Ch 6
Viewers 768

🏔️ Chapter 6



မနက်ရောက်သည့်အခါ ကျန်းချိုးက လီရှုကို  ရေဘဝဲတစ်ကောင်ကဲ့သို့ တင်းကြပ်စွာ ဖက်တွယ်ထားပေသည်။ သူ၏ အိပ်စက်ပုံ အကျင့်က ဆိုးသည်ကို သိသော်လည်း ဤမျှလောက်ထိ ဆိုးသည်ဟု မထင်မှတ်ခဲ့ပေ။ သူက ရှက်ရွံ့စွာဖြင့် လီရှုကို ကြည့်လိုက်သည်။ လီရှုက ကျန်းချိုး၏ ရှက်ရွံ့နေမှုကို သတိမထားမိဘဲ သူ့အား မင်္ဂလာနံနက်ခင်းပါဟု နှုတ်ဆက်လိုက်သည်။


ကျန်းချိုး : "..."


ခင်ဗျားပုံစံကြည့်ရတာ မနေ့ညကအဖြစ်ကို ကျေနပ်နေသလိုပဲ…


တဲပြင်ပရှိ လူများက တစ်စုံတစ်ခုကို တီးတိုးပြောဆိုနေကြ၏။ ကျန်းချိုးနှင့် လီရှုတို့ ထွက်လာသောအခါ ဆွေးနွေးပြောဆိုနေသည့် အကြောင်းအရာက ချက်ချင်း ရပ်တန့်သွားသည်။ ဤအချက်ကြောင့် ထိုလူငါးယောက်က လီရှုနှင့်မတူဘဲ တစ်စုံတစ်ရာ ကွဲပြားခြားနားနေသည်ကို ကျန်းချိုးက ပို၍ပင် အတည်ပြုလိုက်မိသည်။


မနက်စာကို လောင်အာ့က ပြင်ဆင်ပေး၏။ ၎င်းတို့မှာ အပူပေးထားသော အမဲသားဘူးနှင့်  ဘီစကစ်အကြေများ ဖြစ်သည်။ လီရှုက လမ်းခရီးတစ်လျှောက်လုံး ကျန်းချိုးကို ဂရုစိုက်ခဲ့သည့်အတွက် လောင်အာ့က ဤတစ်ကြိမ်တွင် ကျန်းချိုးအတွက် သတ်မှတ်ထားသည့် အစားအစာပမာဏကို မလျှော့ချတော့ပေ။ သို့သော် ပူနေသည့်အသားဘူးကို ဖွင့်လိုက်သောအခါ ကျန်းချိုး၏ မူးဝေအော့အန်ချင်စိတ်က မခံမရပ်နိုင် ဖြစ်သွားခဲ့သည်။


အနံ့က အလွန်ဆိုးရွားလှပေသည်။


ကျန်းချိုးက ပျို့တက်လာပြီး အန်တော့မည့်ပုံပေါ်၍ လောင်စန်းက စိတ်တိုပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။

" မင်းက ဘယ်လိုတွေဖြစ်နေတာလဲ… မနက်စောစောစီးစီးတည်းက မိန်းမတစ်ယောက်လိုမျိုး အန်ချင်နေတယ်… ‌မင်း ကိုယ်ဝန်ရှိနေတာလား…"


ကျန်းချိုးဘာမှ မပြောနိုင်မီ လီရှုက လောင်စန်းကို အေးစက်စွာကြည့်လိုက်သည်။ လောင်စန်းက ဤတစ်ကြိမ်တွင်မူ ခွန်းတုံ့ပြန်၍ ရန်မဖြစ်တော့ဘဲ ပခုံးတွန့်ကာ ထိုင်ချလိုက်ပြီး စားသောက်နေသည်။


ဒါပေမဲ့ တကယ်တော့ ငါက တကယ်ကို ကိုယ်ဝန်ရှိနေတာလေ…


ကျန်းချိုးက မသက်မသာဖြစ်သွား၍ သူ့အသားဘူးကို လီရှု့ထံ ပေးလိုက်ပြီး သူကမူ ဘီစကစ်ခြောက်များ စားပြီး ရေသောက်နေလိုက်သည်။


မနက်ခင်းတွင် လောင်တာ့က သူ၏ တွန့်ကြေနေသောစာရွက်ကို ယူဆောင်၍ တောင်ကုန်းပတ်ပတ်လည်သို့ လိုက်လံစူးစမ်းခဲ့သည်။ နေ့လယ်ရောက်မှ စခန်းသို့ ပြန်လာပြီး တစ်မနက်လုံး ဘာတစ်ခုမျှ မတွေ့ခဲ့ရပေ။ လောင်စန်းက လောင်တာ့အ‌ပေါ်တွင် ဒေါသမထွက်ရဲပေ။ လီရှုက အနားတွင်ရှိနေ၍ ကျန်းချိုးကိုလည်း ပြဿနာမရှာရဲသောကြောင့် တီးတိုးသာ ကျိန်ဆဲနေသည်။


နေ့လယ်ခင်းတွင် အခြားတောင်တစ်ခုပေါ်သို့ လမ်းလျှောက်တက်ကြသည်။ ဤတစ်ကြိမ်တွင်မူ လောင်တာ့က သူ့ညီအစ်ကိုလေးယောက်ကို ပစ္စည်းများပါ သယ်လာခိုင်းလေသည်။


လောင်တာ့က တစ်စုံတစ်ခုကို သဘောပေါက်သွားပြီဟု ကျန်းချိုး မှန်းဆကြည့်လိုက်မိသည်။ သို့ရာတွင် သူက အလွန်သတိထားနေပြီး သူ့လူများကိုပါ အသေးစိတ်မပြောပြပေ။


သေချာသည်မှာ အရေးကြီးသည့် ခရီးဆောင်အိတ်ကြီးများကို ကျန်လူလေးယောက်က သယ်ဆောင်ထားကြသည်။ လီရှုတွင် ရိုးရှင်းသော အစားအစာများသာ ပါသည့် အိတ်ငယ်တစ်လုံးသာ ပါရှိပြီး သူ့(ကျန်းချိုး)တွင် အခြားဘာမှ မပါဝင်ပေ။


နေ့လယ်ပိုင်းတွင် နှစ်နာရီကြာ လျှောက်ပြီးနောက် လောင်တာ့က သူ့မျက်လုံးများတွင် ဝေဝါးသော အမူအရာအချို့ ဖြင့် မြေပုံကို စစ်ဆေးကာ ဂရုတစိုက် ဖတ်ရှုခဲ့သည်။ နောက်ဆုံးတွင် သူက မသေချာတော့၍ ကျန်လူလေးဦးနှင့် အတူတကွ ဆွေးနွေးရန် လက်ယပ်ခေါ်လိုက်သည်။


သူတို့အသံများက အလွန်တိုးပြီး ဝိုးတဝါး ဖြစ်နေသောကြောင့် ကျန်းချိုးက တစ်လုံးတစ်ပါဒမျှ မကြားရပေ။ လီရှုကမူ ထိုအကြောင်းကို ဂရုမစိုက်ဘဲ အရပ်မျက်နှာတစ်ခုကို စိုက်ကြည့်နေပြီး သူ့မျက်ခုံးများ အနည်းငယ် တွန့်ချိုးနေသည်။


တရှက်ရှပ်မြည်သံက ပို၍ ကျယ်လောင်လာရာ ကျန်းချိုး မျက်မှောင်ကြုတ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းက လူ့အသံနှင့် လုံးဝမတူဘဲ မြေပြင်ပေါ်ရှိ ခြောက်သွေ့သော အရွက်များကြားထဲတွင် တစ်စုံတစ်ခုက စူးစူးရှရှအော်မြည်နေသလို ဖြစ်နေသောကြောင့်ပင်။


စကားပြောနေကြသူများသည်လည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို တွေ့ရှိသွားကြပြီး အသံလာရာအရပ်ကို စိုက်ကြည့်နေကြ၏။ ထိုအခါ မြေပြင်ပေါ်ရှိ အရွက်များက ရုတ်တရက် လှိုင်းလုံးများကဲ့သို့ တစ်ထပ်ချင်းစီ လန်တက်လာကာ မှောင်မည်းသောအရာတစ်ခုက သူတို့ရှိရာသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်ကို မြင်လိုက်ရသည်။


ထိုအရာက မည်သည်ဖြစ်ကြောင်းကို ကျန်းချိုး မြင်လိုက်သောအခါ သူ့ဦးရေပြားက ထုံကျဉ်သွားသည်ဟုပင် ခံစားလိုက်ရသည်။


" ဖာ့ခ်… ပင့်ကူတွေ အများကြီးပဲ…"


" အများကြီးပဲ… ပြေးကြ ပြေးကြ…"


" ပြေးးးး "


ကျန်းချိုးက လီရှု၏ ဆွဲခေါ်ရာနောက်သို့ ပါသွားပြီး သူ့အနောက်မှ လူများ၏ အသံများသည်လည်း ပို၍ ပို၍ပင် ဆူညံလာသည်ကိုသာ ကြားနေရသည်။ သူက နောက်သို့ လှည့်မကြည့်ရဲဘဲ ၎င်းတို့ကို မြင်ရမည်ကို ကြောက်ရွံ့နေ၏။ ထိုပင့်ကူများက လူကြီးတစ်ယောက်၏ လက်ဖဝါးကြီးများလောက်ပင် အရွယ်အစား ရှိကြပြီး မှောင်မည်းကာ တောက်ပနေသောမျက်လုံးများက အလွန် ထူးဆန်းနေသည်။


ဆူညံသံများ ပို၍ ကျယ်လောင်လာသည်နှင့်အမျှ ကျန်းချိုး၏ ခြေထောက်များသည်လည်း အလွန်လျင်မြန်စွာ ပြေးလွှားနေတော့သည်။


" မီး… သူတို့ကို မီးနဲ့ရှို့လိုက်…"


ဦးခေါင်းနောက်ဘက်မှ အသံက ဆက်လက်၍ ဆူညံမြည်ဟီးနေဆဲ ဖြစ်သည်။ မကြာမီပင် ကျန်းချိုးက စူးရှလှသည့် အနံ့ဆိုးတစ်ခုကို ရှူရှိုက်မိလိုက်၏။


လီရှုက ရုတ်တရက် ရပ်တန့်လိုက်ရာ ကျန်းချိုးလည်း လဲကျမလို ဖြစ်သွားခဲ့သော်လည်း လီရှုက ဆွဲတင်လိုက်သည်။ ယခုတွင် သူက အလွန်လျင်မြန်စွာ ပြေးခဲ့ရသည့်အတွက် စကားမပြောနိုင်ပေ။ လီရှု၏ ရင်ဘတ်ကို ကြည့်လိုက်သော် အသက်ရှူနှုန်း မမှန်ဘဲ တုန်လှုပ်ခြောက်ခြားသည့် အခြေအနေမျိုး မရှိသည်ကို တွေ့ရသည်။ သူ့ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ အမှန်ပင် ကောင်းမွန်လှသည်။


ပင့်ကူများက သူတို့နောက်သို့ လိုက်မလာတော့ပေ။ ဂူဖောက်သူများက ဓာတ်ငွေ့ဘူးများနှင့် ချက်ပြုတ်ရာတွင်သုံးသော အရက်တို့ကို ပေါက်ကွဲအောင် လုပ်လိုက်ခြင်း ဟုတ်၊ မဟုတ်ကို သူ မသိပေ။ သူတို့ရှေ့တွင် ရှိသော မီးခိုးနက်များတွင် ညစ်ညမ်းသည့် အနံ့ဆိုးများ ပါဝင်လာ၏။ မီးဖုတ်ထားသည့် အသားနံ့နှင့် ရောနှောနေသော အနံ့ဆိုးက သူ့အား မအီမသာနှင့် အော့အန်ချင်စိတ် ဖြစ်ပေါ်လာစေသည်။ ကျန်းချိုးက တစ်ဖန် အန်ထုတ်လိုက်ရသည်။


ထိုလူနှစ်ယောက်က နေရာတွင်ပင် ရပ်စောင့်နေကြသည်။ ခဏအကြာတွင် ငါးယောက်လုံး ရောက်ရှိလာ၏။ လောင်တာ့က အနည်းငယ် ပို၍ အခြေအနေကောင်းသော်လည်း ကျန်လေးယောက်မှာမူ ဖုန်၊ ကျပ်ခိုးများဖြင့် ပေကျံနေကြသည်။


လီရှုက လောင်စန်းနှင့် လောင်ဝူတို့ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျန်းချိုးသည်လည်း သူ့နောက်မှ လိုက်၍ ကြည့်လိုက်သည်။ ထိုသူနှစ်ယောက်၏ လက်မောင်းများနှင့် ခြေထောက်များတွင် ကိုက်ရာများ ပါလာသည်ကို သူ သတိထားမိ၏။ အဆိုပါ ဒဏ်ရာများမှာ ပင့်ကူများကိုက်ခံရ၍ မည်းနက်နေပြီး အဆိပ်သင့်နေသည့်ပုံ ပေါ်သည်။


ကျန်းချိုးက လီရှုကို ကြည့်လိုက်သည်။ လီရှုက သူ့အကြည့်ကို ပြန်ရုပ်သိမ်းသွားပြီး ဖြစ်၏။ ကျန်းချိုးသည်လည်း တစ်စက္ကန့်မျှ စဥ်းစားလိုက်ပြီး ထိုအကြောင်းကို မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။


“ဟားဟားဟား”


တိတ်ဆိတ်နေသော လေထုထဲတွင်  ရယ်သံက ရုတ်တရက်ပေါ်ထွက်လာပြီး လောင်တာ့က သူ၏ တွန့်ကြေနေသော အဖိုးတန်စာရွက်ကို ကြည့်ပြီး အနည်းငယ် ရူးသွပ်သလိုမျိုး ပြုံးနေသည်ကို ကျန်းချိုးမြင်လိုက်ရသည်။


" ရှာတွေ့ပြီ… ငါ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီကွ…"


ကျန်းချိုးက လောင်တာ့နှင့် မနီးမဝေးတွင်ဖြစ်သည်။ သူ ခေါင်းငုံ့လိုက်ပြီး ထိုစာရွက်ကို တစ်ချက်ကြည့်လိုက်မိသည်။ လက်ဖြင့်ရေးဆွဲထားသည့် ရှုပ်ပွနေသော စက္ကူအဝါရောင်၏ ထောင့်တစ်နေရာတွင် အစက်အပျောက် အနက်များ ပြည့်နေသည်ကို မြင်လိုက်ရပြီး မည်သည့်အရာ ဖြစ်နေသည်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။


လောင်တာ့က လက်ဖြင့်ဆွဲထားသော ဤမြေပုံကို မည်သည့်နေရာမှ ရလာသည်ကို မသိပေ။ စာရွက်၏ အရောင်မှာ အနည်းငယ် မှိန်နေ၏။ တစ်စုံတစ်ဦးသည် ဤနေရာသို့ လာရောက်ပြီးနောက် မြေပုံကို ချန်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ လောင်တာ့က ထိုမြေပုံကို ကြည့်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည်မှာ အံ့သြစရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် မြေမျက်နှာပြင် အနေအထားက မှန်ကန်နိုင်သော်လည်း တစ်ခုခုက ပျောက်ဆုံးနေသောကြောင့်ပင်။


ယခုအခါ အနက်ရောင် အစက်အပျောက်များ(ပင့်ကူများ) ပေါ်လာပြီ ဖြစ်သောကြောင့် ဤမြေပုံအရ သူတို့သည် သင်္ချိုင်းဂူကို ရှာတွေ့ပြီဖြစ်ကြောင်း ပြသနေသည်။


၎င်းက သူ့ဦးလေးက ပြောခဲ့သော ပီရှန်းဟွေ့ဝမ်၏ သင်္ချိုင်းဂူပင် ဖြစ်သည်။


ဒါပေမဲ့ လောင်တာ့က သူ့လက်ထဲမှာ မြေပုံရှိရဲ့သားနဲ့ ဘာလို့ ဦးလေးကို သူနဲ့အတူ ပူးပေါင်းစေချင်နေတာလဲ…


×××××


ခေါင်းဆောင်(လောင်တာ့)၏ မျိုးရိုးနာမည်မှာ ကျင်း ဖြစ်သည်။ သူက အသက်လေးဆယ်ဝန်းကျင်၊ အရပ်အမောင်းက ပုံမှန်မျှရှိပြီး ပုံမှန်အားဖြင့် အရာအားလုံးကို လက်ထဲတွင်ချုပ်ကိုင်ထားသည့် ဉာဏ်ကြီးရှင်တစ်ဦး၏ဟန်ပန်ဖြင့်သာ နေတတ်သူဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ထိုပုံရိပ်တို့မှာ လုံးဝပြိုလဲသွားပြီဖြစ်သည်။ သူက ပေါက်တူးတစ်လက်ဖြင့် အထဲသို့ ချက်ချင်းပြေးဝင်ချင်လောက်အောင်ပင် စိတ်လှုပ်ရှားနေပြီး လက်များမှာ တဆတ်ဆတ်တုန်ယင်လျက်ရှိသည်။ လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကို ကိုင်ထားသော်လည်း ရှိုက်ဖွာခြင်းမပြုဘဲ တိတ်ဆိတ်စွာ မီးလောင်ကျွမ်းနေသည်ကိုသာ ကြည့်နေမိတော့သည်။


ကျင်းလောင်တာ့က စိတ်ကို တည်ငြိမ်စွာထားရန် ကြိုးစားနေသော်လည်း ကျန်လေးယောက်မှာမူ သူတို့၏ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့ချေ။ လောင်စန်းက ပထမဆုံး စကားစပြောလာသူ ဖြစ်ပြီး အမြဲတမ်း တည်ငြိမ်အေးဆေးသော လောင်အာ့ပင်လျှင် သည်းခံစိတ် ကုန်ဆုံးသွားခဲ့လေသည်။


" အစ်ကိုကြီး သင်္ချိုင်းဂူဝင်ပေါက်က တကယ်ကြီး ပင့်ကူသိုက်အောက်မှာလား…"

လောင်အာ့က ထိုပင့်ကူနက်များအကြောင်းကို တွေးမိသောအခါ သူ့ဦးရေပြားက ထုံကျင်သွားခဲ့၏။ သို့သော်လည်း သင်္ချိုင်းဂူထဲမှ ရတနာများအကြောင်းကို တွေးမိလိုက်သောအခါတွင်မူ ကြောက်ရွံ့ခြင်းများ လုံးဝပျောက်ကွယ်သွားတော့သည်။


သူ့ဘေးနားမှ လောင်စန်းက အမြန်ပြောသည်။

" အစ်ကိုကြီး ဘာကိုစောင့်နေသေးတာလဲ သွားကြမယ်လေ…"


ကျင်းလောင်တာ့က ချက်ချင်းမတုံ့ပြန်ပေ။ စီးကရက်မီးအားလုံး လောင်ကျွမ်းသွားမှ မတ်တတ်ရပ်ပြီး ကျန်းချိုးနှင့် လီရှုကို ကြည့်လိုက်သည်။


အစ်ကိုကြီးက အပြင်လူများရှေ့တွင် စကားအပိုမပြောလိုကြောင်း လောင်အာ့က သိနားလည်ထား၏။ ထို့ကြောင့် သူက ညီအစ်ကိုများကို မျက်လုံးမှိတ်ပြလိုက်ပြီး ထိုအကြောင်းမပြောဘဲ ယာယီရပ်ဆိုင်းထားလိုက်သည်။ သို့သော်လည်း သူ့မျက်နှာပေါ်မှ ပျော်ရွှင်ဝမ်းမြောက်မှုကိုမူ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတော့ပေသည်။


ကျန်းချိုးက မလှမ်းမကမ်း‌တွင် ရပ်နေပြီး တည်ငြိမ်ချင်ဟန်ဆောင်နေကြသည့် လူအုပ်ကြီးကိုကြည့်ကာ လီရှုကို တံတောင်ဖြင့်တွတ်၍ တီးတိုးပြောလိုက်သည်။

" သူတို့က ကျွန်တော်တို့ကို ကန်းနေတယ်များထင်နေလားမသိဘူး… သူတို့မျက်နှာတွေပေါ်မှာ 'ငါတို့ အရမ်းစိတ်လှုပ်ရှားနေပြီ' လို့ ရေးထားသလိုတောင် ဖြစ်နေတာကို… ဘာမှမဟုတ်သလို ဟန်ဆောင်နေသေးတယ်…"


လီရှုက တိတ်ဆိတ်နေဆဲဖြစ်သည်။

 

တိုင်ပင်ဆွေးနွေးပြီးနောက် ကျင်းလောင်တာ့က သူ့ညီငယ်များနှင့်အတူ ထွက်လာခဲ့သည်။ တိုင်ပင်ဆွေးနွေးမှု၏ရလဒ်မှာ ပင့်ကူများကို မီးရှို့ဖျက်ဆီးရန် ဖြစ်သည်။


ကျန်းချိုးကမူ ယခုလိုရာသီဥတုတွင် မီးရှို့ခြင်းက အဆင်ပြေမည်မဟုတ်ကြောင်း၊ တောင်ပေါ်ရှိ သစ်တောတစ်ခုလုံးကိုပါ အလွယ်တကူ မီးစွဲလောင်စေနိုင်ကြောင်း ပြောလို၏။ သို့ရာတွင် သူတို့က နားထောင်ကြမည်မဟုတ်သည့်အပြင် မျက်စိရှေ့တွင်ရှိနေသည့် ရတနာကိုလည်း လက်လျှော့ကြမည်မဟုတ်ပေ။


သူက ပီရှန်းဟွေ့ဝမ်သင်္ချိုင်းဂူအကြောင်း သေချာမသိသော်လည်း ထိုလူများ၏တုံ့ပြန်မှုကိုကြည့်ခြင်းဖြင့် ၎င်းမှာ သင်္ချိုင်းဂူကြီးဖြစ်နိုင်ပေသည်။


သူတို့က ပင့်ကူများရှိသည့် လမ်းကြောင်းနေရာသို့ ပြန်သွားကြသည်။ ဤတစ်ကြိမ်တွင် လောင်တာ့က သူနှင့်လီရှုကို ရှေ့မှဦးဆောင်သွားခိုင်းပေ၏။ လီရှု၏ အမူအရာက မည်သည်ကိုမှ အရေးမစိုက်သကဲ့သို့ဖြစ်ကာ ဘာမှမပြောပေ။


" မကြောက်ပါနဲ့…"

လီရှု၏ အသံနိမ့်နိမ့်က အနည်းငယ်အေးစက်နေသော်လည်း အကြောင်းအရင်းအချို့ကြောင့် ကျန်းချိုးစိတ်ထဲ တည်ငြိမ်သွားရသည်။


ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးသောအခါ လေထဲတွင် မီးမြိုက်ထားသော အသားနံ့တစ်မျိုး ပျံ့နှံ့လာသည်။ ထိုအနံ့ကြောင့် ကျန်းချိုးက ပျို့အန်ချင်သလို ဖြစ်သွားရာ လီရှုက သူ့ကို လှမ်းကြည့်လိုက်ပေသည်။ ကျန်းချိုးက သူအဆင်ပြေကြောင်း လက်ဝှေ့ယမ်းပြလိုက်၏။ သူ မကြာခဏ ပျို့အန်လေ့ရှိသည့်အတွက် ထိုအခြေအနေကို ရိုးနေပြီ ဖြစ်သည်။


ပင့်ကူအသေကောင်များက ပြန့်ကျဲနေ၍ မြေပြင်က ဖရိုဖရဲဖြစ်နေသည်။


ကျန်းချိုးက သတိကြီးကြီးထား၍ မြေကြီးပေါ်ကိုကြည့်လိုက်သည်။ အကယ်၍ ပင့်ကူတစ်ကောင်ထွက်လာပါက လီရှုကို အမြန်ဆွဲခေါ်ပြီး ထွက်ပြေးမည်ဖြစ်သည်။


နေရာတစ်ခုလုံးက ကြက်သီးထဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ တရှပ်ရှပ် အသံကိုပင် မကြားရပင် လေငြိမ်နေသည်။


ခဏအကြာတွင် သူ့နောက်မှလူစုက ပင့်ကူအုပ်ကြီးထွက်ပြေးသွားပြီဖြစ်ကြောင်း တီးတိုးပြောနေသည်ကို ကျန်းချိုးကြားလိုက်ရသည်။ ပင့်ကူများထွက်ပြေးသွားပြီဖြစ်ရာ သင်္ချိုင်းဂူကို ဦးစားပေး၍ရှာမည်ဟု ပြောနေကြသေးသည်။ အကယ်၍ သွားနေစဉ်တွင် ပင့်ကူများနှင့် ထပ်တွေ့ပါက မီးရှို့ပစ်လိုက်မည်ဖြစ်သည်။ လောင်တာ့ကလည်း ဤအကြံကို သဘောတူလိုက်ပြီး ခေါင်းဆောင်တစ်ယောက်ကဲ့သို့ တစ်ဖန်ပြန်လည်ပြုမူကာ ကြင်နာစွာပြုံးပြလိုက်သည်။ ထို့နောက် သူတို့ညီအစ်ကိုများက ကာယအလုပ်များလုပ်နေစဉ် လီရှုက အနားယူနိုင်ကြောင်း ပြောလိုက်သေးသည်။


၎င်းမှာ ကျင်းလောင်တာ့က လီရှုကို မကူညီစေချင်သောကြောင့် မဟုတ်ပေ။ သူက တစ်ဖက်လူအကြောင်းကို သေချာမသိ၍ သင်္ချိုင်းဂူဖောက်နေစဉ်တွင် ဆိုးရွားသည့်အရာများ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။



🏔️🏔️🏔️