အခန်း (၁၇) ကာဂါလစ်၏ အလှဘုရင်မ ငြင်းပယ်ခံရခြင်း
Viewers 659


တန်မော့အာတစ်ယောက် သူမ၏ စိတ်ပျက်အားမလိုအားမရဖြစ်မှုများကို ဖြေဖျောက်ရန် ကျိန်ဆဲစကား အခွန်းပေါင်း တစ်သောင်းပင် လုံလောက်မည်မဟုတ်ပေ။ 


သူမ အော်ဟစ်ပေါက်ကွဲပစ်ချင်သည်၊ ဆံပင်များကို ဆွဲဖွပြီး ရုန်းကန်ချင်သည်၊ တစ်နည်းနည်းဖြင့် သူမအတွင်း၌ လောင်မြိုက်နေသော စိတ်ခံစားချက်များကို ထုတ်ပစ်ချင်နေသည်။ 


သူမ ဘာတွေဖြစ်နေတာလဲ။


ကုမို ဟန်က သူမကို ငုံ့ကြည့်လိုက်သည်။ 


သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းအစုံမှာ ရေငွေ့လေးများ ဝေ့သီနေပြီး အပြစ်ကင်းစင်ပုံရ၏။ 


သူမ၏ နှုတ်ခမ်းဖူးလေးမှာ အံ့သြလွန်းသဖြင့် ဟစိစိဖြစ်နေကာ ပန်းရောင်လျှာဖျားလေးကို မြင်နေရသည်။


၎င်းမှာ အလွန်ပင် ဆွဲဆောင်မှုရှိလွန်းသဖြင့် သူ၏အတွင်းစိတ်ထဲမှ ရင်းနှီးနေသော ရမ္မက်ဆန္ဒကို နိုးကြွလာစေသည်။


သူသည် မျက်မှောင်ကြုတ်ကာ ထိုဆန္ဒကို ထိန်းချုပ်လိုက်ပြီးနောက် သူမထံသို့ ဒင်္ဂါးပြားကို ပြန်ပေးလိုက်ကာ...


"ဒါက မလုံလောက်သေးဘူး၊ ငါ့ကို ငှားဖို့အတွက် ပိုက်ဆံပိုစုမိတဲ့အထိ စောင့်လိုက်ဦး"


ထိုသို့ပြောပြီးနောက် သူသည် အခန်းထဲမှ ထွက်ခွာသွားကာ သူမကို အရှက်တကွဲ အခြေအနေဖြင့် ထားရစ်ခဲ့လေသည်။


တန်မော့အာသည် သူထွက်မသွားခင် ပြောသွားသည့်စကားကိုပင် မကြားလိုက်ပေ။ 


သူမသည် အေးစက်စိုစွတ်နေသော ကြွေပြားများပေါ်တွင် ဒူးထောက်လျက် အေးခဲနေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံး ထူးဆန်းသွားသလို၊ နယ်လွန်လောကတစ်ခုထဲ ရောက်သွားသလို ခံစားနေရခြင်း။


သူမသည် ဝုန်းခနဲ ထရပ်ကာ မှန်ရှေ့သို့ လျှောက်သွားပြီး မိမိကိုယ်ကိုယ် အနီးကပ်ကြည့်လိုက်သည်။ 


သူမ၏ အဖြူရောင်ဂါဝန်လေးမှာ ရေစိုရွှဲနေပြီး ခန္ဓာကိုယ်နှင့် ကပ်နေကာ ဒုတိယအရေပြားတစ်ခုကဲ့သို့ ဖြစ်နေသည်။ 


သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာသွင်ပြင်များမှာ ပုံမှန်ထက်ပင် ပို၍ ထင်ရှားနေသည်။ 


သူမ၏ အနီရောင်နှုတ်ခမ်းလွှာများသည်လည်း ဆွဲဆောင်မှုရှိရှိ ဆူထွက်နေသော်လည်း သူမသည် သူမကိုယ်တိုင်ပင် ဖြစ်နေဆဲပင်။ 


တန်မော့အာတွင် ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်နှင့် မိန်းမပျိုလေးတစ်ယောက်၏ အလှတရားများ အပြည့်ရှိသည်။ 


သူမသည် အမျိုးသား ပြည့်တန်ဆာတစ်ဦးကို ငှားရန် ကြိုးစားခဲ့သော်လည်း အပြတ်အသတ် ငြင်းပယ်ခံခဲ့ရသည်မှာ မယုံနိုင်စရာပင်။


တန်မော့အာသည် သူမ၏ ဆွဲဆောင်မှုအပေါ် သံသယဝင်လာမိသည်။ 


စုကျယ်သည် ဟန်ရှောင်းဝမ်၏ ဆွဲဆောင်မှုနောက်သို့ ပါသွားခဲ့သည်။ 


ယခုတစ်ကြိမ် လူမွဲတစ်ယောက်ကို ဆွဲဆောင်ရန် ကြိုးစားသည့်အခါတွင်လည်း လုံးဝ ငြင်းပယ်ခံလိုက်ရပြန်​၏။


ထို့အပြင် သူမသည် ထိုကဲ့သို့ ရှက်စရာကောင်းသော စကားလုံးများကိုပင် ပြောမိခဲ့သေးသည်။


“ရှင်က နှုတ်ခမ်းတွေ အရမ်းဆွဲဆောင်မှုရှိတာပဲ၊ မိန်းမတစ်ယောက် လိုချင်တဲ့အတိုင်း နမ်းဖို့အတွက် ဖန်တီးထားသလိုပဲ...”


“ခန္ဓာကိုယ်ကလည်း သန်မာပြီး ကြွက်သားတွေနဲ့...”


တန်မော့အာသည် သူမ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ တုန်ရင်နေသော နှလုံးသားကို ငြိမ်သက်အောင် ကြိုးစားနေသည်။ 


သူမသည် ရေပန်းအောက်တွင် အေးစက်သောရေများဖြင့် ချိုးချလိုက်ပြီး ရေများ မျက်နှာပေါ်သို့ စီးကျနေစဉ် ဆံနွယ်ရှည်များကို နောက်သို့ သပ်တင်လိုက်သည်။


ဒီစကားတွေက ငါ့ပါးစပ်က ထွက်လာတာလား။


ဘာဖြစ်လို့လဲ။


ငါ ဘယ်တုန်းက ဒီလောက်အရှက်မရှိတဲ့ မိန်းမ ဖြစ်သွားရတာလဲ။


သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပူလောင်ခြင်းနှင့် အေးစက်ခြင်းတို့ ရောယှက်နေသော ခံစားချက်များက လွှမ်းမိုးထားသည်။ 


သူမ ခန္ဓာကိုယ်တွင် တစ်ခုခုမှားယွင်းနေသည်ကို ယခုမှ သိလိုက်ရသည်။


'တစ်ညတာ အချစ်' ဆိုသည့် အရက်နှစ်ခွက်... 


လှပသော အရောင်အသွေးများနောက်ကွယ်မှ လှည့်စားထားသော အဓိပ္ပာယ်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။


သူမသည် အောက်နှုတ်ခမ်းကို သွားဖြူဖြူလေးများဖြင့် ခပ်ပြင်းပြင်း ကိုက်လိုက်ရာ ပါးစပ်ထဲတွင် သံချေးနံ့ကဲ့သို့ သွေးနံ့ကို ခံစားလိုက်ရသည်။ 


သူမ၏ လုပ်ရပ်များကြောင့် မြေကြီးထဲသာ ခေါင်းလျှိုဝင်လိုက်ချင်တော့သည်။ 


ဘယ်လိုတောင် ရှက်ဖို့ကောင်းလိုက်သလဲ။



နောက်တစ်နေ့ မနက်တွင် တန်မော့အာသည် ဖောင်းအစ်နေသော မျက်လုံးအောက်မှ မျက်ကွင်းညိုညိုကြီးနှစ်ခုနှင့် နိုးလာသည်။ 


မနေ့ညက သူမ၏ အရှက်ရဖွယ် လုပ်ရပ်များကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ 


သူမသည် တစ်ညလုံး လူးလှိမ့်နေပြီး ထိုပုံရိပ်များက ခေါင်းထဲတွင် အဆုံးမရှိ ပြန်လည်ပေါ်လာနေသောကြောင့် မနက်ပိုင်းကျမှ ခဏတဖြုတ် အိပ်ပျော်သွားခြင်း။


မျက်ကွင်းညိုသည်ကို ဖုံးကွယ်ရန်အတွက် သူမသည် မိတ်ကပ်ပါးပါးလေး လိမ်းလိုက်သည်။


ပြင်ဆင်ပြီးသည်နှင့် ဖုန်းမြည်သံ ထွက်ပေါ်လာပြီး ဖုန်းဝင်လာကြောင်း ပြသနေသည်။


၎င်းမှာ ဟန်ရှောင်းဝမ် ဖြစ်သည်။


ဤလူထံမှ ဖုန်းခေါ်ဆိုမှုမှာ သူမ မျှော်လင့်

ထားသည်ထက် စော၍ ရောက်လာခဲ့သည်။ 


သူမသည် ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲကာ ဖုန်းဖြေလိုက်သည်။


"ဟယ်လို"


"ဟယ်လို၊ အစ်မ" 


ဟန်ရှောင်းဝမ်က တန်မော့အာကို အသံနွဲ့နွဲ့လေးဖြင့် နှုတ်ဆက်သည်။


သူမ၏ ဟန်ဆောင်နေသော အသံကို ကြားရသောအခါ တန်မော့အာ၏ စိတ်ထဲတွင် ပြိုင်ဆိုင်လိုစိတ်များ ထကြွလာသည်။ 


ဟန်ရှောင်းဝမ်သည် သူမကို စိတ်တိုအောင် အမြဲတမ်း "အစ်မ" ဟု ခေါ်လေ့ရှိပြီး ၎င်းမှာ သူမ၏ အာရုံကြောများကို အမြဲ ဆွပေးသလို ဖြစ်နေသည်။


ပုံမှန် နှုတ်ဆက်စကားများကို ကျော်ကာ သူမက လှောင်ပြောင်သည့်လေသံဖြင့်...


"နင့်ကို တိုက်ခိုက်သူတစ်ယောက်က လုပ်ကြံလို့ ဆေးရုံတက်နေရတယ်လို့ ငါကြားမိတယ်"


"အသံက အားရှိနေပုံကြည့်ရရင် နေကောင်းသွားပြီထင်တယ်"


ဟန်ရှောင်းဝမ်သည် မော့အာ၏ လှောင်ပြောင်သောစကားကို သတိမထားမိဟန်ဆောင်ကာ ချိုသာစွာပင် ပြန်ပြောသည်။


"ကျေးဇူးတင်ပါတယ် အစ်မ၊ အခု ညီမ နေကောင်းသွားပါပြီ"


"ဘာကိစ္စ ဖုန်းဆက်တာလဲ"


"အစ်မ ဒီနေ့ အားလား၊ ဒီနေ့ တွေ့ကြမလား"


"တို့တွေ စကားမပြောဖြစ်တာ ကြာပြီလေ"


"ကောင်းပြီလေ၊ ဘယ်မှာ တွေ့ကြမလဲ"


ဟန်ရှောင်းဝမ်က ဈေးဝယ်စင်တာတစ်ခု၏ လိပ်စာကို ပေးလိုက်သဖြင့် တန်မော့အာ ဖုန်းချလိုက်သည်။ 


သူမသည် အိမ်နေဝတ်စုံကို လဲလှယ်ကာ လက်ကိုင်အိတ်ကို ဆွဲပြီး အိပ်ခန်းထဲမှ ထွက်ခဲ့သည်။



သူမ အပြင်သို့ တန်းထွက်သွားရန် ပြင်လိုက်သော်လည်း ဧည့်ခန်းကို ဖြတ်အသွားတွင် လေးနက်သော အသံတစ်ခုက တားဆီးလိုက်

သည်။


"နိုးပြီလား၊ ဒီကိုလာပြီး မနက်စာ စားဦး"


တန်မော့အာ လှည့်ကြည့်လိုက်ရာ ဧည့်ခန်းတွင် ရပ်နေသော ကုမိုဟန်ကို တွေ့လိုက်ရသည်။ 


သူသည် အပြာရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ထား​၏။


သူ၏ အဝတ်အစားများမှာ စမတ်ကျနေပြီး သူသည် မြင့်မြတ်သော မိသားစုမှ ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ဦးနှင့် တူနေသည်။


ကုမိုဟန်ကို မြင်လိုက်ရသည်နှင့် တန်မော့အာသည် စိတ်ထဲတွင် မလုံမလဲ ဖြစ်သွားသည်။ 


မနေ့က ဖြစ်ရပ်ကို ချက်ချင်း သတိရသွားသော်လည်း သူမသည် အသာအယာ မြိုသိပ်ကာ သက်ပြင်းကို ထိန်းလိုက်သည်။


သူမလည်း ဗိုက်နည်းနည်း ဆာနေသဖြင့် မနက်စာထိုင်စားရန် ဆုံးဖြတ်လိုက်သည်။ 


အကယ်၍ ငြင်းဆိုလိုက်ပါက သူမကပင် ပို၍ အပြစ်မကင်းသလို ဖြစ်နေမည်ဖြစ်ပြီး ထပ်မံ၍ အရှက်ကွဲမခံချင်တော့ပေ။