🐍Chapter 116
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွားဆီမှ ထိုးဆိတ်မှုကြောင့် နိုးလာရသည်။
ယင်ရှောင်ရှောင်းလည်း ပင်ပန်းစွာဖြင့် ငိုက်မျဥ်းပြီး ကြောင်တောင်တောင်ဖြစ်နေသည့် မျက်လုံးနှစ်ဖက်ကို မနည်းဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဟွားရှောင်ဟွားကို စူးစိုက်ကြည့်ရင်း လေးတွဲ့စွာဖြင့် ပြောလိုက်သည်။
"ပါပါး...ကျွန်တော့်ကိုဘာလို့လာထိုးဆိတ်နေတာလဲ... အိပ်ချင်နေသေးတာကို"
ထိုသို့ပြောပြီးနောက် ယင်ရှောင်ရှောင်း ခေါင်းလေးစောင်းငဲ့ကာ ပြန်အိပ်ဖို့ ပြင်လိုက်သည်။
သို့သော် ရှောင်ရှောင်းပြန်အိပ်လိုက်သည်နှင့် ဟွားရှောင်ဟွားက သူ့အမြီးဖြင့် ထပ်ရိုက်ပြန်သည်။
ဒီတစ်ကြိမ်တော့ အလွန်စိတ်ဆိုးလာသော ယင်ရှောင်ရှောင်းက ဟွားရှောင်ဟွားအား ရန်တွေ့ရန် ပြင်လိုက်သော်လည်း ဟွားရှောင်ဟွားက အရင်ဆီးပြီး ပြောလာသည်။
"ရှောင်ရှောင်း...ဥတွေရောဘယ်မှာလဲ"
"ဟင်"
ယင်ရှောင်ရှောင်း ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်မှ ဟွားရှောင်ဟွားက သူ့ဗိုက်ထဲရှိ မြွေဥများကို မေးနေကြောင်း သဘောပေါက်သွားသည်။
"ဥတွေကကျွန်တော့်ဗိုက်ထဲမှာပဲရှိမှာပေါ့...တစ်ခြားဘယ်မှာရှိရဦးမှာလဲ"
ထို့နောက် သူ့ဗိုက်ကို သတိလက်လွတ် ငုံ့ကြည့်လိုက်မိသည်။
အယ်? ဗိုက်က ဘာကိစ္စ ပြားနေရတာတုန်း။ စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်ပြီးနောက် ယင်ရှောင်ရှောင်း သဘောပေါက်သွားသည်။ ဥတွေ မရှိတော့ဘူး။ ထို့ကြောင့် မတ်တပ်ရပ်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေသည်မှာ မထူးဆန်းလှပါပေ။
"ဥတွေဘယ်မှာလဲလို့"
ဟွားရှောင်ဟွားက စိတ်မရှည်စွာဖြင့် ထပ်မေးလာသည်။
"ကျွန်တော်လည်းမသိဘူး"
ယင်ရှောင်ရှောင်းက တိုးလျလျအသံဖြင့် ပြန်ဖြေသည်။
"အင်း...မြွေလေးတွေကတစ်ခုခုရှာစားဖို့အတူတူထွက်သွားတာနေမှာပေါ့"
မော့လောင်တနှင့် ယင်တပိုင်: "........"
ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်း၏ခေါင်းကို သူ့အမြီးဖြင့် ပိတ်ရိုက်လိုက်သည်။
ယင်ရှောင်ရှောင်းက မျက်ရည်အဝိုင်းသားလေးဖြင့် အမြီးကိုသုံးကာ သူ့ခေါင်းကို သူပွတ်နေသည်။
"ပါပါးရိုက်တာ...တကယ်နာတယ်ဗျ"
ယင်ရှောင်ရှောင်း နာနာမနာနာ ဟွားရှောင်ဟွား ဂရုမစိုက်တော့ပေ။ ထိုအစား ယင်ရှောင်ရှောင်းအနားသို့ ကပ်သွားပြီး ခြိမ်းခြောက်မှု အရိပ်အယောင်တို့ လွှမ်းနေသည့် လေသံဖြင့် ပြောလိုက်သည်။
"ယင်ရှောင်ရှောင်း...အသေအချာပြန်စဥ်းစားကြည့်စမ်း...ဘာမှမခံစားရပဲဥဥချလိုက်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး"
ထိုစကားကြောင့် ယင်ရှောင်ရှောင်းလည်း သူ့ဦးနှောက်ကို ချက်ချင်း အလုပ်ပေးရတော့သည်။ မနေ့ည သူအိပ်ရာဝင်တုန်းက အချိန်အထိ ဥများက သူ့ဗိုက်ထဲတွင် ရှိနေသေးသည်။ သို့သော် ဒီမနက်ကျတော့ မရှိတော့ပေ။ တစ်ခြားနည်းနှင့် ပြောရလျှင် ဥများက မနေ့ညနှင့် ဒီနေ့မနက်ကြား အချိန်တွင် ပျောက်ချင်းမလှ ပျောက်သွားခြင်း ဖြစ်သည်။ မြွေကလေးလေးတွေက တကယ်ပဲ အစာရှာဖို့ အတူတူထွက်သွားတာ မဖြစ်နိုင်ဘူးလား။
"မူမမှန်တာဘာမှမရှိပါဘူး...ကျွန်တော်ညအိပ်ရာဝင်ပြီးပြန်နှိုးလာတော့မရှိတော့တာပဲ"
ယင်ရှောင်ရှောင်းက အပြစ်ကင်းစင်စွာဖြင့် ပြန်ဖြေသည်။
"ရှောင်ရှောင်း...မနေ့ညကအိမ်သာတက်သေးတယ်မလား"
ထိုသို့မေးပြီးနောက် မော့လောင်တ၏ မျက်နှာထားက တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး မယုံကြည်နိုင်သည့် အသွင်သို့ ပြောင်းသွားသည်။
ယင်ရှောင်ရှောင်း သူ့ဦးနှောက်ကို ထပ်ပြီး အလုပ်ပေးရပြန်သည်။ အင်း ဟုတ်သား... မနေ့ညတုန်းက သူရုတ်တရက်ကြီး အိမ်သာတက်ချင်လာသဖြင့် မော့လောင်တက အဖော်ကူလိုက်ပေးရသေးသည်။ အချိန်အကြာကြီး သူအိမ်သာတက်ခဲ့ရသည်။ အခု ပြန်စဥ်းစားကြည့်လိုက်တော့မှ အိမ်သာတက်တုန်းက ဝမ်းချုပ်နေသလိုကြီး ခံစားခဲ့ရသည်။
မဖြစ်နိုင်တာ။ ဝမ်းချုပ်နေတာတဲ့လား။ ထပ်ခါတစ်လဲလဲလေ။ ဘုရားရေ... ယင်ရှောင်ရှောင်း တစ်စုံတစ်ခုကို နားလည်လိုက်ကာ အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်မိသည်။
"ဒီလိုတော့မပြောနဲ့တော့...မနေ့ညကအိမ်သာတက်နေရင်းနဲ့..."
ဟွားရှောင်ဟွား ကသူတို့ပြောနေသမျှကို နောက်ဆုံးမှ နားလည်သူဖြစ်သည်။ အသေးစိတ်ကို အသေအချာ နားမလည်သည့်တိုင် ဟွားရှောင်ဟွားက ကိစ္စတစ်ခုလုံးကို မှန်ကန်စွာ ကောက်ချက်ချနိုင်သည်။
"ရှောင်ရှောင်း...အိမ်သာတက်နေရင်းနဲ့ကလေးမွေးချလိုက်တာလား"
ဟွားရှောင်ဟွား၏ လေသံက လက်ခံနိုင်စရာ အကြောင်းမရှိသည့် တစ်စုံတစ်ခုကို ကြားလိုက်ရသည့်နှယ် တစ်ဆတ်ဆတ်တုန်နေသည်။
ယင်ရှောင်ရှောင်းကလည်း တုန်တုန်ရီရီနှင့် ပြန်ဖြေသည်။
"အဲ့လိုဖြစ်မယ်နဲ့တူပါတယ်"
"ဘယ်လိုမျိုးလဲ"
ဟွားရှောင်ဟွားက အမြီးကို ခါယမ်းရင်း ရှောင်ရှောင်းကို အော်တော့သည်။
"မနေ့ညကဘယ်နေကာမှာအိမ်သာတက်တာလဲ...အခုချက်ချင်းသွားကြည့်"
"ကျွန်တော်သိတယ်"
မော့လောင်တက ထိုသို့ပြောပြီး အရှေ့မှ ဦးဆောင်ထွက်သွားလေသည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်ကလည်း သူ့နောက်သို့ အမြန်လိုက်သွားသည်။ ယင်ရှောင်ရှောင်းက ထိုနေရာတွင် တစ်ခဏမျှ ကြောင်ရပ်နေပြီးမှ အပြင်သို့ တရွေ့ရွေ့ လိုက်ပါထွက်သွားသည်။
"ကဲ...ဒီနေရာပဲ"
မော့လောင်တ မနေ့ညက ယင်ရှောင်ရှောင်း အိမ်သာတက်ခဲ့သည့် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသော နေရာတစ်ခုရှေ့တွင် ရပ်လိုက်သည်။
"အိုခေ...ကျွန်တော်အရင်ဆုံးဝင်သွားကြည့်လိုက်မယ်"
ယင်ရှောင်ရှောင်းက နောက်ဆုံးမှ ထွက်လာသော်လည်း ဟွားရှောင်ဟွား၊ ယင်တပိုင်နှင့် မော့လောင်တတို့ကို ကျော်ပြီး ချုံပုတ်အနီးသို့ ချဥ်းကပ်သွားသည်။ ချုံပုတ်ထဲသို့ မဝင်မီ အနောက်သို့လှည့်ကာ စိုးရိမ်တကြီးနှင့် ပြောလိုက်သေးသည်။
"တစ်ယောက်မှဝင်လာလို့မရဘူးနော်"
သူအိမ်သာတက်ခဲ့သည့် နေရာဖြစ်သောကြောင့် အခြားမြွေများကို မမြင်စေချင်ပေ။ မနေ့ညက ဝိုးတိုးဝါးတား မှတ်ဥာဏ်များကို အမှီပြုပြီး ချုံပုတ်ထဲသို့ တရွေ့ရွေ့ဝင်သွားရာ သူအိမ်သာအဖြစ် အသုံးပြုခဲ့သော နေရာကို တွေ့လိုက်ရသည်။ ထိုနေရာတစ်ဝိုက်ကို ယင်ရှောင်ရှောင်း အသေအချာ ကြည့်လိုက်ချိန်တွင် တောက်ပပြောင်လက်နေသည့် ဥဖြူဖြူကြီးများကို မြင်လိုက်ရသည်။ အာ... မနေ့ညက သူအလေးသွားချင်နေတာ မဟုတ်ပဲ... ဥဥချင်နေတာကိုး။ ထိုအခါမှ ယင်ရှောင်ရှောင်းလည်း စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ အဟမ်း... ဥတွေက ညစ်ပတ်နေရင်တော့ သူလုံးဝ သွားထိမှာ မဟုတ်ဘူး။
ဟေး... အခုအချိန်က အဲဒီကိစ္စကို စိတ်ပူနေရမှာ မဟုတ်ဘူး။
စိတ်အေးသွားသောကြောင့် ယင်ရှောင်ရှောင်းလည်း သူ့မျက်စိရှေ့ရှိ ဥများကို အသေအချာ ဂရုတစိုက် ကြည့်လိုက်မိသည်။ ထို့နောက် တုံ့ဆိုင်းသွားပြန်သည်။ ဥအရေအတွက်က မများလွန်းနေဘူးလား။
"ရှောင်ရှောင်း...တွေ့ပြီလား"
ဟွားရှောင်ဟွား၏ စိုးရိမ်ပူပန်နေသည့် အသံက ချုံပုတ်အပြင်ဘက်မှ ထွက်ပေါ်လာသည်။
"အာ..."
ယင်ရှောင်ရှောင်းလည်း အသိပြန်ဝင်လာကာ ဥများကို တစ်ချက်ကြည့်ပြီး ပြန်ထွက်သွားတော့သည်။
ချုံနွယ်ပိတ်ပေါင်းထဲမှ ထွက်လာပြီးနောက် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွား၊ ယင်တပိုင်နှင့် မော့လောင်တတို့ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။
"ကျွန်တော်...ဥတွေကိုတွေ့ပြီ"
ဟွားရှောင်ဟွားနှင့် ယင်တပိုင် စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်မိသည်။ ကံကောင်းလို့ ရှာတွေ့တာပေါ့။
"ဥတွေက..."
ယင်ရှောင်ရှောင်း တစ်ခဏမျှ စဥ်းစားပြီးနောက် သူစိတ်ထင့်နေသည့် အရာကို မေးလိုက်သည်။
"ကျွန်တော့်မှာဥဘယ်လောက်ရှိရမယ်လို့ပြောထားတာလဲ"။
ဥရှာတွေ့သွားသောကြောင့် မည်သူမှသိပ်ပြီး စိတ်မပူကြတော့ပေ။ သို့သော် ယင်ရှောင်ရှောင်းက ထိုသို့မေးလာသောအခါ သူတို့အားလုံး ခေါင်းစားကြရပြန်သည်။
ဟွားရှောင်ဟွား : "လေးဥလား"
ယင်တပိုင် : "ငါးဥလား"
မော့လောင်တ : "နှစ်ဥလား"
ယင်ရှောင်ရှောင်း ကောင်းကင်ပြာပြာကို မော့ကြည့်လိုက်မိသည်။ သူတွေ့ခဲ့သည့် ဥများကို တိတ်တဆိတ် ပြန်လည်ရေတွက်ရင်း တိုးလျစွာဖြင့် ပြောလိုက်သည်။
"ဥအရေအတွက်က...ပါးပါးတို့ ပြောတဲ့အရေအတွက်တွေရဲ့စုစုပေါင်းပဲ"။
ယင်တပိုင်၊ ဟွားရှောင်ဟွားနှင့် မော့လောင်တတို့ အားလုံး ကြောင်အသွားကြသည်။ သူတို့အားလုံးပြောတဲ့ ဥအားလုံးရဲ့ စုစုပေါင်းတဲ့လား။ ဒါဆိုရင် လေးအပေါင်း ငါးအပေါင်း နှစ် ဆိုတော့ ကိုးပေါ့။
ဥကိုးဥလား??
ဟွားရှောင်ဟွား၏ မျက်လုံးတို့ ပြူးကျယ်သွားသည်။
"မှားပြီးတွက်နေတာမဟုတ်ပါဘူးနော်"
သူ့ကို တစ်ကနေ တစ်ဆယ်အထိတောင် မတွက်တတ်သည့် သူလို ဆက်ဆံလာသော ဟွားရှောင်ဟွားကြောင့် ယင်ရှောင်ရှောင်း အတော်လေး ဒေါသထွက်သွားသည်။
"ပါပါးရာ...တကယ်ဥကိုးလုံးရှိတာပါဆိုနေ...ကျွန်တော်ကဘယ်လိုလုပ်ပြီးမှားတွက်မလဲ"
ထိုအခိုက် ယင်တပိုင်က ဝင်ပြောလာသည်။
"တစ်ခြားအကောင်ရဲ့ဥတွေရောနေတာရောမဖြစ်နိုင်ဘူးလား"
ဟင်... အဲ့လိုမျိုးက ဖြစ်နိုင်လို့လား။ ယင်ရှောင်ရှောင်းက တွေးတွေးဆဆနှင့် ပြောလိုက်သည်။
"ဒါပေမဲ့...အဲဒီဥကိုးခုလုံးကပုံစံတူတွေချည်းပဲကို"
နောက်ဆုံးတွင် မော့လောင်တ ဝင်ပြောသည်။
"အရင်ဆုံး...အထဲဝင်ပြီးသွားကြည့်ကြစို့"
သူတို့အားလုံးလည်း မော့လောင်တ ပြောသည့်အတိုင်း အရင်ဝင်ကြည့်ရန် သဘောတူလိုက်ကြသည်။ ထို့နောက် ဥများကိုယူကာ ဂူရှေ့ကွင်းပြင်ကျယ်ကြီးတွင် နေရာချကာ နေပူခံလိုက်သည်။
ယင်ရှောင်ရှောင်းနှင့် အခြားမြွေလေးကောင်လုံး ဥများရှေ့တွင် ရောက်လာကြသည်။ သူတို့အားလုံး တိတ်ဆိတ်စွာဖြင့် ဥများကို ငေးကြည့်နေမိကြသည်။
ဟွားရှောင်ဟွားက အထစ်ထစ်အငေါ့ငေါ့နှင့် စကားစပြောလာသည်။
"ဟုတ်တယ်..ဥကိုးဥဟ...ငါအိပ်မက်မက်နေတာမဟုတ်ဘူး"
ယင်တပိုင်လည်း အသေအချာ ကြည့်လိုက်ရာ ဥအားလုံးက မြွေဥဖြစ်နေသည်မှာ အမှန်အကန်ပင်။
မော့လောင်တက သူ့မျက်စိရှေ့ရှိ တောက်ပဖြူစွတ်ကာ ပြည့်ဖြိုးနေသည့် ဥကိုးလုံးကို စိုက်ကြည့်နေသည်။ ကြည့်နေရင်းနှင့် ခေါင်းတွေပါ ကိုက်လာရသည်။ ဘာလို့ဒီ လောက်အများကြီး ဖြစ်နေရတာလဲ။
ယင်ရှောင်ရှောင်းကလည်း ဥများကို ဟိုတစ်ခု ဒီတစ်ခု လိုက်ကြည့်နေသည်။ ဟုတ်နေတာပဲ... ဒါတွေအကုန်လုံးက သူ့ဥတွေနဲ့ တူပါတယ်။
"ပြောတော့အများဆုံးသုံးဥလေးဥလောက်ပဲဥမှာပါဆို...ဘာလို့ဒီလောက်အများကြီးဥလာရတာလဲ"
ယင်ရှောင်ရှောင်းက အသံတိုးတိုးဖြင့် မေးသည်။ ဥကိုးလုံးရှိနေလို့ သူကိုယ်ဝန် ကိုးလလွယ်ထားရတာများလား။
ယင်ရှောင်ရှောင်း၏ မေးခွန်းကို မည်သူမှ မဖြေနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် မည်သူတစ်ဦးတစ်ယောက်မှ ဤသို့သော အဖြစ်အပျက်မျိုး မကြုံဖူးသောကြောင့်ပင်။
တစ်ကယ်တမ်း အကြောင်းရင်းကတော့ အတော်လေး ရိုးရှင်းပါသည်။ ယင်ရှောင်ရှောင်းဆီတွင် မြွေပွေးတစ်ကောင်၏ မှတ်ဉာဏ်အမွေ မရှိပေ။ သူ့ဘဝသက်တမ်းက မြွေပွေးတစ်ကောင်၏ ဘဝသက်တမ်းများကဲ့သို့ ရှည်လျားသော်လည်း စွမ်းအင်၊ အရှိန်နှင့် အဆိပ်ပြင်းမှုတို့ကမူ ယင်မြွေတစ်ကောင် ရှိသင့်သည်ထက် အားနည်းသည်။ ယင်ရှောင်ရှောင်း၏ မျိုးရိုးဗီဇက အကာအရံစည်း အပြင်ဘက်ရှိ သာမာန်မြွေပွေး တစ်ကောင်နှင့် တူညီသောကြောင့် ဥဥသည့် အရေအတွက်ကလည်း သာမာန်မြွေပွေးတစ်ကောင်၏ ဥဥနှုန်းနှင့် တူညီသည်။ သို့သော် ဥကိုးလုံးအထိ ဥဖို့ကတော့ မော့လောင်တ၏ ခွန်အားနှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပါလိမ့်မည်။
"ဥများတာကောင်းတာပေါ့"
ဟွားရှောင်ဟွားက ရုတ်တရက်ကြီး ပြောလာသည်။
"စဥ်းစားကြည့်လိုက်လေ...ဥကိုးဥဆိုတော့မြွေကလေးကိုးကောင်ထွက်လာမှာပေါ့...ပါပါးတုန်းကတောင်မြွေကလေးခြောက်ကောင်ကိုချစ်မဝဖြစ်နေတာ...ကိုးကောင်တောင်ဆိုတော့...ပိုချစ်စရာကောင်းတဲ့အပြင်ပိုပြီးစည်စည်ကားကားဖြစ်နေမှာပေါ့"။
ယင်တပိုင်က ဟွားရှောင်ဟွားကို တိတ်တဆိတ် ငေးကြည့်နေသည်။
မော့လောင်တ ခေါင်းပိုကိုက်သွားသည်။ လေးကောင်လောက်ဆိုရင် သူ့အတွက် လုံလောက်နေပြီ။ ကိုးကောင်ဆိုတာကြီးက မများလွန်းဘူးလား။
ယင်တပိုင် : "နောက်မှပြောကြတော့...ဥတွေကိုအရင်ရွှေ့ကြတာပေါ့"
ထိုသို့နှင့် သူတို့အားလုံး ယင်တပိုင် ပြောသည့်အတိုင်း စတင်လှုပ်ရှားကြတော့သည်။
ယင်ရှောင်ရှောင်းက အကြံပေးသလိုနှင့် ပြောလာသည်။
"တဟေးတန်... ကျွန်တော်မနေ့ညက ငှက်ကင်စားခဲ့သေးတယ်လေ... အဲဒီငှက်သိုက်ကို အခုထိ မလွှင့်ပစ်ရသေးဘူး... ငှက်သိုက်သွားယူလိုက်.. ဥတွေကို အဲဒီငှက်သိုက်ထဲ ထည့်ရအောင်... မဟုတ်ရင် အမြီးနဲ့ပတ်ပြီး သယ်သွားရလိမ့်မယ်... နှစ်ခေါက်သယ်ရင်တောင် ဥတစ်လုံး ကျန်နေသေးတယ်"
မော့လောင်တလည်း သဘောတူကာ ငှက်သိုက်ယူရန် ထွက်သွားတော့သည်။
တစ်ကယ်တမ်းတွင် မော့လောင်တက တစ်ကြိမ်တည်း နှစ်ဥလောက် သယ်နိုင်သည်။ သို့သော် ထိုဥများက မွေးမလာသေးသည့် သူ့သားများ မဟုတ်ပါလား။ သူဂရုမစိုက်လို့ ဥတစ်လုံးလုံးများ ကျကွဲသွားခဲ့လျှင် ယင်ရှောင်ရှောင်း နားဝေတိမ်တောင် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဥတစ်ဥစီ သယ်မည့်အစား ငှက်သိုက်ကို အသုံးပြုပြီး သယ်ခြင်းက ပို၍အဆင်ပြေပေလိမ့်မည်။
မော့လောင်တက ငှက်သိုက်ဆွဲပြီး ပြန်လာသည်။ ထို့နောက် မြွေဥများကို ထိုငှက်သိုက်ထဲသို့ ထည့်လိုက်သည်။ စုစုပေါင်း ဥလေးဥ ထည့်လိုက်ခြင်းဖြစ်သည်။ ယင်တပိုင်က ဥတစ်ဥကို သယ်လာသည်။ ဟွားရှောင်ဟွားနှင့် ယင်ရှောင်ရှောင်းကို သယ်ခိုင်းမည့်အစား ကျန်သည့်ဥများကို မော့လောင်တ ကိုယ်တိုင် နောက်တစ်ကျော့ လာသယ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့နှင့် မော့လောင်တနှင့် ယင်တပိုင်တို့ နှစ်ကောင်သား မြွေဥများကို သယ်လာပြီး ဂူရှေ့ရှိ ကွင်းပြင်ကျယ်ကြီးတွင် နေရာချရန် ဥတစ်လုံးချင်းစီကို မြေပြင်ပေါ်သို့ လှိမ့်လိုက်သည်။ ထို့နောက် ကျန်နေသည့် ဥများကို ထပ်သွားသယ်ရန် ယင်တပိုင်နှင့် မော့လောင်တတို့က ထွက်သွားပြီး ယင်ရှောင်ရှောင်းနှင့် ဟွားရှောင်ဟွားသာ ကျန်ရစ်နေခဲ့သည်။
ယင်ရှောင်ရှောင်း ဖြူဖွေးဖွံ့ထွားပြီး ပြောင်လက်တောက်ပနေသည့် မြွေဥငါးလုံးကို အကြောင်သား စိုက်ကြည့်နေမိသည်။ အိုး... ဒါက သူ့ကလေးတွေပဲ။ မမျိုသိပ်နိုင်သော စိတ်ခံစားချက်တို့နှင့်အတူ ယင်ရှောင်ရှောင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းထောင့်မှ သားရေများ စီးကျလာသည်။ အိုး... သူဗိုက်ဆာနေတာပဲ။ သို့သော် တဟေးတန်က သူ့အတွက် ငှက်သိုက်သွားရှာပေးမည့် အချိန်အထိ စောင့်လိုက်ဦးမည်။ သူရုတ်တရက်ကြီး ငှက်ဥစားချင်လာသောကြောင့်ပင်။
သိပ်မကြာလိုက်သောအချိန်တွင် မော့လောင်တနှင့် ယင်တပိုင်က ကျန်ရှိနေသော ငှက်ဥများနှင့်အတူ ပြန်ရောက်လာကြသည်။
မော့လောင်တက မြွေဥများကို ဂရုတစိုက် နေရာချပြီး ဘေးပတ်ပတ်လည်တွင် အမြီးဖြင့် ရစ်ပတ်လိုက်သည်။ မော့လောင်တ၏ အပြုအမူကို မြင်သောအခါ ယင်ရှောင်ရှောင်းက လှမ်းပြောလာသည်။
"အခုအချိန်ကစပြီး... တဟေးတန်ပဲ ဥဝပ်ရင် ပိုမကောင်းဘူးလား... ကျွန်တော့်ကို မလိုတော့ဘူးလေ.. ဟုတ်တယ်မလား"
ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်းအား မြင်ပြင်းကပ်စွာဖြင့် စောင်းကြည့်လိုက်သည်။
"အေး...အခုကနေစပြီးမော့လောင်တပဲဥဝပ်မှာ...အဲဒီတော့မင်းကိုယ်တိုင်စားဖို့အတွက်ရော...မော့လောင်တစားဖို့အတွက်ရောအစာသွားရှာလာခဲ့...အဲဒီအတွက်မင်းမှာတာဝန်ရှိတယ်"။
"ဟာ..."
ယင်ရှောင်ရှောင်း လေးတွဲ့တွဲ့ ညည်းညူလိုက်မိသည်။ အဲ့သလိုတော့ သူမလုပ်နိုင်ပါ။
မော့လောင်တက ပြုံးလိုက်သည်။
"ဥတွေကိုလည်းကိုယ်ပဲဝပ်မယ်...အစာလည်းကိုယ်ပဲရှာမယ်...ဟုတ်ပြီလား...ကိုယ်အစာသွားရှာနေတဲ့အချိန်မင်းကဥတွေကိုဝပ်ထားပေး"
ထိုစကားအဆုံး ယင်ရှောင်ရှောင်းက ခေါင်းတစ်ဆတ်ဆတ် ညိတ်သည်။ ဒီလိုက အဆင်ပြေသားပဲ။
ဟွားရှောင်ဟွား လေးပင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ယင်ရှောင်ရှောင်းက လွန်လွန်းပါသည်။
ယင်ရှောင်ရှောင်းက ဥဝပ်ချင်စိတ် မရှိသည်ကိုပဲ မော့လောင်တ ပျော်နေမိသည်။ ယင်ရှောင်ရှောင်းသာ ဥများကိုဝပ်လျှင် အလျင်အမြန် အိပ်ပျော်သွားလိမ့်မည်။ ထို့ကြောင့် သူကိုယ်တိုင် ဥဝပ်လိုက်သည်က ပို၍အဆင်ပြေပေလိမ့်မည်။
ဥဥပြီးပြီဖြစ်၍ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့လည်း ၎င်းတို့နေရာသို့ပြန်ရန် ပြင်ဆင်တော့သည်။ ရှောင်ရှောင်းတို့နှင့်အတူ အချိန်အကြာကြီး နေခဲ့ပြီးပြီဖြစ်သလို ရှောင်ရှောင်းကလည်း အောင်မြင်စွာ ဥဥနိုင်သည့်အတွက် စိတ်ပူစရာ မရှိတော့ပေ။ ထို့ကြောင့် နောက်တစ်နေ့ မနက်အာရုဏ်တက်အချိန်တွင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ဂူရှေ့ကွင်းပြင်ကျယ်ကြီးတွင် ဥဝပ်နေသော မော့လောင်တကို နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။ ယင်ရှောင်ရှောင်းကမူ အိပ်မောကျနေသေးသောကြောင့် နှုတ်မဆက်ခဲ့ရပေ။
ဥဝပ်ခြင်းက မော့လောင်တ၏ တာဝန်တစ်ခု ဖြစ်လာခဲ့သည်။ အစားအသောက် ရှာဖွေခြင်းကလည်း သူ့တာဝန်ပင်။ ယင်ရှောင်ရှောင်း၏ တာဝန်ကမူ ဥများကို တစ်ခါတစ်လေ တို့ကနန်းဆိတ်ကနန်း လာလုပ်ပြီး ပျင်းလာသည့်အခါတိုင်း မော့လောင်တ၏ဘေးတွင် ဝမ်းလျားထိုးလျှက် လဲလျောင်းနေတတ်သည်။
ဥဝပ်သည့် အချိန်ကာလက သုံးလတိတိဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဥဝပ်သည့်ကာလက ယင်ရှောင်ရှောင်း ကိုယ်ဝန်လွယ်ထားရသည့် ကိုးလဟူသော အချိန်ကာလလောက် မကြာမြင့်ပေ။ ထို့နောက် သုံးလအကြာတွင် မျှော်လင့်ထားသည့်အတိုင်း မြွေဥများက အခွံကွဲလာသည်။
🪺🪺🪺🪺🪺🪺🪺🪺🪺