်သူ ဖြစ်သည့်အတွက် သင်္ချိုင်းဟောင်းအတွင်းမှ ရွှေ၊ ငွေနှင့် လက်ရာမြောက်စွာ ထွင်းထုထားသည့် ကျောက်စိမ်း တစ်တုံးအား ယူဆောင်လာခဲ့သည်။ ယင်ရှောင်ရှောင်းသည် သဘာဝကျကျပင် ကျောက်စိမ်းအား သိမ်းဆည်းလိုက်သော်လည်း မော့လောင်တသည် ထိုကျောက်စိမ်းတုံးအား ယင်ရှောင်ရှောင်းအတွက် ယူဆောင်လာခဲ့ခြင်းပင်။ သို့သော်လည်း ထိုအချိန်မှာစကာ ယင်ရှောင်ရှောင်းမှာ ညစဉ်ညတိုင်း ထိုကျောက်စိမ်းတုံးအနီးတွင်သာ အိပ်စက်တတ်ပြီး မော့လောင်တ၏ အမူအရာမှာလည်း အလွန်အကျည်းတန်လာသည်။

‌ရွှေ၊ ငွေများမှာမူ မင်ရှဲအတွက်ဖြစ်သည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် အိမ်တွင်ကြာရှည် မနေဘဲ များမကြာမီမှာပင် ယင်ရှောင်ရှောင်းသည် မော့လောင်တနှင့်အတူ အဖိုးတန်သတ္တုများအား ချောက်ကမ်းပါးအောက်သို့ သယ်ဆောင်လာဲ့ကြသည်။ ကောရှဲရောက်ရှိလာသည့် အချိန်မှစကာ ဖြစ်ပျက်ခဲ့သည်များကို မော့လောင်တ ပြန်ပြောပြလိုက်သည်။ ဤအချိန်တွင် ချောက်ကမ်းပါးအောက်တွင် စိတ်ပူရန် မရှိတော့ချေ။ လူသားများ ကျူးကျော်လာခြင်းနှင့် ပတ်သက်သည့် ကိစ္စများမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

“မင်းအပြောအရ ကျိကျောက်ကလည်း အခု သင်္ချိုင်းဟောင်းထဲမှာလား..”

မင်းရှဲသည် မည်သည်ကို တွေးနေမှန်း မသိရသော်လည်း တွေးတောဆင်ခြင်ဟန်ဖြင့် မေးလာသည်။

မင်ရှဲနှင့် ခြားနားစွာ ရှုံးဟွီသည် အခြားပြဿနာတစ်ရပ်အား အာရုံစိုက်မိသည်။

“ဒါဆိုရင် ငါတို့က ဒီမှာပဲ တစ်သက်လုံး နေသွားရမှာလား..”

မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့လည်း ထိုမေးခွန်း၏ အဖြေအား မသိကြပေ။

“တကယ်တော့...”

ပါးရှဲ ကောရှဲအား လှည့်ကြည့်လိုက်သည်။

“အရမ်းကောင်းတယ်.. ပြင်ပကမ္ဘာက အများကြီးပြောင်းလဲသွားပြီလို့ မပြောခဲ့ဘူးလား.. ငါတို့ထွက်သွားရင်တောင် သင့်တော်တဲ့နေရာတစ်ုကို ရှာရခက်မှာ ကြောက်တယ်..”

ယင်ရှောင်ရှောင်း သည် အထပ်မြင့် တိုက်ခန်းများနှင့် အပြင်ဘက်တွင် လူဦးရေ ထူထပ်နေခြင်း၊ အပူပိုင်းသစ်တောများ အဆက်မပြတ် ပြုန်းတီးခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းနှင့် အိုဇုန်းလွှာပေါက်ခြင်းတို့ကို တွေးနေခဲ့ပြီး ပါးရှဲ ၏ အမြင်ကို ချက်ချင်း ထောက်ခံခဲ့သည်။

လူသားများအား ရှာဖွေရန် မော့လောင်တ တာဝန်ပေးထားခဲ့သည့် မြွေပွေးများမှာလည်း တာဝန်ပြီးဆုံးသွားပြီ ဖြစ်သည်။ တာဝန်ထမ်းဆောင်ခဲ့သည့် မြွေပွေးများအတွက်မူ လူသားများ၏ အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမည်ကို အနည်းငယ် ပိုဂရုစိုက်ရမည်ပင်။ အချိန်အတော်ကြာသည့်တိုင်အောင် မည်သည့်လူသားမျှ ပေါ်မလာသည့်အတွက် မြွေပွေးများ၏ ဘဝနေထိုင်မှုမှာ ပုံမှန်ပြန်ဖြစ်လာဲ့သည်။ နယ်နိမိတ် ပိတ်သွားပြီ ဖြစ်သည့်အတွက် လူသားများ ဝင်လာမည်ဆိုလျှင်ပင် နယ်နိမိတ်မှ လွတ်မြောက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မော့လောင်တသည် မော့တာမော့နှင့်အဖွဲ့အား ဖျက်သိမ်းရန် ခွင့်ပြုခဲ့ပြီး မော့တာမော့သည်လည်း မော့မျိုးနွယ်သို့ ပြန်သွားခဲ့လေသည်။

ချောက်ကမ်းပါးအောက်တွင် ရက်အနည်းငယ် နေပြီးနောက် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ပြန်လာခဲ့ကြသည်။ တောင်ပေါ်တွင် မိသားစုအိမ်ပြန်ကာ မဆုံစည်းကြသေးသည့် မြွေငယ်များပေါ် သတိပေးချက်မှာ ရုပ်သိမ်းရခြင်း မရှိသေးပေ။ ဖေဖေနှင့်မေမေ သို့မဟုတ် ဖေဖေနှင့် ပါပါးတို့သည် ထွက်ခွာသွားခြင်း မရှိကြဘဲ ယခင်အတိုင်း ကလေးငယ်များနှင့်အတူ ရှိနေကြသည်။

မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည်လည်း ယင်ရှောင်ရှောင်း၏ မိသားစုအိမ်သို့ အပြေးအလွှား သွားကြလေသည်။

ယင်ရှောင်ယိ၊ ဟွားရှောင်အာ၊ ဟွားရှောင်စန်း၊ ယင်ရှောင်စစ်နှင့် ဟွားရှောင်ဝူတို့ အားလုံးသည် ယင်တပိုင်၊ ဟွားရှောင်ဟွားတို့နှင့်အတူ ရှိနေကြသည်။

မော့လောင်တအား နောက်တစ်ကြိမ် တွေ့သည့်အခါ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ 

ယင်ရှောင်ရှောင်း၏ ဒဏ်ရာက အနာကျက်ပြီး သက်သာလာပြီဖြစ်သည်။ ငွေရောင်အကြေးခွံများလဲ ပြန်ပေါက်နေပြီဖြစ်သည်။ အသေးအမွှား ကွဲလွဲမှုများရှိသော်လည်း သေသေချာချာမကြည့်ဘဲ မမြင်နိုင်ပေ။ ခရီးထွက်နေစဉ်တွင် မော့လောင်တ က ယင်ရှောင်ရှောင်း ကိုပြောပြပြီး ယင်တပိုင် နှင့် ဟွားရှောင်ဟွား တို့အား သူ၏ အတိတ်ကအမှားများကို ဝန်ခံချင်သော်လည်း ယင်ရှောင်ရှောင်း ၏ ပြတ်ပြတ်သားသား ငြင်းဆိုမှုဖြင့် ရင်ဆိုင်ခဲ့ရသည်။ 

ဒါက ဟာသတစ်ခုလား... ဖေဖေနဲ့ ပါပါးကို တကယ်ပြောလိုက်ရင် ဖေဖေနဲ့ ပါပါး က ယင်ရှောင်ရှောင်း နဲ့ မော့လောင်တ အတူတူရှိနေတာကို သဘောတူဖို့ ဖြစ်နိုင်ခြေနည်းသွားလိမ့်မယ်...

“ခင်ဗျားနဲ့ ကျွန်တော် လက်တွဲဖော်တွေ ဖြစ်ပြီးတဲ့အထိ စောင့်ပြီးမှ ပြောရင်လည်း အဆင်ပြေပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်တော်အဆင်ပြေနေတာပဲ မဟုတ်ဘူးလား..”

မော့လောင်တ နှုတ်ဆိတ်သွားသည်။ ယင်ရှောင်ရှောင်း၏ တောင်းဆိုချက်ကို သဘောတူရန်မှတပါး ရွေးချယ်စရာမရှိပေ။

ယင်တပိုင်နှင့် ဟွားရှောင်ဟွား တို့သည် မော့လောင်တနှင့် ယင်ရှောင်ရှောင်း အတူရှိခြင်းကိစ္စကို ပြတ်ပြတ်သားသား ကန့်ကွက်ခြင်းမရှိသော်လည်း မူလသဘောတူညီချက်အပေါ် အခိုင်အမာလဲ သဘောမတူခဲ့ကြပေ။ ယင်ရှောင်ရှောင်း အရွယ်ရောက်ပြီးသည့်အချိန်မှသာ၊ မော့လောင်တ ကလဲ ယင်ရှောင်ရှောင်း ကိုချစ်နေသေးလျှင်၊ ယင်ရှောင်ရှောင်း ကလဲ မငြင်းပယ်လျှင် ယင်တပိုင်နှင့် ဟွားရှောင်ဟွား တို့သည် မြွေနှစ်ကောင်လက်တွဲဖော်ဖြစ်လာဖို့အတွက် သဘောတူမည်ဖြစ်သည် ။

ယခုအချိန်တွင် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် အထူးသဖြင့် ယင်ရှောင်ရှောင်းက ယင်တပိုင်နှင့် ဟွားရှောင်ဟွား၏ သဘောထားအပေါ် ကျေနပ်နေသည်။ ယင်ရှောင်ရှောင်းသည် မော့လောင်တကို ချစ်သည်။ တစ်ချိန်တည်းမှာပင် ဖေဖေ၊ ပါပါးနှင့် အစ်ကိုငါးဦးကိုလည်း ချစ်သည်။ စိတ်ကူးယဉ်ဆန်သောအချစ်နှင့် မိသားစုအချစ်ကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်၍မရနိုင်သည့်အပြင် ယင်ရှောင်ရှောင်းသည် စိတ်ကူးယန်ဆန်သောအချစ်ကို ရယူလိုခြင်းမရှိသကဲ့သို့ မိသားစုအချစ်ကိုလည်း ဆုံးရှုံးလိုခြင်းမရှိပေ။ ယင်ရှောင်ရှောင်း က အလွန်လောဘကြီးပြီး အားလုံးကို လိုချင်နေသည်။

ဆယ့်ရှစ်နှစ်ပဲ မဟုတ်လား...

ယင်ရှောင်ရှောင်း ခေါင်းကလေးစောင်းကာဖြင့် မော့လောင်တကို ကြည့်လိုက်သည်။ ဆယ့်ရှစ်နှစ်ဖြစ်စေ၊ အသက်ရှစ်ဆယ်ဖြစ်စေ၊ တစ်ရာ့ရှစ်နှစ်ပင်ဖြစ်စေ သူတို့နှစ်ဦး အတူတူရှိနေမည်မှာ သေချာပါသည်။ စိတ်ကူးယဉ်ဆန်သော အချစ်က ပြောင်းလဲလွယ်သည်ဟု ဆိုသော်လည်း ယင်ရှောင်ရှောင်းသည် ၎င်းတို့၏ အချစ်ရေးတွင် တစ်နည်းနည်းဖြင့် သေချာနေပြီး သူ့ကိုယ်သူလဲသေချာသည့်အပြင် မော့လောင်တက ပို၍ပင် သေချာနေခဲ့သည်။

ယင်တပိုင်နှင့် ဟွားရှောင်ဟွား တို့က မကန့်ကွက်ခဲ့သော်လည်း အကိုကြီးငါးယောက်က စကားမပြောပေ။ သူတို့သည် ငယ်ရွယ်နေသေးသည်။ သူတို့ကို အစ်ကိုဟု ခေါ်နေသော်လည်း ယင်ရှောင်ရှောင်း ထက် တစ်ရက်သာ အသက်ကြီးသည်။ ထိုတစ်ရက်က ယင်ရှောင်ရှောင်း၏ ဥတစ်ဝိုက်နားတွင် ကုန်ဆုံးစေ‌ခဲ့ပြီး ယင်ရှောင်ရှောင်း ထက် ပို၍ရင့်ကျက်စေခြင်းမရှိပေ။ သူတို့သည် အရွယ်ရောက်သည်အထိ မကြီးထွားသေးသော်လည်း အရွယ်ရောက်ပြီးသော မြွေများကဲ့သို့ မော့မြွေများကို မကြောက်ကြပေ။ မော့မြွေများအပေါ် အပျက်သဘောဆောင်သော ခံစားချက်များအားလုံးသည် အခြားမြွေများပြောသည့်စကားမှ လာခဲ့ပြီး ၎င်းတို့ပြောနေသည့်အကြောင်းသည် သံသယဖြစ်စရာအနည်းငယ် ရှိသော်လည်း အမှန်တရားဖြစ်သည်။ သူတို့ချစ်သောညီငယ်လေးသည် မော့မြွေ၏လက်တွဲဖော်ဖြစ်ကြောင်း လက်ခံရန် ၎င်းတို့အတွက် ခက်ခဲလွန်းလှသည်မဟုတ်ပေ။ ထိုမော့မြွေသည် အခြားမြွေပွေးများကို ဒဏ်ရာရစေခြင်း မပြုခဲ့သော်လည်း ထိုမော့မြွေသည် မျိုးနွယ်ခေါင်းဆောင်ဖြစ်သည်ကို လက်ခံရန်မှာ ခက်ခဲလွန်းလှသည်။ လူသားများ ကျူးကျော်ဝင်ရောက်လာသောအခါ သူပြောခဲ့သော စကားများက မြွေတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ သတိမထားမိဘဲ သူတို့သည် ထိုမြွေကို အမြတ်တနိုးကိုးကွယ်သောအကြည့်ဖြင့်ကြည့်နေမိကြသည်။ 

မင်းမြင်လား...အဲဒီမြွေက တကယ်အင်အားကြီးတာပဲ...

မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် ယင်ရှောင်ရှောင်း မိသားစု၏နေအိမ်တွင် တစ်ညတာ အနားယူခဲ့ကြသည်။ ထို့နောက် လမ်းတစ်ဝက်တွင် မော့လောင်တ နှင့် ယင်တပိုင် တို့ အတူတူ ထွက်သွားကြသည်။ ပြန်လာပြီးနောက် ယင်တပိုင်၏ အမူအရာသည် အလွန်ကြောက်စရာကောင်းနေခဲ့ပြီး ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ကြည့်ရှုနေသော်လည်း နောက်ဆုံးတွင် ဘာမှပြန်မပြောပေ။ ညဘက်တွင်မူ ယခင်ကနှင့်မတူဘဲ မော့လောင်တသည် ယင်ရှောင်ရှောင်း ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသည်။ ကျန်သည့် မြွေငယ်ငါးကောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။

နောက်တစ်နေ့ မိုးလင်းသောအခါ မော့လောင်တနှင့် ယင်ရှောင်ရှောင်း က ထွက်သွားသည်။ မူလက မော့လောင်တ သည် ချက်ခြင်း အိမ်ပြန်ချင်ခဲ့သည်။ သို့သော်လည်း ယင်ရှောင်ရှောင်း၏ အကြံပြုချက်အရ မြွေနှစ်ကောင်သည် မော့မျိုးနွယ်ဆီသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။

 မည်သို့ပင်ဖြစ်စေ ယင်ရှောင်ရှောင်းက ပြန်ကြည့်သင့်သည်ဟု ခံစားနေရသည်။။

မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် ပထမဦးဆုံးအကြိမ် ထွက်ခွာသွားသည့်အချိန်နှင့် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိကြချေ။ ဖေဖေမော့ နှင့် မေမေမော့သည် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တွဲနေသည် ကို လည်း ယခင် ကဲ့သို့ပင် မနှစ်သက် သေးပေ။ ယခင်ကကဲ့သို့ မော့လောင်တသည်လည်း မြွေနှစ်ကောင်၏ အမြင်များကို လျစ်လျူရှုခဲ့သည်။ ယခင်ကကဲ့သို့ မော့လောင်အာနှင့် မော့လောင်စန်းတို့သည် မော့လောင်တ၏ ရွေးချယ်မှုကို နားမလည်သေးနိုင်သေးပေ။ မော့လောင်တသည် ယခင်ကကဲ့သို့ပင် မြွေနှစ်ကောင်ကို ကြည့်သောအကြည့်က ကြောက်စရာကောင်းနေသည်။ ဘာမှပြောင်းလဲသွားခြင်းမရှိပေ။

မဟုတ်ပေ၊ တကယ်က အပြောင်းအလဲတစ်ခု ရှိခဲ့သည်။ မော့လောင်အာ သည် အခြား မော့ မြွေနှင့် လက်ထပ်တော့မည်ဖြစ်သည်။

 မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ သိသော မော့တာမော့ ဖြစ်သည်။

ဖေဖေ မော့ နှင့် မေမေ မော့သည် သူတို့၏ သမီး ၊ သူတို့၏ ဒုတိယ ရင်သွေး ကို မော့တာမော့ နှင့် လက်တွဲပေးရန် အတည်ပြပြီးဖြစ်သည်။ သူတို့၏သားက မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့်အတွက် အစွမ်းအထက်ဆုံးမြွေဟု ယူဆနိုင်သည်။ ထို့ကြောင့် သူတို့သမီးက ဒုတိယ အစွမ်းထက်ဆုံး မြွေနှင့် လက်ထပ်ခြင်းက ပိုမကောင်းနိုင်ပေ။ မော့လောင်စန်းသည် အလွန်ပျော်နေပြီး မော့လောင်အာသည်လည်း သူ့ကိုယ်သူ ကျေနပ်နေသည်။ ဘာလို့ 

မော့တာမော့ က မော့လောင်အာ နဲ့ လက်တွဲချင်တာလဲ... မော့တာမော့ကိုယ်တိုင်ပင် မသိတာ ဖြစ်နိုင်သည်။

ယင်ရှောင်ရှောင်းက ဘာမှမထူးခြားပေ။ သူက မော့တာမော့ကို မကြိုက်ပေ။ အလားတူပင် အစကတည်းက မော့လောင်တနှင့် အတူရှိခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့သော မော့လောင်အာကိုလဲ သူမကြိုက်ပေ။ မော့လောင်တသည် သံသယအချို့ကို ဖုံးကွယ်ထားသည်။ မော့လောင်အာနှင့် မော့တာမော့တို့ ယခင်က တစ်ကောင်နှင့်တစ်‌ကောင် ကောင်းကောင်းမသိသော်လည်း တစ်ကောင်နှင့်တစ်ကောင် ကြည့်ဖူးသည်ဟု မ‌ပြောနိုင်သည်အထိ မော့လောင်တကသိသည်။

 အခမ်းအနားကို အရမ်းအလျင်စလို ကျင်းပနေတာမဟုတ်ဘူးလား...

သို့သော် မော့လောင်တ သည် သူတို့၏ အိမ်ထောင်ကို ထိခိုက်စေမည် မဟုတ်ပေ။ တစ်ယောက်က သူ့ညီမဖြစ်ပြီး နောက်တစ်ယောက်က သူ့ကို အရင်က ကူညီခဲ့သော သူတို့မျိုးနွယ်၏ ခေါင်းဆောင်ငယ်ဖြစ်ပြီး၊ သူ့မေးခွန်းများက သူတို့ နှစ်ယောက်ကြားက ဖြစ်ခဲ့သည့်အကြောင်းကို မေးရန် လုံလောက်သည့် အကြောင်းပြချက် မရှိပေ။

မော့လောင်တ ပြန်လာသောအခါ မော့တာယိ၏ ညီမ မော့တာအာ သည် မော့လောင်တ ကိုခေါ်ရန်လာခဲ့သည်။ သူမအတွက်ကံမကောင်းစွာပင် စကားအနည်းငယ်မျှပင် မဖလှယ်ခဲ့ကြဘဲ မော့လောင်တ က စိတ်မရှည်စွာ သူမကို နှင်ထုတ်ခဲ့သည်။ ယင်ရှောင်ရှောင်း မှလွဲ၍ မော့လောင်တ သည် အခြားမြွေများအပေါ် စိတ်ရှည်ပုံမပေါ်ပေ။

မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် မော့မျိုးနွယ်၏နယ်မြေတွင် ညများစွာ မအိပ်ခဲ့ကြပေ။ ယင်ရှောင်ရှောင်း နေရာကို လာခြင်းသည် အမှားရှိ၊ မရှိ သူ့ကိုယ်သူ တိတ်တဆိတ် မေးလိုက်သည်။ သို့သော် ထိုနေရာက သူ့မိဘများဖြစ်ပြီး သူတို့၏ကောင်းချီးများကို ခံယူခြင်းသည် အကောင်းဆုံးအတွက်သာ ဖြစ်သည်။ မော့လောင်တသည် ယင်ရှောင်ရှောင်း၏ ဦးခေါင်းကို အမြီးဖြင့် ပွတ်သတ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

အပြန်လမ်းတွင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တ တို့သည် ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း ကိုတွေ့လိုက်ရသည်။ လူသားနှစ်ဦးသည် လိုဏ်ဂူများတွင် နေထိုင်လေ့မရှိကြဘဲ တောင်ခြေရင်းတွင် သစ်သားအိမ်တစ်လုံးဆောက်ကာ ပစ္စည်းများ စုဆောင်းသွားရမည့်အကြောင်း ပြောဆိုနေကြသည်။ နောက်ဆုံးရက်မရှိပဲ လူသားနှစ်ယောက်က သူတို့မပျင်းရအောင် လုပ်စရာတစ်ခု လိုသည်။ ယင်ရှောင်ရှောင်းသည် သစ်သားအိမ်ဆောက်နေစဉ် စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ပြီး အကြံဉာဏ်အနည်းငယ် ပေးရန်ပင် တက်လာခဲ့သည်။ ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း၏ မျက်လုံးများ တောက်ပလာကာ ယင်ရှောင်ရှောင်းအား အကြံဉာဏ်ပေးရန်အတွက် သူတို့နှင့်အတူ ခဏနေစေချင်သည်။ မော့လောင်တ၏ မျက်နှာက ခပ်တည်တည်ဖြင့် ယင်ရှောင်ရှောင်း ကို ဆွဲထုတ်လိုက်သည်။

မြွေနှစ်ကောင်သည် အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့သည်။ ထို့နောက်တွင် ဂူသည် ချစ်သူနှစ်ဦးအတွက် ကမ္ဘာတစ်ခုဖြစ်လာခဲ့သည်။ မော့လောင်တသည် ယင်ရှောင်ရှောင်းကို ချောက်ကမ်းပါးအောက်ခြေသို့ ခေါ်ဆောင်သွားလိုက်၊ တောင်ပေါ်တွင် လျှောတိုက်သွားလိုက်နှင့် နေသည်။ နှစ်ထောင်ပေါင်းများစွာ ကြာလာခဲ့သည့်အတိုင်း နေ့ရက်များသည် အေးချမ်းသာယာလှပနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်ခုနစ်နှစ်ကြာသွားခဲ့သည်။