Ch 1
Viewers 511

အခန်း(၁) ဖယောင်းရုပ်ပြတိုက် (1)


စွန့်ပစ်ခံထားရသော မြို့ငယ်လေး၏ ပတ်ဝန်းကျင်တစ်ခုလုံးကို အလွှာလိုက် အထပ်ထပ် ဖုံးလွှမ်းနေသော မြူမှောင်ထုကြီးက ဝါးမြိုထားခဲ့လေသည်။


ဟောင်းနွမ်းစုတ်ပြတ်နေသော ဖယောင်းရုပ်ပြတိုက်ကြီးတစ်ခု၏ ပထမထပ်တွင်တော့ မီးရောင်များက လင်းထိန်လျက်ရှိ၏။


“...ကလေးတို့၊ ငါ့ဆီမှာ သတင်းဆိုးတစ်ခုရှိတယ်၊ မင်းတို့ရဲ့ကားအတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေ မြို့ကနေ ရောက်လာဖို့ တစ်ပတ်လောက် ကြာလိမ့်မယ်၊


ဒီအတွက်ကြောင့် မင်းတို့ရဲ့ ဘွဲ့နှင်းသဘင်ခရီးစဉ်လေး မနှောင့်နှေးသွားဖို့ ငါ မျှော်လင့်ပါတယ်၊ ဒီတစ်ပတ်အတွင်းတော့ ငါ့ရဲ့ ဖယောင်းရုပ်ပြတိုက်မှာပဲ တည်းခိုလိုက်ကြပေါ့၊


ပစ္စည်းတွေရောက်တာနဲ့ ငါ မင်းတို့ရဲ့ကားကို ပြင်ပေးပြီး ခရီးဆက်နိုင်အောင် ကူညီပေးပါ့မယ်”


“ဧည့်သည်နားနေဆောင်တွေက ဒုတိယထပ်မှာ ရှိတယ်၊ စားသောက်ဖို့အတွက်ဆိုရင်တော့ ပထမထပ်က မီးဖိုချောင်မှာ ရှိတာတွေကို သုံးဆောင်နိုင်ကြပါတယ်၊ 


အိုး .. ဒါနဲ့ တစ်ခုတော့ သတိပေးပါရစေ၊   သန်းခေါင်ကျော်သွားရင် ဘယ်လိုအကြောင်းနဲ့မှ အခန်းပြင်ကို မထွက်ကြပါနဲ့၊ 


ပြီးတော့ တတိယထပ်က သော့ခတ်ထားတဲ့ အခန်းထဲကိုလည်း မဝင်ကြပါနဲ့ဦး ၊ ဒါဆို ကောင်းသောညပါ ကလေးတို့”


ထိုသို့ပြောကြားလိုက်သူမှာ အညိုရောင်ဆံပင်ကို ပိုင်ဆိုင်ထားပြီး လူသေတစ်ယောက်ကဲ့သို့ ဖြူလျော့နေသော အသားအရေရှိကာ ချိုင့်ဝင်နေသော ပါးပြင်များရှိသည့် လူလတ်ပိုင်းအရွယ်လူဖြူအမျိုးသားတစ်ဦး ဖြစ်ပေသည်။


သူက ဧည့်ခန်းအတွင်းရှိ လူစုကို ကြည့်ကာ ပြောဆိုနေခြင်း ဖြစ်ပြီး  သူ၏စကားသံမှာ ဖော်ရွေဟန်ရှိသော်ငြား အသံနေအသံထားတို့က ထိုသူများကို သတ်ဖြတ်ချင်နေသည်အလား ခံစားရစေ၏။


ဆိုရလျှင် အနည်းငယ်မျှပင် ဖော်ရွေမှုမရှိသော ပုံစံဖြစ်ပေသည်။


သူ့ကိုယ်သူ ဖယောင်းရုပ်ပြတိုက်၏ပိုင်ရှင်ဟု အမည်တပ်ထားသော မစ္စတာဟောက်စ်က သတ်မှတ်ထားသော စကားလုံးများကို မှိုင်းညှို့စွာ ပြောဆိုပြီးနောက် ဖယောင်းရုပ်ပြတိုက်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ 


မကြာခင်ပင် အပြင်ဘက်ရှိ ထူထပ်လှသော မြူနှင်းများကြားတွင် မစ္စတာဟောက်စ်၏ နောက်ကျောက ပျောက်ကွယ်သွားလေ၏။


လေပြင်းတိုက်ခတ်မှုကြောင့် တံခါးကြီးက အသံကျယ်ကျယ်မြည်ဟည်းလျက် ပိတ်သွားခဲ့သည်။


ထိုအသံကြောင့် ဧည့်ခန်းထဲရှိ လူများမှာ သတိပြန်ဝင်လာကြပြီး ငိုရှိုက်သံများက တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ 


အမျိုးသမီးငယ်လေး တချို့က ပူးကပ်နေခဲ့ကြပြီး တုန်လှုပ်ချောက်ချားစွာရှိနေခဲ့ကြသည်။


လွန်ခဲ့သော တစ်နာရီခန့်က ‘ပြန်ပေးဆွဲခံရတာ’၊ ‘ရုပ်ရှင်ရိုက်နေတာ’၊ ‘နောက်ပြောင်နေတာ’ နှင့် ‘အိမ်ပြန်ချင်တယ်’ ဟူသော ရူးသွပ်စွာဖြင့် အော်ဟစ်ပေါက်ကွဲသံများက စတင်ထွက်ပေါ်ခဲ့သည်။


သူတို့အထဲမှ ဒေါသကြီးတတ်သော ဦးလေးကြီးတစ်ဦးက အိမ်သို့ပြန်မည်ဟုဆိုကာ ပြတိုက်အတွင်းမှ ဝုန်းဒိုင်းကြဲ၍ ပြေးထွက်သွားခဲ့လေ၏။ 


သို့သော် တစ်မိနစ်အကြာတွင် သူ၏အလောင်းက ပထမထပ်၏ မှန်ပြတင်းပေါက် အပြင်ဘက်တွင် တွဲလောင်းကျလျက် ရှိနေသည်ကို တွေ့လိုက်ရသည်။ 


လေများတိုက်ခတ်လာတိုင်း သွေးစက်များမှာလည်း လှုပ်ခါပြီး ယိုစီးကျနေခဲ့လေ၏။


ထိုအချိန်တွင်တော့ မည်သူကမျှ ဤအခြေအနေကို နောက်ပြောင်နေခြင်းဟု မထင်တော့ပေ။ အကယ်၍ နောက်ပြောင်ခြင်းဖြစ်လျှင်ပင် လူ့အသက်ကို ရင်းနေရသည့်ကိစ္စဖြစ်နေပေပြီ။


“ဆူလိုက်တာ၊ အော်ဟစ်မနေကြနဲ့တော့” 


ဆိုဖာပေါ်တွင် ထိုင်နေသော ကျင်းကောက စိတ်မရှည်စွာဖြင့် ငေါက်ငမ်းလိုက်ကာ စိတ်မရှည်စွာပြောလိုက်သည်။


“ဟောက်ဇီ ၊ ဒီအမှိုက်အုပ်စုကို ရှင်းပြလိုက်စမ်းပါ” 


ဟောက်ဇီက အရပ်ပုသည့်လူငယ်လေးဖြစ်သည်။ သူ၏မျက်နှာတွင်အန္တရာယ်မရှိသော အပြုံးတစ်ခုကို ချိတ်ဆွဲထားခဲ့လေ၏။


“အိုး၊ အဲဒီဖယောင်းရုပ်ပြတိုက်ပိုင်ရှင်..  ဆိုလိုတာက NPC က ပြောသွားခဲ့သလိုပဲ၊


ကျွန်တော်တို့က ခရီးထွက်လာတဲ့ အထက်တန်းကျောင်းဆင်းတွေပဲ၊ လမ်းမှာ ကားပျက်သွားတဲ့အတွက်  ပစ္စည်းလဲဖို့ (7)ရက် စောင့်ရမယ်၊ဂိမ်းက ပေးထားတဲ့အခြေအနေကတော့ အရမ်းရိုးရှင်းပါတယ်၊ 


ကောင်းပြီ၊ လူတိုင်းပဲ မထိတ်လန့်ကြပါနဲ့ဦး၊ မီးဖိုချောင်မှာ စားစရာရှိလောက်တယ်၊ ကျွန်တော်တို့တွေ ဒီမှာ အားလပ်ရက်အတွက် အပန်းဖြေနေသလို သဘောထားပြီး (၇)ရက်ကို သတိထားပြီးနေထိုင်သွားရင် အိမ်ကိုပြန်လို့ရနိုင်လိမ့်မယ်”


“တကယ်... တကယ်ကြီးလား”


“ဒါပဲလား၊ အပြင်မထွက်ဘဲ ပြတိုက်ပိုင်ရှင်ပြောတဲ့စကားတွေကို နားထောင်ရင် အသက်ရှင်နိုင်မှာလား”


အသစ်ရောက်လာသူများက တစ်ယောက်ပြီးတစ်ယောက် မေးမြန်းလာကြ၏။


ဟောက်ဇီက ရိုးသားစွာ ပြုံးပြလျက်ဆက်ပြောလာခဲ့သည်။


“ဒါပေါ့၊ ဒါက အလယ်အလတ်အဆင့်နိမ့်တဲ့ ဂိမ်းကမ္ဘာဆိုတော့ ခက်ခဲမှုအဆင့်က သိပ်မရှိပါဘူး၊ ဟို အပြင်ကလူကတော့ စိတ်မြန်သွားလို့ ဖြစ်သွားရတာ” 


သူက ခဏရပ်လိုက်ပြီး လူသစ်များကို ဆက်ပြောခဲ့သည်။


“ကျင်းကောက ဒီဂိမ်းမှာ ဝါရင့်တစ်ယောက်ပဲ၊ ဒါကြောင့် သူ့စကားကိုသာ နားထောင်မယ်ဆိုရင် ဘာမှမဖြစ်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်”


အသစ်ရောက်လာသူများမှာ အလွန်အမင်းထိတ်လန့်နေကြရာမှ ခေါင်းဆောင်မည့်သူကို ရှာဖွေတွေ့ရှိသွားကြသောကြောင့် ဟောက်ဇီထံသို့ မေးခွန်းများစွာ မေးမြန်းကြလေသည်။


အရပ်အမောင်း ကွာခြားလှသော လူနှစ်ဦးကတော့ ထောင့်တစ်နေရာ၌ ရပ်နေကြပြီး ရှေ့သို့ တိုးမလာခဲ့ကြပေ။


အရပ်ရှည်သည့်တစ်ယောက်မှာ အသက် (၂၃)၊ (၂၄)နှစ်ခန့်ရှိပြီး အလွန်ပင်ချောမောသော လူငယ်တစ်ဦးဖြစ်၏။ သူ၏ အသားအရည်တို့က ဖြူဖျော့ပြီး မျက်ဝန်းအိမ်မှာ မက်မွန်ပွင့်ဖတ်ကဲ့သို့ ရှည်လျားကျဉ်းမြောင်းသည်။ 


သူမျက်လုံးကိုပင့်မ၍ ကြည့်လိုက်လျှင် အေးစက်သည့်အကြည့်မျိုးကိုပေးနိုင်ပေသည်။ 


သူ၏ပါးလွှာပြီး နီရဲသော နှုတ်ခမ်းတို့ကြောင့် သူ၏ မျက်နှာအမူအရာမှာ လူအများကို မိုင်ထောင်ချီ ဝေးကွာအောင် တွန်းထုတ်နေသည့်အလား ခံစားရစေ၏။ 


သူ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော ကလေးငယ်မှာတော့ မူလတန်းတက်နေသည့် အသက် (၇)နှစ်၊ (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ဖြစ်ပေသည်။ 


သူ့တွင်ကွေးကောက်သော ဆံပင်တိုလေးများနှင့် ဖြူဖွေးဝင်းပသော ပါးဖောင်းဖောင်းလေးများရှိနေပြီး ကျောက်စိမ်းတုံးလေးအလား ချစ်စဖွယ်ကောင်းနေခဲ့၏။ 


သူ၏ ရုပ်ရည်မှာ ကပြားတစ်ဦးကဲ့သို့ ထင်မှတ်ရပြီး ခန့်ညားထက်မြက်သည့်အပြင် ချစ်စရာလည်း ကောင်းပေသည်။

  


ထိုအချိန်တွင် ကလေးငယ်က လူငယ်၏ လက်မောင်းအနားသို့ အသာအယာ တိုးကပ်လိုက်လေ၏။


လူငယ်က ခေါင်းငုံ့ကြည့်လိုက်လျှင် သူ၏ အေးစက်သော မျက်ဝန်းများက ကလေးငယ်၏ ကြောင်ပေါက်လေးကဲ့သို့ မျက်ဝန်းများနှင့် ဆုံမိသွားကြလေ၏။


 ကလေးငယ်က သူ့ကို ကြည့်ကာ သနားစဖွယ် ပြုံးပြလိုက်လေသည်။


ချန်ချိုက်ရှင်း:  “...”


ထားလိုက်ပါတော့။


သူ့ကို ကပ်ချင်ရင်လည်း ကပ်နေပါစေ။ 


ဤကလေးမှာ သူ ဤနေရာသို့ ရောက်စကအချိန်၌ ပထမဆုံး သတိပြုမိခဲ့သော ကလေးပင်မဟုတ်ပါလား။


လွန်ခဲ့သော တစ်နာရီခန့်က ချန်ချိုက်ရှင်းတစ်ယောက် အချိန်ပိုအလုပ်ဆင်းပြီးနောက် အိမ်သို့အပြန် လမ်းတွင် လမ်းပိတ်ခြင်းနှင့် ဆုံတွေ့ခဲ့ပြီး ဤဖယောင်းရုပ်ပြတိုက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။


ပထမထပ်က အတော်လေးကျယ်ဝန်းသော်လည်း နေရာအနှံ့တွင် ဖယောင်းရုပ်များဖြင့်သာ ပြည့်နှက်နေ၏။ 


၎င်းရုပ်တုများက အစစ်အမှန်လူကြီး၊ လူငယ်များနှင့် တူညီလွန်ပြီး အသက်ဝင်လွန်းလှသောကြောင့် လူအစစ်နှင့် ခွဲခြား၍မရနိုင်ပေ။


ထိုဖယောင်းရုပ်တို့၏ ဝန်းရံခြင်းကို ခံထားရသည်မှာ မြင်ရသူအဖို့ သွေးပျက်ဖွယ် ကောင်းလွန်းပေသည်။


တခြားလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသော်လည်း မည်သူကမျှ ရုတ်ရုတ်သဲသဲ မလုပ်ခဲ့ကြသေးပေ။


ချန်ချိုက်ရှင်း ဧည့်ခန်းရှိ တစ်ယောက်ထိုင် ဆိုဖာတစ်ခုတွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေရင်းဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ဖယောင်းရုပ်တို့ကြားထဲမှ ကလေးငယ်တစ်ဦးနှင့် မျက်လုံးချင်း ဆုံခဲ့ခြင်းဖြစ်၏။ 


အစပိုင်းတွင် ထိုကလေးကို ဖယောင်းရုပ်ဟု ထင်မှတ်ခဲ့သော်လည်း လူအစစ်ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။


ထိုအချိန်မှစ၍ ဤကလေးမှာ သူ့၏နားတွင် ကပ်လျက် ပါလာခဲ့တော့သည်။ အစပိုင်းတွင် ခြေလှမ်း တစ်လှမ်း၊ နှစ်လှမ်းအကွာမှ ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့၏။ 


သူက စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်စွာ စိုက်ကြည့်နေသောကြောင့် ကြောက်လန့်နေပုံရသည်။ 


ဤသည်ကလည်း ဖြစ်သင့်ပေသည်။ အရွယ်ရောက်ပြီးသူဖြစ်သည့် ချန်ချိုက်ရှင်းပင်လျှင် ဤထူးဆန်းသော နေရာသို့ ရုတ်တရက် ရောက်ရှိလာခြင်းကိုရှုပ်ထွေးနေရသည် မဟုတ်ပါလား။


ကလေးငယ်တစ်ဦးဆိုလျှင် ပြောဖွယ်ရာမရှိပေ။


ထို့နောက်တွင် အပြင်သို့ထွက်ရန် ကြိုးစားသော ဦးလေးကြီး၏ အလောင်းက မှန်ပြတင်းပေါက်တွင် ချိတ်ဆွဲခံလိုက်ရပြီး သွေးများက မှန်ပေါ်သို့ စီးကျလာခဲ့လေသည်။


ဧည့်ခန်းထဲတွင် ဆက်တိုက် ငိုယိုနေကြသူများမှာလည်း လည်ပင်းညှစ်ခံလိုက်ရသော ကြက်များကဲ့သို့ ရုတ်ချည်းပင် ထူးဆန်းစွာ ငြိမ်ကျသွားကြ၏။


ချန်ချိုက်ရှင်းသည်လည်း ထိတ်လန့်သွားမိသည်။ လူတစ်ယောက်က အမှန်တကယ်သေသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


ထိုအချိန်မှသာ ကလေးငယ်က သူ့ထံမှ နွေးထွေးမှုကို ရလိုသည့်အလား ပိုမိုနီးကပ်စွာ တိုးကပ်လာခဲ့ခြင်းဖြစ်ပေသည်။


ဧည့်ခန်းထဲ၌ အသက်အကြီးဆုံးမှာ အသက် (၄၀) ကျော်ဖြစ်ပြီး အသက်အငယ်ဆုံးမှာ (၇)နှစ်၊ (၈)နှစ်ခန့် ဖြစ်သော်လည်း ထိုNPCက သူတို့အားလုံးကို အထက်တန်းကျောင်းဆင်းများဟု မျက်နှာပြောင်တိုက်ပြီး အတင်းအဓမ္မ သတ်မှတ်သွားခဲ့၏။


ချန်ချိုက်ရှင်းမှာလည်း သူ၏အသက်ကို နှစ်အနည်းငယ် လျှော့ချခံလိုက်ရခြင်းကို လက်ခံရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။


ဒါမှမဟုတ်ရင် သူကတခြားဘာကိုများတတ်နိုင်ဦးမှာလဲ။ 


 ဒီနေရာကလည်း မထွက်သွားနိုင်ဘူးလေ။


“...ကျင်းကော၊ လူတွေ အားလုံး (၁၂) ယောက်ရှိတယ်၊ ကျွန်တော်တို့ (၄) ယောက်အပြင် အသစ်က (၈) ယောက်၊ အပြင်မှာ သေသွားတဲ့လူအပါအဝင် အမျိုးသား (၄)ယောက်နဲ့ အမျိုးသမီး (၄)ယောက်ပေါ့၊ အိုး..  နောက်ပြီး အသစ်ထဲမှာ ကလေးတစ်ယောက်လည်း ပါသေးတယ်”


ဟောက်ဇီက ဆိုဖာဘေးရှိကလေးငယ်ကို တစ်ချက်ကြည့်ပြီးပြန်ပြောလိုက်လေသည်။


ကျင်းကော : “လူသစ် ကိုးယောက်လား၊ ဒါဆို သိပ်တော့ မခက်ခဲလောက်ပါဘူး”


ဝါရင့်ကစားသမား၏ စကားကြောင့် ကျန်ရှိနေသူများက အနည်းငယ် စိတ်သက်သာရာရသွားကြလေ၏။


“အခုက မိုးချုပ်နေပြီ၊ ဒုတိယထပ်ကို သွားပြီး အနားယူကြရအောင်” 


ကျင်းကော၏ ဘေးနားတွင်ရှိသော လူလတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။


ကျင်းကော :  “အိုခေ”


ဝါရင့်ကစားသမားများက ဦးဆောင်၍ ဒုတိယထပ်သို့ တက်သွားကြသောကြောင့် တခြားလူများကလည်း သူတို့နှင့် အမီလိုက်နိုင်ရန် တစ်ဦးကိုတစ်ဦး ပူးကပ်လျက် လိုက်ပါသွားခဲ့ကြသည်။


လှေကားထိပ်ရှိ မီးလုံးမှာ ပျက်စီးနေသောကြောင့် ဧည့်ခန်းမှ ကျန်ရှိသော အလင်းရောင်လေးများကသာ ခပ်ဖျော့ဖျော့ လင်းနေခဲ့လေ၏။


ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်မှိုင်းညှို့နေပေသည်။


လှေကားပေါ်သို့ မြင့်တက်လာလေလေ ပို၍မှောင်မိုက်လာလေဖြစ်ပြီး သားရဲတစ်ကောင်၏ ပါးစပ်ကြီးထဲသို့ တိုးဝင်နေရသကဲ့သို့ ခံစားရစေ၏။


လှေကားလက်ရန်းတစ်လျှောက်တွင် စီတန်းရပ်နေသော ဖယောင်းရုပ်တုကြီးများက လှေကားအတိုင်း တက်သွားသူများကို သေမင်းထံသို့ ပို့ဆောင်ပေးနေသည်ကို စောင့်ကြည့်နေကြသကဲ့သို့ လှေကားဘက်သို့ မျက်နှာမူထားကြလေသည်။


ချန်ချိုက်ရှင်းက အုပ်စု၏ အနောက်ဆုံးမှ လျှောက်လှမ်းလာပြီး ကလေးငယ်သည်လည်း သူ၏နောက်မှ စိုးရိမ်တကြီး လိုက်ပါလာခဲ့သည်။



*