Ch 7
Viewers 762

🏔️ Chapter 7



ကျန်းချိုး၏ တည်ရှိမှုကိုမူ ကျင်းလောင်တာ့က လုံးဝအရေးမစိုက်ပေ။


လီရှုနှင့် မလှမ်းမကမ်းတွင်နေနေသော ကျန်းချိုးက ဗိုက်ဆာလာသောကြောင့် သူ့ဗိုက်က တဂွီဂွီမြည်လာသည်။ လီရှုက သူ့အိတ်ထဲမှ ဘီစကစ်တစ်ထုပ်နှင့် ရေတစ်ဘူးထုတ်ပေးလိုက်သည်။


" ကျွန်တော် တကယ် ဗိုက်မ–" ဂွီ~

သူ့အစာအိမ်က သူ့ကိုသစ္စာဖောက်သွား၍ ကျန်းချိုး၏မျက်နှာ နီရဲသွားရသည်။

" ‌ဗိုက်ဆာနေတာ…"


လီရှုက ၎င်းတို့ကို ကျန်းချိုးလက်ထဲ ထိုးထည့်ပေးလိုက်သည်။

" ငါ ‌ဗိုက်မဆာပါဘူး စားပါ…"


လီရှုထံတွင်လည်း စားစရာရှိနေသည်ဟု ယူဆလိုက်၍ လီရှုက အားမနာတော့ပေ။ သူက မြက်ခင်းပေါ်ထိုင်လိုက်ပြီး ဘီစကစ်ကို တမြုံ့မြုံ့ဝါးနေလိုက်သည်။ ၎င်းမှာ သူက ရှဉ့်လေးတစ်ကောင်ကဲ့သို့ ချစ်စဖွယ်ကောင်းအောင်ပြုမူနေခြင်းမဟုတ်ပေ။ သုံးနပ်စာလုံးကို ဘီစကစ်ခြောက်များဖြင့်သာ ဗိုက်ဖြည့်ခဲ့ရသောကြောင့် ၎င်းတို့ကို ဝါးပင် မဝါးချင်တော့သောကြောင့်ဖြစ်သည်။ စားပြီးသည့်နောက် ရေသောက်လိုက်သည့်အခါ အစာအိမ်ထဲတွင် ပို၍ မအီမသာဖြစ်လာသည်။


ကျန်းချိုးက ဘီစကစ်ကို တဖြည်းဖြည်းဝါးလျက် အဝေးမှ ကျင်းလောင်တာ့နှင့် အခြားလူများကို စိုက်ကြည့်နေသည်။ လောင်စစ်က မြေကြီးထဲ စိုက်ထားသည့် လော့ယန်ပေါက်တူးကို ဆွဲထုတ်လိုက်ပြီး ပေါက်တူးပေါ်မှ ရွှံ့မြေများကို လက်ဖြင့်ယူကာ ကျင်းလောင်တာ့အား စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ခု ပြောလိုက်သည်။ မကြာမီတွင် ထိုလူအုပ်စုက ထိုနေရာတစ်ဝိုက်ကို ဝိုင်းရံလိုက်ကြပေသည်။ ထိုနေရာက သူတို့ရှာဖွေနေသည့် နေရာဖြစ်ပုံပေါ်သည်။


[T/N - Luo Yang Shovel -လော့ယန်ပေါက်တူးက ရှေးခေတ် သင်္ချိုင်းဂူရှာဖွေသူတွေ အသုံးပြုခဲ့တဲ့ ကိရိယာတစ်ခုရဲ့ နာမည်ပါ၊ လော့ယန်မြို့က တရုတ်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော်ကြီးတွေထဲက တစ်ခုဖြစ်ပြီး သမိုင်းဝင် ဂူသင်္ချိုင်းတွေ အများအပြားတည်ရှိရာ နေရာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိရိယာဟာ ဒီဒေသကနေ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပါတယ် ]


လောင်စစ်က လော့ယန်ပေါက်တူးဖြင့် ဝူဟွာမြေကို ထုတ်ယူခဲ့သည်ကို ကျန်းချိုး သိပေသည်။ ဂူကိုတူးစဉ် မြေတွင်းမှ အပေါ်ယံ မြေဆီလွှာနှင့် အတွင်းဘက်ရှိ ရောင်စုံမြေသားစိမ်းများကို ဖယ်ထုတ်ထားပြီး နောက်ဆုံး၌ မြေပြန်ဖို့လိုက်သောအခါ ဝူဟွာမြေအဖြစ် ဖြစ်ပေါ်လာသည်ကို သူသိသည်။ ထိုဝူဟွာမြေကို မြေကြီးအောက်တွင် ဂူသင်္ချိုင်းရှိမရှိ ခွဲခြားသိရှိရန်အတွက် အသုံးပြုကြပေသည်။


[ T/N - 五花土 ဝူဟွာမြေက ရှေးဟောင်းသုတေသနဆိုင်ရာ အသုံးအနှုန်းတစ်ရပ် ဖြစ်သည်။ ၎င်းသည် မြေကျင်းကိုတူးသည့်အခါ မြေကြီးတူးဖော်မှုနှင့် ထိုကျင်းအတွင်းမှ မတူညီသော အရောင်အမျိုးမျိုးရှိသည့် မြေသားများကို ရည်ညွှန်းပါသည်။ မြှုပ်နှံပြီးသည့်နောက် ထိုရောနှောထားသော မြေသားများကို ကျင်းထဲသို့ ပြန်လည်ဖို့လိုက်သည်။ ယေဘုယျအားဖြင့်ဆိုလျှင် "ပန်းငါးပွင့်မြေ" (ဝူဟွာမြေ)က ဂူသင်္ချိုင်းများ ရှာဖွေတွေ့ရှိရန်အတွက် သဲလွန်စတစ်ခု ဖြစ်သည်။ သဘာဝမြေသားကို တူးဖော်ခြင်းနှင့် နှစ်ကြိမ်ပြန်လည်ဖို့ခြင်းတို့က မူလမြေလွှာအဆင့်နှင့် အရောင်ကန့်သတ်မျဉ်းကို ပျက်ပြားစေကာ မြေလွှာအမျိုးမျိုး ရောနှောထားသည့် ပန်းမြေအဖြစ် ပြောင်းလဲသွားပါသည်။ ထိုပန်းမြေက မည်မျှပင် သက်တမ်းရင့်ပါစေ မူလမြေသားနှင့် ပြန်လည်ပေါင်းစပ်နိုင်ခြင်း မရှိပေ။ ]


လောင်အာ့က မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ကျန်းချိုးမသိနိုင်သည့်အရာတစ်ခုခုကို လုပ်နေသည်။ ခဏအကြာတွင် အားလုံးက ရုတ်တရက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကြသည်။ ကျန်းချိုး ရေတစ်ငုံသောက်လိုက်စဉ်တွင် –


ဝုန်း…


ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံက သူ့ခြေထောက်အောက်မှမြေပြင်ကို တုန်ခါလာစေသည်။


ထိတ်လန့်သွားသောကျန်းချိုးက အင်္ကျီကော်လံနှင့် လည်ပင်းများတွင် ရေများ ဖိတ်စင်ကုန်တော့သည်။


ကျန်းချိုးက စိတ်မသက်မသာ ဖြစ်သွားကာ ပုလင်းအဖုံးကို အမြန်လှည့်ပိတ်ပြီး လီရှုကို ပြန်ပေးလိုက်သည်။ လီရှုက ကျန်းချိုးကို ကြည့်လိုက်ပြီး သူ့အကြည့်က ကျန်းချိုး၏ နှုတ်ခမ်းမှ လည်ပင်းသို့ ရွေ့လျားသွားပေသည်။


ရေများဖိတ်စင်သွားသည့်အတွက် စိုစွတ်နေသော ကျန်းချိုး၏ အသားအရေက နေရောင်အောက်၌ ရွှေရောင်ဖျော့ဖျော့ တောက်ပနေသည်။ ကော်လံက စိုနေသဖြင့် ကျန်းချိုးက သူ့လည်ပင်းကပ်တီရှပ်ကို ဆွဲ၍ ယပ်ခတ်နေပေသည်။ လီရှုက မည်သို့ရှောင်ရမှန်းမသိဖြစ်ပြီး အမှတ်မထင် မျက်လုံးဝေ့ကြည့်မိရာ ရေဆာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူက ကျန်းချိုး ပိတ်ထားသော ရေဘူးကိုဖွင့်ကာ အငမ်းမရ သောက်လိုက်ပေသည်။


လီရှုက သူ ယခုနကမှ သောက်ထားသည့် ရေဘူးကို သောက်နေသည်ကို ကျန်းချိုးမြင်လိုက်ရသည်။ အကြည့်လွှဲလိုက်ချိန်တွင် သူ့မျက်နှာနီမြန်းသွားသည်ကို သူကိုယ်တိုင် မသိလိုက်ပေ။

ဒီနေ့ ရာသီဥတုက ‌တကယ်ကိုပူတာပဲ…


လေထုအခြေအနေက အနည်းငယ် ကိုးရိုးကားယားဖြစ်သွားသည်။ ကျန်းချိုးက အင်္ကျီကို ပြန်ချလိုက်ပြီး အဝေးမှ စကားပြောနေသည့် လူအုပ်စုကို လှမ်းကြည့်လိုက်သည်။

" သူတို့က ဖောက်ခွဲရေးပစ္စည်းတွေ သုံးနေတာပဲ… အဲဒါတွေက ဂူဖောက်ဖို့အတွက် သုံးတာဆိုတော့ မြေအောက်ကိုပဲ ပေါက်ကွဲသွားစေတာမို့ အသံကျယ်ကြီးမထွက်တော့ လူအာရုံစိုက်စရာလည်း မဖြစ်ဘူး…"


သူက စကားစမြည်ပြောလိုက်ခြင်းသာဖြစ်သော်လည်း လီရှုက စိတ်ဝင်တစားနားထောင်နေသည်မှာ ဂူဖောက်သည့် ထိုနည်းလမ်းများကို လုံးဝ မသိသည့်ပုံပင်။


သူက ရှေးဟောင်းသုတေသနပညာကို သင်ယူနေသူဖြစ်သည်။ သူ၏ ပထမဆုံးအတန်းမှ ဆရာက ရှေးဟောင်းသုတေသနပညာရပ်နှင့် သင်္ချိုင်းဂူဖောက်ခြင်းတို့၏ မရှိမဖြစ် ကွာခြားချက်ကို မိတ်ဆက်ပေးခဲ့ဖူးပေသည်။ ဤနည်းလမ်းကို ဂူဖောက်သူများသာ အသုံးပြုပြီး ထိုသူတို့က ရှေးဟောင်းပစ္စည်းများ ပျက်စီးမည်ကို မကြောက်သည့်အပြင် မြန်ဆန်သောနှုန်းဖြင့်လည်း လုပ်ဆောင်ကြသည်။


လီရှုက ဂရုတစိုက်‌နားထောင်နေသည်ကို မြင်သောအခါ သူ ဆက်ပြောလိုက်သည်။

"သူတို့ဖောက်ခွဲလိုက်တဲ့ မြေပေါ်မှာ မြေကြီးအစိုင်အခဲလေးတွေ နည်းနည်းမှ ရှိမနေတာကို တွေ့တယ်မလား… အကုန်လုံး တွင်းထဲမှာပဲ ရှိနေတာ… ကျွမ်းကျင်တဲ့ ဂူဖောက်သူတွေဆို မြေမှုန်တစ်မှုန်တောင် အပြင်မရောက်ဘဲ ဥမင်တစ်ခုကို တူးနိုင်တယ်လို့ ပြောကြတယ်…"


မိနစ်အနည်းငယ်ပင် မကြာလိုက်သည့်အချိန်မှာပင် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ကျန်းချိုးခြေထောက်အောက်မှ တုန်ခါမှုက ယခင်အကြိမ်ခန့် မပြင်း၍ သူတို့က အောက်သို့ နက်ရှိုင်းစွာတူးနေကြခြင်း ဖြစ်နိုင်သည်။


ည ၉နာရီခန့်အချိန်တွင်မှ ဥမင်ငယ်လေးတစ်ခုစာခန့် တူးထုတ်နိုင်သွားသည်။


အစပိုင်းတွင်မူ သူတို့က ဖောက်ခွဲရေးပစ္စည်းများသုံးခဲ့၍ အရှိန်က မြန်ဆန်နေခဲ့သည်။ သို့ရာတွင် ပစ္စည်းများမြှုပ်နှံထားသည့် အခန်းအနီးကို ရောက်လာချိန်တွင် ကျင်းလောင်တာ့က ပြိုကျသွားမည်ကိုစိုးရိမ်၍ ၎င်းတို့ကို ထပ်မသုံးရဲတော့ပေ။ သူတို့က ဥမင်ကို လက်ဖြင့်သာ အလှည့်ကျတူးခဲ့ကြရသည်။ သင်္ချိုင်းဂူရှိသည့်နေရာက အလွန်နက်နေသောကြောင့် ၃နာရီခန့် တူးခဲ့ရလေသည်။ 


ပတ်ဝန်းကျင်တစ်ခုလုံးက ကြက်သီးထစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိရာ စခန်းချရာမှ မီးရောင်တစ်ခုတည်းသာ ထွန်းလင်းနေသည်။ ထိုမှိန်ဖျော့ဖျော့အလင်းက မြက်ပင်တို့၏ အရိပ်များကို ထင်ဟပ်နေစေပြီး ထိုအရိပ်တို့မှာ အတွင်းအပြင်မှ ခုန်ထွက်လာနေသည့်အလား ထင်ရသည်။ ကျန်းချိုးက အဘယ်ကြောင့် ဤသို့ တွေးမိသည်ကို မသိသော်လည်း မြက်ပင်တို့၏နောက်မှ တစ်စုံတစ်ရာက သူတို့ကို စူးစူးစိုက်စိုက် ကြည့်နေသည်ဟု အမြဲတစေ ခံစားနေရသည်။


သူက လီရှု ရှိရာသို့ တိုးကပ်သွားပြီး ထိုသူ့အနားတွင် ထိုင်လိုက်မှ မသက်မသာဖြစ်နေသည့် ခံစားချက်က ပျောက်ကွယ်သွားသည်။


လောင်အာ့၊ လောင်စန်း၊ လောင်စစ်နှင့် လောင်ဝူတို့က မြေကြီးပေါ် တွားသွားနေရကာ ဖုန်သဲများကပ်၍ ပေကျံနေသော်လည်း သူတို့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ သူတို့ တူးထားသောတွင်းပေါက်က အချင်းတစ်မီတာခန့် ရှိပေသည်။ သူတို့က ထိုတွင်းနားတွင်ရပ်နေစဉ် ကျင်းလောင်တာ့က ချောင်းဟန့်လိုက်သည်။

" အရင်ဆုံး ရှင်းစရာရှိတာရှင်းပြီးတော့မှ ပူပူနွေးနွေးစားစရာတွေစားပြီး အောက်ကိုဆင်းကြတာပေါ့…"


ပုံမှန်ဆိုလျှင် သူတို့က ညလုံးပေါက်အနားယူပြီးမှ နေ့အလင်းရောင်ဖြင့် သင်္ချိုင်းဂူကို စူးစမ်းသင့်ပေသည်။ မည်သို့ပင်ဖြစ်စေ သင်္ချိုင်းဂူက ထွက်ပြေးသွားမည်လည်း မဟုတ်ပေ။ သို့ရာတွင် ကျင်းလောင်တာ့က ထပ်မစောင့်နိုင်တော့ပေ။


အခြားသောညီအစ်ကိုများက သူ ဤသင်္ချိုင်းဂူကို ရှာတွေ့ရန် တစ်နှစ်ခန့်စောင့်ဆိုင်းခဲ့ရသည်ဟု ထင်ပေမည်။ သို့သော် အမှန်တွင် သူက ရှစ်နှစ်တိုင်အောင် ဤသင်္ချိုင်းဂူကို ရှာဖွေခဲ့ရခြင်းဖြစ်သည်။


ကျန်းချိုးက စည်သွပ်ဘူးများကို အပူပေးရန်နှင့် ရေနွေးတည်ရန်တာဝန်ကို ရရှိခဲ့သည်။ ထိုအဖွဲ့သားများထဲတွင် သူနှင့် လီရှုတို့နှစ်ဦးသာ အလွတ်လပ်ဆုံးသူများ ဖြစ်ကြသည်။  နေ့လယ်ဘက်တွင် သူတို့နှစ်ယောက်က တစ်ချိန်လုံး သစ်ပင်အောက်၌ ထိုင်၍ စကားပြောဆိုနေခဲ့ကြသည်။ သို့သော်လည်း ကျင်းလောင်တာ့က လီရှုကို အမိန့်ပေးနိုင်ခြင်းမရှိသည်မှာ ထင်ရှား၍ သူအမိန့်ပေးခြင်းက ကျန်းချိုးကိုသာ သက်ရောက်ပေသည်။


လီရှုက သူ့ဘေးနားတွင် ချက်ပြုတ်နေသည်ကို ကြည့်ရှုလျက် တစ်ခါတစ်ရံ၌ ကူညီလုပ်ကိုင်ပေးလေသည်။ လီရှုက ဤနေရာ၌ အစားအစာချက်ရာတွင် ကူညီပေးရန်အတွက် အလွန်ကိုချောမောနေသည်ဟု ကျန်းချိုးခံစားလိုက်ရသည်။


ဂူဖောက်သူများက အောက်သို့ အလွန်ဆင်းချင်နေသောကြောင့် စားစရာများကို အလောတကြီး ထိုးသွတ်စားခဲ့ကြသည်။ ထို့နောက် သူတို့က အသုံးအဆောင်များကို လဲလှယ်ကြပြီး ဥမင်တူးသည့်အခါက ဝတ်ဆင်ခဲ့သော jumpsuitကိုပင် အသစ်လဲလှယ် ဝတ်ဆင်လိုက်ကြသည်။ ကျင်းလောင်တာ့က အဝတ်အစားလဲပြီးနောက် ပြုံးရွှင်စွာဖြင့် လှမ်းချဉ်းကပ်လာသည်။

" ညီလေး မင်းက တော်တော်လေး အားကိုးရမယ့်ပုံ… မင်း ရှေ့ကနေ ဦးဆောင်ပြီးဆင်းရင်ရော ဘယ်လိုလဲ…"


ကျန်းချိုးက စိတ်ထဲတွင် ဆဲရေးလိုက်သည်။

ဘယ်လိုလဲဆိုတာက ဘာသဘောလဲ… ခင်ဗျားက ကျွန်တော့်ကို ရွေးချယ်စရာတောင် ပေးမနေတာ အသိသာကြီးကို…


ကျန်းချိုး၏ ဝမ်းဗိုက်ကြွက်သားများ တဆတ်ဆတ်တုန်သွားခဲ့သည်။

ဒီ ကျင်းလောင်တာ့ဆိုတဲ့သူက လီရှုကိုရော ရွေးချယ်စရာမပေးဘူးလား… သူတို့ငါးယောက်က ငါတို့ကို ချတော့မှာ‌လား…

 

ထို့နောက် သူတစ်ခုခုကို တွေးမိသွားသည်။

နေဦး လူငါးယောက်လား…


ကျန်းချိုးက ကျင်းလောင်တာ့၏ နောက်ကျောကို လှည့်ကြည့်လိုက်ပြီးနောက် ကြောက်လန့်တကြား တုန်ယင်နေသော နှုတ်ခမ်းများဖြင့် လေပြင်းတစ်ချက် ရှိုက်ကာ  ဆိုလိုက်သည်။

" အ… အနောက်မှာ…"


ကျင်းလောင်တာ့၏မျက်နှာက ရုတ်ခြည်းပြောင်းလဲသွားပြီး သူက ကျွမ်းကျင်မှုဖြင့် ဘယ်ဘက်သို့ လျင်မြန်စွာ လူးလဲလှိမ့်ချလိုက်ရာ နောက်မှလိုက်လာသည့်အရာမှာ လွဲချော်သွားခဲ့သည်။ မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့် ကျန်းချိုးက ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

" အဲ… အဲဒါကြီးက လူမဟုတ်ဘူး ကျန်းရှီပဲ…"


ထိုအရာ၏ အနက်ရောင်တွင်းနက်ကဲ့သို့သော မျက်လုံးနှစ်လုံးက သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။ ကျန်းချိုးမှာ အလွန်အမင်း ကြောက်ရွံ့သွားသဖြင့် ခြေထောက်များမှာ ဆန်ခါကဲ့သို့ တုန်နေပြီး လုံးဝလှုပ်ရှား၍မရနိုင်အောင် ဖြစ်နေသည်။ လည်ချောင်းထဲတွင် တစ်စုံတစ်ရာက ပိတ်ဆို့နေသကဲ့သို့ ခံစားရပြီး အမှန်မှာ ထိုကျန်းရှီက သူ့အနားသို့ အလွန်နီးကပ်နေခြင်းကြောင့် ဖြစ်သည်။


အချိန်တစ်စက္ကန့်သည်ပင် ထာဝရ ကြာမြင့်သကဲ့သို့ ခံစားနေရပေသည်။ လက်တွေ့တွင်မူ စက္ကန့်အနည်းငယ်သာ ကုန်ဆုံးသွားသေးသည်။


ကျန်းရှီက ကျန်းချိုးရှေ့တည့်တည့်တွင် ရှိနေသော်လည်း ၎င်းက ကျင်းလောင်တာ့ဘက်သို့ ပြန်လှည့်သွားသည်။ နောက်ဘက်မှ လောင်စန်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့လက်ထဲရှိ သေနတ်ကို ဆွဲယူကာ ကျန်းရှီ၏ ကျောဘက်သို့ ချိန်ရွယ်လိုက်သည်။ ကျန်းရှီက အပစ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားလေသည်။


လောင်အာ့က ကျန်းရှီ၏ ဦးခေါင်းကို တုတ်ဖြင့် အားကုန်ရိုက်ချလိုက်ရာ ဦးခေါင်းက ဖရဲသီးတစ်လုံးပမာ လိမ့်ကျသွားပြီး မြက်ခင်းပေါ်သို့ 'ဂူလူးလူး' ဟူသောအသံဖြင့် လှိမ့်ဆင်းသွားသည်။ ကိုယ်ခန္ဓာနှင့် ဦးခေါင်း ပြတ်တောက်သွားသော်လည်း ကိုယ်ခန္ဓာက ငြိမ်သက်မသွားမီ မြေပြင်ပေါ်၌ တဆတ်ဆတ် ဆက်လက်တုန်နေခဲ့သည်။


" သောက် ကျုံးဇီကောင်…"

လောင်အာ့က နှာမှုတ်လိုက်သော်လည်း သူ့ခေါင်းပေါ်မှ ချွေးစေးများကို မြင်နိုင်ပေသည်။

" အဲဒီကျုံးဇီက ဥမင်ထဲက ထွက်လာတာလား…"


[T/N - ကျုံးဇီ ဆိုတာ ကောက်ညှင်းဆန်နဲ့လုပ်ထားတဲ့ တရုတ်ရိုးရာ အစားအစာတစ်မျိုးပါ၊ ဒီဇာတ်လမ်းထဲမှာတော့ မံမီနဲ့တူတဲ့အကောင်မျိုးတွေကို ရည်ညွှန်းတာပါဆိုပြီး E Translatorက ရေးထားပါတယ်]


လောင်စန်းက ဓာတ်မီးကိုယူကာ ဥမင်ပေါက်ဝအတွင်းသို့ ထိုးကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။ ကျန်လူလေးယောက်မှာ သက်ပြင်းချကာ စိတ်သက်သာရာရသွားကြသည်။


ယခုမူ သူတို့၌ ပြဿနာရှိလာပြီဖြစ်သည်။


ကျုံးဇီတစ်ကောင်က မည်သည့်နေရာကမှန်းမသိ ထွက်လာပြီဖြစ်ရာ အောက်ခြေ၌ အခြားအရာများ ရှိနေနိုင်သေးသည်။ ထို့ကြောင့် ဤအဖွဲ့အနေဖြင့် လက်လျှော့ရန် လုံးဝမဖြစ်နိုင်ပေ။

လက်လျှော့ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ရတနာတွေက လက်တစ်ကမ်းအလိုမှာ ရှိနေတာကို…

 

" အဆင်ပြေမှာပါ ကျုံးဇီတစ်ကောင်ပဲကို… ငါတို့မှာက လူအများကြီးရှိတယ်လေ…"

ကျင်းလောင်တာ့က သက်တောင့်သက်သာရှိဟန်ဖြင့် ပြောလိုက်သော်လည်း သူ၏စကားမှာ အရာမဝင်လှပေ။ သူကိုယ်တိုင်လည်း လွန်ခဲ့သော ခဏကမှ ထိတ်လန့်သွားခဲ့သည်ဖြစ်သော်လည်း သူက ဤဂူထဲသို့ ဆင်းရတော့မည်ဖြစ်၍ အချည်းအနှီး စကားများပြောနေမည်မဟုတ်ပေ။ ဤသင်္ချိုင်းဂူကို သူ  ရှစ်နှစ်တိုင်တိုင် ရှာခဲ့ရသည်ဖြစ်ရာ မည်သည့်အရာများ ရှိသည်ဖြစ်စေ အတွင်းသို့ သွားရောက်ရမည်ဖြစ်သည်။


သူက တစ်ချိန်လုံး ငြိမ်သက်စွာရပ်နေသည့် လီရှုကို ကြည့်လိုက်သည်။

"ညီလေး… သူ ပြီးရင် မင်းသွားပါ…"


ကျင်းလောင်တာ့၏ စကားကြောင့် ကျန်းချိုးမျက်နှာက ဖြူဖျော့သွားပြီး လီရှု၏ အင်္ကျီစကို အမှတ်မထင်ဆွဲလိုက်မိသည်။


ဒီ လူတွေက ရူးနေကြတာပဲ… ကျန်းရှီတစ်ကောင် ပေါ်လာတာတောင် သူတို့က လီရှုကို သူတို့ရှေ့က သွားခိုင်းနေတုန်းပဲလား… သူတို့ အရမ်း စိတ်အားထက်သန်နေရင် ဘာလို့ သူတို့ကိုယ်တိုင် အရင်မဝင်တာလဲ… ဂူဖောက်ချင်တဲ့သူကပဲ ရှေ့က သွားသင့်တာပေါ့… တခြားလူတွေကို အန္တရာယ်ထဲ အတင်းမထိုးထည့်သင့်ဘူး…


ကျန်းချိုး ပါးစပ်မဟနိုင်မီမှာပင် အေးစက်စက် သေနတ်ပြောင်းဝတစ်ခုက ဖိကပ်ထားသည်ကို ခံစားလိုက်ရသည်။ ကျန်းချိုး၏ ကျိန်ဆဲချင်နေသော စကားလုံးများပင် လည်ချောင်းထဲ၌ ပျောက်ကွယ်သွားရသည်။


ဘာလုပ်တာလဲ…


လောင်အာ့က ကျန်းချိုးကို သေနတ်ဖြင့်ချိန်ထားသော်လည်း လီရှုကိုသာ စိုက်ကြည့်နေခဲ့သည်။


လီရှုက လောင်အာ့၏ သေနတ်ကိုင်ထားသောလက်ကို အေးစက်စွာကြည့်လိုက်သည်။

"လွှတ်လိုက်…"


အမည်မသိအကြောင်းအရင်းအချို့ကြောင့် လောင်အာ့က လွှတ်ပေးလိုက်မိသည်။ သူ လွှတ်ပေးလိုက်သည့်အချိန်တွင် တစ်ခုခုမှားနေသည်ကို ခံစားမိသွားသည်။

ငါ ဘာလို့ မစဉ်းစားဘဲ လုပ်လိုက်မိတာလဲ…


၎င်းက ထူးဆန်းလှသည့် တစ်ခဏတာ ထိန်းချုပ်မှုလွတ်သွားခြင်းတစ်မျိုးပင်။ သို့ရာတွင် သူ ဤကိစ္စအပေါ် အာရုံထပ်မစိုက်မိခင်မှာပင် လီရှုက ကျန်းချိုးကို ဥမင်ဝဆီသို့ ခေါ်သွားသည်ကို တွေ့လိုက်ရ၍ သူ့စိတ်ထဲမှမေးခွန်းများ ပျောက်ကွယ်သွားသည်။

 

ကျင်းလောင်တာ့က အလွန်ပျော်ရွှင်နေပြီး ဓာတ်မီးတစ်လက်ကို လီရှုလက်ထဲ ထည့်ပေးလိုက်သည်။

" ညီလေး စိတ်မပူပါနဲ့… ငါ မင်းနောက်မှာနေပြီး လိုတာရှိရင် ကူညီပေးမယ်…"


အင်း… ဟုတ်ပါပြီ…

ကျန်းချိုးက မျက်လုံးလှိမ့်ရလွန်း၍ မျက်စိစွေမတတ် ဖြစ်နေသည်။


တစ်ခုခုဖြစ်လို့ကတော့ သူ အရင်ပြေးမှာကိုများ… အရူးကပဲ သူ့စကားကို ယုံလိမ့်မယ်…


ကျန်းချိုး တွေးနေစဉ်မှာပင် လီရှုက ပြောလိုက်သည်။

" ကျန်းချိုးက ငါ့နောက်မှာ နေလိမ့်မယ်…"


လီရှုက တောင်းဆိုနေခြင်းမဟုတ်ဘဲ ဆုံးဖြတ်ချက်ချလိုက်ခြင်းသာဖြစ်သည်။


ကျင်းလောင်တာ့၏အပြုံးက တောင့်တင်းသွားသည်။ သူက မူလတွင် ကျန်းချိုးကို ငါးစာအဖြစ်ထားရန် ရည်ရွယ်ထားသော်လည်း ငြင်းခုံမနေတော့ပေ။ အမြှောက်စာများများက ရှေ့မှ သွားခြင်းမှာလည်း မကောင်းသည့်အရာမဟုတ်ပေ။ သူက ကျန်းချိုး‌ဆုတ်ဖြဲခံရတော့မည့်ပုံစံကို မြင်ယောင်လျက် ကျန်းချိုးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြုံးပြကာ သဘောတူလိုက်လေသည်။


 " အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့ မြန်မြန်ဆင်းကြ…"

လောင်စန်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။


လီရှုက ဥမင်ဝသို့သွား၍ ‌ခဏရပ်ပြီး လောင်စန်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်တွင်ရပ်နေသည့် ကျန်းချိုးကို တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။

"ငါ့နောက်က လိုက်ခဲ့…"



🏔️🏔️🏔️