အပိုင်း ၁၁၅
Viewers 28k

🐍Chapter 115




သူ့နာမည်ခေါ်သံကို ကြားလိုက်ရသောကြောင့် ယင်ရှောင်ရှောင်း အလန့်တကြား ဖြစ်သွားပြီး အိပ်ချင်မူးတူးနှင့် ထလာသည်။ အသံလာရာသို့ ကြည့်လိုက်ချိန်တွင် မော့တာယိနှင့် အတူလိုက်ပါလာသော ယင်တပိုင်နှင့် ဟွားရှောင်ဟွားကို တွေ့လိုက်ရသည်။

"ဖေဖေ... ပါပါး... ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ"

ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားစွာဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်လိုက်ပြီး ယင်တပိုင်နှင့် ဟွားရှောင်ဟွား ရှိရာသို့ လျှောတိုက်သွားလိုက်သည်။

သို့သော် သူ့အပြုအမူက ယင်တပိုင်နှင့် ဟွားရှောင်ဟွားကို ထိတ်လန့်သွားစေမည်ဟု ယင်ရှောင်ရှောင်း မမျှော်လင့်ထားမိပေ။ မကြာခင် ဖခင်တစ်ယောက်ဖြစ်တော့မည့် ယင်ရှောင်ရှောင်းက နမော်နမဲ့ နိုင်လွန်းလှပါသည်။

ယင်ရှောင်ရှောင်း၏ စိတ်လှုပ်ရှားနေသော မျက်နှာထားကြောင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားလည်း သူစိတ်ပျက်သွားစေမည့် စကားမျိုးကို တစ်ခွန်းမှ မပြောတော့ချေ။

"သား ကိုယ်ဝန်ရှိနေတယ်လို့ တစ်ခြားမြွေတွေ ပြောနေတာ ကြားခဲ့တယ်... အဲ့တော့ လာမတွေ့ဘဲ ဘယ်နေနိုင်ပါ့မလဲ"

ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်းကို ပွေ့ဖက်ရင်း ပြောလိုက်သည်။

ယင်ရှောင်ရှောင်း၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ဖြစ်တည်လာပြီး သူ့ဗိုက်ကို ပြန်ကြည့်ရင်း ဘဝင်ခိုက်နေသည်။

"ပါပါး... ကြည့်ပါဦး... သား ကလေးလေး ရလာတော့မယ်"

ဟွားရှောင်ဟွား၊ ယင်တပိုင်နှင့် မော့တာယိတို့လည်း ယင်ရှောင်ရှောင်း၏ ဗိုက်ကလေးကို ဂရုတစိုက် ကြည့်မိလိုက်ကြသည်။ ထို့နောက် ဟွားရှောင်ဟွား ပြောလိုက်သည်။

"အိုး... မော့လောင်တက... ပါပါးတို့ ရှောင်ရှောင်းကို ကောင်းကောင်းစောင့်ရှောက်တယ်နဲ့ တူပါတယ်"

မော့မြွေ၏ မျိုးပွားနှုန်းကို ဟွားရှောင်ဟွား သတိထားမိပါသည်။ ယင်ရှောင်ရှောင်းက ယင်မြွေတစ်ကောင် ဖြစ်သောကြောင့် သေချာပေါက် မော့မြွေ၏ မျိုးပွားနှုန်းကို ယှဥ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှောင်ရှောင်း၏ ဗိုက်ထဲတွင် ဥများများစားစား မရှိမည်ကို ဟွားရှောင်ဟွား စိုးရိမ်မိသည်။ သို့သော် ဗိုက်ဖောင်းဖောင်းကားကားလေးကို မြင်သောအခါ မော့လောင်တက ယင်ရှောင်ရှောင်းကို ဘယ်လောက်အထိ ကျွေးမွေးစောင့်ရှောက်ထားမှန်း သိသာသည်။

ယင်ရှောင်ရှောင်းက ဟွားရှောင်ဟွား ပြောလိုက်သည့် စကား၏ အတိမ်အနက်ကို ကောင်းကောင်းနားမလည်ဘဲ သူ့ကိုချီးကျူးနေသည်ဟုသာ ထင်နေသည်။ သူ့ဗိုက်လေးကို အရင်ထက် ပိုပိုပြီး ဆူပြနေသေးသည်။

"ဒါပေါ့... တဟေးတန်က ဘယ်လိုလုပ်ပြီး သားကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပါ့မလဲ"

ဟွားရှောင်ဟွား၊ ယင်တပိုင်နှင့် မော့တာယိ : "......."

"ဟင်..."

ချုံနွယ်ပိတ်ပေါင်းထဲမှ ထွက်လာသော မော့လောင်တမှာ မော့တာယိအပါအဝင် အခြားမြွေနှစ်ကောင်ကို တွေ့လိုက်ရသည်။ အစပိုင်းတွင် သံသယဝင်သွားသော်လည်း တဖြေးဖြေးနှင့် သဘောပေါက်သွားသည်။

"ရှောင်ရှောင်းကို တွေ့ဖို့ လာကြတယ်နဲ့ တူတယ်"

ထိုအခါ ယင်တပိုင်က ခေါင်းညိတ်ရင်း တည်ကြည်လေးနက်သော လေသံဖြင့် ပြန်ပြောသည်။

"အင်း... ရှောင်ရှောင်းက ငယ်ငယ်လေးနဲ့ ကိုယ်ဝန်လွယ်ထားရတာ... ငါနဲ့ ရှောင်ဟွားလည်း စိတ်ပူလို့ မော့တာယိကို လိုက်ရှာပြီး သူနဲ့အတူ ဒီနေရာကို ထွက်လာခဲ့တာ"

မော့လောင်တက ခေါင်းညိတ်လိုက်ပြီး သူလောလောလတ်လတ် ဖမ်းလာသည့် ဖားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် မီးမွှေးရန် ပြင်တော့သည်။ သူတို့ကို အဖက်မလုပ်သော မော့လောင်တအား ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ကလည်း စိတ်ထဲမထားချေ။ မော့လောင်တ၏ ထိုသို့သော အပြုအမူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း မဟုတ်ပေ။ သူတို့ကို မေးထူးခေါ်ပြော ရှိနေသည်ကပင် ကျေးဇူးတင်ရမလိုတောင် ဖြစ်နေသည်။

မော့တာယိက ကြာကြာမနေပေ။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ကို ဒီနေရာအထိ လိုက်ပို့ပေးဖို့သာ ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် မော့လောင်တနှင့် စကားအနည်းငယ် ပြောပြီးနောက် မော့နယ်မြေသို့ ထိုညတွင်ပင် ပြန်လည်ထွက်ခွာသွားတော့သည်။

တစ်ဖက်တွင် မော့လောင်တက ယင်ရှောင်ရှောင်းအတွက် ဖားကင်ပေးနေသည်။ ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်းအား ချက်ချင်းဆိုသလို တင်းကြပ်စွာဖြင့် ပွေ့ဖက်လိုက်သည်။ ယင်တပိုင်ကမူ ဘေးတွင် တိတ်ဆိတ်စွာဖြင့် ရပ်ကြည့်နေသည်။

ဟွားရှောင်ဟွားကလည်း ကိုယ်ဝန်ဆောင်ဖူးသောကြောင့် ယင်ရှောင်ရှောင်းအား အနည်းနှင့်အများ အကူအညီပေးနိုင်သည်။ ထို့ကြောင့် ဟွားရှောင်ဟွားနှင့် ယင်တပိုင်က ဤနေရာတွင် တစ်ခဏလောက်နေရန် ဆုံးဖြတ်လိုက်သည်။ ယင်ရှောင်ရှောင်းက အလွန့်အလွန် ပျော်နေရှာသည်။ ကိုယ်ဝန်ဆောင်ထားသည့် အချိန်တွင် မော့လောင်တအပြင် အခြားသူများကိုလည်း သူနှင့်အတူ အဖော်အဖြစ် နေစေလိုသည်။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ပါ ရောက်နေသောကြောင့် သူတို့နေထိုင်ရာ ဂူကြီးက ယခင်ကထက် အသက်ဝင်လာသလို ခံစားရသည်။ ရုတ်တရက်ကြီး ပျော်ရွှင်လာသည့် ယင်ရှောင်ရှောင်းကို မော့လောင်တ သတိထားမိသည်။ သူ့အနေနှင့် အခြားမြွေတစ်ကောင်တစ်လေမှ အနှောင့်အယှက်မပါဘဲ ရှောင်ရှောင်းနှင့်သာ အေးအေးဆေးဆေး နေချင်သော်လည်း သူတို့နှစ်ကောင်တည်းဆိုလျှင် သေချာပေါက် အထီးကျန်စရာ ကောင်းနေပေလိမ့်မည်။ အရူးပေါက်လေးက ကလေးစိတ်ပဲ ရှိသေးသည်။ အိပ်လိုက်စားလိုက်နှင့် ဘယ်လိုလုပ်ပြီး ဘဝကို လွယ်လင့်တကူ အချိန်ကုန်ဆုံးနေသလဲ မသိပေ။

ဒါပေမဲ့ ကလေးတွေ မွေးလာတဲ့ အချိန်ကျရင် အရူးပေါက်လေးက သိပ်ပြီး အထီးမကျန်လောက်တော့ဘူး မလား။ ယင်ရှောင်ရှောင်းနှင့် တက်တက်ကြွကြွ စကားပြောနေသည့် ဟွားရှောင်ဟွားကို မော့လောင်တ တိတ်တဆိတ် ကြည့်နေမိသည်။ ကလေးများ ထွက်သွားချိန်တွင် သူက အရူးပေါက်လေးကို ဂူသင်္ချိုင်းဟောင်းသို့ ခေါ်သွားမည်။ ချောက်ကမ်းပါးအောက်သို့ ခေါ်သွားမည်။ ပြီးလျှင် ထိုနေရာကို နှစ်ကောင်အတူ သွားဦးမည်...။

ရှောင်ရှောင်း မြွေဥမဥမီ တစ်လလောက် လိုသေးသည်ဟု ဟွားရှောင်ဟွား ခန့်မှန်းတွက်ချက်မိသည်။ ဥဥသည်နှင့် ယင်ရှောင်ရှောင်း သို့မဟုတ် မော့လောင်တက နေပူထဲတွင် ထိုဥများကို ရစ်ပတ်ခွေလိမ်ပြီး တစ်နေကုန်တစ်နေခမ်း စောင့်ကြည့်နေရမည် ဖြစ်သည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားကမူ ကိစ္စအားလုံး စိတ်ချရသည်အထိ ဤနေရာတွင်နေရန် စီစဥ်ထားသည်။

မြွေလေးကောင်လုံးက ထိုနေ့ရက်ကို မျှော်လင့်တကြီး စောင့်စားနေကြသည်။ သို့သော် တစ်လဟူသော အချိန်က ကုန်ဆုံးသွားသည်....။

"ပါပါးပြောတော့... တစ်လနေရင် ဥဥလို့ရတော့မှာဆို"

ယင်ရှောင်ရှောင်းက ပူဆွေးသောကရောက်နေသည့် အမူအရာဖြင့် ဟွားရှောင်ဟွားကို ကြည့်ရင်းပြောလာသည်။ အခုက တစ်လပင် ကျော်နေပြီဖြစ်သည်။ ရှောင်ရှောင်းကလည်း အရင်ကထက် ပိုဝလာသည်။ ထိုအရာများမှလွဲ၍ ထူးထူးခြားခြား ပြောင်းလဲလာသော အရာတစ်စုံတစ်ခုမှ မရှိပေ။

"အဟွတ်...အဟွတ်...အဲဒါကလေ"

ဟွားရှောင်ဟွား ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်သည်။

"ဥဥတာကလေ... အချိန်ကြာရင် ကြာနိုင်တယ်... အင်း... တစ်လခွဲလောက်အထိ ကြာသွားနိုင်လောက်တယ်... အဲ့လောက်အချိန်ဆိုရင် သေချာပေါက် ဥဥနိုင်မှာပါ"

ဟွားရှောင်ဟွား၏ သေချာပြတ်သားသော မျက်နှာကို မြင်သောအခါ ယင်ရှောင်ရှောင်းလည်း သူ့ကိုယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

မော့လောင်တနှင့် ယင်တပိုင်က ဘေးတွင်ရပ်နေပြီး စကားတစ်ခွန်းမှ ဝင်မပြောပေ။ ဤအချိန်က ကိုယ်ဝန်ဆောင်ဖူးသူသာလျှင် အတွေ့အကြုံများကို မျှဝေနိုင်မည်ဖြစ်သည်။

နောက်လဝက်ခန့်ကြာပြီးနောက်....

"ပါပါး...တစ်လခွဲတောင်ရှိနေပြီလေ"

ယင်ရှောင်ရှောင်းက မခံချိမခံသာဖြင့် ပြောလာသည်။

ဟွားရှောင်ဟွား ဂူမျက်နှာကျက်ကို တစ်ချက်မော့ကြည့်လိုက်သည်။ 

"အာ...အဲဒါဆိုရင်...နောက်ထပ်လဝက်လောက်စောင့်ရဦးမှာပေါ့"

ယင်ရှောင်ရှောင်းက ဟွားရှောင်ဟွား၏ စကားကို ယုံတစ်ဝက်မယုံမဝက်။

ယင်တပိုင်က အိပ်ရန်ပြင်နေပြီး မော့လောင်တက အမဲလိုက်ရန် ထွက်ခွာသွားလေသည်။

နောက်လဝက်ခန့် ကုန်ဆုံးသွားပြန်သည်...

"ပါပါး!!"

ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်း၏ ဝမ်းဗိုက်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ဒါကဘယ်လိုမျိုး ဖြစ်နိုင်မှာလဲ။ ငါးလခွဲတောင် ရှိနေပြီ။ ရှောင်ရှောင်းက အခုထိဘာလို့ ဥမဥနိုင်သေးတာလဲ။ ပုံမှန်ဆိုလျှင် မြွေပွေးတစ်ကောင်၏ ကိုယ်ဝန်ဆောင်ချိန်က လေးလမျှသာ ကြာမြင့်သည်။ ခြွင်းချက်အနေနှင့် အချို့က အလွန်ဆုံး ငါးလအထိ ကြာတတ်သည်။ သို့သော် ရှောင်ရှောင်းကမူ ငါးလခွဲမျှ ကြာနေပြီ ဖြစ်သော်လည်း ဥဥတော့မည့် အရိပ်အယောင် စိုးစဥ်းမျှ မတွေ့ရပေ။

ဤတစ်ခေါက်တွင် ဟွားရှောင်ဟွားလည်း "နောက်လဝက်လောက် စောင့်ကြည့်ရအောင်" ဟူသော စကားကို ထပ်မပြောရဲတော့ချေ။ ယင်ရှောင်ရှောင်းက သူ့ကိုဘယ်လောက်ပဲ လေးတွဲ့တွဲ့အမူအရာဖြင့် ကြည့်နေပါစေ ဟွားရှောင်ဟွားက စကားတစ်ခွန်းမှ မဟတော့ချေ။

ကိုယ်ဝန်က ငါးလခွဲခန့် ရှိပြီဖြစ်သော်လည်း ဥမဥသေးသည်ကို အားလုံးက မကြောက်မရွံ့ မပူမပန်ဘဲ ဘာကြောင့်ဒီအတိုင်း စောင့်နေနိုင်ရတာလဲ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်သည့် အချိန်တွင် မြွေပွေးများက ၎င်းတို့၏ ဥများနှင့် ဆက်နွယ်မှုတစ်ခုရှိသည်။ ဥများတွင် ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့လျှင် ထိုကိုယ်ဝန်ဆောင်မြွေပွေးက သေချာပေါက် တုံ့ပြန်လိမ့်မည်ဖြစ်သည်။ သို့သော် ယင်ရှောင်ရှောင်းကမူ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး မူမှန်သည့် တုံ့ပြန်မှုမျိုး တစ်စုံတစ်ရာမရှိချေ။ ဆိုလိုသည်က ရှောင်ရှောင်း ဗိုက်ထဲရှိ ဥများမှာ ကောင်းကောင်းဖွံ့ဖြိုးနေပြီး နောက်မှ ဥလာလိမ့်မည် ဖြစ်သည်။

အစပိုင်းတွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားက တစ်လတိတိသာ ရှောင်ရှောင်းနှင့် အတူနေရန် စီစဥ်ထားခြင်းဖြစ်သည်။ သို့သော် စီစဥ်ထားသည့်အတိုင်း ဖြစ်မလာသောကြောင့် ယခုအချိန်ကာလအထိ သူတို့မြွေလေးကောင်မှာ အတူတူ နေနေရသည်။

ယနေ့ နေ့လည်ခင်းတွင် မော့လောင်တနှင့် ယင်တပိုင်က သားကောင်ဖမ်းရန် ထွက်သွားလေသည်။ ယင်ရှောင်ရှောင်နှင့် ဟွားရှောင်ဟွားက ဂူရှေ့ကွင်းပြင်ကျယ်ကြီးတွင် လဲလျောင်းရင်း နေပူဆာလှုံနေသည်။

"ရှောင်ရှောင်း... မော့လောင်တနဲ့အတူ ကလေးတွေကို ဘယ်လိုနာမည်ပေးမလဲဆိုတာ စဥ်းစားပြီးသွားပြီလား"

ဟွားရှောင်ဟွားက ရုတ်တရက် မေးလိုက်သည်။

နဂိုက အိပ်ပျော်တော့မလိုဖြစ်နေသော ယင်ရှောင်ရှောင်း ဟွားရှောင်ဟွား၏ မေးခွန်းကြောင့် နိုးနိုးကြားကြား ဖြစ်သွားသည်။

"ကလေးတွေက... မွေးမှ မမွေးလာသေးတာ"

"အဲဒါဆိုရင်... မြန်မြန်စဥ်းစားထားတော့"

ဟွားရှောင်ဟွားက စိုးရိမ်ပူပန်သည့် အမူအရာဖြင့် ပြောသည်။

"အခုမှ စဥ်းစားတော့ သွားပြီပေါ့... သာမာန်နာမည်ကြီးတွေပဲ ထွက်လာမှာ"

ယင်ရှောင်ရှောင်း အခုမှ ကောင်းကောင်းသတိကပ်လာပြီး မတ်တပ်ထရပ်လိုက်သည်။

"ပါပါးပြောတာမှန်တယ်..."

ယင်ရှောင်ရှောင်း အသေအချာ တွေးမိသွားသည်။ မြွေပွေးများက ကလေးနာမည်မှည့်ရာတွင် အတော်လေးဆိုးသည်။ မွေးသည့်အစဥ်လိုက်၊ အရောင်စသည်တို့ကို အစွဲပြုပြီး မှည့်လေ့ရှိကာ တီထွင်ဖန်တီးနိုင်စွမ်း လုံးဝမရှိပေ။ အတိတ်က လူဖြစ်ခဲ့ဖူးသည့် မှတ်ဥာဏ်ရှိနေသော မြွေပွေးတစ်ကောင်အနေနှင့် သူ့ကလေးများကို ထိုသို့သော နာမည်မျိုးများနှင့် လွှမ်းမိုးခွင့် မပြုနိုင်ပေ။ ထိုသို့သော အခြေအနေမျိုးကို သူကိုယ်တိုင် အဆုံးသတ်ပေးမှ ဖြစ်မည်။

"ပါပါး...အဲဒါဆိုရင်နာမည်ကောင်းကောင်းလှလှလေးတွေကဘယ်လိုမျိုးလေးတွေလဲ"

ဟွားရှောင်ဟွားက တစ်ခဏမျှ စဥ်းစားလိုက်သည်။

"အားတ...အားအာ...အားစန်းဆိုရင်ရောဘယ်လိုလဲ"

ထိုစကားအဆုံး ယင်ရှောင်ရှောင်းက ခေါင်းကို တစ်သွင်သွင် ခါယမ်းသည်။

"အဲဒီလိုနာမည်တွေလုံးဝမမှည့်ဘူးနော်...အရမ်းကြီးရိုးလွန်းတယ်"

"အဲဒါဆိုရင်..."

ဟွားရှောင်ဟွားက တစ်ခဏမျှ စဥ်းစားနေပြန်သည်။

"လန်စန်းစန်းလိုမျိုးဆိုရင်ရောဘယ်လိုလဲ...ယိယိ...အာအာ...စန်းစန်းလေ...အဲ့လိုနာမည်တွေကများများစားစားမရှိဘူး...အသံထွက်လို့လည်းအရမ်းကောင်းတယ်"

ယင်ရှောင်ရှောင်းက ထိုနာမည်များကို နောက်တစ်ကြိမ် ငြင်းဆန်ပယ်ချပြန်သည်။

"အဲဒီနာမည်တွေကို...ကျွန်တော်မကြိုက်ဘူး"

ဟွားရှောင်ဟွား: "......"

ယင်ရှောင်ရှောင်းက အရမ်းကြီးကျယ်လွန်းတာပဲ။

"ဘာတွေဆွေးနွေးနေကြတာလဲ"

ယင်တပိုင်က အမဲလိုက်ရာမှ ပြန်လာသည်။ မော့လောင်တကလည်း သူ့နောက်မှ လိုက်ဝင်လာသည်။

"ကလေးတွေအတွက်...နာမည်စဥ်းစားနေတာပါ"

ယင်ရှောင်ရှောင်းက အရင်ဖြေလိုက်သည်။

"နာမည်တွေလား..."

မော့လောင်တက သိပ်ပြီးဘဝင်တွေ့ပုံမပေါ်။ 

"အဆင်ပြေတဲ့ဟာပဲရွေးလိုက်ပေါ့...အရမ်းကြီးဂရုစိုက်ပြီးခေါင်းစားနေစရာမလိုပါဘူး"

"မော့!လောင်!တ"

ယင်ရှောင်ရှောင်း အတော်လေး ဒေါသထွက်သွားသည်။ 

"ဘာလဲ...ကျွန်တော်ကခင်ဗျားရဲ့ကလေးတွေမွေးပေးမှာကိုမပျော်တာလား"

ရှောင်ရှောင်း၏ စကားကြောင့် မော့လောင်တ ကြောင်အသွားသည်။ ဒီထက့်ပိုပြီး အထင်မလွဲစေရန် အမြန်ရှင်းပြလိုက်ရသည်။ 

"မဟုတ်ရပါဘူးကွာ...ကိုယ်ကအဲဒီသဘောနဲ့ပြောတာမဟုတ်ဘူး...မင်းဘာသာမင်းအတွေးလွန်နေတာ"

ယင်ရှောင်ရှောင်းက "ဟွန်း" ဟု ခပ်ဆောင့်ဆောင့် အသံတစ်ခုပြုပြီး မော့လောင်တကို မမြင်ချင်သလို တစ်ဖက်သို့ လှည့်သွားသည်။

ရှောင်ရှောင်း သူ့ကို စိတ်ဆိုးနေမည် စိုးသောကြောင့် မော့လောင်တက တစ်ကောက်ကောက် လိုက်ချော့တော့သည်။

ဟွားရှောင်ဟွားနှင့် ယင်တပိုင် : "......."

အင်း... ဒီနေ့တော့ ကလေးနာမည်အကြောင်း ဆက်ပြီး ဆွေးနွေးဖြစ်မှာ မဟုတ်တော့ဘူး။

ကိုယ်ဝန်သက်တမ်း ကိုးလရောက်သည်အထိ ယင်ရှောင်ရှောင်းက စားလိုက်အိပ်လိုက်နှင့် အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ထိုနေ့ည... အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြသော မနက်အစောပိုင်းအချိန်တွင်...

အစပိုင်းတွင် ယင်ရှောင်ရှောင်း အိပ်မောကျနေသော်လည်း ရုတ်တရက်ကြီး အလေးသွားချင်လာသည်။

ခန္ဓာကိုယ်ကို လှိမ့်လိုက်ချိန်တွင် မထင်မှတ်ထားစွာဖြင့် သူ့ခန္ဓာကိုယ်က နည်းနည်းလေးမှ ရွေ့မသွားပေ။

ဆယ်မိနစ်ခန့် အချိန်ကြာသွားသော်လည်း သူ့ခန္ဓာကိုယ်က လှုပ်လို့မရသေး။

နောက်ဆယ်မိနစ် ကြာပြီးသည့်နောက်တွင်လည်း လှုပ်လို့မရသေးပေ။

ယင်ရှောင်ရှောင်း မူးဝေလာပြီး အလောတကြီး တွားသွားလိုက်ရာ ဘေးတွင်အိပ်နေသည့် မော့လောင်တလည်း လန့်ဖြန့်ပြီး နိုးလာသည်။

အိပ်မောကျပြီး နိုးလာသည့် မော့လောင်တလည်း ရှောင်ရှောင်း၏ ပုံစံကိုကြည့်ပြီး အိပ်ချင်စိတ် တစ်စက်ကလေးမှ မရှိတော့ချေ။ စိုးရိမ်နေသည့် လေသံဖြင့် ရှောင်ရှောင်းအား မေးလိုက်သည်။

"ဘာဖြစ်လို့လဲ...ရှောင်ရှောင်း"

"ကျွန်တော် အလေးသွားချင်လို့"

"ကိုယ်လိုက်ပို့ပေးမယ်"

ယင်ရှောင်ရှောင်းက သူ့စကားကို မငြင်းပေ။ ထို့ကြောင့် ယင်ရှောင်ရှောင်းက ရှေ့မှဦးဆောင်သွားပြီး မော့လောင်တက အနောက်မှလိုက်ပါလာကာ နှစ်ကောင်သား ဂူထဲမှ ထွက်လာခဲ့ကြသည်။ အိမ်သာသို့ အသွားလမ်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဟွားရှောင်ဟွားနှင့် သူတို့၏အသံကြောင့် နိုးလာကာ တစ်ချက်လှမ်းကြည့်ပြီး ပြန်အိပ်သွားသော ယင်တပိုင်တို့ကို ဖြတ်လာခဲ့ရသေးသည်။

အပြင်ဘက် ကောင်းကင်ယံကြီးက တိမ်တိုက်များဖြင့် ပြည့်နှက်နေသည်။ ထိုထူထပ်သိပ်သည်းသော တိမ်တိုက်ကြီးများကို ထိုးဖောက်ပြီး အလင်းရောင် အနည်းအကျဥ်းကသာ ကမ္ဘာမြေပေါ်သို့ ကျရောက်သည်။ သို့သော် အိမ်သာတက်ရန် အလင်းမှမလိုပဲ။

ယင်ရှောင်ရှောင်းက ခပ်လှမ်းလှမ်းတစ်နေရာသို့ လျှောတိုက်သွားပြီး သိပ်သည်းထူထပ်သော ချုံနွယ်ပိတ်ပေါင်း တစ်ခုထဲသို့ တိုးဝှေ့ဝင်သွားသည်။ မော့လောင်တက ထိုချုံပုတ်၏ ခုနစ်မီတာ ရှစ်မီတာအကွာခန့်တွင် ရပ်နေပြီး အထဲသို့ လိုက်မဝင်သွားပေ။

ယင်ရှောင်ရှောင်းထံတွင် မျက်ခွံများသာ ရှိခဲ့လျှင် ထိုမျက်ခွံများကို တစ်ချိန်လုံး မှိတ်ထားမိမည်ဖြစ်သည်။ ဒါမှဂူထဲသို့ ပြန်ရောက်သည့်အခါ ချက်ချင်း ပြန်အိပ်ပျော်နိုင်မည်လေ။

အိုး...ကောင်းလိုက်တာ။ သူအခု ဂူထဲပြန်သွားလို့ရပြီ ထင်ပါရဲ့။ ပြန်သွားရန် ကြံရွယ်နေတုန်း... အာ... မပြီးသေးဘူးဟ... နောက်တစ်ခေါက်လောက်... ဘယ်လောက်တောင် ထပ်ထွက်လာဦးမှာလဲ။ ထိုသို့နှင့် နောက်ဆုံးတွင် ယင်ရှောင်ရှောင်းလည်း သူ့ကိစ္စကို အပြီးသတ်နိုင်သွားသည်။

အာ... အိမ်သာသွားလိုက်တာ... တော်တော်လေးကို ခြေကုန်လက်ပန်း ကျသွားတာပဲ။ ယင်ရှောင်ရှောင်း တွေဝေစွာဖြင့် တွေးလိုက်မိပြီး မျက်လုံးများကို မှိတ်လျက်နှင့် ချုံပုတ်ထဲမှ ထွက်လာသည်။ ချုံပုတ်၏ အပြင်ဘက်တွင် စောင့်နေသော မော့လောင်တက နောက်ကျောမှ အသံကိုကြားလိုက်သည်နှင့် အရှေ့မှဦးဆောင်ပြီး ထွက်သွားတော့သည်။

ထိုသို့နှင့် နှစ်ကောင်သား ဂူထဲသို့ ပြန်ရောက်လာကြသည်။ ဟွားရှောင်ဟွားက နဂိုအတိုင်း အိပ်မောကျနေပြီး တစ်ရေးနိုးလာပုံရသော ယင်တပိုင်ကမူ သူတို့ကို လှမ်းလှမ်းကြည့်နေသည်။ ထို့နောက် ပြန်အိပ်သွားပြန်သည်။

နောက်တစ်နေ့တွင် ထုံးစံအတိုင်း နေထွက်လာသည်။

ယင်ရှောင်ရှောင်းက အိပ်မောကျနေဆဲပင်။ မော့လောင်တက အရင်ဆုံးနိုးလာပြီး မရှေးမနှောင်းတွင် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့လည်း နိုးလာကြသည်။

နိုးလာပြီးနောက် မော့လောင်တ ခါတိုင်းကဲ့သို့ ယင်တပိုင်နှင့် အမဲလိုက်မသွားသေးဘဲ အိပ်ပျော်နေသည့် ယင်ရှောင်ရှောင်းကို ဒီအတိုင်း ငေးကြည့်နေမိသည်။ ရလဒ်အနေနှင့် ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့လည်း ဝင်လာကြသည်။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ကလည်း ယင်ရှောင်ရှောင်းကို ငေးစိုက်ကြည့်နေကြသည်။

မြွေသုံးကောင်၏ အကြည့်အောက်တွင် ယင်ရှောင်ရှောင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

အချိန်အတန်ကြာပြီးနောက် ဟွားရှောင်ဟွားက ချီတုံချတုံဖြင့် မေးလာသည်။ 

"ရှောင်ရှောင်းရဲ့ ဗိုက်က... ဘာလို့ ပြားချပ်နေရတာလဲ"