Ch 10
Viewers 516

အခန်း(10) ဖယောင်းရုပ်ပြတိုက် (10)


ချန်ချိုက်ရှင်း စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း ဖယောင်းရုပ်လုပ်ခြင်းက သိပ်မဆိုးကြောင်း အတွေးတစ်ခု ဝင်လာခဲ့သည်။ 


အပြင်ဘက်မှ အသံတွင် လူများကို ဖြားယောင်းနိုင်သော စွမ်းအားတစ်ခုရှိနေကြောင်းကို သူ သတိထားမိသွားရလေ၏။ 


သူ စောင်ကို ခေါင်းမြီးခြုံလိုက်ပြီး ယွမ်ကျို့ဝမ်၏ နားများကိုလည်း လုံအောင် ပိတ်ဆို့ပေးထားလိုက်ပေသည်။


အပြင်ဘက်ရှိ ထိုအရာက ထွက်မသွားချင်သေးဘဲ ဆက်လက် မေးမြန်းနေခဲ့လေသည်။


ချန်ချိုက်ရှင်း၏ လက်များနှင့် ခြေများမှာ အေးစက်နေပေပြီ ။ သူ့အနေဖြင့် ထိုဆွဲဆောင်မှုကို ဆက်လက် ထိန်းချုပ်ထားနိုင်မည်လား မသေချာပေ။


သူ၏ ရင်ခွင်ထဲရှိ ယွမ်ကျို့ဝမ်၏ ခန္ဓာကိုယ်လေးက ချန်ချိုက်ရှင်း၏ ရင်ဘတ်ကို မှီထားခဲ့လေသည်။


သူက ခေါင်းလေးကို အနည်းငယ်မော့ကာ ချန်ချိုက်ရှင်း၏ ဖြူလျော့နေသော မျက်နှာကို စိုက်ကြည့်လိုက်၏။ သူ၏ နားရွက်များပေါ်တွင်ရှိနေသော ချန်ချိုက်ရှင်း၏ လက်ချောင်းများက  အေးစက်နေခဲ့သည်။


“လုပ်ချင်လား.. “


ယွမ်ကျို့ဝမ်၏ မျက်နှာအမူအရာတို့က  အေးစက်သွားပြီး သူ၏ မျက်ဝန်းများမှာလည်း အနီရောင်ဖျော့ဖျော့ သန်းလာခဲ့ကာ တံခါးဆီသို့ အေးစက်စွာကြည့်လိုက်လေသည်။


အပြင်ဘက်ရှိ ထိုအရာ၏ စကားသံက အချိန်အတော်ကြာအောင်  ရပ်တန့်သွားပြီးမှ အသံတစ်ခု ထွက်ပေါ်လာပြန်၏။ 


သို့သော်လည်း ယခုအကြိမ်တွင်တော့ တစ်စုံတစ်ခုကို တရွတ်တိုက် ဆွဲသွားသောအသံနှင့် ထွက်ခွာသွားသော ခြေသံများကိုသာ ကြားလိုက်ရလေ၏။


“ကောကော၊ သူ သွားပြီ” 


ယွမ်ကျို့ဝမ်က သူ့၏ပါးစပ်ကို ချန်ချိုက်ရှင်း၏ မေးစေ့အနီးသို့ ကပ်လျက် တိုးတိုးလေး ပြောလိုက်ပေသည်။



ကလေးငယ်၏ အသံက နူးညံ့လှသော်လည်း အသံကို တမင်နှိမ့်ထားသောကြောင့် သူ၏ ထွက်သက်များမှာ ချန်ချိုက်ရှင်း၏ မေးစေ့ကို ယားကျိကျိ ဖြစ်စေသည်။ 


သူ၏ စိတ်သည်လည်း အဆုံးမရှိသော ကြောက်ရွံ့မှုများအတွင်းမှ ပြန်လည် နိုးထလာခဲ့လေ၏။ 


သူ့အနေဖြင့် မတိုင်ခင်က သေဆုံးသွားပြီဟုပင် ထင်ထားခဲ့သည်။


“အမ် ၊ အခု အဆင်ပြေသွားပြီ”


ချန်ချိုက်ရှင်း၏ စိတ်က ခဏလောက် ဗလာဖြစ်သွားရပြီး အတော်ကြာမှ သတိပြန်ဝင်လာခဲ့သည်။


အပြင်ဘက်ရှိ ထိုသရဲ၏ စွမ်းအားက သိသိသာသာ အားကောင်းလာခဲ့ပေပြီ။


အချိန်များကလည်း အလွန်မြန်ဆန်စွာ ကုန်ဆုံးနေခဲ့၏။ ထိုအရာက သူ၏စွမ်းအားများ ထပ်မံတိုးပွားလာစေရန်အတွက် ယနေ့ညတွင် တစ်စုံတစ်ဦးကို သေစေချင်နေခဲ့သည်။


မနက်ဖြန်ညတွင် အခြေအနေက ယခုထက် ပို၍ အန္တရာယ်ရှိလာနိုင်သည်။ ထို့အပြင် အိမ်နောက်ဖေးမှ သစ်အယ်သီးပင်ကလည်း ရှိနေသေးသည်။


မစ္စတာဟောက်စ်က သစ်အယ်သီးပင်ကို အသားတုံးများကို ကျွေးမွေးနေခဲ့သော်လည်း တစ်ဖက်တွင်တော့ သန်းခေါင်ကျော်မှသာ ထွက်ပေါ်လာတတ်သော တစ်စုံတစ်ခုကို သတိထားရန် အမြဲတစေ သတိပေးနေတတ်သည်။


ဤဂိမ်းတွင် အနည်းဆုံး သရဲနှစ်ကောင်လောက် ရှိနေရပေမည်။


သစ်ပင်အောက်ရှိ မြေပုံဟောင်းထဲမှ အသားများကိုကြိုက်သော သရဲမှာလည်း ကောင်းမွန်ဖြောင့်မတ်သော သရဲတစ်ကောင် ဖြစ်နေလိမ့်မည်ဟု ချန်ချိုက်ရှင်း လုံးဝမယုံကြည်ပေ။


သူ၏ အတွေးများက ရှုပ်ထွေးနောက်ကျိနေခဲ့လေ၏။ 


သူ့အနေဖြင့် အိပ်ပျော်လိမ့်မည်မဟုတ်ဟု ထင်ထားသော်လည်း နောက်ဆုံးတွင် အိပ်ချင်စိတ်က လွှမ်းမိုးလာခဲ့ပြီး မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ 


သူ၏ နှာခေါင်းထဲတွင် ညီငယ်လေးဆီမှရသော သင်းပျံ့သည့် ရနံ့လေးကသာ ပြည့်နှက်နေပေသည်။


ကလေးငယ်၏ ကိုယ်ငွေ့နွေးနွေးတို့က မတိုင်ခင်က အေးစက်စိမ့်ဝင်မှုများကို ပြေပျောက်စေခဲ့ပေသည်။


သို့သော်လည်း လူတိုင်းက ချန်ချိုက်ရှင်းကဲ့သို့ ကံကောင်းနေကြသည်တော့ မဟုတ်ပါချေ။


ထိုသရဲက သစ်သားပုံးကို တရွတ်တိုက်ဆွဲလျက် တခြားသောအခန်းတံခါးတစ်ခုရှေ့တွင် ရပ်တန့်ကာ မတိုင်ခင်က စကားလုံးများကိုပင် ထပ်မံရွတ်ဆိုနေခဲ့လေသည်။



ညသန်းခေါင်ယံတွင် ချန်ချိုက်ရှင်းတစ်ယောက် ချမ်းစိမ့်သောခံစားချက်ကြောင့် နိုးလာခဲ့ပြီး သူ၏ ရင်ခွင်ထဲ၌ ညီငယ်လေး မရှိတော့သည်ကို သတိပြုမိလိုက်၏။


သူ ရုတ်တရက် ထိတ်လန့်သွားရပြီး အတွင်းဘက်သို့ ကြည့်လိုက်သော်လည်း ယွမ်ကျို့ဝမ်ကို မတွေ့ရပေ။ 


ချန်ချိုက်ရှင်းတစ်ယောက် ချက်ချင်းပင် အိပ်ချင်စိတ်များ ပြေပျောက်သွားပြီး ထထိုင်လိုက်လျှင် တံခါးနားတွင် ရှိနေသော သေးငယ်သည့် အရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။


“ရှောင်ကျို့?”


ယွမ်ကျို့ဝမ်က သူ၏လက်ထဲမှ ဖယောင်းအလွှာကို ပန်းအိုးထဲသို့ အလျင်အမြန် ပစ်ထည့်လိုက်လေ၏။ 


သူက အမှားတစ်ခုခု လုပ်ထားသကဲ့သို့ ပျာပျာသလဲ လှည့်ကြည့်လာကာ ရှက်ရွံ့နေသော လေသံလေးဖြင့် ပြောလိုက်သည်။


“ကောကော၊ ကျွန်တော် အပေါ့သွားချင်လို့” 


“မင်းကတော့ ငါ့ကို လန့်သေအောင် လုပ်တော့တာပဲ”


ချန်ချိုက်ရှင်း ထိုအချိန်မှသာ သက်ပြင်းချနိုင်ခဲ့လေ၏။ မီးထွန်းလိုက်လျှင် အပြင်ဘက်ရှိ အရာကို ဆွဲဆောင်မိမည်စိုးသောကြောင့် သူ မီးမထွန်းဝံ့ပေ။ သူ၏ ညီငယ်လေးမှာ ပန်းအိုးထဲတွင် အပေါ့သွားရန် ကြိုးစားနေသော်လည်း ရှက်နေခြင်းဖြစ်မည်ဟုသာ  ခန့်မှန်းလိုက်မိ၏။


သူသည် မရယ်ဘဲ မနေနိုင်တော့ဘဲ ခပ်တိုးတိုး ပြောလိုက်သည်။


“သွားမှာဖြင့် သွားလေ၊ ပြီးရင် မြန်မြန်ပြန်အိပ်တော့”


ယွမ်ကျို့ဝမ်က ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်နေခဲ့သည်။


“ကောင်းပြီ ကောင်းပြီ၊ ငါ မကြည့်ပါဘူး” 


ကလေးဆိုပေမဲ့လည်း ရှက်တတ်သေးတာပဲ။


ချန်ချိုက်ရှင်းတစ်ယောက် တစ်ဖက်သို့ လှည့်နေလိုက်သော်လည်း ခဏကြာသည်အထိ မည်သည့်အသံကိုမှ မကြားရပေ။


“ဘာဖြစ်လို့လဲ” 


“ကောကော ၊ ဒါက  ထွက်မလာတော့ဘူး”


ကလေးငယ်၏ အသံမှာ သနားစဖွယ် ဖြစ်နေခဲ့သည်။ မတိုင်ခင်က  ထိတ်လန့်သွားခြင်းကြောင့် အပေါ့သွားချင်စိတ် ပျောက်ကွယ်သွားခြင်း ဖြစ်ပေမည်။


“ဒါဆိုရင်လည်း ခုတင်ပေါ်ကို ပြန်တက်ခဲ့တော့၊ သွားချင်စိတ်ရှိမှ ပြန်သွားလေ၊ အပြင်ဘက်မှာ အေးတယ်”


ချန်ချိုက်ရှင်းက စောင်ကို မပေးလိုက်သည်။


ယွမ်ကျို့ဝမ်သည်လည်း ပန်းအိုးကို ခုတင်ဘေးမှ ခုံပေါ်တွင် တင်ထားခဲ့ပြီး စောင်ထဲသို့ နာခံစွာ ဝင်လာခဲ့လေ၏။


အေးစက်သော လေထုက သူနှင့်အတူ ပါလာသောကြောင့် ချန်ချိုက်ရှင်း တစ်ချက်ခန့် တုန်ယင်သွားရသည်။ 


“အိပ်တော့”


သူ စောင်ကို သေသေချာချာ ခြုံလိုက်ပြီး ညီငယ်လေးကိုပြောကာ ပြန်လည် အိပ်ပျော်သွားလေသည်။


ယွမ်ကျို့ဝမ် မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ့အနေဖြင့် ပထမဆုံးညက ခုတင်အောက်တွင် ဝှက်ထားခဲ့သော ဖယောင်းအလွှာကို ပန်းအိုးထဲသို့ ထည့်နေခဲ့ခြင်းဖြစ်သည်။


ထိိပစ္စည်းကို ချန်ချိုက်ရှင်းမသိမီ  အပြင်သို့ လွှင့်ပစ်ရန် အမြန်ဆောင်ရွက်ရပေမည်။ ပြီးမှ သူ အပေါ့သွားခဲ့သည်ဟု ရိုးရှင်းစွာ ပြောလိုက်နိုင်သည်။



မနက်ပိုင်း ချန်ချိုက်ရှင်း နိုးလာချိန်တွင် သူ၏ ညီငယ်လေးက ပျောက်နေခဲ့ပြန်၏။ 


သူ မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိသောကြောင့် ခုတင်ဘေးကို ကြည့်လိုက်လျှင် မျှော်လင့်ထားသည့်အတိုင်း ပန်းအိုးက မရှိတော့ပေ။


ထိုကောင်လေးမှာ အလွန်ရှက်နေသောကြောင့် သွားရောက်သွန်နေခြင်း ဖြစ်ရပေမည်။


သူ၏အနွေးထည်ကို သေသပ်စွာဝတ်ဆင်ပြီးနောက် အပြင်သို့ထွက်လာခဲ့လျှင် ပန်းအိုးကိုကိုင်ပြီး ပြန်လာသော ညီငယ်လေးနှင့် အမှတ်မထင်ဆုံတွေ့ခဲ့လေသည်။


“ကောကော”


ယွမ်ကျို့ဝမ်က ရှက်ရွံ့သည့်မျက်နှာအမူအရာဖြင့် ပန်းအိုးကို သူ၏နောက်ကျောဘက်တွင် ဝှက်ထားလိုက်၏။


ချန်ချိုက်ရှင်း၏အကြည့်တို့က စူးရှနေခဲ့ပြီး ဆေးကြောသန့်စင်ထားသော ထိုပန်းအိုးကို တစ်ချက်ကြည့်လိုက်လေသည်။ ထို့နောက် သူက အရာအားလုံးကိုနားလည်ပေးသည့်အမူအရာဖြင့် ညီငယ်လေး၏ခေါင်းကို ပုတ်ပေးလိုက်သည်။


“ဒါကို ပြန်ထားလိုက်၊ ပြီးရင် အောက်ထပ်ကိုဆင်းကြမယ်”


သူ စကားပင်မဆုံးသေးမီမှာပင် အပြင်ဘက်မှ စူးရှသောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ချန်ချိုက်ရှင်းတစ်ယောက် ပြုံးနေသော အမူအရာကို ချက်ချင်းရုပ်သိမ်းလိုက်ပြီး မည်သည့်အရာများဖြစ်သည်ကိုသိရှိရန် အလျင်အမြန်ပင် အပြင်သို့ထွက်ကြည့်လိုက်၏။


ထိုအော်ဟစ်သံက ပထမထပ်မှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။ 


သေဆုံးသွားသော ဒေါသကြီးသည့်အမျိုးသား၏ အမျိုးသမီးဖော်က အော်ဟစ်နေခြင်းဖြစ်၏။ 


ချန်ချိုက်ရှင်းအနေဖြင့် ထိုအမျိုးသမီး၏အမည်ကို မသိပေ။


တခြားသူများမှာလည်း အသံကြားရာသို့ စုရုံးလာကြသော်လည်း ဧည့်ခန်းကြမ်းပြင်မှာ သန့်ရှင်းနေပြီး လူတိုင်းတွေးထင်ထားသကဲ့သို့ သွေးသံရဲရဲအလောင်းများကိုလည်း မတွေ့ရပေ။


ဟောက်ဇီက ငေါက်ငမ်းလိုက်သည်။


“မနက်စောစောစီးစီး ဘာတွေအရူးထနေတာလဲ” 


ထိုအမျိုးသမီးမှာ စကားပင်မပြောနိုင်တော့ဘဲ တုန်ယင်လျက် ထောင့်တစ်နေရာသို့ လက်ညှိုးထိုးပြနေခဲ့၏။ 


ချန်ချိုက်ရှင်း၏အကြည့်တို့က ထိုအမျိုးသမီးညွှန်ပြရာသို့ လိုက်ပါသွားပြီးနောက် သူ၏နှလုံးသားမှာ အေးစက်သွားရတော့သည်။ တခြားသူများလည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။


မျက်စိတစ်မှိတ်အတွင်းမှာပင် ဧည့်ခန်းတစ်ခုလုံးမှာ အချိန်အတော်ကြာအောက် တိတ်ဆိတ်သွားတော့သတည်း။


“ဒါ... ဒါက ကျောက်... ကျောက်ကော မဟုတ်ဘူးလား”


ဟောက်ဇီ၏အသံမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေပေသည်။


ဧည့်ခန်း၏ လူသူမနီးသောထောင့်တစ်နေရာတွင် ဖယောင်းရုပ်တုအသစ်သုံးခု ထပ်မံတိုးလာခဲ့သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတွဲလျက်ရှိနေသော ဖယောင်းရုပ်များမှာ မျက်နှာများ ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့သည်။


သူတို့ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း မနေ့က သန့်စင်ခန်းထဲတွင် သေဆုံးသွားသော အသစ်ရောက်လာသည့်စုံတွဲနှင့် တူနေလေ၏။


ထို့အပြင် တခြားဖယောင်းရုပ်တစ်ခုသည်က ပြုံးနေသောမျက်နှာအမူအရာရှိနေပြီး အလွန်ပင်ပျော်ရွှင်နေပုံရသည့် ခန့်ညားသောအမျိုးသား၏ ဖယောင်းရုပ်ပင် ဖြစ်ပေသည်။


ထိုသူက ကျင်းဟိုင်၏ အခန်းဖော်၊ ဝါရင့်ကစားသမား ကျောက်ကောပင်။


 လူတိုင်းက သူတို့ကို မှတ်မိနိုင်ကြသည်။



*