လတ်ဆက်တဲ့ ပင်လယ်လေညှင်း၊ လှိုင်းသံတွေ၊ ဖြာထွက်နေတဲ့ မနက်ခင်းနေရောင် အရာအားလုံးကို သူမ နောက်ဆုံးအကြိမ် ခံစားလိုက်သည်။
ခြေတစ်လှမ်း... ဒီကျောက်ဆောင်ပေါ်ကနေ ခြေတစ်လှမ်း လှမ်းလိုက်ရင် အကုန်လုံး ပြီးဆုံးသွားတော့မှာ၊သူမ ပင်ပန်းနေမှာ မဟုတ်တော့ဘူး၊စိတ်ဓာတ်ကျနေတော့မှာမဟုတ်ဘူး။ အပြုံးမမည်သော အပြုံးတွေကိုလည်း ဆက်ပြီးတပ်ဆင်ထားဖို့မလိုအပ်တော့ပေ။
တစ်ခဏအကြာတွင် ကျောင်ဆောင်ပေါ်ရှိ တစ်ဦးတည်းသော သက်ရှိမှာ ဘယ်တုန်းကမှမရှိခဲ့သလိုပင်။ သတ်သေခဲ့ပါသည်ဆိုသော သက်သေအနေနဲ့ ဖိနပ်တစ်စုံ၊စာတစ်စောင်ပင်မချန်ခဲ့ပဲ သူမလုံးဝပျောက်ကွယ်သွားခဲ့သည်။
######
"မစ် အယ်လီနာ ဒီလက်ထပ်ပွဲက စာချုပ်အရ အမည်ခံပဲဖြစ်လာမှာပါ၊ဒါကိုသဘောတူရင် လက်မှတ်ထိုးလို့ရပါပြီ"
သူမရှေ့ရှိ ထိုင်နေသောအမျိူးသားထံမှ စကားများကြားလိုက်ရချိန် တွေဝေစွာဖြင့် ပြန်ကြည့်လိုက်သည်။
"အာ ခဏ သန့်စင်ခန်းသွားလို့ရမလား"
ထိုလူဘာမှ ထပ်မပြောခင်မှာပဲ သူမအမြန်ထရပ်လိုက်ပြီး တံခါးမှထွက်သွားလိုက်သည်။
သန့်စင်ခန်း မှန်မှတစ်ဆင့်မြင်နေရသော သူမက သူမ မဟုတ်၊ ဒါက သူမ ဖတ်နေကြဝတ္ထုထဲကလို ကူးပြောင်းခြင်းဖြစ်သည်၊ အလိုအလျောက်ဝင်လာသော အချက်အလက်တွေက စာအုပ်ထဲကပြောထားသလို သူမကိုခေါင်းကိုက်တာမျိူးတွေ မဖြစ်စေခဲ့။
ယခုခန္ဓာကိုယ်ပိုင်ရှင် မိန်းကလေးကနာမည်က အယ်လီနာ၊ သူမငယ်စဉ်က ကားတိုက်မှုဖြင့် မိဘတွေက ဆုံးပါးသွားလို့ ဦးလေးဖြစ်သူ ဂျော့က သူမကိုမွေးစားခဲ့သည်။
ခုနက သူမရှေ့မှာထိုင်နေခဲ့တဲ့ ယောကျာ်းက သူမရဲ့အနာဂတ်ခင်ပွန်းဖြစ်လာမယ့် ဂျိူးဇက်။ဂျိူးဇက်က သူမဖတ်ဖူးနေကြဝတ္ထုထဲကလို အဓိကဇာတ်လိုက်တစ်ယောက်လိုပင်။ Hondie ဆိုသောကမ္ဘာ့နံပါတ်တစ်ကုမ္ပဏီပိုင်ရှင်ရဲ့ ဆက်ခံသူထဲကတစ်ဦး။ ဂျိူးဇက်အဖေအပါအဝင် တခြားဝမ်းကွဲညီအကိုတွေနဲ့အတူ အမွေလုနေရတဲ့အချိန် ဂျိူးဇက်အား တခြားအာဏာရှိ မိသားစုနဲ့ စီးပွါးရေးအရလက်ထပ်ပွဲ လုပ်သွားမှာ စိုးရိမ်လို့ သူတို့လက်အောက်ရှိ သူမရဲ့ဦးလေးအား သူမနဲ့သူ့ကို လက်ထပ်အောင် ချောက်ချခဲ့ကြသည်။
"ဆာ ဂျိူးဇက်၊ အယ်လီနာ့ဦးလေးက ဆာ့အဖေရဲ့ လက်အောက်ကလူပါ၊ထောင်ခြောက်မှန်းသိသိနဲ့ တိုးဝင်တော့မှာလား"
"သူတို့က ကျွန်တော်တို့ အင်အားကြီးလာမှာမလိုချင်ဘူး၊ နောက်ပြီး သတင်းနှိုက်ပေးမယ့် သူလျှိုလိုချင်ကြတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်တာ"
"ဒါတောင်မှ ဘာလို့လက်ခံလိုက်တာလဲ"
"အယ်လီနာနဲ့လက်ထပ်ရင် ကျွန်တော်လိုချင်နေတဲ့ ပရောဂျက်ကိုသူတို့ပေးမှာ၊ ဘာနေနေ အဘိုးကလည်းကျွန်တော့်ကို လက်ထပ်စေချင်နေတာ၊သူတို့ကလည်း သူလျှိုလွှတ်မှာသိသိနဲ့ ဆိုရင် မမြင်ရတဲ့သူလျှိုထပ်စာရင် မြင်နေရတဲ့ သူလျှိုက ပိုကောင်းတယ်မလား ဟယ်ရီ"
"ကျွန်တော်အတွေးတိမ်သွားပါတယ်"
တံခါးလက်ကိုင်ကို ကိုင်ရင်း အထဲရုံးခန်းထဲက စကားပြောသံကို သူမ ကြားလိုက်ရတော့ သက်ပြင်းတိုးတိုးလေးချလိုက်မိသည်။လက်ကိုင်ကိုလှည့်ကာ တံခါးကိုတွန်းဖွင့်ပြီးနောက် ထိုလူနှစ်ယောက်နဲ့ရင်ဆိုင်လိုက်သည်။
"ဆောရီးပါ စောင့်ခိုင်းနေမိပြီ၊ ကျွန်မတို့ ဆက်ပြောကြရအောင်"
ဆိုဖာတစ်ဖက်ရှိ ထိုင်နေသော လူက သူမစိတ်ကူးယဉ်ထဲက အဓိကဇာတ်လိုက်တစ်ယောက်မျိူးပင်၊ အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ထားတာ တန်ဖိုးကြီးနာရီကိုဝတ်ဆင်လျက် အေးစက်စက်ပုံစံမှာ တကယ့်ကို ဇာတ်လိုက် မင်းသားပင်။ ရုပ်ရည်ကတော့ထည့်ပြောစရာမလိုတော့။
ထိုလူ့နောက်တွက်ရပ်နေသော ပိန်ပိန်ပါးပါး ထက်မြက်သည့်ပုံနဲ့ လက်ညှိုးတစ်ဖက်ဖြင့် မျက်မှန်ကိုပင့်တင်လိုက်သည်မှာ တစ်ချက်ကြည့်လိုက်သည်နဲ့ အတွင်းရေးမှူးမှန်းသိသာစေသည်။
သူမ ဆိုဖာတစ်ဖက်မှာဝင်ထိုင်ရင်း
"ဒါဆို လက်ထပ်စာချုပ်အပြင် အမည်ခံစာချုပ်ပါ ကျွန်မတို့ထပ်လုပ်ကြမလား၊ဥပမာ လက်ထပ်စာချုပ်က ဘယ်နှစ်နှစ် သက်တမ်းပဲရှိမလဲဆိုတာမျိူး"
ဂျိူးဇက်မှ သူမအား ဆက်ပြောဆိုသော အနေအထားဖြင့် ကြည့်နေသည့်အတွက်
" ကျွန်မဦးလေးက ရှင့်ဆီက သတင်းတွေယူခိုင်းလိုက်တယ်၊ကျွန်မ မြေစာပင် မလုပ်ချင်ပေမယ့် ဦးလေးဆီက လွတ်မြောက်ဖို့ ဒီလက်ထပ်ပွဲကို လိုအပ်တယ်"
"ဘာလို့လဲ"
"ရှင်နဲ့ မလက်ထပ်ဖြစ်ခဲ့ရင် သူက နောက်တစ်ယောက်နဲ့ လက်ထပ်ခိုင်းဖို့ ကြိုးစားမှာပဲ၊ ရှင်လည်း ကျွန်မအကြောင်းစုံစမ်း ပြီးသားဖြစ်မှာပါ"
အယ်လီနာဦးလေးက သူမကို အမြတ်ရမယ့် ရောင်းစားဖို့ ရည်ရွယ်ထားပြီးသားပင်။သူမ အဓိကဇာတ်လိုက်နဲ့ လက်မထပ်ဖြစ်ခဲ့ရင် နောက်ထပ် အဘိုးကြီးဖြစ်ဖြစ် ဦးလေးကြီးဖြစ်ဖြစ် လက်ထပ်ရမှာ အသေအချာပဲ။ လက်မထပ်ဖြစ်ခဲ့ရင်တောင် အိမ်မှာ သူမကို အသားယူနေတဲ့ ဝမ်းကွဲအကိုကြောင့် သူမဦးလေးဆီမှာ ဆက်နေလို့မဖြစ်တာ သေချာသည်။
သူမလည်ချောင်းကို ရှင်းလိုက်ရင်း
"အင်းးး ကျွန်မပြောချင်တာက ကျွန်မတို့အပေးအယူလုပ်ကြမယ်၊ ရှင်က အသုံးမဝင်တဲ့ သတင်းတွေပဲ ကျွန်မကိုပေး၊ နောက်ပြီးကျွန်မက ရှင့်အတွက် သူတို့ ပို့ထားတဲ့သူလျှိုတွေကို ရှာပေးမယ်"
"အပြန်အလှန်နဲ့ ဘာလိုချင်တာလဲ"
"၅နှစ်...၅နှစ်ပြီးရင် ကျွန်မကို ပိုင်ဆိုင်မှု ၁၀%နဲ့ ကွာရှင်းပေးရမယ်"
သူမ ဂျိူးဇက်အဖြေအား စောင့်နေပြီး အခန်းထဲမှာ တခဏတာ တိတ်ဆိတ်သွားသည်။ အပေးအယူမဖြစ်ရင် ဘယ်လိုလုပ်ရမလဲ သူမတွေးနေတုန်းမှာပဲ
"ဟယ်ရီ စာချုပ် အသစ်ရေးလိုက်"
"ဟုတ်ကဲ့ပါ ဆာ"
"ပျော်ရွှင်စရာ ပူးပေါင်းမှုပါ မစ် အယ်လီနာ"
ဂျိူးဇက် ကမ်းလာသော လက်အား ပြန်ဆွဲနှုတ်ဆက်ရင်း
"ပျော်ရွှင်စရာပူးပေါင်းမှုပါ ဆာ ဂျိူးဇက်၊ အယ်လီနာလို့ပဲ ခေါ်ပါ အသက်ကအတူတူပဲဆိုတော့"
"အယ်လီနာ ဂျိူးဇက်လို့ပဲ ခေါ်လို့ရပါတယ်၊ဟယ်ရီ စာချုပ်ပြင်ပြီးသွားရင် တခါတည်းလက်မှတ်ထိုးလို့ရပါပြီ၊ အတူနေရမှာဆိုပေမယ့် ကျွန်တော့်ဗီလာရဲ့ အပေါ်ဆုံးအထပ်မှာ စိတ်ကြိုက်နေလို့ရပါတယ်"
"ကျေးဇူးပါ၊ဖြစ်နိုင်ရင် ဒီနေ့ပဲ ပြောင်းလိုက်ချင်ပါတယ်"
"ပစ္စည်းတွေရွေ့ဖို့ လူထည့်ပေးလိုက်ပါမယ်"
"ဟုတ်ကဲ့ ဖြစ်နိုင်ရင် သက်တော်စောင့်နှစ်ယောက်ပါထည့်ပေးလိုက်ပါ"
အားနာမှုမရှိပဲ တောင်းဆိုရဲသော သူမကို ဂျိူးဇက် ပြုံးပြရင်း
"ကောင်းပါပြီ"
ထို့နောက် ဟယ်ရီပြင်ပေးသော စာချုပ်ပေါ်တွင် အတူလက်မှတ်ထိုးပြီးနောက် သက်တော်စောင့်နှစ်ယောက်၊လူတစ်ချို့နဲ့အတူ သူမ အိမ်သို့ထွက်လာခဲ့သည်။
"ဆာ သူမက စုံစမ်းထားတဲ့အတိုင်း မတူဘူးနော်"
"ဒီလိုပါပဲ လူတိုင်းကမျက်နှာဖုံးရှိတာပဲလေ၊နောက်မှ သူမအတွက် စောင့်ရှောက်ဖို့ သက်တော်စောင့်ရွေးထားလိုက်"
"ဟုတ်ကဲ့"
'ဒါဆို သူမကိုယုံတာလား'ဆိုတဲ့မေးခွန်းကို ဟယ်ရီ ဆက်မမေးဖြစ်ခဲ့တော့။