Ch 10
Viewers 770

🏔️ Chapter 10



ကျန်းချိုးက သူ၏လက်ကို ထိုထူးဆန်းသော အရေပြားပေါ်သို့ တင်လိုက်သည်။ ၎င်းက လှုပ်ရှားမနေပေ။ 


ဒါက အလောင်းကြီးလား…


ထိုအခိုက်အတန့်တွင် သူက ထိုအရာမှာ အလောင်းတစ်ခုသာ ဖြစ်နေစေရန် ဆုတောင်းမိလေသည်။ 


သို့သော် ကျန်းချိုး အသက်မျှင်းမျှင်းရှုလိုက်မိချိန်တွင် သူ၏ လက်အောက်က ထိုအရာက လှုပ်ရှားလာတော့သည်။ သူ ရုတ်တရက် ထိတွေ့မိလိုက်သည့် အေးစက်မာကျောသော အရာမှာ လက်တစ်ဖက်ပင်ဖြစ်၏။


ရုတ်တရက် သူ၏ ကျောရိုးတစ်လျှောက်ရှိ ကြက်သီးမွေးညင်းများ ဖြန်းခနဲ ထောင်လာတော့သည်။ ကျန်းချိုးက မလှုပ်ရဲတော့ပေ။ ထို့နည်းတူ တစ်ဖက်ရှိ အရာကလည်း မလှုပ်ရှားပေ။ ရပ်မြဲသာ ရပ်နေလေ၏။ ထိုအခိုက်အတန့်တွင် အချိန်က နှေးကွေးလွန်းနေပြီး ကျန်းချိုးမှာ မိနစ်အနည်းငယ်မျှ ကြာမြင့်သွားပြီဟု ခံစားရသည်။ သို့သော် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ဦးနှောက်က ကောင်းမွန်စွာ ပြန်လည် လည်ပတ်လာကာ သူ၏ မျက်လုံးများသည်လည်း အမှောင်ထုနှင့် နေသားတကျဖြစ်လာတော့သည်။ မြေပြင်ပေါ်ရှိ လက်နှိပ်ဓာတ်မီး၏ သတ္တုကိုယ်ထည်မှာ မှိန်ဖျော့ဖျော့လင်းနေသည်။ ကျန်းချိုးက အသက်ကိုတင်းကြပ်စွာ အောင့်လျက် အချိန်မဆွဲတော့ဘဲ အလျင်အမြန်လှုပ်ရှားလိုက်၏။


သူက လက်ကို ထိုအရာပေါ်မှ ဖယ်လိုက်ကာ ခါးကြားရှိ ဓားမြှောင်ကို ဆုပ်ကိုင်လိုက်ပြီး တစ်ဆက်တည်း၌ပင် လက်နှိပ်ဓာတ်မီးကို ကောက်ယူလျက် တစ်ဖက်သတ္တဝါရှိရာသို့ မီးထိုးကြည့်လိုက်သည်။


နက်မှောင်သော မျက်ဝန်းတစ်စုံက သူ့အား အမူအရာမဲ့စွာ စိုက်ကြည့်နေသည်။ ၎င်း၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာလည်း ခြောက်ကပ်၍ ရှုံ့တွနေပေသည်။ ကျန်းချိုးက တွေဝေမနေဘဲ လီရှု၏ နည်းလမ်းကို အတုခိုး၍ ထိုသတ္တဝါ၏ မျက်ခုံးစပ်ကြားနေရာသို့ ဓားမြှောင်ဖြင့် ထိုးစိုက်ရန် ပြင်လိုက်သည်။


သို့သော် သူ၏ သူရဲကောင်းဆန်သော တိုက်ကွက်က ကျရှုံးခဲ့ပေသည်။ သူ၏ ဓားမြှောင်မှာ လမ်းကြောင်းလွဲသွားကာ ကျန်းရှီ၏ မျက်ခုံးစပ်ကြားနေရာအစား ဘယ်ဘက် မျက်လုံးခေါင်းပေါက်အတွင်းသို့ စိုက်ဝင်သွားတော့သည်။ ကျန်းရှီက ဒေါသတကြီးဖြင့် ကျယ်လောင်စူးရှစွာ ဟစ်ကြွေးလိုက်သည်။ ကျန်းချိုးက ဓားမြှောင်ကို ပြန်ဆွဲထုတ်ကာ အနောက်သို့ အလျင်အမြန်ဆုတ်လိုက်သော်လည်း ကျန်းရှီကမူ သူ့ထံသို့ ပြေးဝင်လာပြီဖြစ်သည်။


ထိုလျှပ်တစ်ပြက် အခိုက်အတန့်တွင် ကျန်းချိုးက သေခြင်းတရား၏ နှုတ်ခမ်းဝသို့ ရောက်ရှိနေရသည့် ခံစားချက်ကို နားလည်သဘောပေါက်သွားတော့သည်။ ကျန်းရှီမှာ လေအလျင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်ဖြင့် သူ့ထံသို့ ပြေးဝင်လာလေသည်။ ၎င်းက ချွန်မြထက်ရှသော လက်သည်းဖြင့် သူ၏ မျက်နှာတည့်တည့်သို့ လွှဲခုတ်လာသည်။


ငါတော့ သေပြီပဲ…


ကျန်းချိုးက နံရံကို မှီ၍ သူသေရတော့မည့်အချိန်ကို စောင့်နေလိုက်သည်။ ထိုလက်သည်းချွန်ချွန်များက သူ၏ မျက်လုံးနှင့် စင်တီမီတာ အနည်းငယ်မျှသာ ကွာဝေးတော့သည်။ သို့သော် ရုတ်တရက် ကျန်းရှီက ထိတ်လန့်သွားပုံပေါ်ကာ ၎င်း၏ လှုပ်ရှားမှုက ရပ်တန့်သွားသည်။ ၎င်း၏ လက်သည်းများမှာ ကျန်းချိုး၏ မျက်လုံးနှင့် ထိလုဆဲဆဲဖြစ်နေကာ ဆံချည်မျှင်တစ်မျှင်စာလောက်သာ ကွာဝေးတော့၏။


ကျန်းချိုးမှာ မျက်တောင်ပင် မခတ်ဝံ့ချေ။ ထို့နောက် ကျန်းရှီမှာ အလွန်ထိတ်လန့်သွားဟန်ဖြင့် တုန်ယင်လာကာ လက်သည်းများကို ပြန်ရုတ်လျက် အနောက်သို့လှည့်ပင်မကြည့်တော့ဘဲ တစ်ချိုးတည်း ထွက်ပြေးသွားတော့သည်။


၎င်း၏ ကြောက်လန့်တကြား ထွက်ခွာသွားသည့် နောက်ကျောပုံရိပ်က အလွန် သနားဖွယ်ကောင်းနေသည်မှာ မသိလျှင် ကျန်းချိုးက ၎င်းကို အနိုင်ကျင့်မိလိုက်သကဲ့သို့ပင်။


ထိုမြင်ကွင်းက အလွန်ထူးဆန်းလွန်းသဖြင့် ကျန်းချိုးမှာ ဖြောင့်ဖြောင့်ပင် မတွေးနိုင်တော့ချေ။


အေးစက်သော ချွေးစေးများက သူ၏ နှဖူးပေါ်မှ စီးကျလာသည်။ သူက ချွေးများကို လက်တစ်ဖက်ဖြင့် သုတ်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် မြေပြင်ကိုထောက်၍ နေရာမှထရန် ပြင်လိုက်သည်။ သို့သော် သူ၏ ဝမ်းဗိုက်မှာ ရုတ်တရက် နာကျင်ကိုက်ခဲလာတော့သည်။ နာကျင်မှုက စူးရှပြင်းထန်လွန်းသဖြင့် သူက မြေပြင်ပေါ်တွင် ပြန်လည်ထိုင်ချလိုက်သည်။ နာကျင်မှုက တရိပ်ရိပ်ပြင်းထန်လာသဖြင့် သူ၏ နှဖူးပေါ်တွင် ချွေးစေးများပင် တစ်ဖန်ပြန်လည် ဝေ့သီလာတော့သည်။ သူက ခန္ဓာကိုယ်ကို ပုစွန်ထုပ်နှယ် ကွေးလိုက်ပြီး သက်သာလို သက်သာငြား ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားသည်။ သူ၏ အတွေးများကလည်း ကသောင်းကနင်း ဖြစ်နေလေသည်။


အကြောက်လွန်သွားမိလို့များလား…


ကျန်းချိုးက နှုတ်ခမ်းကိုကိုက်ကာ ဝမ်းဗိုက်နာကျင်မှုထံမှ အာရုံလွှဲနိုင်ရန် ကြိုးစားလိုက်သည်။ သူက နံရံကို မှီထားရင်းဖြင့် လက်နှိပ်ဓာတ်မီးကိုကောက်ယူလိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးလိုက်သည်။ 


သူ၏ ရှေ့တွင်ရှိနေသည်က အရောင်အသွေးစုံလင်သော ကြွေထည်ရုပ်ထုများဖြစ်ပြီး ဟန်ခေတ် အဝတ်အစားများဝတ်ဆင်ထားသည်။ ၎င်းတို့၏ မျက်နှာများက ဖြူရော်နေသော်လည်း ပါးနှစ်ဖက်တွင်မူ  အနီရောင် မျက်နှာခြေမှုန့်များ ခြယ်သထားပေသည်။ ရုပ်ထုတစ်ခုချင်းစီက မတူညီသော ဂီတတူရိယာများ ကိုယ်စီကိုင်ထားကြသည်။ ၎င်းတို့က သူ့ဘက်သို့ မျက်နှာမူထားသည်မှာ မသိလျှင် သူ့အား စိုက်နေကြည့်နေကြသကဲ့သို့ပင်။


၎င်းတို့မှာ ဟန်ခေတ် ဂီတပညာရှင်များ၏ ရုပ်ထုပင်ဖြစ်သည်။ သို့သော် အရွယ်အစားမှာမူ လူတစ်ယောက်နှင့်ယှဉ်လျှင် သေးငယ်လှပေသည်။ တစ်မီတာမျှသာ ရှိသည့်တိုင် အသက်ဝင်လှသော အစိတ်အပိုင်းများနှင့် များပြားလွန်းသော အရေအတွက်က င်္သချိုင်းဂူ၏ အမှောင်ထုထဲတွင် အလွန်ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းနေလေသည်။


သို့သော် ဝမ်းဗိုက်မှ နာကျင်မှုကြောင့် ကျန်းချိုးမှာ မတ်တတ်ရပ်ရန်ပင် အနိုင်နိုင်ဖြစ်နေလေသည်။ သူက ထိုနေရာ၌က အတိုင်းသားရပ်နေပြီး ရုပ်ထုများနှင့် အမှတ်တမဲ့ အကြည့်ချင်းဆုံနေ၏။ သူ ထိုရုပ်ထုများကို ကြည့်မိလေလေ ၎င်းတို့က ပို၍ အသက်ဝင်လာလေလေဖြစ်သည်။ သူ၏ အကြားအာရုံတွင် စွဲမက်ဖွယ် တူရိယာသံစဉ်တစ်ပုဒ်ကိုပင် ကြားယောင်မိနေသလို ခံစားနေရသည်။


ဒီဟာတွေက တစ်ခုခုတော့ တစ်ခုခုပဲ…


ကျန်းချိုးက လက်နှိပ်ဓာတ်မီးကို ထိုရုပ်ထုများထံမှ ခွာလိုက်သည်။ သူ၏ နားအတွင်း ကြားယောင်နေသော သံစဉ်များသည်လည်း ပျောက်ကွယ်သွားသည်။ ထို့အစား အလျင်လိုနေသည့် ခြေသံအချို့ကိုသာ ကြားလိုက်ရ၏။


ခြေသံတွေလား…


သူ ပို၍ ဂရုတစိုက်နားထောင်လေလေ ခြေသံများက ပို၍ စစ်မှန်လာလေလေဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ထံသို့ ပြေးလာနေခြင်းပင်။ “လောင်စစ်များဖြစ်နေမလား”ဟူသော အတွေးက သူ့အား သွေးလေခြောက်ခြားသွားစေသည်။ သူက နာကျင်မှုကို လျစ်လျူရှူလျက် ထောင့်တစ်နေရာသို့ ဖြည်းညင်းစွာ ချဉ်းကပ်လိုက်သည်။ လက်နှိပ်ဓာတ်မီးကိုပိတ်လိုက်သဖြင့် အမှောင်ထုက ပြန်လည် အုပ်စိုးလာလေသည်။


တံခါးက ကျွီခနဲ မြည်သံဖြင့် ဖွင့်လာသည်။


ကျန်းချိုးက အသက်ရှုအောင့်ထားကာ အသံပင် မထွက်ရဲချေ။ အခန်းထဲသို့ ဝင်လာသောသူတွင် မတည်ငြိမ်သော ခြေလှမ်းများရှိပေသည်။


“ ငါ လက်နှိပ်ဓာတ်မီး လွတ်ကျသွားလို့… မင်းမှာရှိသေးလား… “


“ ငါ့ အိတ်ထဲမှာ အပိုရှိသေးတယ်ထင်တယ်… ရှာလိုက်ဦးမယ်… “


ဒီအသံတွေကို ရင်းနှီးနေသလိုပဲ…


ကလစ်—


အလင်းရောင်က အခန်းတစ်လျှောက်ပျံ့နှံ့သွား၏။ 

ကျန်းချိုးက ထိုသူအား မြင်လိုက်စဉ် သူ၏ နှလုံးသားအတွင်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“ တာ့မောင်ကော… “


တံခါးဝရှိ လူနှစ်ဦးက တောင့်တင်းသွားတော့သည်။ ကျန်းယွီရွှေက ဦးစွာတုံ့ပြန်လိုက်သည်။ သူက အခန်းထောင့်သို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင်ခွေနေသည့် ကျန်းချိုးကို တွေ့လိုက်ရသည်။ နှစ်ဦးသားက ကျန်းချိုးထံ ပြေးသွားလိုက်ကြသည်။ 


“ ရှောင်ချိုး… ဒီမှာ ဘာလုပ်နေတာလဲ… မင်း ဒဏ်ရာရထားတာလား… “

ကျန်းတာ့မောင်တစ်ဖြစ်လဲ ကျန်းကျော့ကျိုက ကျန်းချိုးအား ဆွဲထူပေးလိုက်သည်။


ထိုအခိုက်အတန့်တွင် သူ၏ အစ်ကိုနှစ်ယောက်ကို မြင်လိုက်ရသဖြင့် ကျန်းချိုးမှာ အလွန် ကျေးဇူးတင်သွားတော့သည်။

“ ကျွန်တော်အဆင်ပြေပါတယ်… ဗိုက်နာနေရုံပါပဲ… “


ကျန်းချိုးက အလျင်အမြန်သတိပေးလိုက်သည်။

“ အဲဒီ ရုပ်ထုတွေက ထူးဆန်းတယ်… သူတို့ကို ကြာကြာစိုက်ကြည့်ရင် စိတ်ခြောက်ခြားစရာကောင်းတယ်… အဲဒါတွေနဲ့ ဝေးဝေးနေ… “


ကျန်းယွီရွှေက ခေါင်းညိတ်လိုက်သည်။

“ ကြည့်ရတာ ခြောက်ခြားစရာအစီအရင်တွေနဲ့ လုပ်ထားပုံပဲ… “

 

သူ၏ မျက်လုံးက ကျန်းချိုး၏ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပြီးနောက် အမူအရာက ပို၍ တင်းမာလာသည်။

“ ငါတို့ ဒီကနေ အရင်ထွက်သွားကြရအောင်… “


ကျန်းချိုးက ကျန်းယွီရွှေ သူ့ဝမ်းဗိုက်အား ကြည့်လိုက်သည်ကို သတိမထားမိလိုက်ပေ။ သူက သူတို့၏ စကားများကြောင့် အလွန်စိတ်သက်သာရာရသွားလေသည်။ 


နောက်ဆုံးတော့ ငါတစ်ယောက်တည်း ကြောက်နေစရာမလိုတော့ဘူးပေါ့…


မီးသင်္ဂြိုဟ်ခန်း အပြင်ဘက်တွင် ကျန်းယွီရွှေက ကျန်းချိုးကို ကူတွဲပေးပြီး ကျန်းကျော့ကျိုက ကြေးနီဒင်္ဂါးဓားရှည်ကိုကိုင်လျက် ရှေ့မှဦးဆောင်နေလေသည်။ ကျန်းချိုးက ထိုသို့သော ဓားမျိုးကို ဇာတ်ကားများထဲမှာသာ မြင်ဖူးခဲ့ခြင်းဖြစ်သည်။ ထိုဓားကို ရွှင့်ကျစ် ၊ ခန်းရှီး ၊ ယုံးကျန့် ၊ ချန်လုံ နှင့် ကျားချင့် ခေတ်မှ ဒင်္ဂါးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းတို့က ဧကရာဇ်ဒင်္ဂါးပြားများအဖြစ် နာမည်ကြီးပေသည်။ ထိုဒင်္ဂါးများမှာ ကျန်းရှီ ကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်ထိရောက်မှုရှိလှသည်။ 


သုံးယောက်သားက သတင်းအချက်အလက်များ ဖလှယ်လိုက်ကြသည်။ ကျန်းချိုးမှာ လောင်စန်းတို့အုပ်စုက သူ့အဖေကို တိုက်ခိုက်ခဲ့၍ ယခုတွင်မူ သူ့အဖေမှာ ဆေးရုံတွင် ကိုမာဝင်နေကြောင်းကို သိလိုက်ရသည်။ သူက ဒေါသထောင်းထောင်းထွက်ကာ အံကြိတ်လိုက်မိသည်။


“ … အရမ်းလည်း စိတ်မပူပါနဲ့… ငါ့အဖေလည်း အဲဒီမှာရှိပါတယ် ဦးလေးငယ် အဆင်ပြေသွားမှာပါ… “

ကျန်းကျော့ကျိုက လှည့်မကြည့်ဘဲ နှစ်သိမ့်လိုက်သည်။


သူတို့က ကျင်းလောင်တာ့ထံ မြေပုံရောင်းလိုက်သူအား လမ်းမေးမြန်း၍ သင်္ချိုင်းဂူအတွင်းသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ ကျန်းကျော့ကျို၏ အစွမ်းထက်သော ကြေးဒင်္ဂါးဓားရှည်နှင့် ကျန်းယွီရွှေ၏ အဆင့်မြင့် ဖုန်းရွှေကြည့်ရှုခြင်း အတတ်ပညာတို့ ပေါင်းစည်း၍ ဤနေရာသို့ ဘေးကင်းစွာ ရောက်လာခဲ့ခြင်းဖြစ်၏။


နာရီဝက်မျှ လမ်းလျှောက်ပြီးနောက် သူတို့က အခန်းနှစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ တစ်ခန်းမှာ ကုန်ခြောက်သိုလှောင်ရုံဖြစ်ပြီး နောက်တစ်ခန်းမှာမူ မိန်းမစိုးရုပ်ထုများဖြင့် ပြည့်နှက်နေလေသည်။


လျှောက်လမ်းအဆုံးတွင်ရှိနေသည်က လှပသေသပ်စွာ ထွင်းထုထားသည့် ကျောက်တံခါးတစ်ချပ်ပင်ဖြစ်သည်။ ဘေးတစ်ဖက်တစ်ချပ်တွင်မူ သားရဲရုပ်ထုနှစ်ခုက ဆောင့်ကြောင့်ထိုင်လျက်သားပင်။ ထိုရုပ်ထုများမှာ လူမျက်နှာ ၊ ကျားခန္ဓာ နှင့် လင်းယုန် လက်သည်းများရှိကာ တံခါးအရွယ်အစားမျှ မြင့်မားလေသည်။ ၎င်းတို့က သူတို့သုံးယောက်အား စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပုံပေါ်သည်။


ကျန်းချိုးက လောင်စန်း၏ လက်မီးလောင်သွားသည်ကို ပြန်တွေးမိသဖြင့် အလျင်အမြန် သတိပေးလိုက်သည်။ 

“ အစ်ကိုကြီး… တံခါးပေါ်မှာ မီးလောင်စေတဲ့ ထောင်ချောက်တစ်ခုခုရှိမရှိ သေချာအောင် စစ်ဆေးလိုက်ဦးနော်… “


ကျန်းကျော့ကျိုက အံ့အားသင့်သွားပြီးနောက် ကျန်းယွီရွှေထံ လှည့်ကြည့်လိုက်သည်။ ကျန်းယွီရွှေက အိတ်ကပ်ထဲမှ ကြေဒင်္ဂါးတစ်ခုကို ထုတ်ယူကာ ကျောက်တံခါးထံသို့ ပစ်လိုက်သည်။ ချွင်ခနဲ မြည်သံနှင့်အတူ ကြေးဒင်္ဂါးမှာ ကျောက်သားတံခါးပေါ်တွင် စိုက်ဝင်သွားလေသည်။ ကျန်းချိုးက အလွန် မှင်တက်သွားသည်။ သူက ကျန်းယွီရွှေတွင် ထိုမျှကြီးမားသော ခွန်အားရှိလိမ့်မည်ဟု မထင်ခဲ့မိချေ။ 


“ ဘာမှမရှိဘူး… ရှင်းတယ်… “

ကျန်းယွီရွှေက အတည်ပြုလိုက်သည်။


ကျန်းကျော့ကျိုက တံခါးကို တွန်းဖွင့်လိုက်သည်။ ကျန်းယွီရွှေက အခန်းအတွင်း နှံ့စပ်အောင် စစ်ဆေးပြီးနောက် စိတ်ပျက်စွာ ခေါင်းခါလိုက်၏။

“ ဒါက ပင်မသင်္ဂြိုဟ်ခန်းမဟုတ်သေးဘူး… “


ပင်မသင်္ဂြိုဟ်ခန်းမဟုတ်သရွေ့ တန်ဖိုးကြီး ပစ္စည်းအများအပြား ရှိမည်မဟုတ်ပေ။ 


ကျန်းချိုးက အလွန်ကြီးကျယ်ခမ်းနားသော အခန်းအသွင်အပြင်ကို ကြည့်ရှုလိုက်သည်။ အခန်း၏ ဗဟိုတည့်တည့်တွင် ကျောက်စိမ်းခေါင်းတလားကြီးရှိနေကာ ပတ်ပတ်လည်တွင်မူ ရတနာများဖြင့် ဝန်းရံထားလေသည်။ ဤသည်က ပင်မသင်္ဂြိုဟ်ခန်းမဟုတ်လျှင် ပင်မသင်္ဂြိုလ်ခန်းမှာ မည်မျှခမ်းနားမည်ဖြစ်ကြောင်း သူ မတွေးတတ်တော့ချေ။


“ ဒီ သင်္ချိုင်းဂူက နှစ်ထပ်ရှိတယ်… သင်္ဂြိုဟ်ခန်းအတုတွေနဲ့ ဝင်္ကပါလို တည်ဆောက်ထားတာ… တကယ်လို့အခေါင်းကို ဖွင့်လိုက်မိတာရင် ဒီထဲက လူတစ်ယောက်ကမှ အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာမဟုတ်ဘူး…“

ကျန်းကျော့ကျိုက တံခါးကို ပိတ်လိုက်သည်။


“ တာ့မောင်ကော…  အဲဒါက ကျန်းရှီလား… “


ကျန်းကျော့ကျိုက ခေါင်းညိတ်သည်။

“ အခုတော့မရှိတော့ပါဘူး… ယန်ဓာတ်ကို စုပ်ယူနိုင်တာက အရမ်းသန်မာတဲ့ သွေးစုပ်ကျန်းရှီပဲ… “


ကျန်းချိုးက ကျင်းလောင်တာ့ကဲ့သို့ လောဘကြီးသည့် ဂူဖောက်သူတစ်ယောက်က ထို ခေါင်းတလားကို သေချာပေါက် ဖွင့်မည်ဆိုသည်ကို သိပေသည်။ သင်္ဂြိုဟ်ပစ္စည်းများက တန်ဖိုးကြီးလေလေ သူတို့က လိုချင်တပ်မက်လေလေပင်ဖြစ်သည်။ ခေါင်းတလားကို ဖွင့်လိုက်သည်နှင့် သွေးစုပ်ကျန်းရှီတစ်ကောင်က ခုန်ထွက်လာပေလိမ့်မည်။


သင်္ချိုင်းဂူပိုင်ရှင်က ဖောက်ထွင်းမရအောင် သေချာလေးလုပ်ထားတာပဲ…


သူတို့မှာ အောက်ထပ်တွင်ရောက်ရှိနေခြင်းဖြစ်ပြီး ပင်မသင်္ဂြိုဟ်ခန်း၏ တည်နေရာကို ခန့်မှန်း၍မရနိုင်ပေ။ ကျန်းချိုးက စကားပြောရန်ပြင်လိုက်စဉ် ရုတ်တရက် သူတို့၏ ခေါင်းပေါ်ရှိ မျက်နှာကျက်က ရွေ့လျားသွားသည်။ ထို့နောက် လူရိပ်တစ်ခုက ပြုတ်ကျလာ၏။ 


ကျန်းကျော့ကျိုက ကျန်းချိုးအား တွန်းထုတ်လိုက်ပြီး ပြုတ်ကျလာသူထံ ဦးတည်၍ တိုက်ခိုက်ရန်ပြင်လိုက်သည်။ ကျန်းချိုးမှာမူ ခိုင်မြဲစွာရပ်လျက်သားဖြင့် ကျန်းကျော့ကျိုနှင့် ပြုတ်ကျလာသူကို ပြတ်သားစွာ မြင်လိုက်ရသည်။ 


“ နေဦး… တာ့မောင်ကော… သူက ကျွန်တော်တို့ဘက်ကပဲ… “

ကျန်းချိုးက ထိုသူကို မြင်လိုက်ရစဉ် အလွန်ဝမ်းသာသွား၏။

"လီရှု…"


လီရှုက ကျန်းချိုးအား မြင်လိုက်သည်နှင့် သူ၏ လူသတ်လိုစိတ်များသည်လည်း ချုပ်ငြိမ်းသွားတော့သည်။ ကျန်းချိုးက လူသုံးယောက်ကို မိတ်ဆက်ပေးလိုက်ပြီးနောက် မေးလိုက်သည်။

“ ကျင်းလောင်တာ့နဲ့ တခြားသူတွေရော… “


“ မရှိတော့ဘူး… “ 

လီရှုက ကျန်းညီအစ်ကိုထံ ကြည့်လိုက်ပြီး ကျန်းချိုးအား သူ့ဘက်သို့ ဆွဲခေါ်လိုက်သည်။ 

“ ငါ ပင်မသင်္ဂြိုဟ်ခန်း ဘယ်မှာရှိလဲဆိုတာသိတယ်… “


ကျန်းကျော့ကျို၏ မျက်နှာက တောက်ပသွားသည်။ ကျန်းယွီရွှေကမူ စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းသာ ညိတ်ပြလာသည်။ သူတို့က ရွှေ့၍ ရသည့် မျက်နှာကျက်မှတစ်ဆင့် အပေါ်ထပ်သို့ တက်လိုက်ကြသည်။ များမကြာမီတွင် လမ်းဆုံတစ်ခုသို့ ရောက်လာကြ၏။


လီရှုက ကျန်းချိုး၏ လက်ကို ဆုပ်ကိုင်လျက်ဆိုသည်။

“ အနောက်ကနေသေချာလိုက်ခဲ့… “


ကျန်းချိုး၏ မျက်နှာမှာ ရှင်းပြ၍ မရနိုင်လောက်သည်အထိ နီမြန်းသွားတော့သည်။ သူက ခေါင်းငုံ့၍ အသံပြုလိုက်သည်။ 

“ အင်း… “


ကျန်းယွီရွှေက လီရှု ဦးတည်နေသည့်လမ်းကို မြင်သဖြင့် ပြောလိုက်သည်။ 

“ ဝင်္ကပါပဲ… “


လီရှုက ပြန်မဖြေပေ။ တိကျသည့် ခြေလှမ်းများဖြင့်သာ ကျန်းချိုးအား ဦးဆောင်နေလေသည်။ ကျန်းယွီရွှေမှာ ထိုသူက ထောင်ချောက်များကို ရှောင်နေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူနှင့် ကျန်းကျော့ကျိုတို့ သင်္ချိုင်းဂူအတွင်းသို့ ဝင်စဉ်က လမ်းချိုးများစွာရှိသော ဝင်္ကပါတစ်ခုနှင့် ကြုံခဲ့ရသည်။ လမ်းကြောင်းများက အလွန်ရှုပ်ထွေး၍ ခက်ခဲလှပေသည်။ သို့သော် ယခုတွင်မူ လီရှုမှာ လမ်းကြောင်းများကို ရင်းနှီးကျွမ်းဝင်နေပုံရကာ လွယ်လင့်တကူပင် ဖြတ်သန်းသွားနေလေသည်။


တစ်နာရီမျှ လမ်းလျှောက်ပြီးနောက် ကျန်းချိုးက မူးနောက်လာသည်။ သူက လမ်းကြောင်းများ မှတ်သားခြင်းကို လက်မြှောက်အရှုံးပေးလိုက်ကာ လီရှု၏ လက်ကိုဆုပ်ကိုင်လျက် အနောက်မှ လိုက်ရန်သာ ဆုံးဖြတ်လိုက်၏။


“ ငါတို့ ရောက်ပြီ… “ 

လီရှုက ပြောလိုက်သည်။


သို့မှသာ ကျန်းချိုးက သူတို့မှာ အဝိုင်းပုံသဏ္ဍာန်ကျောက်ဖျာကြီးရှေ့တွင် ရပ်နေသည်ကို သတိထားမိသွားသည်။ ထိုကျောက်ဖျာမှာ င်္သချိုင်းဂူ၏ ဗဟိုချက်ဖြစ်ပုံရပြီး ဘေးပတ်ပတ်လည်တွင်မူ အရပ်မျက်နှာ မျိုးစုံသို့ ဖြာထွက်သွားသော စင်္ကြံလမ်းများကို တွေ့ရပေသည်။ သို့သော် ပင်မသင်္ဂြိုဟ်ခန်းကိုမူ မတွေ့ရသေးချေ။


“ အဲဒါက ငါတို့ရဲ့ အောက်မှာလား… “

ကျန်းယွီရွှေက မေးလိုက်သည်။ 


လီရှုက ခေါင်းညိတ်ကာ အေးစက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။ 

“ ဒီအောက်မှာ လှံချွန်တွေရှိတယ်… “


“ ကျွန်တော်တို့ ဒီတိုင်းဆင်းသွားလို့မရနိုင်ဘူးလား… “ 

ကျန်းချိုးက မေးလိုက်သည်။ သို့သော် လီရှု၏ အကြည့်နှင့်ပင် ထိုအရာမှာ မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်၏။ 

“ ဒါဆို ဘယ်လိုလုပ်မှာလဲ… “


“ ကြိုးနဲ့ ဆင်းရမယ်… “ 

လီရှုက ကျန်းကျော့ကျို၏ ကျောပိုးအိတ်ကိုကြည့်လိုက်သည်။


ကျန်းကျော့ကျိုက ကျောပိုးအိတ်ထဲမှ ကြိုးတစ်ချောင်းကို ဆွဲထုတ်လာပြီး လီရှုထံသို့ ကမ်းပေးလိုက်သည်။ လီရှုက ကြိုးချည်၍ ကျောက်ဖျာ၏ အလယ်ရှိ အခေါင်းပေါက်မှတစ်ဆင့် အောက်သို့ဆင်းသွားသည်ကို သူ တွေ့လိုက်ရသည်။ ကျောက်ဖျာက လည်ပတ်နေသည်။ အခိုက်အတန့်တစ်ခုစာမျှအကြာတွင် လီရှု၏ ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။ ကျန်းချိုးမှာ အလွန်ထိတ်လန့်သွားလျက် အော်လိုက်သည်။

“ လီရှု… အဲဒီမှာ ရှိနေသေးလား… “


သူ၏ အသံက အရပ်မျက်နှာပေါင်းစုံသို့ ပဲ့တင်ထပ်သွား၏။ သို့သော် လီရှုထံမှ တုံ့ပြန်မှုကို မကြားရပေ။ 


ကျန်းကျော့ကျိုမှာ ကျန်းချိုးတစ်ယောက် ထိုအပေါက်ထဲသို့ ခုန်ချသွားမည်စိုးသဖြင့် ကျန်းချိုးအား လက်တစ်ဖက်ဖြင့် ထိန်းထားလိုက်သည်။ ကျန်းချိုးက ကျောက်ဖျာကို တွန်းလိုက်ပြီး အက်ကြောင်းရာအတွင်းမှ ချောင်းကြည့်လိုက်သည်။ သူမြင်လိုက်ရသည်မှာ ပိန်းပိတ်အောင် မှောင်နေသော အမှောင်ထုကြီးသာ။ အခြားမည်သည့်အရာကိုမျှမတွေ့ရပေ။ 


လီရှုက တကယ်ပဲ သေသွားပြီလား… မဖြစ်နိုင်တာ…


ရုတ်တရက် အမှောင်ထု၏ အောက်ခြေတွင် သူ့ထံသို့ စိုက်ကြည့်နေသော ကြက်သွေးရောင် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။


အဲဒီမျက်လုံးတွေ…



🏔️🏔️🏔️