Ch 9
Viewers 765

🏔️ Chapter 9



လီရှု၏ သတိပေးချက်က ကျင်းလောင်တာ့နှင့် အခြားသူများကို စိတ်ဓာတ်မကျစေခဲ့ပေ။ ထို့အစား ၎င်းတို့အား အုတ်ဂူအတွင်းရှိ ရတနာများအား လိုချင်တပ်မက်စိတ်ကိုသာ ပို၍ ပြင်းပြစေ၏။


လောင်စန်း၏ လောင်ကျွမ်းသွားသော လက်မောင်းကို ပိုးသတ်ကာ ပတ်တီးစည်းပေးပြီးနောက် ကျင်းလောင်တာ့က မေးလိုက်သည်။ 

“ လမ်းလျှောက်နိုင်လား… မင်း လမ်းလျှောက်နိုင်ရင် အဆင်ပြေပြီ… နည်းနည်းလောက် တောင့်ခံထားစမ်းပါကွာ… ငါတို့လက်ထဲ ရတနာတွေသာရရင် ငါတို့ သုံးဘဝစာလောက်ကို ပျော်ပျော်ကြီး ထိုင်ဖြုန်းပစ်လို့ရပြီ… “


ထိုသို့သော အလုပ်မျိုးက နှေးကွေးကာ အချိန်ယူရသော်လည်း အောင်မြင်ခဲ့လျှင် ရလဒ်အနေဖြင့် ရတနာများစွာကို သိမ်းပိုက်နိုင်မည်ဖြစ်ပြီး သူတို့၏ ဘဝလမ်းကြောင်းက ဖြောင့်ဖြူးသွားပေလိမ့်မည်။


ကျင်းလောင်တာ့၏ စကားက လောင်စန်းနှင့် အခြားသူများ၏ အလိုလောဘကို ပြန်လည်မီးတောက်လာစေ၏။ စည်းစိမ်ကြွယ်ဝမှုအကြောင်း တွေးလိုက်သည်နှင့် သူတို့ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများကိုပင် မေ့ပျောက်သွားတော့သည်။ သူတို့က တံခါးဝသို့ပင် ရောက်နေပြီဖြစ်သဖြင့် လက်ဗလာနှင့် ပြန်လှည့်ထွက်ခဲ့လျှင် လူအများပါးစပ်တွင် ရယ်စရာဖြစ်နေပေလိမ့်မည်။ 


ထိုသည်ကို မြင်သော် လီရှုက စကားတစ်ခွန်းမျှမဆိုပေ။ သူက ကျန်းချိုးဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“ ငါ့အနားမှာပဲနေ… “


ထိုစကားက သင်္ချိုင်းဂူထဲ ဝင်ပြီးနောက် လီရှုက သူ့အား မကြာခဏဆိုသလို ပြောလေ့ရှိသော စကားဖြစ်သည်။ သို့သော် ထိုစကားက ကျန်းချိုးအား စိတ်အနှောင့်အယှက်မဖြစ်စေပေ။ တစ်နည်းအားဖြင့် ဆိုရလျှင် ပို၍ပင် စိတ်သက်သာရာရစေ၏။ ထို့ကြောင့် သူက ခေါင်းညိတ်၍ လီရှုအနားသို့ ကပ်လိုက်သည်။ 


ထိုအခိုက်အတန့်၌ ကျင်းလောင်တာ့က သူ့အား တားဆီးလိုက်ပြီး ပစ္စည်းအချို့ ပစ်ပေးလာသည်။ ၎င်းတို့မှာ ဓာတ်မီးတစ်ခု၊ ဘီစကွက်နှစ်ထုပ်၊ ရေတစ်ဘူး နှင့် ဓားမြှောင်တစ်ချောင်းပင်။


ကျန်းချိုးက ဓားမြှောင်ကို ခါးကြားညှပ်ကာ ဓားရိုးပေါ်သို့ လက်တစ်ဖက်တင်ထားပြီး ကျန်တစ်ဖက်က ဓာတ်မီးကိုင်လျက် လီရှုနောက်သို့ လိုက်သွားသည်။


ထိုဝင်ပေါက်၏ နောက်ကွယ်က စင်္ကြံလမ်းမှာ သူတို့ယခင်က ဖြတ်ကျော်ခဲ့သည် စင်္ကြံထက်ပို၍ သန့်ရှင်းသပ်ရပ်လျက် အသေးစိတ်ကျပေသည်။ နံရံများကို အုတ်ခဲများဖြင့် စီရီထားကာ ရှုပ်ထွေးသော အကွေ့အကောက်များနှင့် အသေးစိတ်ပြင်ဆင်ထားလေသည်။ ထို့ပြင် ကြမ်းပြင်တွင် ခင်းကျင်းထားသော ကျောက်ပြားများက ပို၍ကျယ်ပြန့်ပြီး ညီညာချောမွေ့လေသည်။


မိနစ်အနည်းငယ်မျှ လမ်းလျှောက်ပြီးနောက် သူတို့က လမ်းလေးခွဆုံရာ နေရာသို့ ရောက်ရှိလာသည်။ လီရှုက ကျင်းလောင်တာ့ထံ လှည့်ကြည့်လိုက်သည်။

“ မြေပုံ…“


ကျင်းလောင်တာ့က ရင်ဘတ်ရှိ အိတ်ကပ်ထဲသို့ နှိုက်လိုက်ပြီး ဆွဲထုတ်ရန် တုံ့ဆိုင်းနေဟန်ဖြင့် ရေရွတ်လာသည်။

“ လီရှု… ကိုယ့်လူရာ ငါတို့ အတူတူလုပ်ကြဖို့ သဘောတူထားတယ်မဟုတ်လား… မင်းက မင်းလိုချင်တာမင်းယူ… ငါတို့ကလည်း ငါတို့ပိုင်ဆိုင်တာကို ယူရမှာပဲ… “


“ ငါ မင်းတို့ရဲ့ဝေစုကို စိတ်မဝင်စားဘူး… “

လီရှုက ဖြတ်ပြောလိုက်သည်။


ကျန်းချိုးက ပို၍ပင် သိချင်သွားသည်။ 

လီရှုရဲ့ ပုံစံက ရှေးဟောင်းရတနာတွေ… ငွေဒင်္ဂါးတွေ မက်မောတဲ့ပုံမပေါ်ပါဘူး… ဒါဆို သင်္ချိုင်းဂူထဲဝင်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ…


ကျန်းချိုးက လီရှုအကြောင်း ပို၍ လေ့လာမိလေလေ ထိုသူမှာ ပို၍ ပဟေဠိဆန်လာလေလေဖြစ်၏။ ထိုသူမှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ကျွမ်းကျင်မှုရှိသည်သာမက ရုပ်ရည်သည်လည်း အလွန်ချောမောခံ့ညားပေသည်။ ထို့ပြင် သူ၏ ထူးဆန်းသော အမည်နာမသည်လည်း လျှို့ဝှက်နက်နဲသော အရှိန်အဝါတစ်မျိုးကို သယ်ဆောင်ထားလေ၏။


လောင်အာ့က ဓာတ်မီးကို ကိုင်ထားစဉ် ကျင်းလောင်တာ့က မြေပုံကို ဖြန့်လိုက်သည်။ ကျင်းလောင်တာ့က မြေပုံကို ဂရုစိုက်တစိုက် စနည်းနာလိုက်ပြီးနောက် သူ၏ မျက်ခုံးများက ကြောက်မက်ဖွယ်တစ်စုံတစ်ရာကို ရှာတွေ့လိုက်သလို တွန့်ချိုးသွားတော့သည်။ ကျန်းချိုး၏ စိတ်ထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။


“ ဘာပြဿနာရှိလို့လဲ… “

သူက မေးလိုက်သည်။


ထိုစဉ် မည်သူကမျှ သူ့ကို ပါးစပ်ပိတ်ရန် ပြောမလာချေ။ စက္ကန့်ပိုင်းအတွင်း ကျင်းလောင်တာ့၏ နှဖူးပေါ်တွင် ချွေးစေးတစ်လွှာ ဖုံးလွှမ်းလာသည်။ သူ၏ မျက်ဝန်းများက မြေပုံပေါ်တွင် စိုးရိမ်ကြီးစွာ ကျောက်ချထားကာ မြေပုံကို အရှေ့နှင့် အနောက် အပြန်ပြန်အလှန်လှန် ကြည့်နေသည်။ ပို၍ ကြည့်လေလေ သူ၏ အသွင်မှာ ပို၍ ဖြူဖျော့လာလေလေ ဖြစ်သည်။ ပဲ့စေ့လုံးမျှ ကြီးမားသော ချွေးတစ်စက်က နှဖူးပေါ်မှနေ၍ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာ၏။ 


လီရှုက ရှေ့သို့ လျှောက်သွားကာ ကျင်းလောင်တာ့၏ လက်ထဲမှ မြေပုံကို ဆွဲယူလိုက်သည်။ မည်သူကမျှ သူ့အား မဆန့်ကျင်ရဲပေ။ ကျန်းချိုးက ကိုယ်ကိုစောင်းငဲ့၍ မြေပုံထံ ချောင်းကြည့်လိုက်သည်။ 


မြေပုံမှာ လက်ဖြင့်ရေးဆွဲထားသော ရှေးဟောင်းမြေပုံတစ်ခုဖြစ်ပေသည်။ မြေပုံကို ရေးဆွဲခဲ့သည်မှာ အလျင်လိုနေပုံသည်။ မြေပုံ၏ စုတ်ချက်များက ရှုပ်ထွေးနေကာ ပြင်ဆင်မှုများနှင့် ပြည့်နှက်နေ၏။ အချို့လမ်းများက ပျက်နေပြီး အချို့မှာမူ လမ်းကြောင်းများထပ်လျက် ရှုပ်ထွေးနေသာ အပ်ချည်ထုံးကဲ့သို့ဖြစ်နေသည်။ သို့သော် ကျန်းချိုးက အဓိကသဲလွန်စကို ဖမ်းဆုပ်မိသွားသည်။


“ ဒီပုံထဲမှာ ကျွန်တော်တို့ ဝင်လာခဲ့တဲ့ တံခါးမရှိဘူး… “

ကျန်းချိုးက ခိုင်မာစွာ ဆိုသည်။ 


မြေပုံအရဆိုလျှင် ရောက်ခဲ့သော စင်္ကြံလမ်းမှာ “ T “ ပုံသဏ္ဍာန် လမ်းဆုံသို့ ဦးတည်သွားမည်ဖြစ်သည်။   á€‘ိုန္ရဏတွင် ဘယ်ဘက်သို့ ချိုးကွေ့ရန် စာလုံးနက်နက်ဖြင့် သတိပေးထားသည်။ သို့သော် လက်တွေ့တွင်မူ လမ်းဆုံးတွင် တံခါးတစ်ချပ်သာ ရှိနေပြီး “ T “ ပုံသဏ္ဍာန်လမ်းဆုံဟူ၍ အရိပ်မယောင်ပင် မမြင်ရချေ။


ကျင်းလောင်တာ့၏ စူးရှအက်ကွဲနေသော အသံက လေထုကို ဖြိုခွင်းလိုက်သည်။

“ ဒါပေမဲ့… ဒါပေမဲ့ လမ်းကြောင်းက မှန်နေတာပဲလေ… အဲဒီထဲမှာ ပြထားတဲ့အတိုင်း ပင့်ကူသိုက်တွေ ရှိနေတာကတောင် မှန်နေတာပဲကို…“


“ ဒီမှာ ဘာတွေဖြစ်နေတာလဲ အစ်ကိုကြီး…“

လောင်အာ့က စိတ်မရှည်လက်မရှည် ညည်းတွားလာသည်။


ထူးဆန်းသော တင်းမာမှုတစ်ခုက လေထုအား လွှမ်းခြုံသွားသည်။ စင်္ကြံအတွင်းရှိ အပူချိန်သည်ပင် လျော့ကျသွားသလို။ လူတိုင်းက မကောင်းသည့်နိမိတ်ကို ခံစားမိသဖြင့် ထိတ်ပြာသွားကြသည်။ 


လီရှုက မြေပုံကို သာမန်ကာလျှံကာမျှသာကြည့်ကာ ကျင်းလောင်တာ့၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ သူ၏ လေသံမှာ လုံးလုံး တည်ငြိမ်နေပေသည်။

“ ငါတို့မတိုင်ခင် တစ်ယောက်ယောက်က သင်္ချိုင်းဂူထဲဝင်ဖူးတယ်ဆိုတာ ဒီမြေပုံက သက်သေပဲ… ဒါပေမဲ့ ငါတို့ လမ်းတစ်လျှောက် ဖောက်ထွင်းရာရော လူသေအလောင်းရော မတွေ့ခဲ့ဘူး… “


ကျင်းလောင်တာ့က ဖျတ်ခနဲ ဉာဏ်အလင်းပွင့်သွား၏။


ဒါက ထူးဆန်းနေတာပေါ့…


မြေပုံအစစ်သာဆိုလျှင် သူတို့က လာရာလမ်းတစ်လျှောက်တွင် အလောင်းများ၊ ဖောက်ထွင်းရာများ နှင့် လှိုင်းခေါင်းအချို့ကို တွေ့ခဲ့သင့်သည်။ သို့သော် ယခုထိတိုင် သူတို့မှာ ထိုအရာတစ်ခုနှင့်မျှ မကြုံဆုံသေးပေ။ 


“ ဒါပေမဲ့… ငါတို့ တွင်းတစ်ခုတွေ့ခဲ့တယ်လေ… အဲဒါကြောင့်ပဲ ငါတို့တွေ ဂူထဲကို ရောက်လာတာမဟုတ်ဘူးလား… “

ကျင်းလောင်တာ့က ရေရွတ်လာသည်။ သူ၏ လေသံတွင် စိုးရိမ်ကြီးမှုများ စွန်းထင်နေလေ၏။


လီရှုက လမ်းဆုံမှ ဖြာထွက်နေသော လမ်းခွဲများကို ကြည့်ရှုစစ်ဆေးလိုက်သည်။


“ ကြည့်ရတာ ဂူသင်္ချိုင်းပိုင်ရှင်က ဂူကိုဆောက်တုန်းက ပရိယာယ်တွေထည့်ဖို့ သေချာ အားစိုက်ထုတ်ထားပုံရတယ်… “ 

လီရှုက ကျင်းလောင်တာ့ထံကြည့်လိုက်ကာ ပြောလိုက်သည်။ 

“ ငါတို့ စဝင်လာကတည်းက လမ်းမှားနေတာ… “


“ မဖြစ်နိုင်တာ… ပင့်ကူသိုက်တွေကတောင် တစ်ထပ်တည်းပဲဟာ— “ 

ကျင်းလောင်တာ့၏ စကားလုံးများက တိခနဲရပ်တန့်သွား၏။ သူက အတွေ့အကြုံရှိ ဂူဖောက်ထွင်းသူဖြစ်သည့်အလျောက် ပြန်တွေးကြည့်သော် အနည်းငယ် မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ သူ၏ မျက်နှာတွင် မယုံကြည်နိုင်ခြင်းများပြည့်နှက်လာတော့သည်။

“ မင်း ပြောချင်တာက… ပုံစံတူ ပင့်ကူသိုက်တွေ ရှိနေတယ်လို့ ဆိုလိုတာလား… ဒါပေမဲ့ ငါတို့ သံလိုက်အိမ်မြှောင်ကတော့ မှန်နေတာပဲလေ… “


လီရှုက ကျင်းလောင်တာ့ထံ မထုံတတ်တေး အမူအရာဖြင့်သာ ကြည့်လိုက်သည်။


ကျင်းလောင်တာ့၏ မျက်နှာက မည်းမှောင်သွားတော့သည်။ သူက တုန်ယင်နေသော လက်များဖြင့် သံလိုက်အိမ်မြှောင်ကိုထုတ်ကြည့်လိုက်သည်။ သံလိုက်အိမ်မြှောင်မှာ ပရမ်းပတာ လည်ပတ်နေလေသည်။


“ ဒီနေရာရဲ့ လေးဘက်လေးတန်မှာ တောင်တွေကာရံထားတာ… ငါတို့ ဂူထဲဝင်လာကတည်းက သံလိုက်အိမ်မြှောင်က ဦးတည်ချက် ပျောက်သွားခဲ့ပြီးပြီ… “


ကျန်းချိုးက အပြင်ဘက်ရှိ မြေပြင်အနေအထားကို ပြန်လည်တွေးတောလိုက်သည်။ တောင်လေးလုံးမှာ တစ်ထပ်တည်းနီးပါး တူညီပေသည်။ သူတို့က မနက်ပိုင်းတွင် တောင်တစ်လုံးကို တက်ခဲ့ပြီး နေ့လယ်ပိုင်းတွင်မူ ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ကျင်းလောင်တာ့၏ မြေပုံအပေါ်ယုံကြည်မှုလွန်ကဲခြင်းကြောင့် သူတို့ လမ်းမှားခဲ့သည်ဆိုလျှင် လီရှု၏ ခန့်မှန်းချက်က လုံးလုံး ဖြစ်နိုင်လေသည်။


လမ်းမှားခဲ့သည်က အဖြစ်ဆိုးလှသော်လည်း ဝင်္ကပါအတွင်း ပိတ်မိနေသည်ဟု ယုံကြည်ရမည်ထက် ပို၍ ကောင်းသေးသည်။ လီရှုသာ မထောက်ပြခဲ့လျှင် သူတို့ကိုယ်သူတို့ ဝင်္ကပါအတွင်း ပိတ်မိနေသည်ဟုသာ ယုံကြည်လိုက်မိကာ သွေးရူးသွေးတန်းဖြစ်ကုန်ကြပေလိမ့်မည်။ ဤသည်က စိတ်ပိုင်းဆိုင်ရာတိုက်ကွက်တစ်ခုပင်ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်္ချိုင်းဂူအတွင်းရှိ လေထုမှာလည်း ထိတ်လန့်မွန်းကြပ် ဖွယ်ကောင်းလေသည်။


“ သွားကြရအောင်… “

လီရှုက ကျန်းချိုး၏ လက်ကိုဆွဲ၍ ရှေ့သို့ လျှောက်သွား၏။


ကျန်းချိုး:  "…."


ဒါပေါ့… ယောကျာ်းတစ်ယောက်နဲ့ လက်တွဲထားရတာက ဘယ်လောက်တောင် ဂေးဆန်ပြီး ရှက်ဖို့ကောင်းလိုက်သလဲ… ဒါပေမဲ့ ဒီအခြေအနေမှာတော့လား… ငါ ရှင်သန်ဖို့အတွက် ဂေးပဲ အဖြစ်ခံလိုက်မယ်ကွ…


လီရှုက ဆက်သွားရန် ဆုံးဖြတ်လိုက်သည့်တိုင် ကျင်းလောင်တာ့ကမူ တုံ့ဆိုင်းနေသည်။

“ လီရှု… ကိုယ့်လူ… မင်းအခုပြောခဲ့ပုံအရဆို ဘယ်ဘက်ကို သွားတာက ပိုမကောင်းဘူးလား… ငါတို့ တခြား ဖောက်ထွင်းသူတွေရဲ့ အကြွင်းအကျန်တွေကို ရှာတွေ့ရင်လည်း ရှာတွေမှာပေါ့… မြေပုံကို အသုံးဝင်အောင် သုံးကြရအောင်လား… “


ရှေးဟောင်း အဆောက်အအုံများကို ပုံမှန်အားဖြင့် ခေါက်ချိုးညီသည့် ပုံသဏ္ဍာန်ဖြင့် ဆောက်လုပ်ကြလေ့ရှိသည်။ အထူးသဖြင့် သင်္ချိုင်းဂူများပင်။ သေပြီးနောက် အိမ်နှင့်တူသော အုတ်ဂူ၌ပင် အနားယူသင့်သည်ဟု ယူဆကြသည်။


လီရှုက သရော်ပြုံးတစ်ခုဖြင့် လှည့်ကြည့်လာကာ အညှာတာမဲ့စွာဆိုလေသည်။

“ မင်းလည်း သူတို့ရဲ့ လားရာအတိုင်းလိုက်ချင်ရင်တော့ မတားပါဘူး… သွားချင်တဲ့နေရာကိုသွားပါ… “


ကျင်းလောင်တာ့၏ မျက်နှာက ရှုံ့တွသွားသည့်တိုင် ငြင်းခုံခြင်းပြုမလာပေ။ အသုံးမဝင်သည့် မြေပုံကို စျေးကောင်းပေး၍ ဝယ်ခဲ့ရသည်က ဆေးခါးတစ်ခွက်ကို မြိုချရသလို ခံစားရစေသည်။ 


သူတို့ လမ်းလျှောက်နေသည်မှာ တစ်ဘဝစာမျှရှိနေပြီဟု ထင်မိသည်။ စင်္ကြံလမ်းမှာ အဆုံးမရှိသည့်နှယ် ပါးစပ်ဖွင့်လျက်သားစောင့်နေသော သားရဲတစ်ကောင်၏ အာခံတွင်းဝသို့ လျှောက်လှမ်းနေရသကဲ့သို့ပင်။ အတွင်းဘက်သို့ ပို၍ လျှောက်မိလေလေ ကြက်သီးမွေးညင်းများ ဖြန်းခနဲ ထောင်လာလေလေဖြစ်သည်။ 


အနောက်မှ လိုက်နေသော လောင်အာ့က တီးတိုးပြောလေသည်။

“ မင်းတို့ အသံတစ်ခုခုကြားလိုက်လား… “


“ လေလည်သံတောင် မကြားလိုက်ဘူး… ကိုယ့်ကိုယ်ကိုယ် မခြောက်စမ်းနဲ့… “ 

ကျင်းလောင်တာ့က စိတ်မရှည်စွာ ပြောသည်။


လောင်အာ့က ချွေးစေးများပင် ပြန်လာတော့သည်။ သူက အနောက်ကိုပင်လှည့်မကြည့်ရဲတော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုလေသည်။

“ အစ်…အစ်ကိုကြီး… တဂျွတ်ဂျွတ် အသံတွေ… “


“ ဘာသံမှမကြား—“ 

ကျင်းလောင်တာ့က အေးခဲတောင့်တင်းသွား၏။


ရှင်းလင်းပြတ်သားသော တဂျွတ်ဂျွတ် မြည်သံများက သူတို့၏ နောက်ကျောဘက်မှ ပဲ့တင်ထပ်လာသည်။ အသံက တဖြည်းဖြည်းကျယ်လောင်လာကာ အရိုးတစ်ခုခုကို ကိုက်ဖြတ်နေသံနှင့်တူလေသည်။


ထို့နောက် မူးနောက်ဖွယ် လူသားမဆန်သည့် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။


ကျန်းချိုးက လီရှု၏ လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ကျင်းလောင်တာ့၏ ဓာတ်မီးပွင့်လာသည်နှင့် ကျန်းချိုးက နောက်သို့လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ဆံများက ကျဉ်းမြောင်းသွားလေသည်။ 

”လောင်စန်း ပျောက်သွားပြီ…”


“ အစ်ကိုကြီး… အဲ...အဲဒါ လောင်ဝူပဲ… “

လောင်အာ့က ဒူးများပင်တုန်ယင်လျက် ကြောက်လန့်တကြားဆိုသည်။

“ သူ… သူက လောင်စန်းကို သယ်လာတယ်… “


စင်္ကြံထဲတွင် လူပုံရိပ်တစ်ခုက တဖြည်းဖြည်းနီးကပ်လာသည်။ ကျန်းချိုးက လောင်အာ့၏ စကားလုံးများကို သတိပြုမိသွားသည်။ လောင်ဝူ၏ မျက်ဝန်းများက နီရဲနေကာ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးဖြီးနေသည်။ လက်တစ်ဖက်တွင် လက်မောင်းတစ်ခုကို ကိုင်လျက် ဝါးစားနေကာ ကျန်တစ်ဖက်တွင်မူ အသက်မဲ့နေသော ခန္ဓာကိုယ်တစ်ခုကို တရွတ်တိုက်ဆွဲလာလေသည်။


ထိုခန္ဓာကိုယ်မှာ လောင်စန်း၏ ခန္ဓာကိုယ်ပင်ဖြစ်သည်။


သူတို့ လမ်းလျှောက်နေသည့် အချိန်တွင် မည်သူကမျှ လောင်စန်း၏ ပျောက်ဆုံးမှုကို သတိမမူမိခဲ့ကြပေ။


လောင်စစ်က သေနတ်ကို ဆွဲထုတ်လျက် လောင်ဝူထံသို့ ချိန်၍ ပစ်လိုက်သည်။ ကျည်ဆံများက သူ့အား ဒဏ်ရာပင် မရစေပေ။ ထို့အစား သူက ပို၍ပင် အရှိန်တင်ကာ သူတို့ထံသို့ ပြေးဝင်လာ၏။


ကျန်းချိုးက ကြောက်ရွံ့မှုဖြင့် အေးခဲသွားမိသည်။


ထိတ်လန့်ဖွယ်အခြေအနေတွင် လီရှု၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာလေသည်။

“ မလှုပ်နဲ့… “


ရုတ်ချည်းပင် လီရှုက တစ္ဆေတစ်ကောင်နှယ် ပျောက်ကွယ်သွားပြီးနောက် လောင်ဝူ၏ ရှေ့တွင် ပြန်ပေါ်လာလေသည်။ လီရှုက လက်ထဲတွင် ကိုင်ထားသော ဓားမြှောင်ဖြင့် လောင်ဝူ၏ မျက်ခုံးနှစ်ခုကြားနေရာသို့ ထိုးစိုက်လိုက်သည်။ လောင်ဝူက အသံတိတ်သွားပြီးနောက် မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားတော့သည်။


အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသဖြင့် လီရှု မည်သို့ ကိုင်တွယ်လိုက်သည်ကိုပင် ကျန်းချိုးက မမြင်လိုက်ပေ။ 


မှော်ဇာတ်ကားထဲက တိုက်ခိုက်ခန်းတွေလိုပဲ… အရမ်းခံ့ညားလွန်းတယ်….


ကျန်းချိုးမှာ မိန်းမောနေဆဲ အခြေအနေ၌ ရှိနေစဉ် ရုတ်တရက် ဆုပ်ကိုင်လျက် တရွတ်ဆွဲခံလိုက်ရကာ သူ၏ နောက်ကျောမှာ နံရံနှင့် ကပ်သွားတော့သည်။ မည်သူမှန်း မမြင်လိုက်ရခင်၌ပင် ထိုသူက သူ့ကိုဆွဲကာ ထွက်ပြေးသွားလေသည်။ ခြေချော်ခလုတ်တိုက်ကာ ချော်လဲလုမတတ်ဖြစ်နေပုံအရ ထိုသူ၏ ဦးခေါင်းထဲတွင် အရူးအမူး ပြေးရန်ကလွဲ၍ အခြားအတွေးများ မရှိတော့သည်ပုံပင်။ 


ထိုသူမှာ လောင်စစ်ပင်။


ထိုသူ၏ မျက်ဝန်းအတွင်းရှိ ရူးနှမ်းနှမ်းဖြစ်နေသော အကြည့်များအရ စိတ်အခြေအနေမှာ ပုံမှန်ဟုတ်ပုံမရပေ။ 


ကျန်းချိုးမှာ ရုတ်တရက် ဆောင့်ဆွဲခံလိုက်ရသဖြင့် ခြေထောက်ပင် မြေပြင်ပေါ်မှ လွတ်ထွက်သွားလေသည်။ လောင်စစ်က သူ့အားဆွဲ၍ သွေးရူးသွေးတန်းပြေးသွားသဖြင့် ကျန်းချိုးမှာ မြေပြင်ပေါ်သို့ပြုတ်ကျကာ တရွတ်တိုက်ပါသွားလုမတတ် ဖြစ်သွားလေသည်။


“ လောင်စစ်… မင်း ဘာလုပ်တာလဲ… “


“ လောင်စစ် ပြန်လာစမ်း… “


“ လီရှု… မင်းဘာလို့… ထားလိုက်ပါတော့… သူတို့နောက်လိုက်ကြမယ်… “


ကျန်းချိုးက သူတို့ မည်မျှကြာကြာ ပြေးနေမိမှန်း မသိတော့ချေ။ သူတို့၏ အသက်ရှုသံများက ပြင်းထန်နေကာ ခြေထောက်များသည်လည်း ယိုင်နဲ့နေပြီဖြစ်သည်။ အနောက်သို့ လှည့်မကြည့်ဘဲနှင့်ပင် သူက လောင်စစ်၏ ဒေါသတရားကို ခံစားနေမိသည်။ ထိုသူက သူ့အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ သူ၏ လက်များပင် နာကျင်လာရသည်။


အဆုံးတွင်မူ ကျန်းချိုးက ခေါင်းမော့ကာ လောင်စစ်၏ မျက်နှာကို ကြည့်လိုက်သည်။


ထိုသူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနှင့် အမုန်းတရားတို့ ရောပြွန်းနေ၏။


မသိလျှင် လုံးဝမသိကျွမ်းသော သူစိမ်းတစ်ယောက်ကဲ့သို့ပင်။ သူ၏ မျက်ဝန်းများက ကြောက်ရွံ့မှုနှင့် ဒေါသကြောင့် တဖျပ်ဖျပ်ခါနေပြီး မမြင်ရသော ခွန်အားတစ်ခုကို အကြောက်အကန် ဆန့်ကျင်နေရပုံပေါ်သည်။


“ လောင်စစ်… “

ကျန်းချိုးက တုံ့ဆိုင်းစွာ ခေါ်လိုက်သည်။


သူ စကားပြောလိုက်သည်နှင့် လောင်စစ်က ဆတ်ခနဲ လှုပ်ရှားသွားသည်။


သူ၏ မျက်ဆံများ ကျုံ့ဝင်သွားကာ အသက်ရှူသံများသည်လည်း မတည်မငြိမ်ဖြစ်လျက် ကျန်းချိုး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်မှာ ပို၍ တင်းကြပ်လာသည်။ ထိုသူ၏ ပုံသဏ္ဍာန်မှာ အန္တရာယ်ကြီးစွာ လိမ်တွန့်လာ၏။


တစ်စုံတစ်ခုမှာဖြင့် လွန်လွန်ကျူးကျူးမှားယွင်းနေချေပြီ။


ကျန်းချိုးက အသက်ကို ဖြည်းညင်းတည်ငြိမ်စွာ ရှုလိုက်ပြီး စိတ်ငြိမ်စေရန် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်သည်။ သူ၏ လက်ချောင်းများက ခါးတွင်ချိတ်ထားသော ဓားမြှောင်ပေါ်သို့ တရွေ့ရွေ့ချဉ်းကပ်သွားသည်။ သို့သော် သူ ဓားမြှောင်ကို ကိုင်လိုက်သည်နှင့် လောင်စစ်က သူ့အား ဆွဲထိုးလိုက်သည်။


လျှပ်တစ်ပြက် ထိုးနှက်ချက်ကြောင့် ကျန်းချိုးက ခေါင်းငုံ့လျက် ကိုယ်ကို လှိမ့်ချကာ လောင်စစ်၏ ခြေထောက်ကြားသို့ တိုးဝင်၍ ရှောင်ထွက်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိ နီးစပ်ရာ တံခါးပေါက်တစ်ခုထံသို့ ပြေးသွားလိုက်သည်။


သူ့နောက်ရှိ ခြေသံများမှာ အလွန် မြန်ဆန်လှသည်။


လောင်စစ်မှာ တောရိုင်းသတ္တဝါတစ်ကောင်ကဲ့သို့ မြင့်မားသော အရှိန်ဖြင့် သူ့နောက်သို့လိုက်နေလေသည်။


တံခါးမှာ ခြေတစ်လှမ်းအလိုတွင်ဖြစ်၏။


ကျန်းချိုးက ရုတ်တရက် မှတ်မိလိုက်သည်။


လောင်စန်းက တံခါးကိုထိမိပြီး လက်မီးလောင်သွားတာမဟုတ်လား…ဒီတစ်ခါရော တူတူပဲလား…


သူက စက္ကန့်ဝက်မျှတုံ့ဆိုင်းသွား၏။ သို့သော် အချိန်မရှိတော့ပေ။ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည့် လောင်စစ်မှာ သူ၏ အနောက်တွင် ရှိနေပေသည်။


ကျန်းချိုးက အံ့ကြိတ်လိုက်သည်။ 


သေစမ်း…


သူ တံခါးကို တွန်းဖွင့်လိုက်၏။


မမျှော်လင့်ထားစွာပင် တံခါးက လွယ်လင့်တကူ ပွင်လာလေသည်။


သို့သော် တုံ့ပြန်ချိန်မရလိုက်ဘဲ သူ၏ ခြေထောက်မှာ လေဟာနယ်ကိုသာ နင်းမိသွားပြီး သူ့ခန္ဓာကိုယ်မှာ အောက်ခြေသို့ ထိုးကျသွားတော့သည်။


သေစမ်း… ထောင်ချောက်ပဲ…


ဘန်း-


ကျန်းချိုးက မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။ နာကျင်မှုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့လာ၏။


သူက ညည်းညူလိုက်သည်။ သူ မသေသေးပေ။ ထိုသည်က သတင်းကောင်းပင်ဖြစ်သည်။


သတင်းဆိုးကလား… 


ဒီနေရာက ပိန်းပိတ်အောင် မှောင်နေတာပဲကွ…


သူ၏ဓာတ်မီးမှာ တစ်ထောင့်တစ်နေရာသို့ လိမ့်ကျသွားလေသည်။ 


ပြုတ်ကျသည့် အရှိန်ကြောင့် ခေါင်းမူးနေဆဲဖြစ်သဖြင့် ကျန်းချိုးက မြေပြင်ကိုသာ ထိတွေ့လျက် အမှောင်ထုထဲတွင် စမ်းဝါးဝါး သွားလာနေသည်။ ထို့နောက် သူ၏ လက်ချောင်းများက ကျောက်တုံးကဲ့သို့ အေးစက်မာကျောသော အရာတစ်ခုကို ထိတွေ့မိလိုက်သည်။


သို့သော် ထိုကျောက်တုံးက ရွေ့လျားသွားလေသည်။


သူ၏ လက်အောက်မှ ကြမ်းတမ်းမာကျောသည့်အရာမှာ ကျောက်တုံးမဟုတ်ပေ။ အရေပြားတစ်ခုပင်ဖြစ်၏။


ရေခဲတမျှ အေးစက်ကာ သဘာဝမဆန်၍ မာကျောလေသည်။


ကျန်းချိုးက ကြက်သီးမွေးများထောင်သွားကာ အသက်ရှုအောင့်မိသွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိသွေးများ ပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်ရ၏။


ယခုလေးတင် သူ မည်သည့်အရာကို ထိတွေ့မိမှန်း မသိတော့ချေ။



🏔️🏔️🏔️