Ch 7
Viewers 513

အခန်း(7)ဖယောင်းရုပ်ပြတိုက် (7)


ကျောက်ရူက သူမ၏လည်ပင်းကို ကိုင်ထားလျက် အသက်ကို ပြင်းပြင်းရှူနေခဲ့သည်။ သူမက အသက်မဲ့သော အကြည့်များဖြင့် ထိုနေရာ၌ပင် ကြောင်အကာ ရပ်နေပြီး တုန်ယင်စွာ မေးလိုက်မိလေ၏။ 


“သူ... သူ သေသွားပြီလား” 


“ဖယောင်းရုပ် ကျိုးသွားတာက သေခြင်းတရားကို ဖိတ်ခေါ်လိုက်တာပဲ”


ဝါရင့်ကစားသမား ကျောက်က အေးစက်စွာ ပြောလိုက်သည်။


ကျောက်ရူမှာ ကြမ်းပြင်ပေါ်ရှိ အပိုင်းပိုင်းပြတ်နေသော အသားစိုင်များကို မကြည့်ရဲတော့ပေ။ 


ထိုအမျိုးသား၏ ဦးခေါင်းက မပျက်မစီးရှိနေပြီး သေဆုံးခါနီးအထိ သူမကို ဒေါသတကြီးနှင့် ရက်ရက်စက်စက် စိုက်ကြည့်နေဆဲပင်။ 


သူမ ထိတ်လန့်တုန်လှုပ်စွာဖြင့် ခပ်တိုးတိုး မေးလာခဲ့သည်။


“အလောင်း... အလောင်းကို ဘယ်လိုလုပ်မလဲ၊ ဒီအတိုင်းပဲ ထားခဲ့မှာလား၊ မြှုပ်ပေးဖို့ လိုလား” 


ဟောက်ဇီ:”ဂိမ်းက အဲဒီအလောင်းကို ရှင်းလင်းပေးလိမ့်မယ်၊ ဒါမှမဟုတ် မင်းကကိုယ်တိုင် မြှုပ်ပေးချင်လို့လား” 


အပြင်ဘက်မှ အလောင်း ပျောက်ကွယ်သွားချိန်တွင် ဝါရင့်ကစားသူများ မည်သည်ကိုမှမပြောခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်ပေလိမ့်မည်။


ဂိမ်းက အလိုအလျောက် ရှင်းလင်းပေးသွားခြင်း ဖြစ်သော်လည်း ချန်ချိုက်ရှင်းအနေဖြင့် ထိုအခြေအနေက သဲလွန်စတစ်ခု ဖြစ်နေလိမ့်မည်ဟု ခံစားမိနေပေသည်။


ကျောက်ရူတစ်ယောက် လူအများကြားတွင် ဝိုင်းဝန်းအပြောခံလိုက်ရသောကြောင့် ကြောက်လန့်တကြားဖြင့် တိတ်ဆိတ်သွားရလေ၏။ 


သူမအနေဖြင့် ထိုအပိုင်းပိုင်းပြတ်နေသော အသားစိုင်များကို သွားရောက်မြှုပ်နှံပေးရန် သတ္တိရှိမည်မဟုတ်ပါချေ။


“ကျွန်မ တကယ် မတွန်းပါဘူး၊ သူ့ကို ကျွန်မ တကယ် မတွန်းခဲ့ဘူး”


“လူက သေသွားပြီပဲ၊ ပြောနေလို့ ဘာထူးဦးမှာလဲ” 


ကျင်းကောက စိတ်မရှည်စွာဖြင့် ကျန်ရှိနေသော အသက်ရှင်သူများကို ဝေ့ကြည့်လိုက်၏။ 


သူက မျက်မှောင်ကြုတ်လိုက်ကာ တစ်ဖက်လူများကို နှိမ့်ချလိုသောစိတ်ကို မဖုံးကွယ်ဘဲ  ပြောလာသည်။


“ဖာ့ခ်! မိန်းကလေးတွေပဲ ကျန်တော့တာလား” 


ဝမ်ရှောင်ရှောင်တစ်ယောက်ဒေါသထွက်သွားသော်လည်း ပြန်လည်မချေပရဲခဲ့ပါချေ။


ဘန်း!


ထိုအခိုက်တွင် ဧည့်ခန်းတံခါးက ဝုန်းခနဲ ပွင့်သွားခဲ့သည်။


လူတိုင်းက လန့်ဖျန့်သွားကြပြီး ပြန်ကြည့်လိုက်လျှင် ယမန်နေ့က တွေ့ခဲ့သော NPC မစ္စတာဟောက်စ် ရောက်ရှိလာသည်ကို မြင်လိုက်ရလေ၏။


ထိုသူက ကြမ်းပြင်ပေါ်ရှိ အပိုင်းပိုင်းပြတ်နေသော အသားစိုင်များကို ကြည့်ကာ နူးညံ့သောလေသံဖြင့်ပြောလာလေ၏။


“မင်းတို့က အရမ်းဆိုးတာပဲ၊ ကြမ်းပြင်တွေကို ညစ်ပတ်အောင် လုပ်ပစ်လိုက်တယ်၊ ကောင်းပြီ ငါပဲ ရှင်းလိုက်ပါ့မယ် 


ကလေးတို့.. အခု နေ့လယ်စာစားဖို့ အချိန်တန်ပြီ၊ မီးဖိုချောင်ကို သွားစားလို့ရပြီနော်၊ ဒါတွေအတွက် စိတ်မပူပါနဲ့၊ ဒါပေမဲ့ သွေးတွေ ကြမ်းပေါ်မှာ ဖိတ်စင်သွားတာကတော့ တကယ်ကို နှမြောစရာပဲ” 


ချန်ချိုက်ရှင်းတစ်ယောက် ထို NPC ၏ စကားကို ကြားလိုက် တစ်ဖက်လူမှာ လက်ရှိတွင် သူ၏ ဝမ်းမြောက်မှုကို ဖုံးကွယ်ထားသည်ဟု ခံစားလိုက်ရ၏။ 


ထိုသည်က ‘မင်းတို့ လာတာတင် အားနာလှပါပြီ၊ ဒါကို ဒေသထွက်လက်ဆောင်တွေပါ ယူလာပေးကြတာလား’ ဟူ၍ ပါးစပ်က ငြင်းနေသော်လည်း ကိုယ်ခန္ဓာက အလွန်ပင် စိတ်လှုပ်ရှားစွာ လှမ်းယူနေသည့်အလား ရှိနေခဲ့သည်။


ထိုဒေါသကြီးသော အမျိုးသား၏ အသားစိုင်များကို မစ္စတာဟောက်စ် အမှန်တကယ်ပင် သဘောကျနေပုံရသည်။


လူတိုင်း၏ ရှေ့မှာပင် မစ္စတာဟောက်စ်သည် အသားစိုင်များကို သံပုံးတစ်ခုအတွင်း ထည့်ကာ အပြင်သို့ သယ်ဆောင်သွားလေ၏။


ချန်ချိုက်ရှင်းပြတင်းပေါက်မှတစ်ဆင့်  ကြည့်လိုက်လျှင် မစ္စတာဟောက်စ်က အိမ်နောက်ဖေးသို့ သွားနေသည်ကို တွေ့လိုက်ရ၏။


ရုတ်တရက် သူ၏စိတ်ထဲ၌ အလောင်းကိုချိတ်ဆွဲထားသော သစ်ပင်ကြီးကို ပြေးမြင်လိုက်မိသည်။


မီးဖိုချောင် စားပွဲပေါ်တွင် နေ့လယ်စာများက မည်သည့်အချိန်တွင် တည်ခင်းသွားသည်မသိနိုင်ပေ။ မနက်ခင်းက ခြောက်ကပ်နေသော ပေါင်မုန့်နှင့် ညှီစို့စို့ နို့များကဲ့သို့ မဟုတ်ဘဲ အလွန်ပင် ခမ်းနားထည်ဝါလှသော ဟင်းလျာများ ဖြစ်ပေသည်။


အစားအသောက်များက အနောက်တိုင်းစာများ ဖြစ်ကြပေ၏။

ပါစတာ၊ အမဲသားစတေ့ခ်၊ ပင်လယ်စာထမင်းပေါင်းနှင့် မှိုစွပ်ပြုတ်တို့ ဖြစ်ကြသည်။


အမျိုးအစားပေါင်းများစွာရှိပြီး ယခင်က ကျွေးခဲ့သော ပေါင်မုန့်မှာလည်း နူးညံ့ပြီး နို့နံ့သင်းပျံ့သော ပေါင်မုန့်လုံးလေးများအဖြစ် ပြောင်းလဲသွားပေသည်။


“ဂိမ်းထဲက နေ့လယ်စာက ဘာလို့ ဒီလောက်တောင် ခမ်းနားနေရတာလဲ”


မနက်ခင်းက ကျွေးခဲ့သော စံနှုန်းနှင့် ယှဉ်ကြည့်လျှင် ဂိမ်းက သူတို့အပေါ် ဤမျှကောင်းလိမ့်မည် မဟုတ်ဟု ချန်ချိုက်ရှင်း တွေးလိုက်မိ၏။ 


သူက မျက်မှောင်ကြုတ်လျက် စားပွဲပေါ်ရှိ အစားအစာများကို စိုက်ကြည့်နေသော ဝါရင့်သူများကို လှမ်းကြည့်လိုက်လေ၏။ ထိုသူတို့မှာလည်း ချက်ချင်း လက်မဆန့်ထုတ်ခဲ့ကြပေ။ 


သူ့ကဲ့သို့ပင် သံယယဝင်နေကြပုံရသည်။


ဤခမ်းနားလွန်းသော ဟင်းလျာများမှာ ဂိမ်း၏ ယခင်ဟန်ပန်နှင့် လုံးဝ ကိုက်ညီမှု မရှိနိုင်ချေ။


ဝါရင့်သူများ၏ မျက်နှာအမူကို ကြည့်ခြင်းဖြင့် ချန်ချိုက်ရှင်း ကောက်ချက်ချလိုက်သည်။


သူ့အနေဖြင့် မနက်ခင်းက ပေါင်မုန့်ကို အနည်းငယ်ကိုသာ စားခဲ့ရသောကြောင့် အစားအသောက်များမှ အနံ့ရချိန်တွင် အမှန်တကယ် ဆာလောင်နေခဲ့သည်။


သို့သော်လည်း ၎င်းကို စားသင့်၊ မစားသင့် မသေချာပေ။ ကျန်ကစားသမားများမှာလည်း ဝါရင့်ကစားသူများ  ဦးစွာစားမည်ကို စောင့်ဆိုင်းနေကြလေ၏။


ဝါရင့်ကစားသူများမှာလည်း မလှုပ်ကြပေ။


“ကောကော၊ ပေါင်မုန့်က အရမ်းမွှေးတာပဲ” 


ယွမ်ကျို့ဝမ်က သူ၏ ဖြူဖွေးသော လက်ကလေးနှစ်ဖက်ဖြင့် ပေါင်မုန့်လုံးကို ကိုင်ကာ စိတ်ကျေနပ်စွာ စားနေခဲ့သည်။ သူက ခေါင်းလှည့်ပြီးပြောလာပြန်၏။


“ကောကောလည်း စားလေ၊ ကောကော မနက်ကလည်း ဘာမှမစားရဘူးဆိုတော့ ဗိုက်ဆာနေပြီမလား” 


ချန်ချိုက်ရှင်းမှာ ထိတ်လန့်သွားရသည်။


“မင်း ဘယ်တုန်းက ယူလိုက်တာလဲ! ဘာမှမဖြစ်ဘူးလား ..မစားနဲ့ဦးလေ” 


ဤညီလေး၏ လက်က အလွန်ပင်မြန်လွန်းပေသည်။


“ဘာဖြစ်လို့လဲ” 


ယွမ်ကျို့ဝမ်က နားမလည်သည့်အမူအရာဖြင့် ခေါင်းလေးကိုစောင်းကာ မေးလိုက်သော်လည်း သူ၏ပါးစပ်ထဲတွင်တော့ ပေါင်မုန့်များဖြင့် ပြည့်နေဆဲပင်။ 


သူ၏ ပါးဖောင်းဖောင်းလေးများမှာ အလွန်ပင် ချစ်စဖွယ် ကောင်းနေခဲ့၏။


ယွမ်ကျို့ဝမ်ထံတွင် မည်သည့်အရာမှမဖြစ်ကြောင်းကို မြင်လျှင် ချန်ချိုက်ရှင်းလည်း ပေါင်မုန့်တစ်လုံးကို ကိုယ်တိုင်ယူပြီး စားလိုက်လေ၏။


ပေါင်မုန့်က အမှန်တကယ်ပင် အရသာရှိနေခဲ့သည်။  


သူသည်လည်း အလွန် ဆာလောင်နေသည် မဟုတ်ပါလား။



“စားကြရအောင်”


ချန်ချိုက်ရှင်း ပေါင်မုန့်ကို ကိုက်နေရင်း ယနေ့မနက်ခင်းက လူအများကို လိုက်လံဆဲဆိုနေခဲ့သော ဒေါသကြီးသည့် ထိုအမျိုးသားကို မတွေးမိဘဲ မနေနိုင်တော့ပေ။ 


ယခုတွင်တော့ ထိုသူက လောကကြီးထဲတွင် မရှိတော့ပေ။


*


နေ့လယ်စာက အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။ 


ထို့အတွက်ကြောင့် ဒေါသကြီးသော အမျိုးသား သေဆုံးသွားသည့် ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် လူသစ်အချို့ပင်လျှင် ထမင်းစားပွဲ၌ လာရောက်ထိုင်ကြလေ၏။ 


ဟင်းလျာများ၏ သင်းပျံ့သောမွှေ့ရနံ့ကို ရရှိပြီးနောက် နံနက်စာက အရသာမရှိခဲ့သည့်အတွက် များများမစားနိုင်ခဲ့သော သူတို့၏ ဝမ်းဗိုက်များမှာ ဆာလောင်မှုကြောင့် တဂွီဂွီ မြည်လာကြပြီး စားချင်စိတ်များလည်း ဖြစ်ပေါ်လာကြပေသည်။


မတတ်နိုင်ဘူးလေ။  မနက်စာက ဘာလု့ အဲဒီဘောက်တောင် အရာသာဆိုးလွန်းနေရတာလဲ။


ကျောက်ရူက ပင်လယ်စာထမင်းကို စားရင်း တရှုံ့ရှုံ့ငိုနေခဲ့လေ၏။


“ရှောင်ရှောင်၊ ငါ သူ့ကို မတွန်းပါဘူး၊ သူက ငါ့ကို ကလဲ့စားချေဖို့ သရဲဖြစ်လာလောက်မလား” 


“အဲဒါတွေကို ဆက်မတွေးနဲ့တော့၊ စားစရာရှိတာပဲ စားစမ်းပါ” 


ဝမ်ရှောင်ရှောင်က စကားများများ မပြောခဲ့သော်လည်း သူမ၏ မျက်လုံးများမှာ ကျောက်အမည်ရှိ ဝါရင့်ကစားသူထံသို့ ဝေ့ဝိုက်ပြီးကြည့်နေခဲ့လေ၏။ 


မတိုင်ခင်က သဲလွန်စရှာနေကြချိန်တွင် ထိုကျောက်ဆိုသည့်အမျိုးသားမှာလည်း သူတို့၏အနီးအနားမှာပင် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ 


ကျောက်ရူက ရုတ်တရက် ခြေလှမ်းမခိုင်ဘဲ ယိုင်လဲသွားခဲ့ကာ ထိုဒေါသကြီးသောအမျိုးသားကို လှမ်းကိုင်မိရာသောကြောင့် ထိုအမျိုးသားမှ ဖယောင်းရုပ်နှင့် တိုက်မိပြီး ကျိုးပဲ့သွားခဲ့ရခြင်း ဖြစ်ပေသည်။


ဝါရင့်ကစားသူများက အသစ်များကို ကာကွယ်ပေးမည်ဟု ပြောခဲ့ကြသော်လည်း မနက်ပိုင်းမှ ယခုအချိန်အထိ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပေးခြင်းပင် မရှိခဲ့ကြပေ။ 


သေဆုံးသွားသော သူစိမ်းတစ်ယောက်၏ အမည်အပြည့်အစုံကို မည်သူက စိတ်ဝင်တစား မေးမြန်းနေပါမည်နည်း။


ဤဝါရင့်ကစားသူ လေးဦးမှာ သူတို့ကဲ့သို့ လူသစ်ကို လမ်းသစ်ကို စမ်းသပ်ရန်အတွက်သာ အသုံးချလိုနေခြင်းဖြစ်ပေမည်။


ဝါရင့်ကစားသူများ၏ စကားများမှာတော့ နားဝင်ချိုလှ၏။ ဂိမ်းထဲတွင် အသင်းဖော်ကို သတ်၍မရကြောင်း၊ ချိုးဖောက်သူက ငွေကြေးနှင့် ပစ္စည်းများ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ပြောခဲ့ကြသော်လည်း သရဲများကို အသုံးချ၍ သွယ်ဝိုက်သောနည်းဖြင့် လူသတ်ခိုင်းခြင်းကတော့ ပြဿနာမရှိပေ။


ဝမ်ရှောင်ရှောင်၏ စိတ်နှလုံးတို့က လေးလံသွားရပြီး မရပ်မနား ငိုယိုနေသော ကျောက်ရူကို ဂရုမစိုက်တော့ဘဲ ဆန့်ကျင်ဘက်အရပ်သို့ လှမ်းကြည့်လိုက်သည်။


ချန်ချိုက်ရှင်းနှင့် ယွမ်ကျို့ဝမ်တို့က စားပွဲ၏ ထောင့်တစ်နေရာတွင် ထိုင်နေကြလေ၏။ ချန်ချိုက်ရှင်းမှာ အလွန်ပင် ခံတွင်းကောင်းနေပြီး စွပ်ပြုတ်ကို အရသာရှိစွာသောက်နေဆဲပင်။


ထိုအခိုက်တွင် သူထံသို့ရောက်လာသည့် အကြည့်တစ်ချက်ကို အာရုံခံမိသောကြောင့် ခေါင်းမော့ကြည့်လိုက်မိလေ၏။ 


တိတ်ဆိတ်နေသော ထမင်းစားပွဲတွင် လူတိုင်းက ခေါင်းငုံ့၍ စားသောက်နေကြသော်လည်း မည်သူက သူ့ကို လှမ်းကြည့်နေသည်ကို  သူ သိရှိပေသည်။ 


သူ မည်သည့်စကားကိုမျှမပြောဘဲ ဆက်လက်၍သာ စားနေလိုက်၏။


ချပ်.. ချပ်.. ချပ်...


လှေကားထစ်များဆီမှ တောင့်တင်းလေးလံသော ခြေသံများ ပဲ့တင်ထပ်လာခဲ့သည်။


“အပေါ်ထပ်မှာ..အပေါ်ထပ်မှာ ဘယ်သူရှိနေသေးတာလဲ” 


ကျောက်ရူတစ်ယောက် ဇွန်းကိုပင် မကိုင်နိုင်တော့ဘဲ တုန်လှုပ်နေလေမိ၏။


လက်ရှိတွင် လူကိုးဦးလုံးက မီးဖိုချောင်ထဲ၌ ရှိနေကြပြီး ဒုတိယထပ်တွင် အလောင်းများသာ ရှိနေပေသည်။


ဒီတော့ ဒီခြေသံတွေက ဘယ်သူ့ဆီကလဲ။


ဝါရင့်ကစားသူများမှာ လေးနက်သော မျက်နှာအမူအရာများဖြင့် အသင့်ပြင်ထားကြလေသည်။ 


ချန်ချိုက်ရှင်းလည်း လက်ထဲမှ ဓားနှင့် ခက်ရင်းကို ချလိုက်လေ၏။


ထို့နောက်တွင် လွန်ခဲ့သော ခဏက အိမ်နောက်ဖေးသို့ သွားခဲ့သော NPC မစ္စတာဟောက်စ်မှာ ယခုအချိန်၌ လှေကားပေါ်မှ ဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။ 


*