အပိုင်း ၁၂၄ (Extra 2)
Viewers 28k

🐍Chapter 124
[Extra-2]



*ကျိကျောက်* 

*Warning* Rape scene.

Note : ဝမ် ဆိုတာ ဘုရင်ကို ဆိုလိုတာပါ။

ငါက ကျိကျောက်။

ကျိုးဝမ် ကျိကျောက်။

ငါက မူလကျိုးဝမ်တော့ မဟုတ်ဘူး။ ငါ့ကိုကို သေဆုံးသွားပြီးတော့မှ ကျိုးဝမ် ဖြစ်လာခဲ့တာ။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ငါက ကျိုးဝမ် မဖြစ်ချင်ဘူး။ ငါ့ကိုကိုရဲ့ ‘ကျောက်အာက အရမ်းတော်တာပဲ’ ဆိုတဲ့အသံကို ထပ်ကြားချင်ယုံလေးပဲ။

ငါ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ကိုကို့ရဲ့ ညီငယ်လေးပဲ ဖြစ်ချင်တယ်။ ကိုကို့သက်တမ်းတစ်လျှောက် ငါက တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ငါနဲ့အတူနေဖို့ ဆက်မမေးနိုင်တော့ပါဘူး။

ကိုကို့ရဲ့ သင်္ချိုင်းကို တည်ဆောက်ပေးခဲ့တာက ငါလေ။ ကိုကို့ရဲ့ အေးစက်နေတဲ့ ရုပ်ခန္ဓာကို သင်္ချိုင်းထဲ သယ်ဆောင်ပေးခဲ့တာကလည်း ငါပဲ။ ပြီးတော့... ငါ.. ငါက သင်္ချိုင်းတဖြည်းဖြည်း ပိတ်သွားတာကို ကြည့်နေခဲ့ရတာ။

ကိုကို ဘယ်တော့မှ နိုးထလာမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။

ငါ့ရဲ့ ကိုကိုက ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး။ အဲဒီလိုပဲ ကျောက်အာ ဆိုတာကလည်း ကမ္ဘာပေါ်မှာ မရှိတော့ဘူး။ ငါ့နာမည်က ကျိကျောက်ပဲ။ ကျိုးဝမ် ကျိကျောက်။

တကယ်တမ်း ငါ မယ်တော့်ကို မုန်းတီးနေခဲ့တယ်ဆိုတာကို ကိုကိုက မသိခဲ့ဘူး။ ဒါပေမဲ့ ကိုကိုက မယ်တော့်ကို ချစ်ခင်မြတ်နိုးတယ်ဆိုတာ ငါသိတာကြောင့် မယ်တော့်ကို မုန်းတဲ့အကြောင်း ကိုကို့ကို ဘယ်တုန်းကမှ မပြောပြခဲ့ဘူး။ မယ်တော်က အရမ်းတစ်ကိုယ်ကောင်းဆန်တယ်။ ကိုကိုက အဲဒီနန်းတော်ထဲမှ နေခဲ့ရတာ မယ်တော့်ကြောင့်ပဲ။ ကိုကိုက မဟာကျိုးပြည်ထောင်ရဲ့ ဘုရင်တစ်ပါး ဖြစ်လာစေရမယ်လို့ မယ်တော့်ကို ကတိပေးထားခဲ့တာ ငါသိထားတယ်။

အဲဒါကလည်း မယ်တော့် မိသားစုရဲ့ မျိုးဆက်ပေါင်းများစွာ မက်ခဲ့ရတဲ့ အိပ်မက်တစ်ခုပဲ။ မိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရတာတောင် အဲဒီအိပ်မက်က ပိုပိုပြီး ကြီးထွားလာတာလေ။

နောက်ဆုံးတော့ မယ်တော့်ရဲ့ အိပ်မက်က အောင်မြင်ခဲ့ပါတယ်။ ငါ့ရဲ့ ကိုကိုက မဟာကျိုးပြည်ထောင်ရဲ့ ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်လေ။ ဒါပေမဲ့ သူ့အသက်ကိုတော့ စတေးခဲ့ရတာပေါ့။

ကိုကိုက နောင်တမရဘူးဆိုတာ ငါသိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုကိုက သူ့အသက်ကို စတေးရမယ်ဆိုရင်တောင် တုံ့ဆိုင်းနေမှာမဟုတ်လို့ပဲ။

ကိုကိုသေသွားပြီးတော့ ကျိရှားက ငါးနှစ်ပဲ ရှိသေးတယ်။ သူအခုကစပြီး တစ်ယောက်တည်း ဖြစ်သွားပြီဆိုတာ ရှား နားလည်တယ်။ နောက်ခံလည်းမရှိဘဲ အခြားတစ်ယောက်ရဲ့ သနားကြင်နာမှု အပေါ်မှာ မှီခိုရမယ့်သူ ဆိုတာပေါ့။ ရှားက ငါ့ကိုမြင်တိုင်း ထူးထူးခြားခြား ခင်ခင်မင်မင် ရှိတတ်တယ်။

ငါက ပြုံးပြီးတော့ ရှားအာလို့ ခေါ်တတ်တယ်လေ။ ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ ဒီကလေးကို လုံးဝ မနှစ်မြို့ဘူး။ ဒီကလေးက ကိုကို့ရဲ့ကလေးဆိုတာ ငါမမေ့ဘူး။ ကိုကိုနဲ့ အဲဒီမိန်းမရဲ့ ကလေး။

အဲဒါကြောင့်ပဲ ဒီကလေးက သူ့အမေထက် ပိုကောင်းနိုင်စရာ အကြောင်းမရှိဘူး။

အဲဒီမိန်းမက ငါ့ကိုတွေ့တိုင်း ခပ်တန်းတန်းပဲနေတတ်တယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက လှောင်ရိပ်သန်းနေတာကြောင့် ငါ့ရဲ့ သတ်ဖြတ်ချင်စိတ်ကို ထိန်းထားရတယ်။

“ငါကသူ့ရဲ့ တရားဝင်ဇနီးလေ.. သူ့နာမည်အောက်ကနေ ဘယ်လိုပဲဖြစ်ဖြစ် လှုပ်ရှားလိုက်လို့ရတယ်.. အဲဒါဆိုရင် သူ့အ‌ပေါ်မှာထားတဲ့ ငါ့အချစ်က အဆုံးမဲ့တယ်လို့ လူတွေက ပြောကြလိမ့်မယ်.. ပြီးတော့ ငါတို့နှစ်ယောက်မှာ သားလေးတစ်ယောက်လည်း ရှိနေတယ်လေ.. ဒါတွေအားလုံးက နင်ဘယ်တော့မှ မရနိုင်မယ့် အရာတွေပဲ..”

အဲဒီမိန်းမ ပြောတာလည်း မှန်ပါတယ်လေ။ သူရဲ့ ကိုကို့အပေါ်ထားတဲ့ ချစ်ခြင်းတွေကို ကမ္ဘာကြီးတစ်ခုလုံး သိအောင် ကြေညာမောင်းခတ်လို့ ရပေမဲ့ ငါ့မှာတော့ အဲဒီလို အခွင့်အရေး မရှိဘူးလေ။

အတော်လေး ညဉ့်နက်နေတဲ့ တစ်ညမှာ အဲဒီမိန်းမကို နောက်ဆုံးအကြိမ်အဖြစ် တွေ့လိုက်ရတာပဲ။

အရမ်းကို ပိန်ပါးပြီး ဖြူရော်ရော် ဖြစ်နေတဲ့ ပုံနဲ့ပေါ့။

အဲဒီမိန်းမက ကိုကို့ကို တကယ်ချစ်မြတ်နိုးတယ်ဆိုတာ ငါသိပါတယ်။

သူမက အရမ်းသန်မာတယ်။ အလှဆုံးတို့ အထက်မြက်ဆုံးတို့ မဟုတ်ပေမဲ့လည်း ငါ သူမကို မနာလိုဖြစ်နေဆဲပဲ။ ကိုကို့ရဲ့ နှလုံးသားထဲမှာ အဲဒီမိန်းမ ရှိနေတာကို ငါသိတယ်။

သူမက သူနဲ့ ကိုကို့ရဲ့ သားကို ငါ့ဆီ အပ်ခဲ့တယ်လေ။

နောက်တစ်နေ့မှာတော့ သူမကိုယ်သူမ သတ်သေသွားတယ်လို့ ငါသတင်းကြားရတာပဲ။

“အရမ်းကောင်းတယ်..”

ငါ သက်ပြင်းချလိုက်တယ်။

“သိပ်ကောင်းတယ်..”

အဲဒီမိန်းမကတော့ ကိုကိုနဲ့ အတူတူရှိတော့တော့မယ့် အချိန်မှာ ငါ့မှာတော့ မရှိနိုင်သေးဘူး။ ငါ့ဆီမှာ မဟာကျိုးပြည်ထောင် ရှိနေလို့လေ။ ကိုကိုက ငါ့အတွက် ချန်ထားပေးခဲ့တဲ့ တစ်ခုတည်းသော အရာပေါ့။

ကိုကိုရေ... ခင်ဗျား ဘယ်လောက်တောင် နှလုံးသားမဲ့ရတာလဲဗျာ.. ဒီလိုမျိုး ရေခဲတမျှ အေးစက်တဲ့ တိုင်းပြည်တစ်ခုကို ကျွန်တော့်အတွက် ချန်ထားပေးခဲ့ပြီး အခွံသက်သက်နဲ့ အထီးကျန်နေအောင် လုပ်ရက်လိုက်တာ..

အဲဒီ ဖုန်းဟုန်မင်ဆိုတဲ့ကောင်က မယုံကြည်ရဘူးဆိုတာ ငါသိသားပဲ။ အဲဒီကောင်ကို မယုံကြည်သင့်ဘူးလို့ ကိုကိုက သတိပေးထားခဲ့တယ်။ ဒါပေမဲ့.. ဒါပေမဲ့ပေါ့.. မျှော်လင့်ချက် သေးသေးလေး ရှိနေဦးမယ် ဆိုရင်တောင် ကျွန်တော် လက်လျော့မှာ မဟုတ်ဘူး ကိုကို။

ဖုန်းဟုန်မင်က ကွေ့ဖန်ရဲ့ လျှို့ဝှက်မန္တာန်ကို ကျွန်တော့်ကို ပြောပြခဲ့တယ်။ အဲဒီမန္တာန်က ကျွန်တော်နဲ့ ကိုကို့ကို ဘဝအဆက်ဆက် အတူတူရှိနေစေနိုင်မယ်တဲ့။

ကျွန်တော် ဝန်ခံပါတယ်။ အဲဒီ မက်လောင်စရာ စကားလုံးတွေက ကျွန်တော့်ကို သွေးဆောင်သွားတယ်လေ။

ဖုန်းဟုန်မင် ပြောသလိုမျိုး ကျွန်တော်လုပ်ခဲ့တယ်။ ကိုကို့အတွက် သင်္ချိုင်းတစ်ခု တည်ဆောက်တယ်။ ခမည်းတော်ရဲ့ သင်္ချိုင်းကို တူးဖော်ပြီး တစ္ဆေငါးမန်ဥကို ယူတယ်။

သင်္ချိုင်းကို ကာကွယ်ဖို့ ထူးဆန်းတဲ့မြွေ ခြောက်ကောင်လည်း ရှိရမယ်လို့ ဖုန်းဟုန်မင်က ပြောတယ်။

အဲဒါကြောင့် ထူးဆန်းတဲ့မြွေတွေကို ဖမ်းဖို့အတွက် စစ်သည်တွေကို ဦးဆောင်ပြီး ချီတက်ခဲ့တယ်။ စစ်စခန်း ခြောက်ခုမှာ ကျွန်တော့်ရဲ့ မဟာကျိုးက ဆုံးရှုံးမှု ကြီးမားခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော် ဂရုမစိုက်ပါဘူး။ ကိုကိုနဲ့ ယှဉ်မယ်ဆိုရင် ကျန်တာအားလုံးက စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး။

မင်ရှဲက အဖိုးတန်ကျောက်စိမ်းတွေနဲ့ ရွှေ၊ ငွေတွေ လိုချင်တယ်လို့ပြောတယ်။ ကျွန်တော်က ကျိုးပြည်သားတွေကို မြေကြီးရဲ့ သုံးချီ အနက်လောက်အထိ တူးခိုင်းပြီး မဟာကျိုး တစ်ခွင် ရွှေ၊ ငွေတွေ ရှာဖွေစေတယ်။

ကျွန်တော်က မဟာကျိုးရဲ့ သက်ဝင်လှုပ်ရှားမှုကို ချုပ်ငြိမ်းစေခဲ့တာ ဒါပေမဲ့လည်း ကိစ္စတော့ မရှိဘူးရယ်။ အဲဒီ မဟာကျိုးပြည်ထောင် ဆိုတာက ကျွန်တော့်ရဲ့ ကိုကိုကို သတ်ပစ်ခဲ့ပြီး ကျွန်တော့်ရဲ့ ချစ်မေတ္တာကို ဖျက်ဆီးခဲ့တာလေ။

ကျွန်တော်က မဟာကျိုးပြည်ထောင်ရဲ့ စည်ပင်ဝပြောမှုနဲ့ ကြွယ်ဝချမ်းသာမှု အကုန်လုံးကို ထည့်သွင်းပြီး ကိုကို့အတွက် သင်္ချိုင်းတစ်ခု တည်ဆောက်ခဲ့တယ်။ မဟာကျိုးက ကျွန်တော်တို့အပေါ် အကြွေးတင်နေတာ။

ဖုန်းဟုန်မင်က ပြောပြလို့မရအောင် ကျေနပ်နေတယ်လေ။ ဒါကလည်း ကိစ္စမရှိပါဘူး။ ကျွန်တော်က ဖုန်းဟုန်မင်ကို ပြန်ပေးဆွဲပြီး ကွေ့ဖန်ကို စစ်ချီတဲ့နေရာမှာ ပါဝင်စေလိုက်တယ်။

အရှေ့မှာတော့ သူရာကွင်းပြင်ပဲ။ ကျွန်တော်က ခေါင်းမော့လို့ ကောင်းကင်ကို ကြည့်လိုက်တယ်။ အရင်က ကိုကိုလည်း ဒီနေရာကနေ ကြည့်ခဲ့ဖူးတယ် မဟုတ်လား။ ခေါင်းငုံ့ပြီးတော့ မြေပြင်ကို ကြည့်လိုက်ပြန်တယ်။ အဲဒီအချိန်က ကိုကိုလည်း ဒီမြေပြင်မှာ နင်းလျှောက်ခဲ့ဖူးတယ် မဟုတ်လား။ ကျွန်တော်က ဒီမြေက ရေကိုသောက်၊ ဒီမြေက ပေါက်တာကိုစားပြီ၊ ဒီမြေမှာပဲ သား‌ကောင်ရှာဖွေခဲ့ဖူးတယ်။ အရင်တစ်ချိန်က ကိုကိုလည်း ကျွန်တော့်လိုပဲ ထပ်တူညီစွာ လုပ်ခဲ့တယ် မဟုတ်လားဟင်။ ကျွန်တော့်ရဲ့ဓားကို လွှဲယမ်းပြီး ရန်သူတွေကို သုတ်သင်ခဲ့တယ်။ ကွေ့ဖန်တွေရဲ့ မျက်လုံးထဲက ကြောက်ရွံ့မှုနဲ့ အမုန်းတရားတွေကြောင့် ကျွန်တော် ကျေနပ်တယ်။ ကိုကိုရေ.. တစ္တေငါးမန်းဥက ကိုကို့ရဲ့ အသက်ကို ယူသွားမှတော့ ကျွန်တော်ကလည်း ကွေ့ဖန်တစ်စုလုံးကို ကိုကိုနဲ့အတူ မြှုပ်နှံ့ပေးပါ့မယ်။

ကွေ့ဖန် တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့စေရဘူး။

ကျွန်တော်က ဖုန်းဟုန်မင်ရဲ့ အရှေ့မှာ ကွေ့ဖန်တစ်ယောက်ချင်းစီနဲ့ ကွေ့ဖန်အားလုံးကို သတ်ပစ်ခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေနဲ့ သေသေချာချာ မြင်တွေ့အောင်လည်း လုပ်ခဲ့တယ်။ ကွေ့ဖန် မျိုးနွယ်စု တစ်စုလုံးမှာ ကြည့်နေတဲ့ အဲဒီလူတစ်ယောက်တည်းကပဲ တစ္ဆေငါးမန်းဥကို ဘယ်လိုသုံးရမလဲ သိတာ။ ကွေ့ဖန်တွေရဲ့ ဆိုးဝါးလှတဲ့ အဆုံးသတ်က ဖုန်းဟုန်မင်ကြောင့်ပဲ။

“အရူးကောင်.. မင်းက ရူးနေတာ..”

ဟုတ်တယ်၊ ကျွန်တော်က အရူးတစ်ယောက်ပါ။ ကိုကို့မျက်လုံးတွေ ပိတ်ကျသွားတဲ့ အခိုက်အတံ့မှာပဲ ကျွန်တော် ရူးသွပ်သွားခဲ့တာ။

ဒီကမ္ဘာကြီးမှာ ကျိခန်းမရှိတော့မှတော့ ကျိကျောက်ရဲ့ တည်ရှိမှုက ဘာရည်ရွယ်ချက်များ ရှိဦးမှာလဲ။

ကိုကိုရေ.. သိပ်မကြာခင် ကိုကို့ရဲ့ သင်္ချိုင်းကို တည်ဆောက်ပြီးတဲ့အချိန်၊ ကွေ့ဖန်တွေရဲ့ အလောင်းကို သင်္ချိုင်းထဲ ထည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော်နဲ့ ကိုကိုလည်း ဘဝအဆက်ဆက် အတူတူရှိနိုင်ကြတော့မှာပါ။

နောက်ဆုံးမှတော့ ဖုန်းဟုန်မင်ကို ခေါင်းဖြတ်ပြီး လူခေါင်းပုံရဲ့ ထိပ်ဆုံးမှာ ထားလိုက်တယ်။ ကျွန်တော်က အရမ်းထူးခြားတဲ့ ဆေးတစ်ခုကို ရှာတွေ့ခဲ့တယ်လေ။ အဲဒီဆေးက ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ သွေးစက်တွေ ရှိနေသမျှ အသက်ရှူနေနိုင်အောင် ပြုလုပ်ပေးနိုင်တယ်။ ဒါကိုတော့ ကျွန်တော့် စိတ်ထဲမှာပဲ ထားထားပါတယ်။ ကိုကိုရေ.. ကိုကိုက မဟာကျိုးကို စောင့်ရှောင်ကာကွယ်ဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့တယ်မဟုတ်လား။ ကျွန်တော်က ကိုကို့ကို ကတိပေးထားခဲ့တယ်လေ။ ကျွန်တော်က မဟာကျိုးရဲ့ ဘုရင်တစ်ပါးအနေနဲ့ တာဝန်ထမ်းဆောင်ပြီး ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် သတ်မသေပါဘူးလို့ပေါ့။

သင်္ချိုင်းက တဖြည်းဖြည်းချင်း ပိတ်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ လက်သည်းတွေနဲ့ လက်ဖဝါးကို ရက်ရက်စက်စက် ဖြတ်ပစ်လိုက်တယ်။ ဒါက နာကျင်မှု သေးသေးလေးပါပဲ။ အဲဒါက ကျွန်တော့်ရဲ့ အသိစိတ်က သင်္ချိုင်းထဲကို စစ်ဆေးကြည့်နိုင်မှာလေ။ နောက်ဆုံးအဆင့်ကတော့ အတားအဆီးထဲမှာ ထည့်ထားမယ့် မြွေပွေးတွေကို သန့်စင်ဖို့ပါပဲ။ နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ပြီးတော့မှ ကျွန်တော် ထွက်လာခဲ့တယ်။

ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ လူပျိုတစ်ယောက် ဖြစ်ခဲ့တယ် ကိုကို။ ကျွန်တော့်ကို လက်ထပ်ဖို့ အကြံပေးတဲ့ ဝန်ကြီးမူးမတ်တွေအားလုံးက သေခြင်းတရားနဲ့ တွေ့သွားကြတယ်လေ။ အချိန်ကြာလာတော့ ဘယ်သူကမှ ကျွန်တော့်ကို လက်ထပ်ပြီး ကလေးယူဖို့ မပြောရဲကြတော့ဘူး။

ကျိရှားကလည်း တဖြည်းဖြည်း ကြီးပြင်းလာတယ်။ ကျွန်တော်က သူ့ကို ကြည့်မိတိုင်း အတွေးထဲ နစ်မြောသွားတတ်တယ်။ သူက ကိုကိုနဲ့ ပိုပိုပြီး တူတူလာတယ်လေ။

ဒါပေမဲ့လည်း သူက ကိုကိုမှ မဟုတ်ဘဲ။

ကျွန်တော်က ကျိရှားကို အိမ်ရှေ့စံရာထူး အပ်နှင်းလိုက်တယ်။ ကျိရှားရဲ့ တစ်ခုတည်းသော အသုံးကျမှုက ကျိုးဝမ်ဖြစ်လာဖို့ပဲ။

ဒါပေမဲ့ ကျွန်တော် အံ့ဩမိတာက ကျိရှားက ကိုကို့အပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သိနေတယ်လေ။ ပိုပြီး ရယ်စရာကောင်းတာက သူက အဝတ်ဗလာနဲ့ ကျွန်တော့်ရဲ့ အိပ်ယာပေါ် လာလှဲနေတာကိုပဲ။

ကျွန်တော့် အိပ်ယာပေါ်မှာ လှဲနေတဲ့ ကျိရှားရဲ့ ရမ္မက်ထန်နေတဲ့ ခန္ဓာကိုယ်ကို ထူးမခြားနားဟန်နဲ့ ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်နှာသွင်ပြင် တစ်ခုလုံးက ကိုကိုနဲ့ အရမ်းကို တူလွန်းတယ်။ အရပ်အမြင့်က အစပေါ့။ ဒါပေမဲ့ သူက ကိုကို့ရဲ့ ကိုယ်ပွားတစ်ခု ဖြစ်နေရင်တောင် ကိုကိုမှ မဟုတ်ခဲ့ဘဲ။

ကျွန်တော့်ရဲ့ နှုတ်ခမ်းထောင့်တွေ တဖြည်းဖြည်း မြင့်တက်လာတယ်။ ကျိရှားကလည်း ယောကျ်ားတွေကို သဘောကျတာလား။ အဲဒါဆို အရမ်းလွယ်တာ‌ပေါ့။ တော်ဝင်ကိုယ်ရံတော်တွေကို အချက်ပြလိုက်ပြီး အိမ်‌ရှေ့စံကို ခစားခိုင်းလိုက်တယ်လေ။

ကျွန်တော်က ပြတင်းပေါက်နံဘေးမှာ ရပ်ပြီး ကျွန်တော့်အနောက်ကနေ ခွင့်လွှတ်မှု တောင်းခံနေတဲ့ အသံကို ကြားနေရတယ်။ ဒါပေမဲ့ ကျွန်တော် လှည့်မကြည့်ခဲ့ဘူး။ အဲဒီနှစ်က ခုနစ်ရက်ကို ကျွန်တော်ပြန်အမှတ်ရလိုက်တယ်။ စိုးရိမ်ဖွယ်ရာ ဖြစ်နေတဲ့ မယ်တော့်နံဘေးမှာ ကျွန်တော် မတ်တတ်ရပ်နေခဲ့ရတဲ့ အချိန်ကို‌ပေါ့။ ကိုကိုက ခမည်းတော်ရဲ့ နန်းတော်အပြင်မှာ ဒူးထောက်နေခဲ့ပြီး အော်ဟစ်ငိုကြွေးလို့ မယ်တော့်ကို နောက်ဆုံးတစ်ကြိမ် လာကြည့်ဖို့အတွက် ခမည်းတော်ကို တောင်းဆိုနေခဲ့တယ်လေ။ ခမည်းတော်က တင်းတင်းစေ့ပိတ်ထားတဲ့ နန်းတော်တံခါးရဲ့ အနောက်မှာပဲ တစ်ချိန်လုံး ရှိနေခဲ့တယ်။ နောက်ပိုင်းက ခမည်းတော်ရဲ့ လက်ပါးစေတွေက ကိုကို့ကို နှင်ထုတ်လိုက်ကြတယ်။

အသည်းအသန် ငိုကြွေးနေတဲ့ ကျိရှားကို ငုံ့ကြည့်လိုက်တယ်။ ပုရွက်ဆိတ်တွေ ပိုးဟပ်တွေကို ကြည့်သလိုမျိုးပေါ့။ ကျိရှား.. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းရဲ့ ခမည်းတော်ကသာ ငါ့ရဲ့ ကိုကို မဟုတ်ဘူးဆိုရင် မင်းက မဟာကျိုးရဲ့ အိမ်ရှေ့စံတောင် ဖြစ်လာမယ်လို့ ထင်နေတာလား။ မင်းက မဟာကျိုးရဲ့ ဘုရင်တစ်ပါး ဖြစ်လာမယ်လို့ ထင်နေလား။

တည်တည်ငြိမ်ငြိမ် တိတ်တိတ်ဆိတ်ဆိတ်လေး နေခဲ့မယ်ဆိုရင် မင်းအနေနဲ့ ဘာမှလုပ်စရာတောင် မလိုအပ်ဘူး။ ငါမရှိတော့တာနဲ့ မဟာကျိုးပြည်ထောင်က မင်းအတွက်ပဲ ဖြစ်လာမှာ။ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ငါ့အရှေ့မှာ ပေါ်မလာတာ ပိုကောင်းလိမ့်မယ်။

မင်းမျက်နှာကို ထပ်တွေ့ရမယ်ဆိုရင် မင်းကို သတ်ဖြတ်ချင်စိတ်ကို ထိန်းမထားနိုင်တော့မှာ စိုးရတယ်။

ကျွန်တော့်မျက်လုံးတွေ ပိတ်လိုက်တာနဲ့ ကိုကိုမရှိဘဲ ရှင်သန်ရတဲ့ နေရက်တွေက သည်းခံဖို့ ခက်ခဲတယ်ဆိုတာ တွေးမိတယ်။

ကျွန်တော် အမိန့်တစ်ခု ထုတ်ပြန်ခဲ့တယ်။ ကျွန်တော် သေဆုံးပြီးတာနဲ့ ကိုကို့ရဲ့ သင်္ချိုင်းကို ဖွင့်ပြီး ကိုကိုနဲ့ ကျွန်တော့်ကို ခင်ပွန်းနဲ့ ဇနီးလိုမျိုး တူယှဉ်တွဲ မြှုပ်နှံပေးဖို့အတွက်ပေါ့။ ဒါပေမဲ့ ကျွန်တော် မေ့သွားခဲ့တာက ကျွန်တော် သေဆုံးပြီးမှတော့ မဟာကျိုးကို ထိန်းချုပ်နိုင်ဦးမလား ဆိုတာကိုပေါ့။

ကျိရှားက ကျွန်တော့်ရဲ့ အမိန့်ကို ပယ်ရှားပြီး ခမည်းတော်ရဲ့ဘေးမှာ ကျွန်တော့်ကို မြှုပ်နှံခဲ့တယ်လေ။

ဒီအကြောင်းကို ဝိညာဉ်ကူးပြောင်းလာတဲ့ အခါမှ သိခဲ့ရတာ။

ဒါပေမဲ့လည်း ဒီအချက်က ကိုကို့ကို ရှာဖွေမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ဆုံးဖြက်ချက်ကို ပြောင်းနိုင်မှာ တဲ့လား။ ကျွန်တော်က ကိုကို့ကို သေချာပေါက် ရှာဖွေမယ် ပြီးရင် အတူတူ နေကြမယ်။ အခု ကျွန်တော်တို့ကြားမှာ မဟာကျိုးလည်း မရှိတော့ဘူး၊ သွေးသားရင်းလည်း မဟုတ်တော့ဘူး။ ကျွန်တော်တို့ အတူတူနေလို့ရပြီ။

ဒါ‌ပေမဲ့လည်း ဒီကမ္ဘာြကီးက အရမ်းကြီးနေတယ် ကိုကိုရယ်.. ကျွန်တော် ကိုကို့ကို ရှာမတွေ့နိုင်ဘူး။

ကျွန်တော်လုံးဝ လက်မလျှော့ပါဘူး။ နေရာတိုင်းမှာ ရှာဖွေခဲ့တယ်။ ကိုကို့ကို ရှာမတွေ့ပေမဲ့လည်း လျှို့ဝှက်မန္တာန်ကို ပြီးပြည့်စုံစေမယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်။

ကွေ့ဖန်ရဲ့ နောက်ဆုံးမျိုးဆက်ကို ကျွန်တော်နဲ့အတူ ယူဆောင်လာပြီး ကိုကို့ရဲ့ သင်္ချိုင်းကိုသွားရမယ်၊ ပြီးရင် နောက်ဆုံးကွေ့ဖန်ကို သတ်ဖြတ်ပြီး သင်္ချိုင်းအောက်မှာ မြှုပ်နှံရမယ်။ ပြီးတာနဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က သွေးတွေအားလုံး ဖောက်ထုတ်ပစ်ရမယ်။ အဲဒီလိုဆို ကျွန်တော် ပြန်လည်မွေးဖွားလာရင် ကိုကိုနဲ့အတူတူ ရှိနိုင်တော့မယ်တဲ့။

နောက်ဆုံးကွေ့ဖန်ကို ရှာတွေ့ဖို့အတွက် အရမ်းအရမ်း ကြာခဲ့တယ် ကိုကို။ ကွေ့ဖန်တစ်ချို့ ကျွန်တော့်ရဲ့ သတ်ဖြတ်မှုက လွတ်မြောက်သွားတာကိုပဲ ကျွန်တော့်မှာ ဝမ်းသာနေမိတယ်။ သူတို့သာ မလွတ်သွားရင် ကျွန်တော်အခု ဘာဆက်လုပ်ရမှာတဲ့လဲ။

ကျွန်တော်တစ်ယောက်တည်း သင်္ချိုင်းဟောင်းထဲကို ဝင်မသွားနိုင်တာကြောင့် သေသေချာချာ ဂရုစိုက်ပြီး ကြေညာချက်ကြီးတစ်ခု ထုတ်လိုက်တယ်။ ဒီသင်္ချိုင်းဟောင်းကို ကျွန်တော့်ထက်ပိုပြီး ရင်းနှီးတဲ့သူဆိုတာ မရှိဘူးလေ။ မြွေပွေးတွေကို ရှောင်နိုင်ပေမဲ့လည်း အတားအဆီးတွေကို ရှင်းလင်းပေးမယ့်လူတွေ လိုအပ်နေတုန်းပဲလေ။ ဒါပေမဲ့လည်း ပထမအလှည့်က လူတွေက တကယ်အားနည်းလွန်းတယ်။ အဲဒါကြောင့် ပိုပြီးသင့်တော်တဲ့ အခွင့်အရေးကို ထပ်စောင့်ရတာပေါ့။

ပြင်ပကမ္ဘာကအရာတွေက ကိုကို့လောက် ကျွန်တော့်ကို မဆွဲဆောင်နိုင်ပေမဲ့လည်း ကမ္ဘာကြီးက အများးကြီး ပြောင်းလဲသွားခဲ့ပြီ ဆိုတာကိုတော့ ကျွန်တော် ဝန်ခံရမှာပဲ။ တစ်ခုကောင်းတာက သူတို့တွေ အတားအဆီးထဲမှာ ပိုကြာကြာ နေနိုင်လေလေ ကိုကို့ရဲ့ သင်္ချိုင်းဆီကို မြန်မြန်ရောက်ဖို့ အချိန်ပိုရလေလေပဲပေါ့။

နောက်ဆုံးအဖွဲ့အသစ်က ကျွန်တော့်ကို စိတ်ကျေနပ်စေပါတယ်။ ဒါပေမဲ့လည်း သူတို့က ကိုကို့ရဲ့ သင်္ချိုင်းကနေ ပစ္စည်းခိုးချင်နေတာဆိုတော့လည်း သူတို့အသက်တွေကို စွန့်လွှတ်ခိုင်းဖို့က လွဲပြီး ရွေးချယ်စရာ မရှိဘူးလေ။

ဖုန်းယွမ်လို့ခေါ်တဲ့ လူတစ်ယောက်ကို ကျွန်တော်ရွေးလိုက်တယ်။

နောက်ဆုံးတော့ သင်္ချိုင်းထဲကို အခက်အခဲမရှိဘဲ ရောက်လာနိုင်ခဲ့ပြီ။

ကျွန်တော် ဒေါသထွက်ရတာက သင်္ချိုင်းထဲကို တစ်ယောက်ယောက် ဝင်လာခဲ့ပြီးပြီ ဆိုတာကိုပဲ။ ဒါပေမဲ့လည်း ကိုကို့ကို မြင်လိုက်ရတဲ့အချိန်မှာပဲ အဲဒီအရာကို လုံးလုံးလျားလျား မေ့သွားခဲ့တယ်။

ကိုကို.. ငါ့ရဲ့ ကိုကို။ ကိုကိုက ဘာဖြစ်လို့ ဒီမှာရှိနေရတာလဲ။ ကိုကို့ကို နေရာတိုင်းမှာ ရှာနေခဲ့ပေမဲ့ ရှာမတွေ့ခဲ့တာ ဒါကြောင့်များလား။ ခွေးမသား ဖုန်းဟုန်မင်။ အဆုံးထိ ဒီခွေးကောင်က ကျွန်တော့်ကို လှည့်စားခဲ့တာလား။


ဒါပေမဲ့ အရမ်းနောက်မကျခင်မှာ ကျွန်တော်က ဒီသင်္ချိုင်းဟောင်းထဲမှာ အောင်အောင်မြင်မြင် နေနိုင်ခဲ့ပြီ။

ကိုကို.. ကိုကိုသာ ကျွန်တော့်နံဘေး ရှိနေမယ် ဆိုရင် ပြန်လည်မွေးဖွားဖို့ မဖြစ်နိုင်တော့ဘူး ဆိုရင်တောင်၊ ဒီနေရာကနေ ထွက်သွားလို့ မရဘူးဆိုရင်တောင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့လည်း တခြားနေရာတွေကို လျှောက်ကြည့်ဖို့အတွက် ကိုကို့ကို ခေါ်မသွားနိုင်တာကိုတော့ ကျွန်တော် ဝမ်းနည်းမိတယ်။ ကိုကိုက လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်လိုမျိုး နွေးနွေးထွေးထွေး မရှိနိုင်တော့တာကို ကျွန်တော် ဝမ်းနည်းမိတယ်။ ကိုကို့ကို နှစ်ထောင်ပေါင်းများစွာ စောင့်ခိုင်းခဲ့မိတာကို ကျွန်တော် ဝမ်းနည်းဆုံးပဲ။

ဒါပေမဲ့လည်း နောက်ဆုံးမှာ ကိုကိုနဲ့ အတူတူ ရှိနေနိုင်ပြီ ဖြစ်တာကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်။

ရှေ့ဆက်ရမယ့် နေ့ရက်တွေက ထူးထူးခြားခြား မရှိတော့ပါဘူး။ ချစ်ရတဲ့ ကိုကိုနဲ့ အမြဲထာဝရ အတူတူနေသွားရတော့မယ် ဆိုတာကို တွေးလိုက်ရုံနဲ့တင် ကျွန်တော် အရမ်းပျော်ရပါတယ်။

အိုး.. ဟုတ်သားပဲ။ ကိုကို့မှာ သူငယ်ချင်းတစ်ယောက် ရှိနေတယ်လေ။ မြွေတစ်ကောင်ဖြစ်လာတဲ့ လူတစ်ယောက်‌ပေါ့။ နာမည်က ယင်ရှောင်ရှောင်းတဲ့။ အဲဒီ ယင်ရှောင်ရှောင်းဆိုတဲ့ မြွေက ကလေးတွေအများကြီး မွေးထားတယ်လေ။

သူ သင်္ချိုင်းဟောင်းထဲကို လာတိုင်း ကလေးတွေ များလွန်းတဲ့အကြောင်း အတွန့်တက်နေကျ ဒါပေမဲ့လည်း ကလေးတွေအများကြီး ရှိတဲ့အတွက် ယင်ရှောင်ရှောင်းက ပျော်နေတာကို ကျွန်တော် မြင်နေရတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်တွဲဖော်ဖြစ်တဲ့ မော့လောင်တကတော့ ကလေးတွေကို သဘောကျပုံမရဘူး။

ကိုကို့ကို လှည့်ကြည့်လိုက်တဲ့အချိန် မျက်လုံးထဲမှာပါ အပြုံးတွေ ထင်ဟပ်နေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ကိုကိုက ကလေးတွေကို အရမ်းသဘောကျတာလေ။

ကိုကို့ကို အနောက်ကနေ ပိုင်စိုးပိုင်နင်းနဲ့ ပွေ့ဖက်လိုက်တယ်။ ကိုကိုရေ.. ကိုကိုက ကျွန်တော့်ရဲ့ အပိုင်ဖြစ်လာဖို့ ကံတရားက အကြောင်းဖန်လာပြီးသား။ အဲဒါကြောင့် ကလေးတွေအကြောင်း စဉ်းစားပြီးတော့ ဝမ်းနည်းမနေပါနဲ့။

ကျွန်တော်တို့က ယင်ရှောင်ရှောင်းနဲ့ မော့လောင်တတို့လို ဘဝအဆက်ဆက်၊ သံသရာအဆက်ဆက် ထာဝရ မခွဲအတူ ရှိနေကြတော့မှာ။

သက်ဆုံးတိုင် ပျော်ရွှင်စွာပေါ့...။

မှတ်ချက် ။ ။ ဒီအပိုင်းမှာ ကျိကျောက်ရဲ့ နာမ်စားသုံးပုံ နှစ်မျိုးဖြစ်နေတာကို တွေ့ရမှာပါ။ ကျိကျောက်က သူ့ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံမလို့ အစပိုင်းမှာ ငါ ဆိုတဲ့ အသုံးနဲ့ သုံးထားတာဖြစ်ပြီး သူ့ကိုထားခဲ့လို့ ကျိခန်းကို တမ်းတမ်းတတ ရေရွတ်တဲ့ နေရကနေစပြီး ကျွန်တော် ဆိုတဲ့အသုံး ပြောင်းသုံးပါတယ်။ သူ့ကိုကိုနဲ့ ပြန်တွေ့တဲ့အချိန် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောနေတယ်ဆိုတဲ့ အနေနဲ့ သုံးထားတာမလို့ပါ။