Chapter-2
Viewers 71

"အဲ့တော့ သူမက ခရီးဆောင်အိတ်တစ်လုံးပဲ ယူလာခဲ့တယ်လို့ပြောတာလား"


"ဟုတ်ပါတယ်"


"နောက်ထပ်ဘာရှိသေးလဲ"


"မမလေး အယ်လီနာက အပေါ်ဆုံးက ထပ်ခိုးမှာနေပြီး အခန်းကတော့ ရိုးရှင်းပါတယ်၊ အိမ်ကူတွေက သူမပေါ် လေးစားမှုမရှိပါဘူး၊ အကိုဝမ်းကွဲဖြစ်သူ မိုက်ကယ်ကတော့ သူမကိုထွက်သွားခွင့်မပေးဘူးဆိုပြီး အော်ဟစ်သောင်းကျန်းနေတာပါ၊ ကျွန်တော်မြင်ရသလောက် ဆေးစွဲနေတာဖြစ်ဖို့များပါတယ်၊မမလေး အယ်လီနာက ဘာမှပြန်မပြောပဲ ပစ္စည်းတွေသိမ်းနေပြီး ကျွန်တော်တို့ကို သူမနားကပ်ခွင့်မရအောင် တားဆီးခိုင်းခဲ့ပါတယ်"


"အခုသူမဘာလုပ်နေလဲ"


"အနားယူနေလောက်ပါပြီ"


"ကောင်းပြီ၊သူမကိုဆက်ပြီး စောင့်ကြည့်နေလိုက်"


"ဟုတ်ကဲ့ပါ"


####

အယ်လီနာ သူမ နိုးလာချိန်က ညဘက် ရောက်နေပြီဖြစ်သည်။လူတစ်ကိုယ်လုံး နုံးချိနေပြီဖြစ်လို့ ရေချိူးဖို့သူမ ပြင်ဆင်လိုက်သည်။


ရေချိူးခန်းထဲမှထွက်လာပြီးနောက် မှန်တင်ခုံရှေ့ ထိုင်ရင်း

'ဒီကောင်မလေးမျက်နှာက ငါ့ထပ်ပိုချောသားပဲ၊လက်တွေလည်း နူးညံ့တယ်၊ဦးလေးက ပိုက်ဆံအကုန်သိမ်းသွားပေမယ့် မနှိပ်စက်ခဲ့ဘူးဆိုတော့ မဆိုးပါဘူး၊အချိန်တန်ရင် ရောင်းထုတ်ဖို့ကြံထားတာလည်းပါမယ်ထင်တယ်၊အဲ့ဒီတော့ ငါကဘာဆက်လုပ်ရမှာလဲဒီမှာ၊ systemအသံလည်းမကြားရဘူး ဘယ်ဝတ္ထုထဲရောက်နေတာလည်းမသိရဘူး၊ငါသိတာဆိုလို့ ဒီကောင်မလေးရဲ့အကြောင်းတွေရှိတယ်၊ဆိုတော့...နောက်တစ်ခါ ပြန်သတ်သေလိုက်ရမလား'


ဒေါက် ဒေါက်!

"မမလေး နိုးပါပြီလားဗျ"


'အာ ဒီလိုမျိူးနောက်ကမ္ဘာကိုရောက်သွားချင်တာက  ငါ့အိမ်မက်ထဲကတစ်ခုပဲ၊ခဏလောက် နေကြည့်လိုက်ရမလား'


"ဝင်ခဲ့ပါ"


တံခါးပွင့်လာပြီးနောက် သူမနဲ့ရွယ်တူ ယောကျာ်းတစ်ယောက်၊သူမ မြင်ဖူးနေကြ animeထဲက အိမ်တော်ထိန်းလို ဝတ်ဆင်ထားပြီး မျက်လုံးတစ်ဖက်ကို တစ်ဖက်ပိတ်အကာနဲ့ ကာထားတာတွေ့လိုက်ရသည်။ 


'ဒီကမ္ဘာက ယောကျာ်းတွေအကုန်လုံးက ချောကြတာပဲလား'


ချိုသာသော အပြုံးကိုဆင်မြန်းထားရင်း

"အခန်းမီးလင်းနေတာ မြင်လိုက်ရလို့ပါ၊ ကျွန်တော့်နာမည်က အေဒီ လို့ခေါ်ပါတယ်၊ မမလေး ညစာစားချင်ပြီလားဗျ၊ အဆင်သင့်ပြင်ထားလိုက်ပါမယ်"


"ရှင့်မျက်လုံးက..ဘာဖြစ်တာလဲ"


"အာ"

ပထမတွေ့ဆုံခြင်းမှာပင် ဒီလိုမေးမယ် မထင်မှတ်မိလို့ အေဒီ အံ့ဩသွားရင်း

"မမလေးကို လန့်သွားစေတာလား၊တောင်းပန်ပါတယ်ဗျ"


"မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့"


"အရောင်မတူလို့ပါ"လို့ဆိုရင်း အေဒီ အကာကိုချွတ်ပြလိုက်တယ်။ တစ်ဖက်ကသာမာန် အမည်းရောင်ဖြစ်နေတဲ့အချိန် တစ်ဖက်မှာတော့ ကြည်လင်ရှင်းတောက်နေတဲ့ အပြာရောင်မျက်ဝန်း တစ်စုံကို သူမတွေ့လိုက်ရသည်။


"ငယ်ငယ်က ထူးဆန်းလို့ဆိုပြီး သူများတွေပြောနေကြလို့ ကာထားဖြစ်တာပါ၊ ဒီအကာဝတ်တာပဲ အကျင့်ပါသွားလို့ မျက်ကပ်မှန်မတပ်ဖြစ်တော့ပါဘူး"


လူတိုင်းမေးနေကြ ဘာလို့မျက်ကပ်မှန်မတပ်တာလဲ စတိုင်လုပ်တာလားဆိုတဲ့ မေးခွန်းအတွက်ပါ အေဒီ ပြည့်စုံစွာ ထည့်ဖြေပေးလိုက်သည်။


"ရူးလိုက်တာ"


"ဟဟ.."


"ဘာလို့များဒီလောက်လှတဲ့ အပြာရောင်ကို ဖုံးထားတာလဲ၊ အဲ့အစား အမည်းရောင်ကိုဖုံးပေါ့"


"ဗျာ.."


"ဗိုက်ဆာပြီ အစာကြေလွယ်တဲ့အရာတစ်ခုခု လုပ်ပေးပါ"လို့ သူမပြောရင်း သူ့ရှေ့မှ ဖြတ်လျှောက်လာခဲ့တယ်၊


'ဟင်း...ဒီတစ်ယောက်ကလည်း သာမာန် အိမ်တော်ထိန်းမဟုတ်ဘူး၊ဂျိူးဇက်ကို ပြောပြသင့်လား၊တော်ပါပြီ ဆက်စောင့်ကြည့်အုန်းမယ်"


မှတ်ချက်တစ်ခုသာဆိုပြီး သူ့ကိုထပ်စိတ်မဝင်စားတော့ဘဲ ထွက်သွားတဲ့ အယ်လီနာကို အေဒီ အံ့ဩသင့်စွာကြည့်ပြီးနောက် ပြုံးလိုက်မိတယ်။


"စိတ်ဝင်စားစရာလေး"


ဧည့်ခန်းထဲမှ တီဗီဖွင့်ကာ လာနေသော ဇာတ်လမ်းတွဲများကို စိတ်ပြေလက်ပျောက်ကြည့်နေရင်း ညစာကို ဧည့်ခန်းထဲမှာပဲ စားမည်ဖြစ်ကြောင်း အကူတွေကို သူမပြောပြလိုက်သည်။ အေဒီအပြင် နောက်ထပ် အိမ်တော်ထိန်းကြီး တစ်ယောက်ပါရှိကြောင်းသူမ သိလိုက်ရသည်။ 


ထိုလူကမှ တကယ့်အိမ်တော်ထိန်း အစစ်ဖြစ်လောက်တယ်လို့ သူမခန့်မှန်းမိတယ်။ သူ့ကိုယ်သူ ဘီစီလို့ မိတ်ဆက်လာချိန်တွင် အကယ်လို့ နောက်ထပ် အိမ်တော်ထိန်းသာရှိခဲ့ပါက အီးအက်ဖ် ဖြစ်မလားလို့ သူမ စဉ်းစားမိတယ်။ အိမ်တော်ထိန်း ဘီစီက အသက်၆၀ကျော်အရွယ်ရှိကာ အေဒီအား သူ့လက်ထောက်အနေနဲ့ ခန့်ထားခြင်းဖြစ်တယ်။ မိတ်ဆက်ခြင်း ကဏ္ဍပြီးသွားတဲ့နောက် သူမ ပျင်းရိစွာ ညစာစားရင်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ကြည့်နေလိုက်သည်။


ဘီစီနဲ့ အေဒီက ထောင့်တစ်နေရာတွင် အကူများကို လိုအပ်တာခိုင်းစေရင်း သူမအတွက် အသင့်ရှိစေရန်ပြင်ထားသည်။ သူမကတော့ မည်သည်မှဂရုမစိုက်ပဲ ဇာတ်လမ်းတွဲထဲ မြောပါနေသည်။အရင်ဘဝကလိုပင် သူမအတွက်က ဝတ္ထုနဲ့ဇာတ်လမ်းတွဲတွေက ဆွဲဆောင်နိုင်ဆုံးအရာများဖြစ်သည်။ မဖြစ်စလောက်စားထားသော ပန်းကန်များကိုပြန်သိမ်းပေးရန် ပြောရင်း ရုပ်ရှင်ဆက်ကြည့်နေလိုက်သည်။


ည ၁၂နာရီကျော်တွင် ပင်မအိမ်တံခါးပွင့်လာပြီး ဂျိူးဇက်ပြန်ရောက်လာပြီဖြစ်သည်။အေဒီနဲ့ ဘီစီတို့မှ သူ့စာရွက်စာတမ်းများနဲ့ ကုတ်အင်္ကျီကို အသီးသီးယူဆောင်လိုက်ရင်း 

"သခင်လေး ညစာပြန်နွေးထားလိုက်ပါမယ်၊ ရေချိူးဖို့ အသင့်ပြင်ခိုင်းလိုက်ပါပြီ"


"ကျေးဇူးပါ ဦးလေးဘီစီ၊ ကျွန်တော့်ကို မစောင့်ပါနဲ့ ပြောထားတယ်"


"သခင်လေး ပြန်မရောက်သေးတာ စိတ်ပူလို့ပါ"


"အေဒီရှိတာပဲ၊အဆင်ပြေပါတယ် နောက်တစ်ခါမစောင့်ပါနဲ့တော့၊အခု အနားယူပါတော့"


"ဟုတ်ကဲ့ပါ၊သခင်လေးအတွက် အကုန်အဆင်သင့်ပြင်ထား ပြီးပါပြီ"


"ကောင်းပါပြီ"

ထို့နောက် အကုန်လုံးကိုထွက်သွားခိုင်းလိုက်ရင်း ဂျိူးဇက်က သူမဆီလျှောက်လာသည်။


"ဒီမှာနေရတာ အဆင်ပြေရဲ့လား"


"နေဖူးထဲသမျှ အကောင်းဆုံးပါပဲ"

သူမပြုံးရင်းဖြေပေးလိုက်ပေမယ့် ဂျိူးဇက် မျက်လုံးထဲမှာတော့ ဒီအပြုံး ကတစ်ခုခုလိုအပ်နေသလို အတုယောင်ဆန်လွန်းလှသည်။


"ငါတို့ချက်ချင်းလက်ထပ်လိုက်တာ မင်းဦးလေးဘက်ကို သံသယဝင်သွားနိုင်တယ် အဲ့အတွက် အကြံဉာဏ်ရှိလား"


"လွယ်လွယ်လေးပါ ရှင်ကကျွန်မကို မခွဲနိုင်မခွါနိုင် ကြိုက်သွားလို့ပေါ့ ဟီးဟီး" စနောက်နေသော မျက်လုံးများကြောင့် ဂျိူးဇက် သဘောတူမိတာ မှားမိလားလို့ တွေးမိတယ်။ဒါပေမယ့် ဒီအကြံက အသုံးဝင်ဆုံးဆိုတာ သူနားလည်တယ်၊အချစ်နွံနစ်သွားတဲ့ သူ့ကို ပြိုင်ဘက်တွေက လျှော့တွက်သွားမှာ သေချာသည်။


"ဒါဆို အဲ့လိုပဲ လုပ်ကြတာပေါ့၊ဒီအိမ်ထဲမှာလည်း သူတို့လူတွေရှိနိုင်တာဟုတ်လို့ သတိထားပါ၊သူတို့လူတွေကို ရှာမတွေ့သေးသရွေ့ အိမ်မှာလည်းငါတို့ ဟန်ဆောင်ဖို့လိုတယ်"


"ကျွန်မ နားလည်ပါတယ်၊တခန်းထဲအတူတူနေရမှာလား"


"စိတ်မပူပါနဲ့၊ အိပ်ယာအပိုသိမ်းထားတာရှိတယ်၊မင်းဦးလေးဆီက လိုချင်တာရှိသေးလား၊သူမင်းကိုဘာနဲ့ ချုပ်ကိုင်ထားတာလဲ"


"ဟင့်အင်း မရှိတော့ဘူး၊အရင်က သူခစားနေတဲ့ ရှင့်ညီဝမ်းကွဲကို ကျွန်မကြိုက်နေလို့ သူတို့ခိုင်းသမျှလုပ်ပေးနေတာ"


"လူးကပ်စ်လား"


"အင်း၊အခုတော့ မဟုတ်တော့ပါဘူး ကြိုက်မယ့်ကြိုက်တော့ ရှင် မဟုတ်ရင်တောင် ရှင့်အိမ်တော်ထိနိးကိုကြိုက်အုန်းမှာ"


ဂျိူးဇက်က မျက်လုံးပင့်ကြည့်လိုက်ရင်း

"သူ့ကို သတိထား"


သူမ နားလည်စွာနဲ့ ပြုံးပြရင်း ခေါင်းညိမ့်ပြလိုက်သည်။


"ဒါဆိုကျွန်မ တနေ့တာအလုပ်က သူလျှိုရှာဖို့နဲ့ ရှင့်ချစ်ဇနီးဟန်ဆောင်ဖို့ပဲပေါ့"


"အင်း ဒါကဘဏ်ကတ် လိုတာသုံးဖို့"

အနောက်ရောင်ဘဏ်ကတ်တစ်ခုကို သူမရှေ့ပို့ပေးရင်း ဂျိူးဇက် ကိုယ်လက်သန့်စင်ဖို့ထွက်သွားသည်။


ခဏအကြာတွင် သူမ သူပေးတဲ့ဘဏ်ကတ်ကိုသယ်ဆောင်ကာ သူတို့နှစ်ယောက်အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။