အခန်း(9)ဖယောင်းရုပ်ပြတိုက် (9)
“ကိုယ့်ဘာသာကိုယ်ပဲ အိပ်စမ်းပါ!”
ဟောက်ဇီသည်ကား အစောပိုင်းကကဲ့သို့ လူကောင်းတစ်ယောက်အသွင် အပြင်ဖြင့် ဟန်ဆောင်နေရန် စိတ်မပါတော့ပေ။
ဒေါသကြီးသော အမျိုးသားက သေဆုံးသွားပြီဖြစ်သဖြင့် ထိုအမျိုးသမီးမှာ ယနေ့ညတွင် တစ်ယောက်တည်း ဖြစ်နေရှာ၏။
သူမက ကျန်ရှိသော ဝါရင့်သူသုံးဦးကို သနားစရာကောင်းစွာ ကြည့်လိုက်သော်လည်း ထိုသူတို့ကလည်း လျစ်လျူရှုထားကြပေသည်။
ထို့နောက် သူမ၏ အကြည့်က ချန်ချိုက်ရှင်းထံသို့ ရောက်ရှိလာခဲ့လေ၏။
အေးဆေးတည်ငြိမ်စွာ စားသောက်နေသော ယွမ်ကျို့ဝမ်တစ်ယောက် ထိုအကြည့်ကို သတိပြုမိသွားပြီး အမျိုးသမီးကို အေးစက်စွာကြည့်လိုက်လေ၏။
ထို့နောက် ခေါင်းကိုလှည့်ကာ သနားစရာကောင်းသည့် အသံလေးဖြင့်ပြောလိုက်သည်။
“ကောကော၊ ကျွန်တော် စားလို့ပြီးပြီ၊ အခန်းထဲကို ပြန်ရအောင်နော်”
“ခဏစောင့်၊ ငါတို့ အလျင်လိုစရာ မလိုသေးဘူး”
ချန်ချိုက်ရှင်း၏ အာရုံတို့က ဧည့်ခန်းထဲမှ သူတို့ကို ကျောပေး၍ ရပ်နေသော မစ္စတာဟောက်စ်ထံ၌ ရှိနေခဲ့ သည်။
သူ့အနေဖြင့် မီးဖိုချောင်ထဲရှိ ပျက်နေသော နာရီအကြောင်းကို တွေးတောရင်း တစ်စုံတစ်ခုကို အတည်ပြုရန် လိုအပ်သည်ဟူ ခံစားမိပေ၏။
ထို့ကြောင့် ယွမ်ကျို့ဝမ်က ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည့် အပြုအမူကို သူ လုံးဝ မမြင်လိုက်ပေ။
ဝါရင့်ကစားသူများက စားသောက်ပြီးနောက်တွင် အပေါ်ထပ်သို့ တက်ရန်လုပ်ဆောင်ခဲ့ကြသည်။
ကျင်းကောက ထမင်းစားခန်းမှ မထွက်ခွာမီ ချန်ချိုက်ရှင်းက ထမင်းစားခန်းထဲ၌ ရှိနေဆဲဖြစ်ကြောင်းကိုမြင်လျှင် ဟန်ဆောင်ကောင်းသည်ဟု ကျိန်ဆဲလိုက်လေ၏။ ထို့အပြင် မနက်ဖြန်အထိ အသက်ရှင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုသွားခဲ့သေးသည်။
“ရှောင်ရှောင်၊ ငါ ကြောက်လို့ အတူတူပြန်ရအောင်လေ”
ကျောက်ရူက ဝမ်ရှောင်ရှောင်ကို စောင့်ဆိုင်းနေခဲ့သည်။
“ငါ စားလို့မပြီးသေးဘူး၊ နင် အရင်သွားနှင့်လိုက်”
ကျောက်ရူက အလွန်ကြောက်တတ်သူဖြစ်သည်။ ထိုအခိုက်တွင်သူမ၏ဘေးမှ အဖော်မရှိဖြစ်နေသော အမျိုးသမီးက သူမနှင့် အတူသွားရန် အကြံပြုလိုက်သောကြောင့် သူတို့နှစ်ဦးက လှေကားပေါ်သို့ အပြေးအလွှား တက်သွားကြလေ၏။
မိနစ်အနည်းငယ်လောက်ပင် မကြာလိုက်ဘဲ မစ္စတာဟောက်စ်က နေရာမှ ထရပ်လိုက်ကာ သတ်မှတ်ထားသော စကားလုံးများကို ဝတ်ကျေတမ်းကျေ ရွတ်ဆိုလာခဲ့သည်။
“ကလေးတို့၊ မိုးချုပ်နေပြီဆိုတော့ စောစော အနားယူကြတော့၊ ငါ မနက်ဖြန်မှ ထပ်လာခဲ့မယ်”
ထိုသို့ပြောပြီးနောက် တံခါးကို တွန်းဖွင့်ကာ မြူထုကြီးအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
“အပေါ်ကိုတက်ရအောင်”
ချန်ချိုက်ရှင်းတစ်ယောက် စိတ်ထဲမှ အချိန်ကို တွက်ချက်ရင်းဖြင့် ယွမ်ကျို့ဝမ်ကို ခေါ်ဆောင်ကာ အလျင်အမြန် သွားခဲ့သည်။ ဝမ်ရှောင်ရှောင်ကလည်း အနောက်မှ ကပ်လိုက်လာပြီး ခပ်တိုးတိုး ပြောလာခဲ့လေသည်။
“နေ့လယ်တုန်းက ဝါရင့်ကစားသမားထဲက ကျောက်ဆိုတဲ့လူက အနောက်ဘက်ပြတင်းပေါက်နားက ဖယောင်းရုပ်တွေနားမှာ အကြာကြီး ရှိနေခဲ့တယ်၊ သူတို့က ‘ပိတ်ထားတယ်’၊ ‘တံခါး’၊ ‘မြေအောက်ခန်း’ ဆိုတဲ့ စကားလုံးတွေ ပြောနေကြတာကို ကျွန်မ ကြားလိုက်ရတယ်”
“မီးဖိုချောင်က ပျက်နေတဲ့ နာရီက ည (9) နာရီ(40) မှာ ရပ်နေတာ၊ အဲဒါက NPC ထွက်သွားတဲ့ အချိန်ပဲဖြစ်ရမယ်”
ချန်ချိုက်ရှင်းသည်လည်း ဝမ်ရှောင်ရှောင်ထံသို့ သဲလွန်စများကို အလျင်အမြန် ပြောပြလိုက်ပြီး သတိပေးလိုက်လေ၏။
“အိမ်နောက်ဖေးက သစ်အယ်သီးပင်နားကိုတော့ မကပ်နဲ့ဦး”
အချက်အလက်များ ဖလှယ်ပြီးနောက် သူတို့သုံးဦးက သန့်စင်ခန်းထဲသို့ အမြန်ဝင်ကာ ကိုယ်လက်သန့်စင်လိုက်ကြပြီး သူတို့၏ အခန်းများသို့ အသီးသီး ပြန်သွားကြလေ၏။
စတင်ချိန်မှ ပြီးဆုံးချိန်အထိ ငါးမိနစ်ပင် မကြာလိုက်ပေ။
“ရှောင်ကျို့၊ မင်း အနံ့တစ်ခုခုရလား၊ အဲဒီ အနံ့လေးက ချိုတဲ့အနံ့ဖျော့ဖျော့လေးပါတယ်”
ချန်ချိုက်ရှင်းတစ်ယောက် ခုတင်ဘေးသို့ နီးကပ်သွားလေလေ ထိုအနံ့က ပို၍ သိသာလာလေလေ ဖြစ်ပေသည်။
သို့သော် ပြင်းထန်သော အနံ့မျိုးမဟုတ်ဘဲ ခပ်ဖျော့ဖျော့သာ ရှိ၏။ သူ့အနေဖြင့် မနေ့ညကလည်း ဤအနံ့ကို ရရှိခဲ့သော်လည်း ထိုအချိန်က သတိမထားမိခဲ့ပေ။
ယွမ်ကျို့ဝမ်က သူ၏ အပေါ်အင်္ကျီကို ချွတ်လိုက်ကာ ခုတင်အောက်သို့ သတိကြီးစွာဖြင့် အကဲခတ်ကြည့်လိုက်လေ၏။ သူက ချန်ချိုက်ရှင်း သူ့ဘက်သို့ လှည့်ကြည့်လာသည်အထိ စောင့်ဆိုင်းပြီးမှ ချစ်စဖွယ်ကောင်းသော သူ၏ ပါးဖောင်းဖောင်းလေးများကို အသာဖောင်းကားလိုက်၏။
သူက နှာခေါင်းလေးဖြင့် အနံ့ခံကြည့်ပြီးနောက် အားနာနေပုံရသော လေသံလေးဖြင့် ပြောခဲ့သည်။
“ကောကော၊ ကျွန်တော်တော့ ဘာအနံ့မှ မရဘူး”
သူ၏ အမူအရာမှာ ချန်ချိုက်ရှင်းကို အစွမ်းကုန် ကူညီချင်သော်လည်း မကူညီနိုင်သောကြောင့် စိတ်မကောင်းဖြစ်နေသော သနားစဖွယ် နို့ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ပင်။
“အဆင်ပြေပါတယ်၊ ငါ အနံ့မှားတာလည်း ဖြစ်နိုင်တယ်”
ချန်ချိုက်ရှင်း ညီငယ်လေး၏ နူးညံ့ပျော့ပြောင်းသော ပါးဖောင်းဖောင်းလေးများကို ဆွဲညှစ်လိုက်သည်။
“ကောင်းပြီ၊ အိပ်ကြရအောင်”
ယွမ်ကျို့ဝမ်လည်း ခုတင်ပေါ်သို့ နာခံတတ်စွာ တက်လိုက်လေ၏။ ချန်ချိုက်ရှင်းက အပြင်ဘက်တွင် လှဲလိုက်ရင်းဖြင့် သူ၏နှာခေါင်းထဲသို့ ခပ်ဖျော့ဖျော့ အနံ့တစ်ခု တိုးဝင်လာပြန်ပေသည်။
“ငါ ဒီအနံ့ကို မှတ်မိပြီ”
အတွင်းဘက်တွင် ရှိနေသော ယွမ်ကျို့ဝမ်က အံ့သြသွားသည့်ပုံဖြင့်ရေရွတ်လိုက်၏။
“အာ?”
“ဒါ ဖယောင်းရုပ်တွေဆီကရတဲ့ အနံ့ပဲ၊ ဒါပေမဲ့ အောက်ထပ်က ဖယောင်းရုပ်တွေလောက်တော့ အနံ့မပြင်းဘူး”
ချန်ချိုက်ရှင်း သေသေချာချာ စဉ်းစားပြီးမှ သက်ပြင်းချနိုင်ခဲ့သည်။ ဖယောင်းရုပ်ပြတိုက်တစ်ခုတွင် ဤကဲ့သို့ အနံ့မျိုးရှိနေခြင်းက ပုံမှန်ပင် ဖြစ်ပေမည်။
“ အိပ်ရအောင်”
သူ အချိန်ကို ခန့်မှန်းနိုင်ရန်အတွက် တဒုန်းဒုန်းမြည်သံကို စောင့်ဆိုင်းနေခဲ့သည်။
ဆယ်မိနစ်ခန့် ကြာလျှင် ‘ဒုန်း’၊ ‘ဒုန်း’၊ ‘ဒုန်း’ ဟူသော အသံတို့ ထွက်ပေါ်လာခဲ့လေသည်။
ဖယောင်းရုပ်ပြတိုက်တစ်ခုလုံးက အလွန် တိတ်ဆိတ်နေသောကြောင့် သေးငယ်သော အသံလေးတစ်ခုဖြစ်နေလျှင်ပင် အလွန်ရှင်းလင်းစွာကြားနိုင်ပေ၏။
ထိုအသံမှာ အစပိုင်းတွင် အက်ကွဲကွဲဖြစ်ပြီး မြေအောက်ထဲမှ ရုန်းထွက်လာသကဲ့သို့ပင်။
ချန်ချိုက်ရှင်းတစ်ယောက် ဝမ်ရှောင်ရှောင် ပြောပြခဲ့သော မြေအောက်ခန်းအကြောင်းကို ပြေးမြင်လိုက်မိ၏။
ထို့နောက် စည်းချက်ကျကျနှင့် ကျယ်လောင်လှသော တဒုန်းဒုန်းမြည်သံက လှေကားပေါ်သို့ တက်လာသို့ကြောင့် ပို၍ ထင်ရှားလာခဲ့သည်။
“ကောကော၊ ကျွန်တော် ကြောက်တယ်”
ယွမ်ကျို့ဝမ်က ခပ်တိုးတိုး ပြောဆိုကာ သူ၏ ခန္ဓာကိုယ်လေးကို ချန်ချိုက်ရှင်း၏ ရင်ခွင်ထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာခဲ့လေ၏။
ကလေးတစ်ယောက်အနေဖြင့် အမှောင်ထုနှင့် သရဲတစ္ဆေများကို ကြောက်ရွံ့ခြင်းက ပုံမှန်သာဖြစ်ပေသည်။
ထိုအရာက ဒုန်းဟူသော အသံနှင့်အတူ အပေါ်ထပ်သို့ တက်လာချိန်တွင် ချန်ချိုက်ရှင်းလည်း သူ၏ညီလေးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်လေ၏။ တစ်ချိန်တည်းတွင် အခန်းထဲမှ မီးအိမ်မှာလည်း အလိုအလျောက် ငြိမ်းသတ်ခံလိုက်ရလေသည်။
ချန်ချိုက်ရှင်း: “...”
သူ တကယ်ကြီး သေလောက်အောင် ကြောက်လာရပြီ!
ကံကောင်းထောက်မစွာဖြင့် သူ၏ ရင်ခွင်ထဲ၌ ညီငယ်လေး ရှိနေခဲ့ပေသည်။
မှောင်မည်းနေသော အခန်းထဲတွင် မည်သည့်အသံကိုမျှ မကြားရဘဲ တိတ်ဆိတ်လျက်ရှိသည်။
ချန်ချိုက်ရှင်းတစ်ယောက် အသက်ကိုပင် တိုးညင်းစွာသာ ရှူရှိုက်ရဲတော့သည်။ သေးငယ်လွန်းသော အသံလေးပင်လျှင် သူ၏နားထဲ၌ ကျယ်လောင်စွာ ပဲ့တင်ထပ်နေသကဲ့သို့ ခံစားနေရသည်။
ထို့အပြင် တံခါးအပြင်ဘက်ရှိ ထိုအရာ၏ လှုပ်ရှားသံမှာလည်း သေးငယ်လှသည်မဟုတ်ပေ။ သူ၏ အမြင်အာရုံက အမှောင်ထုနှင့် နေသားတကျ ဖြစ်လာပြီးနောက် ချန်ချိုက်ရှင်းတစ်ယောက် တံခါးဆီသို့ အာရုံစိုက်ပြီး လှမ်းကြည့်လိုက်မိပေသည်။
ခိုင်ခံ့မှုမရှိဘဲ ကျဉ်းမြောင်းလွန်းသော ထိုတံခါးချပ်မှာ ရုတ်တရက်ပင် စိတ်ကူးယဉ်အတွေးတစ်ခုသက်သက်အဖြစ်သာ ထင်မြင်လာရသည်။
ဒုန်း... ဒုန်း... ဒုန်း...
အသံက တဖြည်းဖြည်း ပို၍ ပီပြင်လာခဲ့လေသည်။ ထိုအသံ နီးကပ်လာသည်နှင့်အမျှ ချန်ချိုက်ရှင်း၏ နှလုံးခုန်သံမှာလည်း ပို၍မြန်ဆန်လာခဲ့၏။
နီးသထက် နီးကပ်လာခဲ့ပြီ...
ဒုန်း!
ဖာ့ခ်!
ချန်ချိုက်ရှင်းတစ်ယောက် စိတ်ထဲမှ ကျိန်ဆဲလိုက်မိပြီး သူ၏ နှလုံးခုန်သံမှာလည်း ခဏမျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။
တံခါးပြင်ပတွင်ရှိနေသော ထိုအရာက သူတို့၏ အခန်းတံခါးဝတွင် ရပ်တန့်သွားပုံရသည်။
ချန်ချိုက်ရှင်း အသက်ကို အောင့်ထားလိုက်မိလေ၏။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့သော်လည်း ထိုတစ်စုံတစ်ခုက ထွက်မသွားသေးဘဲ သူတို့၏အခန်းတံခါး အပြင်ဘက်တွင် ရပ်နေဆဲဖြစ်ကြောင်းကို ချန်ချိုက်ရှင်း သိရှိနေပေသည်။
သူတို့၏ကြားတွင် တံခါးတစ်ချပ်သာ ခြားထားသော်လည်း အပြင်မှ အရာက တံခါးကို ဖောက်ထွင်းပြီး သူ့ကို တိကျစွာ စိုက်ကြည့်နေသည်ဟု ခံစားနေခဲ့သည်။
ခရတ်.. ခရတ်..
တိုးဖွသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထို့နောက် ထိုအသံမှာ ပို၍ပင် ကျယ်လောင်လာခဲ့ပေသည်။
တစ်စုံတစ်ခုက လွတ်မြောက်အောင် ရုန်းထွက်လိုက်ပြီး ၎င်း၏ အဆစ်အမြစ်များကို ပြန်လည်နေရာချနေသည့်ပုံရသည်။
နောက်ဆုံးတွင် ဖတ်ခနဲအသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထိုအသံက ထိုအရာ၏ ဦးခေါင်းကို မူလနေရာသို့ ပြန်လည် ဆွဲတင်လိုက်ခြင်းဖြစ်နိုင်သည်။
ချန်ချိုက်ရှင်း၏ စိတ်ကူးထဲ၌ မြင်ယောင်နေသော မြင်ကွင်းက အလွန်ပင် အသေးစိတ်လွန်းနေသောကြောင့် ယွမ်ကျို့ဝမ်ကို ပို၍ပင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်မိပေသည်။
ဒုန်း... ဒုန်း....
ခိုင်ခံ့မှုမရှိသော တံခါးက အခေါက်ခံလိုက်ရ၏။
“ဖယောင်းရုပ် လုပ်ချင်လား...”
အလွန်တောင့်တင်းနေခဲ့သော အမျိုးသားတစ်ယောက်၏အသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံတို့မှာ အချိန်အတော်ကြာ စကားမပြောခဲ့ရသကဲ့သို့ နှေးကွေးပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ အသက်မဲ့နေခဲ့ကာ တံခါးကို ဖောက်ထွင်းလျက် အခန်းထဲရှိ လူများ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
အေးခဲလုမတတ် အေးစက်မှုနှင့်အတူ ထူးဆန်းသော အနံ့အသက်ဆိုး တစ်ခုလည်း ပါဝင်လာခဲ့၏။
၎င်းက အမှန်တကယ်ပင် စကားပြောနိုင်နေခဲ့သည်။
ဝမ်ရှောင်ရှောင်၏ ပြောပြချက်အရ မနေ့က သန်းခေါင်ကျော်တွင် သစ်သားပုံးတစ်ခုနှင့် ကြမ်းပြင်တို့ ထိတွေ့နေသည့်အလား တစ်ဒုန်းဒုန်း မြည်သံကိုသာ ကြားခဲ့ရခြင်း ဖြစ်၏။
ယနေ့အချိန်တွင်တော့ ထိုအရာက အပြင်သို့ ထွက်လာခဲ့ပေပြီ။
သန့်စင်ခန်းထဲက အလောင်းနှစ်လောင်းကြောင့်များလား။
ချန်ချိုက်ရှင်း တွေးတောမိပေသည်။
လူများ၏သေဆုံးမှုများကြောင့် ပိတ်လှောင်ထားသော တစ်စုံတစ်ခု၏ အစွမ်းက ပိုမိုအားကောင်းလာပြီး အပြင်သို့ ထွက်လာနိုင်ခြင်းမျိုးလား။
ဤအကြောင်းကြောင့် မစ္စတာဟောက်စ်မှ သန်းခေါင်ကျော်လျှင် အပြင်မထွက်ရန် ထပ်ခါတလဲလဲ သတိပေးခဲ့ခြင်း ဖြစ်ရပေမည်။
ချန်ချိုက်ရှင်းတစ်ယောက် သဲလွန်စအားလုံးကို ရုတ်တရက် ဆက်စပ်မိသွားသော်လည်း လက်ရှိတွင် အသုံးမဝင်သေးပေ။
တံခါးအပြင်ဘက်ရှိ တစ်စုံတစ်ခုက ထွက်မသွားသေးဘဲ တံခါးကို ခေါင်းမာစွာဖြင့် ထပ်မံခေါက်နေခဲ့ပြီး ယခုအကြိမ်တွင် အသံက ပို၍ ကျယ်လောင်လာခဲ့သည်။
“ဖယောင်းရုပ် လုပ်ချင်လား”
မင်းခေါင်းကြီးကိုပဲ လုပ်ချင်တာ!
*