Ch 2
Viewers 514

အခန်း(2) ဖယောင်းရုပ်ပြတိုက်(2)


ချန်ချိုက်ရှင်း ခြေလှမ်း နှစ်လှမ်းပင် ပြည့်အောင်မလှမ်းရသေးမီ အနောက်ဘက်မှ လက်တစ်ဖက်က ဆန့်ထွက်လာပြီး သူ၏ အင်္ကျီလက်ကို ဂရုတစိုက် ဆွဲလိုက်သည်ကို ခံစားလိုက်ရလေသည်။ 


ချန်ချိုက်ရှင်းအနေဖြင့် ဤကလေးက တုန်လှုပ်ကြောက်ရွံ့နေသည်ကို သိရှိနေခဲ့သည်။ 


သူက ဤနေရာမှ ထူးဆန်းမှုများကို တွေးတောမိသော်လည်း မပြောခဲ့ဘဲ ကလေးကိုသာ တစ်ချက်လှည့်ကြည့်လိုက်လေ၏။


“ကောကော” 


ကလေးငယ်က အားကိုးရာမဲ့ပြီး နာခံတတ်သော၊ နူးညံ့ပျော့ပြောင်းသော အမူအရာလေးဖြင့် ခေါ်လိုက်သည်။


ကလေးများကို သဘောမကျတတ်သော ချန်ချိုက်ရှင်းပင်လျှင် ထိုအချိန်တွင် မရက်စက်နိုင်တော့ပေ။


သူသည်လည်း လူသစ်တစ်ယောက်သာ ဖြစ်ပေသည်။ ဤနေရာသို့ ရောက်ချိန်တွင် တည်ငြိမ်နေသကဲ့သို့ ပြသထားသော်လည်း တကယ်တမ်းတွင် သူကိုယ်တိုင်ပင် ရှုပ်ထွေးနေခဲ့ပြီး မည်သည့်အရာကိုမှ အာမမခံနိုင်သည့် အခြေအနေဖြစ်နေခဲ့သည်။


“မင်းလုပ်ချင်သလိုသာ လုပ်တော့” 


ချန်ချိုက်ရှင်း အရှေ့သို့ပြန်လှည့်ပြီး လှေကားပေါ်သို့ ဆက်လက်တက်သွားခဲ့လေ၏။


ချန်ချိုက်ရှင်းအနေဖြင့် သူ၏နောက်မှ အဖြစ်အပျက်များကို မမြင်နိုင်ပေ။ ကလေးငယ်က ချန်ချိုက်ရှင်း၏ လက်ကို ကိုင်ထားရင်း အနည်းငယ် တုန်ယင်နေသော်လည်း ထိုသည်မှာ ကြောက်လန့်၍ မဟုတ်ပါချေ။ 


ကလေးငယ်၏ မျက်ဝန်းများက တောက်ပနေပြီး သူသည်က သိသိသာသာပင် စိတ်အခြေအနေ ကောင်းမွန်နေပုံရ၏။ 


သူ၏ နှုတ်ခမ်းထောင့်များမှာလည်း အနည်းငယ် မြင့်တက်နေပြီး ချန်ချိုက်ရှင်း၏ အနောက်မှနေ၍ လှေကားထစ်များကို တစ်ထစ်ချင်း အသာအယာလိုက်ပါလာခဲ့လေသည်။ 


သူက တစ်စုံတစ်ခုကို အာရုံခံမိသောကြောင့် အနောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။ 


မူလက ချစ်စဖွယ်ကောင်းပြီး နာခံတတ်သော အမူအရာမှာ ရုတ်ချည်းပင် အသက်မဲ့သွားပြီး အောက်ထပ်သို့ မှိုင်းညှို့သော အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်လေသည်။


မှောင်မိုက်နေသော လှေကားအောက်တွင် ရပ်နေကြသည့် အသက်မဲ့သော ဖယောင်းရုပ်တုကြီးများမှာ မည်သည့်အချိန်က အသက်ဝင်လာကြောင်းကို မသိပါချေ။


ကောက်ကျစ်ယုတ်မာသော မျက်လုံးများက လှေကားပေါ်ရှိ လူစုကို စိုက်ကြည့်နေခဲ့ကြသည်။


သို့သော်လည်း ကလေးငယ်၏ အကြည့်နှင့် ဆုံမိသွားသောအချိန်တွင်မူ သူတို့က ချက်ချင်းပင် တောင့်တင်းသွားကြလေ၏။


သူတို့ထံမှ ဖယောင်သံသဲ့သဲ့ ထွက်ပေါ်လာပြီး ထိတ်လန့်စွာဖြင့် ခေါင်းများကို အနည်းငယ်ပြန်ငုံ့သွားခဲ့ကြသည်။


ချန်ချိုက်ရှင်းက တစ်စုံတစ်ရာကို ကြားလိုက်ရသည့်အလား ခြေလှမ်းများကို ရပ်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်လေသည်။




“ကောကော?” 


ကလေးငယ်၏ စိုစွတ်နေသော ကာကီရောင်မျက်ဝန်းအစုံက ရှဉ့်ကလေးတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ဝေ့ဝိုက်ကြည့်ရှုနေပြီး စိုးရိမ်တကြီး အသံတိုးတိုးလေးဖြင့် မေးမြန်းလိုက်သည်။


“ဘာဖြစ်လို့လဲဟင် ကောကော”


ချန်ချိုက်ရှင်း: “ဘာမှမဟုတ်ပါဘူး၊ မင်း အရှေ့ကနေ လျှောက်လိုက်လေ”


လှေကားက ကျဉ်းမြောင်းသော်လည်း လူနှစ်ဦး ဘေးချင်းယှဉ်၍ သွားလာနိုင်ပေသည်။ ချန်ချိုက်ရှင်းက ကလေးငယ်ကို သူနှင့်အတူ ယှဉ်တွဲ၍ လျှောက်စေခဲ့၏။


ကလေးငယ်သည်လည်း ချက်ချင်းပင် အလိုလိုက်စေလိုသော အပြုံးလေးဖြင့် နာခံတတ်စွာနှင့် လျင်မြန်စွာ ပြောလိုက်သည်။


“ကောကောက တကယ် လူကောင်းတစ်ယောက်ပဲ”


ချန်ချိုက်ရှင်းအနေဖြင့် မူလတန်းကျောင်းသားတစ်ဦးထံမှ ‘လူကောင်းကတ်’ကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်း ဖြစ်ပေသည်။ 


သူက ကလေးငယ်၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ပြီး မည်သည်ကိုမှမပြောခဲ့ပါချေ။


တစ်စုံတစ်ယောက်က ဒုတိယထပ်ရှိ မီးများကို ဖွင့်လိုက်သောကြောင့် ခဏအကြာတွင် မီးရောင်များက လင်းထိန်လာခဲ့၏။ 


မီးရောင်ရရှိလာသည်နှင့်အမျှ ၎င်းတို့က ပို၍ သတ္တိရှိလာကြကာ အသစ်ရောက်လာသူများသည်လည်း ထိတ်လန့်ချောက်ချားနေမှုများကြားမှ အသိစိတ် ပြန်လည်ရောက်ရှိလာကြပုံရသည်။


တစ်စုံတစ်ယောက်: “ကျွန်မတို့တွေ တစ်ခန်းတည်း အတူနေလို့ ရမလား”


“ကျင်းကော၊ ကျွန်မ ရှင်နဲ့ အတူနေလို့ ရမလား” 


မိန်းကလေးတစ်ဦး၏ နူးညံ့ချိုသာသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။


“ဟုတ်တယ်၊ လူများရင် ပိုပြီး အင်အားရှိတာပေါ့”


ကျင်းကောက ထိုမိန်းကလေးကို အကြည့်တစ်ချက်မျှပင် မပေးဘဲ အလယ်ရှိ ဧည့်သည်ခန်းတစ်ခန်းကို ရွေးချယ်လိုက်ကာ လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ပြောလိုက်သည်။


“ကျောက်ကော၊ ငါတို့ တစ်ခန်းတည်း နေရအောင်”


“ဒါဆိုရင် ကျွန်တော် ဝမ်ကောနဲ့ အတူနေလိုက်မယ်” 


ဟောက်ဇီက အလျင်အမြန် ပြောလိုက်ပြီး အသစ်ရောက်လာသူများကို အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။


“အခန်းတစ်ခန်းထဲမှာ လူအများကြီး ပြည့်ကျပ်နေတာ မကောင်းဘူး၊ ဒါဆိုရင် မနက်ဖြန် အခြေအနေတွေကို စူးစမ်းဖို့ အားရှိမှာ မဟုတ်ဘူး၊


လူတိုင်းပဲ နှစ်ယောက်တစ်ခန်းစီ ခွဲအိပ်ကြလေ သတိနဲ့ နေထိုင်မယ်ဆိုရင် အဆင်ပြေသွားမှာပါ”


ဝါရင့်ကစားသမား လေးဦးက နှစ်ယောက်တစ်ခန်းစီ ခွဲဝေလိုက်ကာ သူတို့ရွေးချယ်ထားသော အခန်းများအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြလေ၏။


အသစ်ရောက်လာသူများသာ ထိုနေရာ၌ပင် ကျန်ရစ်ခဲ့ပြီး ဗလာ ဖြစ်နေသော အခန်းများကို ကြည့်ကာ တုံ့ဆိုင်းနေခဲ့ကြသည်။


သူတို့အထဲတွင် ဝါရင့်သူများ၏ အခန်းဘေးရှိ အခန်းများကို အရင်ဦးအောင် ယူလိုက်ကြသော ပါးနပ်သူများလည်း ရှိနေခဲ့၏။ ချန်ချိုက်ရှင်းတစ်ယောက် NPC ပြောသွားခဲ့သော ‘သန်းခေါင်ကျော်လျှင် အခန်းပြင်သို့ လုံးဝမထွက်ပါနှင့်’ ဟူသော စကားကို သတိရလိုက်မိသည်။ 


သူ၏ လက်ပတ်နာရီကို ကြည့်လိုက်လျှင် အချိန်က ရွေ့လျားခြင်းမရှိဘဲ (၁၁)နာရီ (၄၀) မိနစ်တွင်သာ ရပ်တန့်နေလေ၏။


ဤအချိန်မှာ သူ အလုပ်ဆင်းပြီး လမ်းတွင်ပိတ်မိနေသည့် အချိန် ဖြစ်သည်။


ချန်ချိုက်ရှင်း ထိုအချိန်ကို ရှင်းလင်းစွာ မှတ်မိနေခဲ့၏။ ကြည့်ရသည်မှာ အပြင်ဘက်လောကနှင့် ဂိမ်းအတွင်းရှိ အချိန်တို့က ကွဲပြားနေပုံရသည်။


 ဤနေရာ၌ အချိန်မည်မျှရှိနေကြောင်းကို သူ မသိရှိပေ။ သူလည်း အချိန်ဆွဲမနေတော့ဘဲ ရွေးချယ်ထားသော အခန်းသို့ သွားလိုက်လေ၏။


သူ အခန်းထဲသို့ ဝင်တော့မည့်အချိန်တွင်  အမျိုးသမီးငယ်တစ်ဦးက တံခါးအပြင်ဘက်၌ ရပ်ကာ နူးညံ့စွာ ပြောလာခဲ့သည်။ 


“ဟဲလို၊ ကျွန်မ ရှင်နဲ့ တစ်ခန်းတည်း အတူနေလို့ ရမလား”


တံခါးဝတွင် ရှိနေသော ကလေးက တောင့်တင်းသွားပြီး သူ၏ စိုစွတ်နေသော မျက်ဝန်းများဖြင့် ချန်ချိုက်ရှင်းကို အားကိုးရာမဲ့စွာ ကြည့်နေခဲ့သည်။ သို့သော်လည်း သူက အကူအညီတောင်းရန် စကားတစ်လုံးမျှ မဟခဲ့ပေ။


“စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ လူပြည့်နေပါပြီ”


ချန်ချိုက်ရှင်းက ထိုမိန်းကလေးကို ငြင်းပယ်လိုက်ပြီး တံခါးဝရှိ ကလေးငယ်၏ ခေါင်းကို ပုတ်လိုက်သည်။


“ဝင်တော့” 


ထို့နောက် စင်္ကြံလမ်းတွင် ရပ်နေသော မိန်းကလေးကိုလည်း  သတိပေးလိုက်လေ၏။


“အခန်းထဲကို အမြန်ဆုံးပြန်တာ အကောင်းဆုံးပါပဲ၊ ညဘက်တွေမှာ အပြင်ကိုမထွက်ပါနဲ့” 


လက်ရှိတွင် လူသစ် ရှစ်ယောက်သာ အသက်ရှင် ကျန်ရစ်တော့၏။


အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦး ဖြစ်ပေသည်။ တခြား လူလတ်ပိုင်းအမျိုးသား နှစ်ဦးမှာလည်း လွန်ခဲ့သော အချိန်ကတည်းက အသင်းဖွဲ့ထားပြီး ဖြစ်ပေ၏။ 


ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ် မူလတန်းကျောင်းသားလေးမှာ ကြည့်လိုက်သည်နှင့် ချက်ချင်း သေဆုံးသွားနိုင်ကြောင်းကို သိနိုင်သောကြောင့် သူထံမှ လုံခြုံမှုမျိုးမှ ခံစားရမည် မဟုတ်ပေ။


ထို့ကြောင့် အမျိုးသမီးနှစ်ဦးသည်လည်း ထိုမူလတန်းကျောင်းသားနှင့် အသင်းဖွဲ့ရန် စိတ်ကူးမရှိပါချေ


ထို့အတွက် စင်္ကြံလမ်းရှိ မိန်းကလေးများက ချန်ချိုက်ရှင်းကိုသာ မျက်စိကျနေကြခြင်းဖြစ်ပေသည်။


ဤလူငယ်မှာ ချောမောလှပပြီး သွယ်လျသော်လည်း အမျိုးသားတစ်ဦး ဖြစ်နေဆဲပင်။ ထိုမိန်းကလေးမှာ အမှန်တကယ် စိတ်လှုပ်ရှားနေခဲ့ပြီး ငြင်းပယ်ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။


မိန်းကလေးက သူမ၏ နှုတ်ခမ်းကို ကိုက်လျက် တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း ကလေးငယ်က တံခါးပိတ်လိုက်သည်ကိုသာ မြင်လိုက်ရပေသည်။ 


တံခါးပိတ်နေချိန်တွင် ထိုကောင်လေးက သူမကို ကြည့်လိုက်သော အကြည့်ကြောင့် သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားရ၏။ 


သူမ သေသေချာချာ ပြန်ကြည့်လိုက်သောချိန်တွင်တော့ တံခါးမှာ ပိတ်သွားပြီဖြစ်ရာ မတိုင်ခင်က မြင်လိုက်ရသော အသက်မဲ့သည့် အကြည့်များမှာ သူမ၏ စိတ်ကူးယဉ်မှုများလားဟူ၍သာ တွေးလိိက်မိလေ၏။


အခန်းတွင်း၌ ပန်းပွင့်လေးများ ခပ်ကျဲကျဲပါရှိသော ဝါကျင်ကျင် နောက်ခံစက္ကူများကို ကပ်ထားလေ၏။ မီးဖွင့်ထားသော်လည်း အခန်းတစ်ခုလုံးမှာ ဟောင်းနွမ်းနံစော်သော အနံ့အသက်များဖြင့် ပြည့်နှက်နေပေသည်။ 


ပြတင်းပေါက်နားရှိ ထောင့်တစ်နေရာတွင် (၁.၅) မီတာခန့်ရှိသော  ခုတင်ငယ်လေးတစ်ခုကို ချထား၏။ အိပ်ရာ၏ ခြေရင်းဘက်တွင်တော့ တံခါးနှစ်ချပ်ပါသော ဗီရိုကြီးတစ်လုံး ရှိနေပေသည်။


ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ထိုတံခါးနှစ်ချပ်ပါဗီရိုက လူအများကို မကောင်းသော အငြိုးအတေးများနှင့် ဆက်စပ်တွေးတောမိစေရန် လှုံ့ဆော်နေသကဲ့သို့ ရှိနေခဲ့သည်။ 


သူတို့ အိပ်ပျော်သွားသည့်အချိန်တွင် ထိုဗီရိုထဲမှ တစ်စုံတစ်ရာ ထွက်လာပြီး အိပ်ရာပေါ်သို့ တက်လာတော့မည့်အလား ခံစားရစေ၏။


ချန်ချိုက်ရှင်း မျက်မှောင်ကြုတ်လျက် လက်ကိုဆန့်ကာ ဗီရိုကို ဖွင့်ကြည့်လိုက်သည်။ အဝတ်ဟောင်းတချို့မှလွဲ၍ တခြားမည်သည့်အရာမျှ မရှိပေ။


“ကောကော၊ ဘာတွေရှာနေတာလဲ” 


ကလေးက ချန်ချိုက်ရှင်း၏ နောက်ဘက်တွင် ရပ်ကာ ခေါင်းလေးကိုစောင်းလျက် မေးလိုက်၏။


ချန်ချိုက်ရှင်းလည်း သက်ပြင်းတစ်ချက်ကိုသာ တိတ်တဆိတ်ချလိုက်ပြီး ပြောလိုက်ပေသည်။


“ဘာမှမဟုတ်ပါဘူး၊ စောစောအိပ်ကြရအောင်” 


သူ၏ ကိုယ်ပိုင်စိတ်ကူးယဉ်မှုကြောင့်  ကြောက်လန့်နေခြင်းဖြစ်ကြောင်း သူ လုံးဝ ထုတ်ဖော်မပြောနိုင်ပေ။


“ကောင်းပါပြီ” 


ကောင်ငယ်လေးက နာခံတတ်စွာ ခေါင်းညိတ်ပြပြီး အိပ်ရာပေါ်သို့ တွားတက်သွားလေသည်။


ချန်ချိုက်ရှင်းသည်ကား လက်တွေ့ဘဝတွင်ပင် ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်များကို သိပ်ပြီး မကြည့်တတ်သူဖြစ်ပေ၏။ ထိုရုပ်ရှင်များ၏ ရိုက်ခတ်မှုက ပြင်းထန်လွန်းသည်။ 


သူ့အနေဖြင့် ရုပ်ရှင်ကြည့်ပြီး နှစ်ရက်၊ သုံးရက်ကြာသည်အထိ မြင်တွေ့ခဲ့ရသော ဇာတ်ဝင်ခန်းများနှင့်ပတ်သက်ပြီး ဇာတ်လမ်းများကို အလိုအလျောက် စိတ်ကူးယဉ်နေတတ်၏။ 


နေ့စဉ်နေ့တိုင်း ထိုစိတ်ကူးထဲတွင် ရောက်ရှိနေတတ်ပြီး ကြောက်လန့်တုန်လှုပ်နေတတ်သောကြောင့် သူသည်က ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်များကို မကြည့်ရန်သာ ရွေးချယ်လေ့ရှိပေသည်။


လက်ရှိတွင်တော့ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ သူ ရှောင်လွှဲ၍ မရနိုင်တော့ပေ။ သူ၏ဘေးတွင်လည်း သူ့ကို အားကိုးနေသည့် ကလေးတစ်ယောက် ရှိနေသေးသည်။


မည်သို့ပင်ဆိုစေ ဤမူလတန်းကျောင်းသားလေး၏ ရှေ့တွင် သူ အရှက်ကွဲ၍ မဖြစ်ပေ။


သူ ဘာများလုပ်နိုင်ဦးမှာလဲ။


သေချာပေါက် ယောကျာ်းပီပီသသနှင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားရုံသာ တတ်နိုင်လိမ့်မယ်။


ချန်ချိုက်ရှင်းတစ်ယောက် NPC ပေးခဲ့သော အချက်အလက်များကို စဉ်းစားရင်း သူ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ကာ ကောင်လေးနှင့် စကားစပြောလိုက်၏။


“ရှောင်ဖုန်းယို၊ မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ၊ အသက် ဘယ်လောက်ရှိပြီလဲ”


“ကောကော၊ ကျွန်တော့်နာမည်က ယွမ်ကျို့ဝမ်လို့ခေါ်တယ်၊ အခု အသက် ခုနစ်နှစ်ရှိပါပြီ၊ မူလတန်း ဒုတိယနှစ် တက်နေတာ”


စက္ကန့်အနည်းငယ် ကြာပြီးနောက် ချန်ချိုက်ရှင်းတစ်ယောက် စကားပြန်မပြောနိုင်တော့ဘဲ အိပ်ရာကို ကျောပေးလျက် ထိုနေရာ၌ပင် တောင့်တင်းသွားပေသည်။


“ကောကော? ကောကော ဘာဖြစ်လို့လဲဟင်”


ချန်ချိုက်ရှင်း၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူလျော့နေခဲ့ပြီး ရုပ်ဆိုးလွန်းလှသည့် အနေအထားသို့ ရောက်ရှိနေခဲ့သည်။ 


သူက သူ ချွတ်လိုက်သော အင်္ကျီပွကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ထားဆဲပင်။ 


လက်ရှိတွင် သူ၏ ခေါင်းကိုငုံ့ထားပြီး သူ၏မျက်လုံးများက ဝမ်းဗိုက်ပေါ်၌သာ ရပ်တန့်နေခဲ့ကာ အချိန်အတော်ကြာအောင် မျက်တောင်မခတ်ဘဲ ငေးကြည့်နေခဲ့လေ၏။




*