Ch 11
Viewers 509

အခန်း(11) ဖယောင်းရုပ်ပြတိုက် (11)



အသစ်ရောက်လာသူတစ်ဦး သေဆုံးသွားချိန်က ဝါရင့်ကစားသူများမှ အေးစက်စွာပြုမူခဲ့ကြ၏။ အသစ်တစ်ယောက်အနေဖြင့် အတွေ့အကြုံနှင့် ပစ္စည်းကိရိယာများမရှိသောကြောင့် သေဆုံးခြင်းက ပုံမှန်သာဖြစ်သည်ဟု သူတို့ယူဆခဲ့ကြပေသည်။


သူတို့က အနိမ့်စား အလယ်အလတ်အဆင့် ဂိမ်းများကို ဖြေရှင်းကာ ရွှေဒင်္ဂါးများနှင့် ပစ္စည်းများရှာဖွေသူများ ဖြစ်ကြပေ၏။ ဤဂိမ်းတွင် လူသစ်များစွာ ပါဝင်နေသောကြောင့် အတွေ့အကြုံအရ ဤဂိမ်း၏အခက်အခဲမှာ အလွန်မြင့်မားလိမ့်မည်မဟုတ်ဟု ယူဆထားကြခြင်းဖြစ်ပေသည်။


သို့သော် ဤသည်မှာ သာမန်အလယ်အလတ်အဆင့်ဂိမ်းမျိုး မဟုတ်ကြောင်း ထင်ရှားနေခဲ့သည်။


ကျောက်ကော သေဆုံးသွားခြင်းကြောင့် ကျန်ရှိသော ဝါရင့်ကစားသူသုံးဦးက အခြေအနေကို ကောင်းစွာသတိပြုမိလာကြသည်။


သူတို့လေးဦးအနက် ဟောက်ဇီက အဆင့်မြင့်ဂိမ်းများကို စတင်ကစားခါစသာ ရှိသေးသော်လည်း ကျင်းဟိုင်၊ ဝမ် နှင့် ကျောက် တို့က အဆင့်မြင့်ဂိမ်းနှစ်ခုစီကို ပြီးမြောက်ထားသူများ ဖြစ်ကြပေသည်။ 


သူတို့သည်က အနိမ့်စား အလယ်အလတ်အဆင့်ဂိမ်းများတွင် အဆင့် “B” ရရှိထားသူများဖြစ်ပြီး ကိုယ်ပိုင်ပစ္စည်းကိရိယာများလည်း အသီးသီးရှိထားကြသည်။


အကယ်၍ တစ်စုံတစ်ဦး သေရမည်ဆိုလျှင် ဝါရင့်သူတစ်ယောက် မဖြစ်သင့်ပေ။ ဤသည်မှာ သူတို့လေးဦး၏ ယုံကြည်ချက်ဖြစ်သော်လည်း ယနေ့တွင်တော့ ထိုယုံကြည်ချက်က ပြိုလဲသွားခဲ့ပေပြီ ။


“ကျောက်ကောက ဘယ်လိုလုပ် သေသွားတာလဲ”


ဟောက်ဇီ၏ တုန်ယင်နေသောအသံက ဆက်၍ပင်မထွက်နိုင်တော့ပေ။


ကျောက်ကော သေသွားပြီဆိုလျှင် ကျောက်ကောလောက် အရည်အချင်းမရှိသော သူ့အတွက် မည်သို့ဖြစ်လာမည်နည်း။


“ကျင်းဟိုင်၊ မင်း ပြောစမ်း.. မနေ့ညက ဘာဖြစ်ခဲ့တာလဲ မင်းနဲ့ လောင်ကျောက်က တစ်ခန်းတည်းအိပ်တာလေ၊ သူ ဘာလို့ သေသွားတာလဲ”


ဝမ်အမည်ရှိသူက ကျင်းဟိုင်ကို ဒေါသတကြီး မေးမြန်းလေသည်။ 


ကျင်းဟိုင်၏မျက်နှာမှာ ပြာနှမ်းနေလေ၏။ ဂိမ်းထဲသို့ ရောက်ရှိလာချိန်မှစ၍ သူသည်က ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုကို ဖော်ပြလာခြင်းပင်။



ညဘက်တွင် မည်သည့်အရာများဖြစ်ခဲ့ကြောင်းကို သူ မသိခဲ့ပါချေ။


 ကျောက်ကော အဘယ်ကြောင့် အပြင်သို့ထွက်သွားသည်ကိုလည်း သူ လုံးဝမသိရှိခဲ့ပေ။


ယခုတွင်တော့ ချန်ချိုက်ရှင်းတစ်ယောက် ကျင်းကော၏ နာမည်အပြည့်အစုံကို သိသွားပြီဖြစ်ပေ၏။

သို့သော်လည်း ထိုအကြောင်းကို ဂရုစိုက်ရန် အချိန်မရှိပါချေ။ 


ဧည့်ခန်းတွင် အငြင်းပွားမှုများစတင်သည်နှင့် သူက လှည့်ထွက်ကာ အပေါ်ထပ်သို့ တက်လာခဲ့၏။ ယွမ်ကျို့ဝမ်ကလည်း သူ၏အနောက်မှ ကပ်လိုက်လာပေသည်။


“ရှောင်ကျို့၊ မင်း အပေါ်ကို မလိုက်နဲ့၊ ဒီမှာပဲ ခဏ စောင့်နေဦး”


ချန်ချိုက်ရှင်း ဒုတိယထပ်သို့ ရောက်လျှင် တတိယထပ်ဆီသို့ လှမ်းကြည့်လိုက်လေ၏။


ပထမဆုံး သေဆုံးသွားသည့် လူသစ်၏ အလောင်းများကို နေ့တစ်ဝက်ခန့် ပစ်ထားခဲ့ပြီးမှ ယနေ့တွင်မှသာ ဖယောင်းရုပ်များအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်၏။


သို့သော် သန်းခေါင်ကျော်မှ သေဆုံးသွားသော ကျောက်ကောမှာတော့ ယနေ့နံနက်တွင်ပင် ဖယောင်းရုပ်အဖြစ် တိုက်ရိုက်ပြုလုပ်ခြင်း ခံလိုက်ရသည်။


သရဲ၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့ပေပြီ။


အကယ်၍ သူသာ သဲလွန်စများကို ဆက်လက်မရှာဖွေပါက နောက်ပိုင်းတွင် မည်သို့သောအရာများက သူတို့ကို စောင့်ကြိုနေမည်ကို ချန်ချိုက်ရှင်း မခန့်မှန်းနိုင်တော့ပေ။



“ကောကော၊ ကျွန်တော် လိမ္မာပါ့မယ်၊ ကောကောနဲ့အတူ လိုက်ခဲ့ပါရစေ”


ယွမ်ကျို့ဝမ်က သူ၏မျက်လုံးလေးများကို ဝိုင်းစက်နေသည်အထိ ပြူးကြည့်လျက် ချန်ချိုက်ရှင်း၏လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။


“ကောကော... ကျွန်တော် ကြောက်တယ်” 


အကယ်၍ သူတို့သာ ထပ်မံနှောင့်နှေးနေပါက မစ္စတာဟောက်စ် မည်သည့်အချိန်တွင် ပေါ်လာမည်ကို မသိနိုင်ပေ။ ချန်ချိုက်ရှင်းလည်း အံကြိတ်ကာ ဆုံးဖြတ်လိုက်ပေသည်။


“ကောင်းပြီ အတူတူသွားကြမယ်” 


ဒီသောက်ရူးဂိမ်း! 


မူလတန်းကျောင်းသားလေးကိုတောင် ချန်မထားခဲ့နိုင်ဘူးလား။


သူ့အနေဖြင့် ဤညီငယ်လေးကို ယခုဂိမ်းအတွက် ကာကွယ်ပေးနိုင်သော်လည်း နောက်ထပ်ဂိမ်းများတွင် မည်သို့ဖြစ်လာမည်နည်း။


သူက ဤကလေးနှင့် အမြဲတမ်း အတူရှိနေနိုင်မည် မဟုတ်ပေ။


လှေကားထစ်များမှာ သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်၍  နင်းလိုက်သည့်အချိန်တိုင်း တကျွတ်ကျွတ်မြည်သံများ ထွက်ပေါ်နေပြီး ရှေးဟောင်းအငွေ့အသက်များ လွှမ်းမိုးနေပေသည်။


ဒုတိယထပ်တွင် အခန်းများနှင့် အပြည့်ရှိနေသော်လည်း တတိယထပ်တွင်တော့ တံခါးသုံးချပ်နှင့် လသာဆောင်အသေးလေးတစ်ခုသာ ရှိသည်။


ထိုနေရာမှာ အိမ်နောက်ဖေးရှိ သစ်အယ်သီးပင်နှင့် တည့်တည့်၌  ရှိနေခဲ့သည်။


လသာဆောင်တွင် အဖြူရောင် ခုံဝိုင်းလေးနှင့် ကုလားထိုင်များကို ချထားခဲ့သည်။ စားပွဲဝိုင်းပေါ်တွင်တော့ ပန်းအိုးအရှည်လေးတစ်လုံးရှိပြီး လတ်ဆတ်သော ပန်းတစ်ပွင့်ကို ထိုးထားပေသည်။ 



 ထိုပန်းလေးက ပွင့်လန်းနေခဲ့ကာအလွန်နူးညံ့ပြီး လှပလွန်း၏။


တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ဦးက ထိုပန်းကို ပုံမှန်လဲလှယ်ပေးနေကြောင်း သိနိုင် သည်။


ဤ ‘တစ်စုံတစ်ဦး’ မှာ တခြားသူ မဟုတ်ဘဲ မစ္စတာဟောက်စ်သာ ဖြစ်ရပေမည်။ ချန်ချိုက်ရှင်းအနေဖြင့် အချိန်ကြာအောင် လျှောက်မကြည့်ရဲပါချေ။ သူ့တွင် အချိန်လည်းမရှိသည့်အတွက် တံခါးလက်ကိုင်တစ်ခုကိုသာ အသာအယာ လှည့်ဖွင့်ကြည့်လိုက်၏။


ကံကောင်းထောက်မစွာဖြင့် တံခါးကို ပိတ်မထားပေ။


အခန်းမှာ အလွန်ကျယ်ဝန်းပြီး အမေရိကန်စတိုင်ဖြင့် ပြင်ဆင်ထားသည်။ ပန်းပွင့်လေးများပါသော နောက်ခံစက္ကူ၊ အမိုးပါသော ခုတင်ကြီး၊ အဝတ်ဗီရိုနှင့် မှန်တင်ခုံတို့ ရှိနေ၏။


 ဤသည်က အမှန်တကယ်ပင် အိမ်ရှင်များ၏ အိပ်ခန်းမကြီးဖြစ်ပေသည်။


“ရှောင်ကျို့၊ မင်း မှန်တင်ခုံကို ရှာကြည့်လိုက်”


ချန်ချိုက်ရှင်းက အဝတ်အထည်များထည့်သော အံဆွဲဗီရိုဆီသို့ တိုက်ရိုက်သွားလိုက်သည်။


အံဆွဲထဲတွင် ခြေအိတ်ရှည်များ၊ အတွင်းခံများနှင့် တခြားသော အထွေထွေပစ္စည်းများရှိသော်လည်း သံသယဖြစ်ဖွယ် သဲလွန်စများ မတွေ့ရပေ။ 


သူ့ကို ပိုမိုသေချာသွားသည့် တစ်ခုတည်းသောအချက်မှာ ဤအခန်းတွင် အိမ်ရှင်မတစ်ဦးက အမှန်တကယ်ရှိခဲ့ခြင်းပင်ဖြစ်၏။ 


သို့သော် သူမ ယခုအချိန် မည်သည့်နေရာတွင် ရှိနေကြောင်းကို သူ မသိပေ။ သူ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ပြီးကြည့်လိုက်၏။ 


ညီငယ်လေးက မှန်တင်ခုံကို သေသေချာချာ ရှာဖွေနေသောကြောင့် သူက အဝတ်ဗီရိုကြီးဆီသို့ လှည့်လိုက်လေသည်။


တံခါးလေးချပ်ပါသော ထိုဗီရိုကြီးတွင် ဂါဝန်များနှင့် စကတ်များကို အမျိုးသားဝတ် အဝတ်အထည်များနှင့်အတူ ချိတ်ဆွဲထားသည်။


၎င်းတို့မှာ အတော်လေးပင် ရှေးကျလှ၏။ ချန်ချိုက်ရှင်းတစ်ယောက် ဗီရိုထဲတွင် အလျင်အမြန်ပင် မွှေနှောက်ရှာဖွေနေစဉ် အမျိုးသမီးစကတ်တစ်ခု၏ အိတ်ကပ်ထဲ၌ တစ်စုံတစ်ခုရှိနေသည်ကို ခံစားလိုက်ရပေသည်။ 


သူ ထိုပစ္စည်းကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်၏။


ထိုသည်မှာ ဝါကျင်ကျင်ဖြစ်နေသော ခေါက်ထားသည့် စက္ကူတစ်ရွက် ဖြစ်ပေသည်။


ထိုအပေါ်တွင် စာသားအချို့ကို ရေးသားထားဟန်ရှိ၏။ သူ စာကို မဖွင့်ရသေးမီမှာပင် အပြင်ဘက်မှ ကျယ်လောင်သော စကားသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရပေသည်။


“...မစ္စတာဟောက်စ်၊ ကျွန်မ ရှင့်ကို မေးစရာရှိလို့ပါ၊ ကျွန်မတို့ရဲ့ ကားအပိုပစ္စည်းတွေက...”


ထိုသည်မှာ ဝမ်ရှောင်ရှောင်၏ အသံဖြစ်ပေသည်။ ချန်ချိုက်ရှင်းလည်း ထိုစက္ကူကို သူ၏အိတ်ကပ်ထဲသို့ အလျင်အမြန်ပင် ထိုးထည့်လိုက်၏။


သူ ဆက်၍မနေရဲတော့ပေ။  မစ္စတာဟောက်စ် ရောက်လာခဲ့ပြီ မဟုတ်ပါလား။


“ရှောင်ကျို့၊ မြန်မြန်လေး ဒီက ထွက်ရအောင်”


ချန်ချိုက်ရှင်းက ယွမ်ကျို့ဝမ်၏လက်ကိုဆွဲကာ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့လေတော့သည်။ 


သူတို့ တတိယထပ်မှ ဒုတိယထပ်သို့ ဆင်းလာချိန်တွင် မစ္စတာဟောက်စ်၏ ပုံရိပ်နှင့် တည့်တည့်တိုးခဲ့လေ၏။ ဝမ်ရှောင်ရှောင်မှာလည်း မျက်နှာတွင် ချွေးစေးများဖြင့် အနောက်မှ ကပ်လိုက်လာခဲ့သည်။


သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာတို့က သူတို့ကို မြင်လိုက်ရမှသာ အနည်းငယ် ပြေလျော့သွားလေ၏။


သို့သော်လည်း ယခုအချိန်က စိတ်အေးရမည့်အချိန် မဟုတ်ပေ။


မစ္စတာဟောက်စ်က သူ၏နောက်ကျိမှိုင်းညှို့နေသော မျက်လုံးများဖြင့် ချန်ချိုက်ရှင်းကို စေ့စေ့စပ်စပ် အကဲခတ်နေခဲ့သည်။


ထိုအကြည့်မှာ လူများကို ကြက်သီးထစေလောက်ပေ၏။ ချန်ချိုက်ရှင်းအနေဖြင့် တစ်ဖက်လူက သူ အပေါ်ထပ်သို့ တက်ခဲ့ကြောင်းကို အသေအချာ သိရှိနေသည်ဟု ခံစားလိုက်ရသည်။


ချန်ချိုက်ရှင်း သူ၏ အင်္ကျီအိတ်ကပ်ထဲမှလက်မှာ ထိုစာရွက်ကို အသာအယာ ထိတွေ့လိုက်မိသည်။


ထို့နောက် အပြင်ပန်းတွင် မည်သည့်အရာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာဖြင့် ပြုံးပြီး မေးလိုက်လေသည်။


“မစ္စတာဟောက်စ်၊  တစ်ခုခု ဖြစ်လို့လား” 


တစ်ဖက်လူက စကားပြန်မပြောခဲ့ပေ။ သူ၏မျက်လုံးများမှာ မြွေဆိုးတစ်ကောင်ကဲ့သို့ ချန်ချိုက်ရှင်းကို မခွာတမ်း စိုက်ကြည့်နေပေသည်။


ဒုတ်... ဒုတ်... ဒုတ်...


ချန်ချိုက်ရှင်း၏ နှလုံးခုန်သံက မြန်ဆန်နေသော်လည်း  အပေါ်ယံတွင် တည်ငြိမ်သကဲ့သို့ ဟန်ဆောင်ပြီး ပြန်လည်ကြည့်ရှုနေခဲ့၏။ 


အချိန်အတော်ကြာပြီးနောက်မှသာ မစ္စတာဟောက်စ်က အေးစက်စွာ ပြောလာလေ၏။


“နေ့လယ်စာစားဖို့ အချိန်ကျပြီ၊ သွားစားလို့ရပြီ”


“ကျေးဇူးတင်ပါတယ်၊ ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ၊ သာယာတဲ့ နေ့လယ်ခင်းလေး ဖြစ်ပါစေ မစ္စတာဟောက်စ်” 


ချန်ချိုက်ရှင်း ပြုံးပြလိုက်သည်။ 


ထို့နောက် ယွမ်ကျို့ဝမ်၏လက်ကို ဆွဲလျက် မစ္စတာဟောက်စ်၏ဘေးမှ ဖြတ်ပြီး ပထမထပ်သို့ ဆင်းလာခဲ့လေ၏။


ဟင်း.. 


ချန်ချိုက်ရှင်းသည် သူ၏အသက်ကို တဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်မိ၏။ 


တကယ်ကို ကြောက်စရာပဲ။


*


ထမင်းစားပွဲပေါ်ရှိ ဟင်းလျာများက အလွန်ပင် ဆွဲဆောင်မှုရှိသော ရနံ့များကို ထုတ်လွှတ်နေပေသည်။


ချန်ချိုက်ရှင်းသည်ကား လွန်ခဲ့သော ခဏက ကြုံတွေ့ခဲ့ရသည့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား အခြေအနေမှ ယခုအထိ စိတ်မအေးနိုင်သေးပေ။ 


ထိုစာရွက်ပေါ်တွင် ရေးထားသော စကားလုံးများက အလွန်အရေးကြီးလိမ့်မည်ဟု သူ အလိုလိုသိနေခဲ့၏။


ထိုစာရွက်ပေါ်တွင် မည်သည့်အရာများရေးထားသည်ကို သူ မသိသေးပေ။


ထမင်းစားပွဲ၏ တစ်ဖက်ခြမ်းမှ အကြည့်တချို့က သူ့ထံသို့ တိတ်တဆိတ် ရောက်ရှိနေကြလေ၏။ တချို့ကတော့ ပွင့်ပွင့်လင်းလင်းပင် စိုက်ကြည့်နေကြပေသည်။


ဝါရင့်ကစားသမား သုံးဦးက သူ့ကို ထိုသို့ကြည့်နေခြင်းက မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်း ချန်ချိုက်ရှင်း သိသော်လည်း မမြင်ချင်ယောင်ဆောင်နေခဲ့၏။ 


သူက  ညီငယ်လေး၏ ခေါင်းကို ပုံမှန်အတိုင်း ပုတ်ပေးလိုက်လေ၏။


“ဗိုက်ဆာလို့ သေတော့မယ်၊ လက်သွားဆေးပြီး ထမင်းစားကြရအောင်”


သူ ယွမ်ကျို့ဝမ်ကို ခေါ်ကာ လက်ဆေးရန်အတွက် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့၏။


ထမင်းစားပွဲ၌ ကျန်ရစ်ခဲ့သော ဝမ်ကောက ကျင်းဟိုင်ကို အဓိပ္ပာယ်များပါရှိသော အကြည့်တစ်ချက်ကို ပေးလိုက်လေသည်။ 



*