🐍Chapter 123
[Extra -1]
*ကျိခန်း*
ကျွန်တော့် ခမည်းတော်က ကြီးကျယ်မြင့်မြတ်တဲ့ ကျိုးဝမ်။
သူက ကျိုးတိုင်းပြည်ကြီးရဲ့ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းတဲ့ ကျိုးဝမ်။
ကျွန်တော်က ခမည်းတော်ရဲ့ အကြီးဆုံး သားတစ်ယောက်။ နောက်ထပ် ကျိုးဝမ်ဖြစ်လာမယ့် သူပေါ့။
ကျွန်တော်က ကျိခန်းပါ။
ခမည်းတော်က ကျွန်တော့်ကို ကျန်းဝူပညာရပ် သင်ပေးလေ့ရှိတယ်။ ခမည်းတော်ရဲ့ ဓားရေးက ဒီကောင်းကင်အောက် လောကတစ်ခွင်မှာ ဘယ်သူမှ မယှဥ်နိုင်ဘူး။ ကျိုးတိုင်းပြည်ကြီးရဲ့ အခက်အခဲတွေကို ခမည်းတော်က ဂုဏ်ယူဝမ်းမြောက်ပြီး ပူဆွေးသောက ရောက်နေတဲ့ မျက်နှာထားမျိုးနဲ့ ကျွန်တော့်ကို မကြာမကြာ ပြောပြလေ့ရှိတယ်။ ခမည်းတော်က မယ်တော်တီးတဲ့ ကုချင်းစောင်းသံကို နားထောင်ရတာကိုလည်း အရမ်းသဘောကျတယ်။ မယ်တော် စောင်းတီးနေတာကို ခမည်းတော်က မြတ်နိုးတဲ့ မျက်ဝန်းတွေနဲ့ နားထောင်နေတဲ့ မြင်ကွင်းကို ကမ္ဘာ့အလှဆုံး မြင်ကွင်းတစ်ခုလိုမျိုး ပိတ်ကားရဲ့ အနောက်မှာပုန်းပြီး ကျွန်တော် ကြည့်ခဲ့ဖူးတယ်။
ဒါပေမဲ့ အဲဒါတွေက ဟိုးအရင်တုန်းက အကြောင်းအရာတွေပါ။
မယ်တော့်ရဲ့ ရုပ်ရည်သွင်ပြင်ကိုတောင် ကျွန်တော် မေ့သွားခဲ့ပြီ။ အမြင့်တစ်နေရာက ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော့် ခမည်းတော်ဆိုတဲ့ သူကိုတောင် မမှတ်မိတော့တာ ကြာပြီပေါ့။
ခမည်းတော်လို့ မခေါ်ရတာလည်း ကြာခဲ့ပြီ။ ကျွန်တော် သူ့ကို အရှင်မင်းမြတ်လို့ပဲ ခေါ်ရတယ်လေ။ ကျိုးတိုင်းပြည်ကြီးရဲ့ အရှင်မင်းမြတ်။
သူလည်း ကျွန်တော့်ကို ခန်းအာလို့ မခေါ်တော့ဘူး။ အိမ်ရှေ့မင်းသားခန်းလို့ပဲ ခေါ်တော့တယ်။ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ သူ့ရဲ့မျက်ဝန်းတွေက စိမ်းသက်ဝေးကွာပြီး အသက်မဲ့နေတယ်။
အဲဒီအချိန်တုန်းက မယ်တော်ကတော့ ကွယ်လွန်သွားနှင့်ပြီ။ အရှင်မင်းမြတ်က တစ်ခြားမိန်းမတွေရဲ့ ကုချင်းစောင်းတီးသံကို သဘောကျနေပြန်ရော။
တစ်ကယ်တမ်းတော့ ကျွန်တော့်ညီလေး မွေးပြီးတဲ့နောက်မှာ မယ်တော်က နောက်နှစ်အနည်းငယ်လောက် အသက်ရှင်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ အရှင်မင်းမြတ်က မယ်တော့်ရဲ့ စောင်းတီးသံကို နားမထောင်ချင်တော့ဘူး။
နန်းတော်ရဲ့ မောင်းမဆောင်က မိန်းမတွေ ပြတ်လပ်သွားတယ်လို့ကို မရှိဘူး။
မယ်တော်က နာမကျန်းတာကြောင့် ဆုံးသွားခဲ့ပြီး မသင်္ဂြိုလ်ခင် ခေါင်းတလားထဲမှာ ခုနစ်ရက်တိတိ ထားထားခဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ညီလေးက မယ်တော့်ရဲ့ ခေါင်းတလားရှေ့မှာ ခုနစ်ရက်လုံး ဒူးထောက်နေခဲ့ရတယ်။ အရှင်မင်းမြတ်က တစ်ခါလေးတောင် ရောက်မလာခဲ့ပါဘူး။
မယ်တော့်ကို သင်္ဂြိုလ်တဲ့နေ့မှာ ဝသုန်မိုးက သည်းသည်းမည်းမည်း ရွာနေခဲ့တယ်။ ခေါင်းတလားကို ဝါညစ်ညစ် မြေကြီးထဲချတဲ့ အချိန်အထိ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်လုံး ရှိနေခဲ့ကြတယ်။ တရားရေးဝန်ကြီးချုပ်လည်း ရောက်မလာသလို အရှင်မင်းမြတ်လည်း ရောက်မလာခဲ့ပါဘူး။
သူတို့ ရောက်မလာကြတာဟာ နိုင်ငံတော်ကို အကြည်ညိုပျက်စေခဲ့တဲ့ မယ်တော့်အဖေရဲ့ ဘွဲ့နာမကို ဖျက်သိမ်းပြီးမယ်တော်တို့ တစ်မိသားစုလုံးကို ရှင်းပစ်ခဲ့တဲ့ အရှင်မင်းမြတ်ကြောင့်ဆိုတာ ကျွန်တော်သိပါတယ်။ မယ်တော်က နန်းတော်ထဲမှာ အကျဥ်းကျရင်း စိတ်ဓာတ်ထိုးကျပြီး တိမ်းပါးသွားခဲ့ရတာ။
မယ်မယ့်ရဲ့အဖေကို ကျွန်တော် မှတ်မိပါသေးတယ်။ အဲဒီလူက ကြင်နာတဲ့ မျက်ဝန်းတွေနဲ့ နူးညံ့ညင်သာတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ထားတယ်။ အရှင်မင်းမြတ်ရဲ့ ခိုင်းစေအမိန့်ပေးမှုကြောင့် သူလောရီကို ရောက်လာခဲ့တဲ့ နှစ်ကိုလည်း ကျွန်တော် မှတ်မိနေသေးတယ်။ သူက ကျွန်တော့်ကို အထူးတလှယ် လာရှာတာ။ နွေးထွေးပြီး အသားမာတက်နေတဲ့ သူ့လက်ကို ကျွန်တော့်ခေါင်းပေါ် အသာလေး တင်လိုက်တယ်။ သူ့ရဲ့ အကြည့်တွေက အဘိုးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ ယှက်သန်းနေတယ်။
"အိမ်ရှေ့မင်းသားခန်း...မင်းသားရဲ့မယ်တော်ကတစ်ကမ္ဘာလုံးမှာဂုဏ်သိက္ခာအရှိဆုံးအမျိုးသမီးတစ်ယောက်...မင်းသားရဲ့ခမည်းတော်ကဒီကမ္ဘာမှာအခမ်းနားအကြီးကျယ်ဆုံးအမျိုသားတစ်ယောက်...မင်းသားကနောက်တက်မဲ့ဘုရင်ဖြစ်လာမဲ့သူ"
ကျွန်တော့်ကို သူ အဲ့သလို ပြောခဲ့တယ်။
တစ်နေ့ကျရင် ခမည်းတော်က ကျွန်တော့်ကို အိမ်ရှေ့မင်းသားခန်းဆိုပြီး ဘွဲ့နာမည်နဲ့ပဲ တပ်ခေါ်လိမ့်မယ်လို့ မယုံကြည်ခဲ့သလို အဲဒီလူက နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်လိမ့်မယ်လို့လည်း ကျွန်တော် မယုံခဲ့ပါဘူး။
ကျွန်တော့်ရဲ့ မျိုးရိုးဟာ လုံးဝ တရားဝင်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားတစ်ယောက် ဖြစ်နေပေမဲ့ မယ်တော့်ရဲ့ အင်အားကြီးတဲ့ နောက်ခံအင်အားတစ်ခုလုံးကို ဆုံးရှုံးလိုက်ရတာကြောင့် မောင်းမဆောင်မှာ ထပ်ခါထပ်ခါ အရှက်ခွဲခံခဲ့ရသလို နန်းတော်မှာလည်း အကြိမ်ကြိမ်အခါခါ လှောင်ပြောင်သရော်ခံခဲ့ရတယ်။
အရှင်မင်းမြတ်က ကျွန်တော့်ရဲ့ အခြေအနေ ပိုဆိုးသွားအောင် နောက်ထပ် ကြင်ရာတော်တစ်ယောက် ထပ်မယူတာပဲ ကျေးဇူးတင်လှပြီ။
ကျွန်တော့်မှာ ကျန်တာဆိုလို့ ညီလေးတစ်ယောက်ပဲ ရှိတော့တယ်။
တစ်မအေတည်း တစ်ဖအေတည်းက ဆင်းသက်လာတဲ့ ညီလေး။ ကျွန်တော့်ရဲ့ ပထမဦးဆုံး သွေးသားရင်းချာ ညီလေး။ သူ့နာမည်က ကျိကျောက်။ မယ်တော်ချန်ထားပေးခဲ့တဲ့ တစ်ခုတည်းသော အရာလေး။
ကျွန်တော် သူ့ကို ကာကွယ်မယ်။ ဘယ်အရာကမှ သူ့ကို မထိခိုက်စေရဘူး။
အရှင်မင်းမြတ်နဲ့ တရားရေးဝန်ကြီးချုပ်တို့ရဲ့ အေးစက်စက် မသိကျိုးကျွံ ပြုမှုတို့ကို ရင်ဆိုင်ရင်း ဒီနေ့ရက်တွေကို ကျွန်တော် ရှေ့ဆက်ရဦးမယ်။ ပြီးတော့ ကျွန်တော် ကျိုးတိုင်းပြည်ရဲ့ ရှင်ဘုရင်ဖြစ်လာတဲ့ အချိန်အထိ ညီငယ်လေးကို ကာကွယ်ရဦးမယ်။
ဒါပေမဲ့ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။
အရှင်မင်းမြတ်က ကြင်ရာတော်တစ်ယောက်ကို တော်ကောက်လိုက်တယ်။
အဲဒီကြင်ရာတော်က အရှင်မင်းမြတ်ရဲ့ အချစ်ခင်ဆုံး ကိုယ်လုပ်တော်။ သူမရဲ့ ဖခင်က ကျိုးတိုင်းပြည် လက်အောက်ခံနယ်မြေတစ်ခုရဲ့ ပဒေသရာဇ် မင်းသားတစ်ယောက်။ ဆိုတော့... အဲဒီကိုယ်လုပ်တော်က လူရိုသေ ရှင်ရိုသေ ဂုဏ်အဆင့်အတန်း ရှိတယ်ပေါ့။ ပိုပြီးအရေးကြီးတာက သူမမှာ ကျိုးတိုင်းပြည် အရှင်မင်းကြီးရဲ့ ဒုတိယသားလေးရှိနေပြီ။
အဓိပ္ပါယ်က ကျွန်တော်သာ သေသွားခဲ့ရင် အဲဒီကလေးက ကျိုးတိုင်းပြည်ရဲ့ အနာဂတ် ရှင်ဘုရင်တစ်ယောက် ဖြစ်လာမှာ။
နောက်ဆုံးတော့ ဟိုးအရင်တည်းက ကျွန်တော့်ကို လှောင်ပြောင်တဲ့အကြည့်၊ သနားတဲ့ အကြည့်တွေနဲ့ ကြည့်လာကြတဲ့လူတွေရဲ့ မျက်လုံးတွေက ဘာကိုဆိုလိုမှန်း ကျွန်တော် နားလည်သွားခဲ့တယ်။ ဒါပေမဲ့ အရှင်မင်းမြတ်က နောက်ထပ်မိဖုရား မတင်လောက်ဘူးလို့ ကျွန်တော် ရူးရူးမူးမူး တွေးခဲ့မိသေးတာ။ တကယ်ပဲ... ကျွန်တော်က အိမ်ရှေ့စံမင်းသား ဖြစ်နေတာတောင်မှ... လူတွေက ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို ဒီလိုမျိုး ဆက်ဆံရဲကြတာလဲ။
တိုင်းပြည်ရဲ့ ရှင်ဘုရင် မဖြစ်လာနိုင်ရင်တောင်မှ ကျွန်တော် သေလို့မဖြစ်ဘူး။
အဲဒါထက် ညီလေးက ကျွန်တော့်ရဲ့ အကာအကွယ်ကို လိုအပ်သေးတယ်။ ပြီးတော့ ဒီကမ္ဘာပေါ်မှာ သူ့ညီလေးကို စိတ်ရင်းအမှန်နဲ့ အသေအချာ ဂရုစိုက်တဲ့သူက သူ့တစ်ယောက်ပဲရှိတာ။ ကျွန်တော်သာ သေသွားခဲ့ရင် သွေးဆာနေတဲ့ နန်းတော်ထဲမှာ ကျွန်တော့်ညီလေး ကြုံတွေ့ရမဲ့ ကံဆိုးမှုတွေကို စိတ်ကူးယဥ်ကြည့်လို့တောင် မရဘူး။
အဲဒါကြောင့် အဲဒီတိုက်ပွဲထဲမှာ သွားတိုက်ဖို့အမိန့်ကို ကျွန်တော် တောင်းဆိုခဲ့တာ။
တိုက်ပွဲထဲမှာ တစ်သက်လုံး တိုက်ခိုက်နေရပြီး အိမ်ကို မပြန်လာနိုင်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ကလွဲပြီး ကျွန်တော့်မှာ ရွေးချယ်စရာမှ မရှိပဲ။ ဒုတိယမင်းသားက ကျွန်တော့်ရဲ့ နေရာကို ကျားတစ်ကောင်က သူ့သားကောင်ကို ချောင်းမြောင်းနေသလိုမျိုး ဆက်တိုက် မျက်စိကျနေသလို မိဖုရားအသစ်ကလည်း ကျွန်တော့်ကို သဘောမကျဘူး။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချည်နဲ့အားနည်းလာတဲ့ အရှင်မင်းမြတ်ရဲ့ ခန္ဓာကိုယ်ကြောင့် သူတို့တွေက တဖြေးဖြေး အထိန်းအကွပ် မဲ့လာတယ်။
စစ်တပ်အင်အားကို လိုချင်တယ်၊ တိုက်ပွဲတွေကို အနိုင်ရချင်တယ်၊ အမြင့်ဆုံးအာဏာစက်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ သေချာတဲ့ နေရာတစ်ခုကို လိုချင်တယ်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ဘယ်သူမှထပ်ပြီး အရှက်မခွဲစေရဘူး။
တိုက်ပွဲက ခက်ခဲကြမ်းတမ်းပြီး ခါးသီးလွန်းတယ်။
အရှင်မင်းမြတ်က ထာဝရအသက်ကို လိုချင်လို့ ဒီလိုတွေ ဖြစ်ရတာ။ သူ မသေချင်ဘူးလေ။
ကွေ့ဖန်တွေ။ သူတို့က အရမ်း အင်အားကြီးတဲ့ လူတွေပဲ။ သူတို့ရဲ့ အာဏာစက်နဲ့ အင်အားက ကျိုးမင်းဆက်မတိုင်မီ တည်ရှိခဲ့တဲ့ ရှန်မင်းဆက်ရဲ့ အရိပ်အယောင်ကို ထင်ဟပ်စေတယ်။ ကွေ့ဖန်မျိုးနွယ်တွေကို နတ်ဘုရားတွေက ကာကွယ်စောင့်ရှောက်ထားတယ် ဆိုပြီး ဒဏ္ဍာရီမှာ အဆိုရှိခဲ့ကြတယ်။ ရှန်မင်းဆက်ရဲ့ ဝူတင်က ကွေ့ဖန်မျိုးနွယ်တွေကို တိုက်ခိုက်တဲ့ အချိန်မှာ အဲဒီအချက်ကို အတည်ပြုခဲ့တာ။ လူသားတွေကို နတ်ဘုရားတွေက ထပ်ပြီး မကာကွယ်ပေးတော့ဘူး။ ဝူတင်တွေက ကွေ့ဖန်လူမျိုးကို အားကုန်သုံးပြီး ပြန်တိုက်ပေမဲ့ အကြိုအောင်ပွဲမှာ ကွေ့ဖန်တွေရဲ့ တိုတန်နတ်ဘုရားက သူတို့ကို အနိုင်ပိုင်းလိုက်တယ်။
ကွေ့ဖန်တွေက လူသားဖြစ်နေတာတောင်မှ အထင်သေးလို့မရတဲ့ လူစားမျိုးတွေ ဖြစ်တယ်။ ကွေ့ဖန်အမျိုးသားတွေက သန်မာကြံ့ခိုင်ပြီး ကွေ့ဖန်အမျိုးသမီးတွေက ဥာဏ်ရည်ထက်မြက်ကြတယ်။ သူတို့ရဲ့ လူဦးရေ အရည်အတွက်ကလည်း မနည်းမနှော။ ကျိုးတိုင်းပြည်ကြီးကို တည်ထောင်စအချိန်မှာ အဲဒီလူမျိုးတွေက ရန်သွားစလို့ ကောင်းတဲ့လူမျိုး မဟုတ်တန်ရာ။
ဒါပေမဲ့ ဒါက အချိန်အတိုင်းအတာလေး တစ်ခုအတွင်းမှာ ရိုးရှင်းတဲ့ ကိစ္စတစ်ရပ် သာသာပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ရှင်ဘုရင်က ထာဝရအသက်ကို မရချင်ပဲ နေလိမ့်မလဲ။
ကျွန်တော်က စစ်တပ်ထဲမှာ ရာထူးမြင့်တဲ့ အရာရှိတစ်ယောက်ပါ။ စစ်တပ်ကြီးရဲ့ ခေါင်မှာနေရင်း တိုက်ပွဲကွင်းပြင်ကြီးက သွေးကန်ကြီး ဖြစ်သွားပြီး လူသေအရိုးစုတွေ တောင်လိုပုံနေတဲ့ မြင်ကွင်းအတော်များများကို ကျွန်တော်မြင်ခဲ့ရတယ်။ ကွေ့ဖန်လူမျိုးတွေက သူတို့အင်အားကို သက်သေပြခဲ့ကြတာပဲ။ ကျိုးတိုင်းပြည်ရဲ့ စစ်သားတွေက အရေအတွက် ပိုများတာကြောင့် ကွေ့ဖန်လူမျိုးစုကို တပ်ပြန်ဆုတ်ဖို့ တဖြေးဖြေး ဖိအားပေးနိုင်ခဲ့တယ်။
သူတို့နောက်မှာ ရှိနေတာက သူတို့ရဲ့ အိမ်။
ဒီစစ်ပွဲကြီးရဲ့ စိတ်ပျက်ဝမ်းနည်းစရာ ကောင်းတဲ့ အမှောင်အရိပ်အယောင်တွေ လုံးဝမတွေ့ရဘဲ ခါတိုင်းလို နေသာပြီး တိမ်ကင်းစင်နေတဲ့ ကောင်းကင်ကြီးကို ကျွန်တော် မော့ကြည့်လိုက်မိတယ်။ ပုရစ်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေလိုပဲ ကောင်းကင်ကြီးက ပူဆွေးသောကကို နည်းနည်းလေးမှ မခံစားရပါလား။
ဖြစ်နိုင်တာက နတ်ဘုရားတွေက ကျွန်တော်တို့ လူသားတွေကို စွန့်ပစ်သွားလို့များလား။ ဒီသေမျိုးတွေရဲ့ လောကကြီးမှာ နတ်ဘုရားတွေကို မမြင်ရတာ အတော့်ကို ကြာရောပေါ့။
နောက်ဆုံးတော့ ကွေ့ဖန်လူမျိုးတွေကို ကျွန်တော် အနိုင်ရခဲ့ပြီ။
မုန်းမုန်းတီးတီး စိုက်ကြည့်နေတဲ့ ကွေ့ဖန်လူမျိုးတွေရဲ့ အကြည့်တွေကြားကနေ တစ္ဆေငမန်းဥကို ကျွန်တော် ရအောင်ယူခဲ့တယ်။
သူတို့ရဲ့ မကျေမချမ်း အကြည့်တွေထဲမှာ လှောင်ပြောင်သရော်တဲ့ အရိပ်အယောင်တွေ ပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ ကျွန်တော်လည်း နားမလည်နိုင်ဘူး။ တစ္ဆေငါးမန်းဥကို အရယူနိုင်ခဲ့ပေမဲ့ ထာဝရအသက်ကို ကျွန်တော်ရနိုင်မှာ မဟုတ်လို့ သူတို့လှောင်ပြောင်နေမှန်း အခုတော့ ကျွန်တော် နားလည်သွားပါပြီ။ တစ္ဆေငါးမန်းဥက အလောင်းတစ်လောင်းကို မပုပ်သိုးမဆွေးမြေ့သွားအောင်ပဲ ထိန်းသိမ်းထားနိုင်တယ်ဆိုတာကို ကွေ့ဖန်လူမျိုးတွေက ကောင်းကောင်းကြီး သိတယ်။ ဒါပေမဲ့ သာမာန်လူတွေကြားမှာ အဲဒီပစ္စည်းက ထာဝရအသက်ရှင်စေနိုင်တဲ့ မြင့်မြတ်သန့်ရှင်းတဲ့ ပစ္စည်းတစ်ခုဆိုပြီး သတင်းပြန့်နေတာ။
ကျန်တဲ့ ကွေ့ဖန်လူမျိုးတွေကို ကျွန်တော် အသက်ချမ်းသာပေးပြီးတဲ့ နောက်မှာတော့ လူတစ်ယောက်က ရှေ့ထွက်လာပြီး ကျွန်တော်ပြန်တဲ့အခါမှာ အတူလိုက်ပါရစေဆိုပြီး တောင်းဆိုလာတယ်။ အဲဒီ နောက်ညှို့ဓာတ်ပြင်းတဲ့ လေသံနဲ့ တစ္ဆေငါးမန်းဥကို ဘယ်လိုသုံးရမလဲဆိုတာ သူပဲသိတယ်လို့ ပြောပြန်တယ်။ သူက ဖုန်းဟုန်မင်လို့ခေါ်တဲ့ ကွေ့ဖန်မျိုးနွယ်ရဲ့ ကိုယ်စားပြုတစ်ယောက်ပါတဲ့လေ။
သူပြောတဲ့ စကားတွေကို ကျွန်တော် အတော်အသင့် နားထောင်ပြီး စစ်တပ်နဲ့အတူ သူ့ကိုပါ အတူခေါ်ခဲ့လိုက်တယ်။ ပြီးတော့ လောရီကို ခြေသုတ်တင်ပြီး အမြန်ပြန်ရတော့တယ်။
သူ့နာမည်ဘယ်လိုခေါ်လဲ၊ တစ္ဆေငါးမန်းဥက ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာတွေကို ကျွန်တော်ကဖြင့် စိတ်မဝင်စားပေါင်။ ကျွန်တော်ဂရုစိုက်တဲ့ တစ်ခုတည်းသော အရာက တိုက်ပွဲနိုင်လာတယ် ဆိုတာကိုပဲ။
ကျွန်တော် လောရီကို ပြန်ရောက်တာနဲ့ အရှင်မင်းမြတ်ဆီကို တစ္ဆေငါးမန်းဥနဲ့ ဖုန်းဟုန်မင်လို့ခေါ်တဲ့သူကို ဆက်လိုက်တယ်။
အံ့ဩဖို့ကောင်းတာက အရှင်မင်းမြတ်က ကျွန်တော့်အတွက် မင်္ဂလာပွဲ ခမ်းခမ်းနားနားတစ်ခု ကျင်းပပေးချင်သတဲ့လေ။
ကျွန်တော်လည်း တိတ်တဆိတ် သဘောတူလိုက်တယ်။
ကျွန်တော် လက်ထပ်ရမဲ့ မိန်းမပျိုကို တစ်ခါမှ မမြင်ဖူးပေမဲ့ ကိစ္စမရှိပါဘူးလေ။ ကျွန်တော့်ရဲ့ လက်ကျန်ဘဝ တစ်လျှောက်လုံးကို အတူကုန်ဆုံး ဖြတ်သန်းရမဲ့သူပဲ။ သူ့ကို ကောင်းကောင်း ဆက်ဆံနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ကျွန်တော့်မှာ သားဦးလေးတစ်ယောက် ရှိလာခဲ့တယ်။ နူးညံ့လှပတဲ့ မျက်နှာပေါက်နဲ့ အပြုံးချိုချိုလေးရှိတဲ့ သားလေးက ကျွန်တော်နဲ့ လုံးဝ ရုပ်ချင်းမဆင်ဘူး။ ကျွန်တော်ရဲ့ ဘဝကို ကျွန်တော် အတော်လေး ကျေနပ်နေမိခဲ့တယ်။ အထူးသဖြင့် အရှင်မင်းမြတ်က ကျွန်တော့်ရဲ့ စစ်တပ်အာဏာကို မရုတ်သိမ်းသွားလို့ပေါ့။
ဒါပေမဲ့ တဖြေးဖြေး အရွယ်ရောက်လာတဲ့ ကျွန်တော့်ညီငယ်လေးက ကျွန်တော်နဲ့ မရင်းနှီးတော့ဘူး။ ငယ်ငယ်တုန်းက ကျွန်တော့်အနား အမြဲတွယ်ကပ်နေတတ်တဲ့ ညီလေးကို ကျွန်တော် သတိရမိတယ်။
နောက် အချိန်နည်းနည်း ကြာလာတဲ့အခါမှာတော့ အရှင်မင်းမြတ်လည်း အနိစ္စရောက်သွားရှာတယ်။
ဘာလက္ခဏာမှ မပြသလို ဘယ်သူကမှလဲ သတိမထားမိလိုက်ဘူး။ အရှင်မင်းမြတ် သေဆုံးချိန်မှာ ဖုန်းဟုန်မင်က ကျွန်တော့်ရှေ့ ပေါ်လာပြီး တစ္ဆေငါးမန်းဥရဲ့ တကယ့်ရည်ရွယ်ချက်ကို ပြောပြလာတယ်။
အဲဒီအချိန်မှာ ကျွန်တော့်အရှေ့မှာ ရှိတဲ့ အဲဒီလူက လုံးဝကို ယုံကြည်လို့မရတဲ့သူမှန်း ကျွန်တော် သိလိုက်ရတယ်။
အရှင်မင်းမြတ် ကွယ်လွန်သွားရင် အိမ်ရှေ့စံကျွန်တော်က ကျိုးတိုင်းပြည်ရဲ့ ရှင်ဘုရင်အသစ် ဖြစ်လာမှာ။ ဒါပေမဲ့ အရာရာတိုင်းက လွယ်ကူနေတာတော့ မဟုတ်ပါဘူး။
ဒုတိယမင်းသားက အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ကျွန်တော့်ကို ဆန့်ကျင်ပုန်ကန်တယ်။ ကျွန်တော်သာ ဘုရင်ဖြစ်လာရင် သူတို့ မျက်နှာသာပေးခံရမှာ မဟုတ်ဘူးဆိုတာကို သိကြတဲ့ နန်းတော်ထဲမှာ ရှိသမျှ မှူးမတ်ဝန်ကြီးတွေက မိဖုရားကြီးရဲ့ဘက်မှာ မားမားမတ်မတ် ရပ်တည်ကြတာကြောင့် မိဖုရားကြီးရဲ့ နောက်ခံအင်အားက တစ်ဟုန်ထိုး ကြီးမားလာတယ်။
ဒါပေမဲ့ သူတို့တွေအားလုံး ဒီတစ်ချက်ကို မေ့နေကြသလိုပဲ။ ကျွန်တော်က စစ်တပ်တစ်တပ်လုံး ပိုင်တယ် ဆိုတာကိုလေ။
ကျွန်တော့်နောက်မှာ ရပ်နေကြတဲ့ စစ်သားတွေက သွေးပင်လယ်စစ်ပွဲကနေ ပြန်လာကြတဲ့ သူတွေချည်းပဲ။ စစ်ပွဲပြီးသွားတာ တစ်နှစ်ကျော်လောက် ကြာပြီဆိုပေမဲ့ သူတို့ရဲ့ သွေးအေး ရက်စက်မှုတွေက အနည်မထိုင်သေးဘူး။ လောရီရဲ့ မြို့စောင့်ခံတပ်က ဘယ်လိုလုပ်ပြီး ကျွန်တော့် စစ်တပ်ကြီးရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ။ တစ်ဖက်သတ် အမဲဖျက်သလို ဖြစ်နေမှာပေါ့။
ကျွန်တော့်ညီလေးကိုလည်း သူတို့ မဖမ်းမိသေးဘူး။ တကယ်တော့ အဲဒီအတွက် ကျွန်တော် စီစဥ်ထားပြီးသားပါ။ ပြီးတော့ ဟိုးအရင်တည်းက ဘယ်လိုအခြေအနေပဲ ရောက်နေပါစေ ကျွန်တော့်ညီလေးကို အန္တရာယ်မဖြစ်စေရဘူးလို့ အမိန့်ပေးခံထားရပြီးသား။
ဒုတိယမင်းသားနဲ့ သူ့အမေကို ကျွန်တော်ကိုယ်တိုင် သတ်ခဲ့တယ်။
အဲဒီအချိန်တုန်းကဆိုရင် နန်းတော်ထဲ ရှိနေသမျှ ဝန်ကြီးအားလုံးက ဘာတစ်ခွန်းမှ မပြောရဲကြဘူး။
အကြောက်တရားနဲ့ စွပ်စွဲရှုတ်ချခြင်းတွေ ပြည့်နှက်နေတဲ့ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်ရင်း ကျွန်တော် အတော်လေး ကျေနပ်နေမိတယ်။
ကျွန်တော်ဟာ ကျိုးတိုင်းပြည်ရဲ့ ဘုရင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်တော့်မှာရှိတဲ့ အဖိုးတန်အရာကို ကာကွယ်ချင်ခဲ့လို့ပဲ။
ဒါပေမဲ့ ကျွန်တော့်ညီလေးက ကျွန်တော့်အပေါ်မှာ ဒီလိုခံစားချက်မျိုးတွေ ထားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ ကျွန်တော် တိတ်တခိုး သဘောကျကြည်နူးနေမိတဲ့ မဖွယ်မရာ ညစ်ညစ်ညမ်းညမ်း ခံစားချက်တွေလေ။
ဒါကြီးက မဖြစ်ခဲ့သင့်ဘူး။
သူ့ကောင်းကျိုးအတွက်၊ အထူးသဖြင့် ကျိုးတိုင်းပြည်ကြီးအတွက် ကျွန်တော်တို့နှစ်ယောက်လုံး ခပ်တန်းတန်း ဖြစ်သွားကြတယ်။
ကျွန်တော်တို့နှစ်ယောက် အတူရှိနေလို့ မရဘူး။
ဒါပေမဲ့ ကျွန်တော်မသိခဲ့တာက၊ ကျွန်တော် သတိမထားမိခဲ့တဲ့ အချက်က သူက ကျွန်တော့်ကို နန်းချပစ်နိုင်တဲ့အထိ အင်အားကြီးနေပြီ ဆိုတာကိုပဲ။
သူ့ကို မုန်းတယ်လို့ ကျွန်တော် မပြောနိုင်ခဲ့ဘူး။ စိတ်ပျက်ပြီး မျှော်လင့်ချက်မဲ့သွားတာကိုပဲ ကျွန်တော် ခံစားခဲ့ရတယ်။ စိတ်ဓာတ်တွေ အဆုံးစွန်အထိ ထိုးကျခဲ့သလို ဂုဏ်သိက္ခာနဲ့ အရှက်တရားဆိုတာလည်း ဘယ်ဆီမှာမှန်း မသိတော့ဘူး။
ကျွန်တော် လွတ်မြောက်ချင်ခဲ့ပေမဲ့ အနှီလူသားက သူရဲ့ဘဝ ကျွန်တော့်အပေါ်မှာ မူတည်နေသလိုမျိုး ကျွန်တော့်အနား အတင်းကပ်တွယ်ပြီး ထွက်သွားခွင့် မပေးဘူး။ ကျွန်တော်အရမ်း ခြေကုန်လက်ပန်း ကျနေပြီ။ ဒီအခြေအနေအထိ ဘယ်လိုရောက်လာမှန်း ကျွန်တော်လည်း မသိတော့ဘူး။
ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကြီးကို ဖုန်းဟုန်မင်က ဖြိုခွင်းပေးလိုက်တာပဲ။ သူက သတင်းတစ်ခု သယ်လာတယ်။ ကျွန်တော် မကြာခင်မှာ သေရတော့မယ်တဲ့။
တစ်ကယ်တမ်းပြောရရင် အဲဒီသတင်း ကြားကြားချင်း ကျွန်တော် စိတ်သက်သာရာ ရသွားခဲ့တယ်။ သေခြင်းကပဲ ကျွန်တော့်ကို ဒီအခြေအနေကြီးကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်မှာ။ သူ့ဆီကနေ လွတ်မြောက်အောင်ရောပေါ့။
ဖုန်းဟုန်မင်က ကျွန်တော့်ကို ပြောတယ်။ ကွေ့ဖန်မျိုးနွယ် မဟုတ်တဲ့ သူတစ်ယောက်က တစ္ဆေငါးမန်းဥကို ထိခဲ့ရင်တောင်မှ သေခြင်းတရားရဲ့ ကျိန်စာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးတဲ့။ အဲဒီလူက ရောဂါကြောင့် ဒါမှမဟုတ် ကပ်ဘေးအန္တရာယ် တစ်ခုခုကြောင့် သေရမှာတော့ မဟုတ်ပေမဲ့ အဆုံးသတ်ကတော့ ကောင်းမှာ မဟုတ်ဘူးတဲ့။
နောက်ဆုံးမှာတော့ အိပ်ရာပေါ်မှာ ကျွန်တော်လှဲနေရင်း တဖြေးဖြေး ပျံ့လွှင့်သွားတဲ့ အသိစိတ်နဲ့အတူ အတိတ်ကအကြောင်းတွေကို တစ်သသ ပြန်အောက်မေ့မိတယ်။ ကျွန်တော့်ကို ဓားခုတ်ကောင်လေး ဖမ်းလာပေးပြီး ပြုံးပြနေတဲ့ ညီငယ်လေးရဲ့မျက်နှာ၊ လေပြည်ညင်းတွေ ကျီစယ်တိုက်ခတ်သွားလို့ နီစွေးသွားတဲ့ ညီလေးရဲ့ ပါးဖောင်းဖောင်းလေးတွေ။ အရပ်ရှည်ပြီး ရုပ်ရည်ချောမောပြီး ဥာဏ်ကောင်းတဲ့ ညီလေးက တစ်နေ့တစ်ခြား အသက်ကြီးလာပေမဲ့ ကျွန်တော်ရဲ့ ပခုံးပေါ်မှာ ခေါင်းလေးမှီပြီး ကလေးဆန်နေတုန်းပဲ....။
ပြီးတော့ အေးစက်စက် ပလ္လင်မြင့်ပေါ်ထိုင်ပြီး ခန်းအာလို့ ကျွန်တော့်ကို ခေါ်လေ့ရှိတဲ့ ခမည်းတော်။
ကျွန်တော့်လက်ကို ဆွဲကိုင်ပြီး ပြောခဲ့တဲ့ မယ်တော့်ရဲ့ စကားကိုလည်း သတိရနေမိတယ်။
"ခန်းအာ...သားညီလေးကိုစောင့်ရှောက်ပါ့မယ်လို့...မယ်မယ့်ကိုကတိပေးစမ်းပါ"
ကျွန်တော့်မျက်လုံးတွေ တဖြေးဖြေး မှိတ်ကျသွားပြီး နှုတ်ခမ်းစွန်းတွေက အပြုံးသဏ္ဌာန်တစ်ခုဖြစ်အောင် ကော့တက်သွားတယ်။
မယ်တော်... ကျွန်တော် ညီလေးကို ကောင်းကောင်း စောင့်ရှောက်ခဲ့ပါတယ်။ ညီလေးက အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဝိညာဥ်နဲ့ ပြည့်စုံတဲ့ ယောကျာ်းသားတစ်ယောက် ဖြစ်နေပြီ။ ဒီလောကမှာ ရှိတဲ့အရာမှန်သမျှကို အစိုးရနိုင်မဲ့ ကျိုးတိုင်းပြည်ရဲ့ အရှင်မင်းမြတ်တစ်ယောက် ဖြစ်လာလိမ့်မယ်။
ကျိကျောက်... အကယ်လို့ နောက်ဘဝဆိုတဲ့ အရာသာ ရှိခဲ့ရင်... ငါတို့နှစ်ယောက် အတူရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျိုးမင်းဆက်ရဲ့ တတိယမြောက်ရှင်ဘုရင် ကျိခန်း
လေးနှစ်တာမျှ ထီးနန်းစိုးစံခဲ့တယ်
နာမကျန်းမှုကြောင့် မဟုတ်ဘဲ သေဆုံးခဲ့ရတယ်
ဘွဲ့အမည်နာမက ကျိုးကျွမ်းဝမ်
ကျိုးကျွမ်းဝမ်ရဲ့ ညီငယ် ကျိကျောက်က ထီးနန်းကို လွှဲပြောင်းယူခဲ့တယ်။ အစ်ကိုဖြစ်သူ သေဆုံးမှုအတွက် ဝမ်းနည်းကြေကွဲနေခဲ့ပြီး ကျိုးကျွမ်းဝမ်ရဲ့ သားလေးဖြစ်တဲ့ မင်းသားရှားကို ကျိုးတိုင်းပြည်ရဲ့ နောက်ထပ် ထီးနန်းအလောင်းအလျာ အိမ်ရှေ့စံမင်းသားအဖြစ် အပ်နှင်းခဲ့တယ်။
(ကျိုးမင်းဆက်၏လျှို့ဝှက်သမိုင်း)