အခန်း(6) ဖယောင်းရုပ်ပြတိုက်(6)
‘အိမ်ကိုစောစောပြန်ရခြင်း’ ဟူသော စကားမှာ ဝမ်ရှောင်ရှောင်ကို စိတ်ပြောင်းသွားစေခဲ့၏။
ဤဝါရင့်ကစားသူများမှာ မကောင်းသောရည်ရွယ်ချက်များရှိနေသည်ဟု သူမ ခံစားရသော်လည်း သရဲများ ပြည့်နှက်နေသော ဤကမ္ဘာတွင် လူများသည့်နေရာက ပို၍ လုံခြုံမှုရှိသည်ဟု သူမ ယူဆလိုက်ပေသည်။
“တောင်းပန်ပါတယ်”
ဝမ်ရှောင်ရှောင်က ချန်ချိုက်ရှင်းကို တီးတိုးလေး ပြောလိုက်၏။
ချန်ချိုက်ရှင်းသည်လည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပေသည်။
ဟောက်ဇီက ရယ်မောလိုက်သည်။
“ဒီမှာ မူလတန်းကျောင်းသားလေးလည်း ရှိသေးတာပဲ၊ ညီလေးကရော ဘာလုပ်ချင်လဲ”
“ကျွန်တော် ကောကောနဲ့ပဲ အတူနေမှာ”
ယွမ်ကျို့ဝမ်က သူ၏ စကားများ မပြတ်သားမည်စိုး၍လားမသိ၊ ချန်ချိုက်ရှင်း၏ ပေါင်ကိုပင် ဖက်ထားခဲ့သည်။
ချန်ချိုက်ရှင်းတစ်ယောက် သူ၏ပေါင်ကို ဖက်ထားသော ထိုမူလတန်းကျောင်းသားလေးကို ငုံ့ကြည့်လိုက်၏။
အရမ်းကောင်းတယ်။ ဒါက ဟန်ဆောင်ပြဖို့အကောင်းဆုံးအခြေအနေပဲ။
“ဟားဟားဟား.. မင်းတို့သဘောပါပဲလေ၊ မင်းတို့သဘောပါပဲ”
ဟောက်ဇီက လှောင်ပြောင်လိုသည့်အသံဖြင့် အားရပါးရ ရယ်မောလိုက်လေ၏။ ပြီးနောက် တစ်ဖက်သို့လှည့်၍ ပြောလိုက်ပသည်။
“ကျင်းကော စိတ်မဆိုးပါနဲ့၊ ဒီအသုံးမကျတဲ့ ကောင်လေးနှစ်ယောက်က ဒီညကို လွန်အောင်တောင် အသက်ရှင်မှာ မဟုတ်ဘူး”
သူက ချန်ချိုက်ရှင်း၏ ရှေ့တွင်ပင် တိုက်ရိုက်ဆဲဆိုပြီး သူတို့ကသာ အင်အားရှိသည်ဟု ပြောင်ပြောင်တင်းတင်း ပြောဆိုသွားခဲ့သည်။ သူက ချန်ချိုက်ရှင်းနှင့် ယွမ်ကျို့ဝမ်တို့ကို အဖက်ပင် မလုပ်တော့ပေ။
သွယ်လျချောမောသော လူငယ်တစ်ဦးနှင့် သူ၏ နောက်ကွယ်မှ ဒုက္ခပေးမည့် မူလတန်းကျောင်းသားလေး..
ဤကဲ့သို့သော အဖွဲ့မျိုးမှာ ထိတ်လန့်ဖွယ်ရာ ဂိမ်းများတွင် ‘သေတွင်းတူးသူ’ သို့မဟုတ် ‘အသုံးမကျသူ’ ဟူသော အဓိပ္ပာယ်ပင် ဖြစ်ပေသည်။
ချန်ချိုက်ရှင်းသည်လည်း စကားနာထိုးသည့်ပွဲတွင်ပါဝင်ရန် အစီအစဉ်မရှိပေ။ သူက သူ၏ပေါင်ကို ဖက်ထားသော ကလေး၏ ခေါင်းကို ပုတ်ပေးလိုက်ကာ ထွက်သွားရန် ပြင်လိုက်၏။
ယွမ်ကျို့ဝမ်သည်လည်း ပြောသည့်အတိုင်း နာခံကာ ချန်ချိုက်ရှင်း၏ လက်ကို ဆုတ်ကိုင်လိုက်ပေသည်။
သူတို့ နှစ်ဦး ဧည့်ခန်းမှ ထွက်ခွာသွားချိနာတွင် ယွမ်ကျို့ဝမ်က တိတ်တဆိတ် နောက်သို့ လှည့်ကြည့်လိုက်လေ၏။
သူ၏ ချစ်စဖွယ်ကောင်းပြီး သနားစဖွယ် မျက်နှာအမူအရာမှာ ရုတ်ချည်းပင် တည်ငြိမ်သွားပြီး သူ၏ အေးစက်သော မျက်ဝန်းများဖြင့် ဟောက်ဇီကို စိုက်ကြည့်လိုက်သည်။
ဟောက်ဇီတစ်ယောက်အကြောင်းရင်းမရှိဘဲ တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်ကာ တုန်သွားရလေသည်။
ဖယောင်းရုပ်ပြတိုက်မှာ မသေးငယ်လှပါချေ။ ဝါရင့်ကစားသူများ၏ အမိန့်ပေးမှုဖြင့် ရှစ်ဦးသောအုပ်စုမှ အခန်းများကို စတင်ရှာဖွေကြလေ၏။
ချန်ချိုက်ရှင်းသည်က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် မနေ့ညက သေဆုံးသွားသော ဦးလေးကြီး၏ အလောင်းမှာ ပျောက်ကွယ်နေပြီ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
ဝါရင့်သူကစားများက အောက်ထပ်သို့ စောစောရောက်နှင့်နေခဲ့ကြသည်။ထို့အပြင် ပြတင်းပေါက်မှာလည်း ကြီးမားလွန်းသောကြောင့် ထိုအလောင်းပျောက်နေသည်တို့ သတိထားမိမည်က သေချာပေသည်။
သို့သော်လည်း မည်သူကမျှ ထုတ်မပြောကြပေ။ ဝါရင့်ကစားသူများက အလောင်း ပျောက်ကွယ်သွားခြင်းအပေါ် အံ့သြခြင်းမရှိဘဲ တည်ငြိမ်နေကြပုံရသည်။
ချန်ချိုက်ရှင်းမှာ ထိုအလောင်း မည်သည့်နေရာသို့ ရောက်သွားသည်ကို သိလိုစိတ် ပြင်းပြနေမိ၏။
“ကောကော? အပြင်ကို ထွက်ကြည့်ချင်လို့လား”
ယွမ်ကျို့ဝမ်က ချန်ချိုက်ရှင်း ကြည့်နေသည့်နေရာကို လိုက်ကြည့်ရင်း ခေါင်းလေးစောင်းကာ ချစ်စဖွယ်ဟန်ပန်ဖြင့် မေးလိုက်လေသည်။
ချန်ချိုက်ရှင်းလည်း သူ့အပေါ်တွင် အပြည့်အဝ ယုံကြည်အားကိုးနေသော ဤကလေးငယ်ကို ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် ဘော့စ်တစ်ဦးကဲ့သို့ ဂုဏ်ယူနေမိသော်လည်း မည်သည့်အရာကိုမှ ပြန်မပြောခဲ့ပေ။
မူလတန်းကျောင်းသားတစ်ယောက်၏ ခေါင်းဆောင်ဖြစ်ရသည်က အနည်းငယ်တော့ ကိုးယိုးကားယားနိုင်နေခဲ့သည်။
“ကျင်းကော၊ ဟိုနှစ်ယောက် အပြင်ကိုထွက်သွားပြီ”
ဟောက်ဇီ သတင်းပို့လိုက်၏။
“ခဏစောင့်ဦး၊ သူတို့ မသေရင် ငါတို့လည်း သွားကြတာပေါ့”
ကျင်းကော၏ စကားကြောင့် သူ၏ဘေးနားရှိ ကျောက်အမည်ရှိသူက ပြောလာခဲ့သည်။
“ငါတို့တွေ တတိယထပ်ကိုလည်း သွားဖို့ လိုသေးတယ်”
“မနက်ဖြန်ကျရင် လူသစ်တွေကိုပဲ အစမ်းအဖြစ် လွှတ်လိုက်မယ်”
ဖယောင်းရုပ်ပြတိုက်၏ အပြင်ဘက်တွင် မြက်ခင်းပြင်တစ်ခု ရှိနေပြီး အတော်လေးပုသော ခြံစည်းရိုးမှာလည်း ဆေးဖြူများပင် ကွာကျနေခဲ့သည်။
ထိုခြံစည်းရိုး၏ အပြင်ဘက်တွင် ထူထပ်သော မြူနှင်းများက ဝန်းရံထားလေ၏။
လူတို့တွင် ဘေးအန္တရာယ်ကို ကြိုတင်သိရှိနိုင်သော အသိစိတ် ရှိတတ်ကြပေသည်။
မည်သို့ပင်ဖြစ်စေ ချန်ချိုက်ရှင်းအနေဖြင့် ထိုမြူထုကြီးနှင့် နီးနီးကပ်ကပ် မသွားသင့်ကြောင်းကို ခံစားလိုက်ရ၏။
သို့သော် မြူထုအတွင်းပိုင်း ဧရိယာထဲတွင် သွားလာလှုပ်ရှားရသည်ကတော့ ပြဿနာမရှိပါချေ။
ဤအိမ်ကြီးက လူသူကင်းဝေးရာတွင် တစ်သီးတစ်သန့်နိုင်စွာ ထီးထီးကြီး ရပ်တည်နေပေသည်။
မြက်ခင်းပြင်ကို မည်သူကမျှ ဂရုတစိုက် ပြုပြင်ထိန်းသိမ်းခြင်း မရှိသောကြောင့် ၎င်းတို့က ဝါကျင်ကျင်ဖြစ်နေကာ ညှိုးနွမ်းနေခဲ့လေ၏။
ချန်ချိုက်ရှင်းတစ်ယောက် ဤအချိန်က ဆောင်းဦးရာသီဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
ခြံထဲတွင် အိမ်နောက်ဖက်သို့ ဦးတည်ထားသော လမ်းကျဉ်းလေးတစ်ခု ရှိ၏။ ချန်ချိုက်ရှင်းက အနောက်ဘက်သို့ သွားနေချိန်တွင် သူ၏လက်ကို ဆွဲထားသော အားက ပို၍ တင်းကျပ်လာသည်ကို သတိပြုလိုက်မိလိုက်သည်။
သူ ခေါင်းငုံ့ကြည့်လိုက်လျှင် ယွမ်ကျို့ဝမ်၏ အလွန်အမင်း တင်းမာနေသော မျက်နှာအမူအရာကို သတိပြုမိလိုက်လေ၏။ လွန်ခဲ့သော အချိန်တိုအတွင်း ဤမူလတန်းကျောင်းသားလေးက သူ၏ဘေး၌ ရပ်တည်ပေးခဲ့သည်။
လက်ရှိတွင် သူက ဘော့စ်တစ်ဦး ဖြစ်လာခဲ့သောကြောင့် တာဝန်ကိုကျေပွန်စွာနှင့် ကြိုးစားအားထုတ်ရမည်ပင်။
“မင်း ကြောက်နေတာလား”
“အင်း”
ယွမ်ကျို့ဝမ်က သူ၏ ပါးဖောင်းဖောင်းလေးများကို လှုပ်ရမ်းလျက် ခေါင်းညိတ်ပြ၏။ သူက သူ၏ မျက်နှာလေးကိုမော့ပြီး နာခံစွာ ပြောလာခဲ့သည်။
“ဒါပေမဲ့ ကောကောကသာ ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်ထားရင် ကျွန်တော် မကြောက်တော့ဘူး”
ဘယ်လောက်တောင် ချစ်စရာကောင်းလိုက် ကလေးလဲ!
သူ့ကို လေးလေးနက်နက် ယုံကြည်နေတဲ့ မျက်ဝန်းများကို ကြည့်ကြည့်ဦး။ မြှောက်ပြောနေတဲ့ စကားတွေကိုလည်း နားထောင်လိုက်ဦး!
အဟွတ် အဟွတ်!
“လိမ္မာလိုက်တဲ့ကောင်လေး”
ချန်ချိုက်ရှင်းက ယွမ်ကျို့ဝမ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
သူ၏ နူးညံ့သော ခေါင်းလေးမှာ အမှန်တကယ်ပင် ချစ်စဖွယ် ကောင်းလွန်းပေ၏။
သို့သော်လည်း အိမ်နောက်ဖေးသို့ ရောက်ချိန်တွင် ချန်ချိုက်ရှင်း၏ စိတ်တို့က လေးလံသွားရသည်။
အိမ်နောက်ဖေး ထောင့်တစ်နေရာတွင် သစ်ကိုင်းသစ်ရွက်များဖြင့် ဝေဆာနေသော သစ်အယ်သီးပင်ကြီးတစ်ပင် ရှိနေ၏။ ချန်ချိုက်ရှင်းအနေဖြင့် ထိုအပင်၌ အသီးများ သီးနေသောကြောင့်သာ သစ်အယ်သီးပင် ဖြစ်ကြောင်း သိရှိလိုက်ရခြင်းဖြစ်သည်။
တစ်ဆက်တည်းတွင်ပင် ပျောက်ကွယ်သွားသော ဦးလေးကြီး၏ အလောင်းမှာ သစ်ကိုင်းတစ်ခုပေါ်၌ ချိတ်ဆွဲခံထားရသည်ကိုလည်း မြင်တွေ့လိုက်ရပေသည်။
“...သစ်ပင်အောက်မှာ မြေပုံတစ်ခု ရှိနေသလိုပဲ”
ချန်ချိုက်ရှင်း အနီးကပ်ကြည့်ရန်အတွက် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။
“ကောကော၊ ကျွန်တော် ကြောက်တယ်၊ မသွားပါနဲ့”
ယွမ်ကျို့ဝမ်က ရုတ်တရက် ပြောလိုက်ကာ ချန်ချိုက်ရှင်း၏ ပေါင်ကို ပွေ့ဖက်ထားလေသည်။
ချန်ချိုက်ရှင်းတစ်ယောက် တုန်လှုပ်သွားရကာ သတိပြန်ဝင်လာခဲ့ပြီး သူသည်က သစ်ကိုင်းများ၏ အပြင်ဘက်နားတွင်သာ ရပ်တန့်နေခဲ့သည်ကို သတိပြုမိလိုက်၏။
သူ၏ စိတ်ကူးကြောင့်လားတော့မသိသော်လည်း အနီးဆုံးတွင်ရှိနေသော သစ်ကိုင်းတစ်ခုက အနောက်သို့ ပြန်လည် ‘ဆုတ်ခွာ’ သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့အပြင် ထိုအလောင်းက ကြိုးဖြင့် ချိတ်ဆွဲထားခြင်း မဟုတ်ဘဲ သစ်ကိုင်းများက အလောင်း၏ လည်ပင်းကို တင်းကျပ်စွာ ပတ်ထားခြင်း ဖြစ်ပေသည်။
ဤသစ်ပင်မှာ ထူးဆန်းလွန်းသည်။
ချန်ချိုက်ရှင်းသည် ဆက်၍ မနေရဲတော့ဘဲ ပြောလိုက်သည်။
“ပြန်ကြရအောင်”
ပထမထပ်မှ ဧည့်ခန်းထဲတွင် လူအများက ငြင်းခုံနေခဲ့ကြလေ၏။
“...ဝူးဝူး ..ကျွန်မ မဟုတ်ပါဘူး၊ တကယ် မဟုတ်ပါဘူး၊ ကျွန်မ ရှင့်ကို မတွန်းပါဘူး”
ကျောက်ရူက ငိုယိုလျက် ငြင်းဆိုနေခဲ့သည်။
ဒေါသကြီးသော အမျိုးသား၏ မျက်နှာက ပြာနှမ်းနေလေ၏။
“မင်းအမေပဲ ! မင်းမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ ငါ့နောက်မှာ ရှိနေတာ မင်းပဲလေ မင်းကများ ငါ့ကို တွန်းရဲတယ်ပေါ့!”
“မရန်ဖြစ်ကြနဲ့တော့၊ ဒါက ကျိုးသွားပြီပဲ၊ ဘာမှမဖြစ်လောက်ပါဘူး”
ဟောက်ဇီက ကြားဝင်ဖျောင်းဖျနေသော်လည်း သူ၏ မျက်ဝန်းများက တစ်စုံတစ်ခုကို သိချင်စွာ စောင့်ကြည့်နေသည့်အလား တောက်ပနေခဲ့လေ၏။
ချန်ချိုက်ရှင်းက လူများဝိုင်းအုံနေသော နေရာမှ ကြမ်းပြင်ပေါ်ရှိ အပိုင်းပိုင်းပြတ်နေသော အရာကို သတိထား၍ကြည့်လိုက်၏။
ထိုသည်က အလှဆင်ရန် ထားရှိသော ဖယောင်းရုပ်တုတစ်ခုဖြစ်ပေသည်။
မူလက လူအစစ်နှင့် တူလွန်းလှသည်ဟူ၍သာတွေးမိခဲ့သော်လည်း ယခုအချိန်တွင် ကျိုးပဲ့သွားပြီးနောက် အတွင်းဘက်မှ လူအရိုးများရလေ၏။
ဖယောင်းရုပ်များမှာ လူအစစ်များကို အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
ဧည့်ခန်းအတွင်း၌ ထိုကဲ့သို့သော ဖယောင်းရုပ်ပေါင်း အနည်းဆုံး (၄၀) မှ (၅၀) ခန့် ရှိနေပြီး အားလုံးက လူအစစ်နှင့် တူလွန်းသည်။
မနေ့ညက သူတို့ ရောက်ရှိလာစအချိန်တွင် တို့ ဝန်းရံထာ့သည့် ဖယောင်းရုပ်ထုက အတုများဟူ၍ ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျနိုင်ခဲ့သည်။
ယခုတွင်တော့ ... ချန်ချိုက်ရှင်းတစ်ယောက် လူများတွင်သာရှိနိုင်သော အရိုးစုများကို ကြည့်ပြီး စိတ်ထဲမှ ပြင်းပြင်းထန်ထန် ဆဲဆိုမိလေ၏။
သူ ပတ်ဝန်းကျင်ရှိ ဖယောင်းရုပ်များကို ပြန်လည်ကြည့်ရှုလိုက်ချိန်တွင် ပတ်ဝန်းကျင်က ပို၍ပင် မှိုင်းညှို့ပြီး ထိတ်လန့်ဖွယ် ကောင်းလာခဲ့သည်။
“ဘာမှမဖြစ်ပါဘူး၊ ကျိုးသွားရုံနဲ့ ဘာမှမဖြစ်ပါဘူးဟုတ်တယ်မလား၊ သေတဲ့လူက သေပြီးသားပဲလေ၊ ဒါကဘာမှမဖြစ်နိုင်ဘူးမလား
နောက်ပြီး တစ်ယောက်ယောက်က ငါ့ကို တွန်းလိုက်လို့သာ ဒါနဲ့တိုက်မိပြီး အပိုင်းပိုင်းပြတ်သွားတာလေ”
ဒေါသကြီးသော အမျိုးသားမှာ ဝါရင့်ကစားသမားများကို အားကိုးတကြီးနှင့် စိုးရိမ်ပူပန်စွာ မေးမြန်းနေခဲ့သည်။
ဟောက်ဇီက ဝတ်ကျေတမ်းကျေ စကားအချို့ဖြင့်သာ ပြန်ဖြေလိုက်၏။ ကျန်ရှိနေသော ဝါရင့်ကစားသူ သုံးဦးမှ ထိုအမျိုးသားကို သေလူတစ်ယောက်ကဲ့သို့ ကြည့်နေကြသည်ကို ချန်ချိုက်ရှင်း သတိပြုမိလိုက်ပေသည်။
ထိုအမျိုးသားသည်လည်း သူတို့၏အကြည့်ကို ရိပ်မိပုံရပြီး စိတ်ဓာတ်များ ပြိုလဲကာ ကျောက်ရူကိုသာ ဆဲရေးတိုင်းထွာလာခဲ့၏။
နောက်ဆုံးတွင် သူက သူမကို ကိုယ်ထိလက်ရောက် ကျူးလွန်ရန်အထိ ဖြစ်လာခဲ့ပေသည်။ အကယ်၍ ကျောက်ရူကသာ သူ့ကို မတွန်းခဲ့လျှင် သူသည်လည်း ထိုဖယောင်းရုပ်နှင့် တိုက်မိမည် မဟုတ်ပေ။
“အပျက်မ အပျက်မ! တကယ်လို့ ငါသေရင်တောင် နင့်ကိုပါ အဖော်ခေါ်သွားမယ်”
ထိုအမျိုးသား၏ နားထင်တွင် အကြောများ ထောင်လာပြီး ကျောက်ရူ၏ လည်ပင်းကို လက်ဖြင့် တင်းကျပ်စွာ ညှစ်ထားလိုက်၏။
သူသည်က ရူးသွပ်စွာ ဆဲဆိုနေသော်လည်း လူတိုင်းကို ထိတ်လန့်သွားစေသည်မှာ ရုတ်ချည်း ပေါ်ပေါက်လာသော မြင်ကွင်းကြောင်းသာ ဖြစ်ခဲ့ပေသည်။
ကျောက်ရူတစ်ယောက် အသက်ရှူပင် မဝဘဲ အကူအညီတောင်းရန် ကြိုးစားနေချိန်တွင် သူမ၏ရှေ့မှထိုအမျိုးသား၏ မျက်နှာတို့ကအစိတ်အပိုင်းများအဖြစ် ရုတ်တရက်အက်ကွဲသွားခဲ့လေ၏။
သူက အပိုင်းပိုင်းအစစအဖြစ် ကွဲအက်သွားခဲ့ပေသည်။
ထိုအဖြစ်အပျက်များက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။
လူတိုင်း သတိမဝင်မီ ဒေါသတကြီး ဆဲဆိုနေသော ထိုအမျိုးသားမှာ အသားစိုင် အပိုင်းအစများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။
သွေးများက နေရာအနှံ့ လွင်စင်သွားခဲ့လေ၏။
ချန်ချိုက်ရှင်းက ယွမ်ကျို့ဝမ်ကို ကာကွယ်ရန် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ဧည့်ခန်းတစ်ခုလုံးက ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့လေ၏။
*