သူမ နိုးလာချိန် နာရီက မနက်သုံးနာရီထိုးကို ညွှန်ပြနေသည်။မီးအိမ်မှိန်မှိန်လေးဆီမှ အလင်းရောင်အားကိုးဖြင့် ဘေးဘီလှည့်ကြည့်လိုက်ချိန် အိပ်ယာခင်းအပိုတစ်ခုနဲ့ အိပ်နေသော ဂျိူးဇက်ကို သူမ မြင်လိုက်ရသည်။
သူမ ထပ်ကြိုးစားပြီး အိပ်ကြည့်သော်လည်း အိပ်မပျော်တော့ပေ။ ထို့နောက် အိပ်ယာပေါ်မှဆင်းကာ စောင်ပါးတစ်ထည်ကိုခြုံလျက် ဝံရံတာ တံခါးကို ဖွင့်ကာထွက်လာခဲ့သည်။ ဂျိူးဇက်နိုးသွားမည်ကို စိုးရိမ်ကာ အသာအယာ တံခါးကို ပြန်ပိတ်လိုက်သည်။ အရာအားလုံးက မှောင်မည်းနေကာ လေအေးတွေကတဖြည်းဖြည်းတိုက်ခိုက်နေသည်။ သူမ ကောင်းကင်ကို ငေးကြည့်ရင်း အတွေးတွေက နစ်ဝင်နေသည်။ ရုတ်တရက် မျက်ရည်တွေက ပါးပြင်တွေကို ကျဆင်းလာသည်အခါ သူမအသိပြန်ဝင်လာရင်း
"မအိပ်ပဲဘာလုပ်နေတာလဲ"
ဂျိူးဇက်အသံကို သူမနောက်မှကြားလိုက်ရသည့်အခါ စောင်နဲ့ မျက်နှာကိုဖုံးပြီး မျက်ရည်တွေကို ခိုးသုတ်လိုက်သည်။
"အိပ်မပျော်ဘူး နေရာအသစ်ဖြစ်လို့နေမယ်"
သူမနောက်လှည့်ကြည့်ရင်း ဂျိူးဇက်ကိုပြောလိုက်တော့ ဂျိူးက တံခါးဘောင်ကို လက်ပိုက်လျက်မှီထားကြောင်းတွေ့လိုက်ရသည်။ထို့နောက် သူမဆီလျှောက်လာရင်း ဝံရံတာရှိ ထိုင်ခုံပေါ်မှာဝင်ထိုင်လိုက်သည်။
သူမအရှေ့ဘက်ကိုပြန်လှည့်ကာ ကောင်းကင်ကို ငေးရင်း ဂျိူးဇက်ကတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ကြယ်တွေကို ကြည့်နေတာလား"
"ဟင့်အင်း ဒီတိုင်း ငေးနေတာ"
"အပြင်မှာအေးတယ်လေ"
"ရှင် သိလား လူတွေက သေပြီးရင် ဘယ်ရောက်သွားတာလဲ"
ကောင်းကင်ကို ငေးကြည့်နေသော သူမကိုကြည့်ရင်း အလိုက်သင့်ပြန်ပြောသင့်သည် ခံစားရသောကြောင့်
"ကြယ်ဖြစ်သွားတလား"
"ဟင်...ဟားဟား နင် အဲ့လို စကားတွေယုံတာပဲလား"
"..."
"..မစတော့ပါဘူး တရင်းတနှီးပြောလို့လည်းရတယ်မလား"
"အင်း ရွယ်တူပဲဆိုတော့ အဆင်ပြေပါတယ်"
"အင်း"
"ဘာလို့ အဲ့မေးခွန်းကို မေးတာလဲ"
အယ်လီနာ သူ့ဘက်ကို လှည့်လာကာ အပြုံးကိုတစ်ခုကို ပြုံးပြရင်း
"ဒီတိုင်းမေးချင်လို့" ဆိုတဲ့ စကားကိုပြောပြီးနောက် အရှေ့သို့ပြန်လှည့်ရင်း ကောင်းကင်ကိုဆက်ငေးကြည့်နေခဲ့သည်။
လရောင်အောက်မှ မြင်လိုက်ရသည့် အယ်လီနာအပြုံးက အေးချမ်း သလို ခံစားလိုက်ရပြီး သူမက ပန်းချီကားတစ်ခုလိုမျိူး သက်ဝင်နေကာ သူနဲ့ ကမ္ဘာခြားနေသလိုပင်။
မျက်လုံးများကို ပွတ်သပ်ကာ အတွေးထပ်မဝင်ခင်မှာပဲ
"မနက်ဖြန် နင့်အတွက်သက်တော်စောင့်ရွေးပေးမယ်"
"ဟင် ငါက အဆင်သင့်ရှိထားမယ်ထင်တာ"
"အဲ့တာငါ့လူတွေ"
"အေးပါ အေးပါ ငါရော လာကြည့်လို့ရလား၊ဒီမှာပဲဆို ပျင်းတယ်"
"ရတယ် မနက်ဖြန် ကုမ္ပဏီလိုက်ခဲ့၊သတင်းဖွဖို့လည်း လိုနေသေးတယ်"
"အိုကေပါခ"
"ခ..ကဘာကြီးလဲ"
"အဲ့တာက ထ..ဒီတိုင်း စတိုင်လုပ်ပြောတာလေ"
ဒီကမ္ဘာမှာ ဘာသာစကားတစ်ခုပဲသုံးတာ သူမသတိရလိုက်လို့ တော်ပါသေးသည်။
"အော.. အပြင်မှာ အေးတယ် ခဏနေပြန်ဝင်ခဲ့တော့"
"အင်း ပြန်နားလိုက်အုန်း"
ဂျိူးဇက် ပြန်ဝင်သွားချိန် သူမ ညောင်းလာသဖြင့် သူထိုင်သွားခဲ့သော ခုံပေါ်တွင် ဝင်ထိုင်ကာ အချိန်ခဏအကြာတွင် ခုံပေါ်၌ အိပ်ပျော်သွားသည်။
"ပြောစရာ အရမ်းနားထောင်တာပဲ"
ဂျိူးဇက် သူမကို ထွက်ကြည့်ရင်း ငြိမ်းချမ်းစွာအိပ်ပျော်နေသော သူမကို အထဲဝင်ခိုင်းဖို့အတွက် မနှိူးရက်တော့ပေ။ ထိုနောက် အခန်းထဲမှ စောင်တစ်ထည်ထပ်ထုတ်လာရင်း သူမပေါ်ခြုံပေးကာ အနားယူရန်ထွက်သွားခဲ့သည်။
#####
"ဒါ သက်တော်စောင့်အယောက်၅၀ရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်ပါ"
ဟယ်ရီမှ ရှေ့ခန်းကနေ ဖိုင်တွဲတစ်ခုပေးလာတဲ့အခါ သူမ ယူလိုက်ပြီး ကြည့်လိုက်မိသည်။အကုန်လုံးက သာမာန်နဲ့ သာမာန်နဲ့ချောမောနေကာ ဒီကမ္ဘာက ယောကျာ်းလေးတွေရဲ့ စံနှုန်းကသာမာန်မဟုတ်မှန်းသိလိုက်ရသည်။အားလုံးထဲမှ တစ်ယောက်သာလျှင် မျက်နှာတစ်ခြမ်းလုံး အနီကွက်ဖြင့် ဖုံးနေတာ သူမတွေ့လိုက်ရသည်။ အားလုံးထဲကမှ တစ်ယောက် နောက်ထပ်ဇာတ်လိုက်ကို သူမ မြင်လိုက်ရသလို ခံစားလိုက်ရသည်။
"နင် HRနဲ့အတူ အင်တာဗျူးခန်းကိုသွားလိုက်၊ငါ အစည်းအဝေးရှိလို့ နေ့လည်မှ ပြန်တွေ့မယ်"
"အိုကေပါခ" ဆိုကာ ဟယ်ရီ မိတ်ဆက်ပေးထားသော HRနဲ့အတူ သူမ ထွက်သွားလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ"
"ဆာ မိန်းကလေးတစ်ယောက်ကိုခေါ်လာလို့ Group chatတွေမှာ ပေါက်ကြားနေပါပြီ၊အနှေးနဲ့အမြန်ဆိုသလို သူတို့တွေသိသွားကြမှာပါ၊မမလေးအယ်လီနာရဲ့ ဦးလေးက ဆက်သွယ်လာပါသေးတယ်"
"အခုတော့ မတွေ့ချင်သေးဘူး၊သူနဲ့ အင်တာဗျူးခန်းကိုလိုက်သွားလိုက်"
"နားလည်ပါပြီဗျ"
အင်တာဗျူးအခန်းတွင် အယောက် ၂၀လောက် မေးမြန်းပြီးနောက် သူမ အိပ်ငိုက်လာသည်။ တစ်ကြိမ်လျှင် လူ၅ယောက်ဆီ သူမတို့မေးမြန်းနေတာ ဖြစ်သည်။
"ဟုတ်ကဲ့ အခု၅ယောက်လုံး တစ်ယောက်ချင်းဆီ မိတ်ဆက်ပေးပါ"
"နေ..နေပါအုန်း"
"မမလေး တစ်ခုခုလိုလို့လား"
HRမှ သူမကိုမျက်နှာချိုသွေးရင်း ပြောလာတော့
"သူတို့ ကိုယ်ရေးရာဇဝင်တွေက အကုန်အကျဉ်းချုပ် ဖတ်ပြီးပြီပဲ ဘာလို့ထပ်ပြီး မိတ်ဆက်ခိုင်းနေတာလဲ"
"ဒါပေမယ့် မမလေးက ခဏပဲကားပေါ်မှာ ကြည့်ရသေးတာလေ"
ဟယ်ရီမှ သူမကိုပြောလိုက်ပေမယ့်
"ဒီတစ်ယောက်က ကလိုင်း XXလုံခြုံရေး ကုမ္ပဏီမှာလုပ်နေတာ ၃နှစ်ရှိပြီ၊ သူက ဘိုလင် စစ်တပ်မှာနေလာတာ ၄နှစ်၊သူက ဘာရွန် ဖြစ်ပြီး သူ့ညီက လိုင်ရွန်၊ သူက သူ့ညီထက် ၅မိနစ်တိတိအသက်ပိုကြီးကြောင်း ရေးထားတယ်၊ နောက်ဆုံးတစ်ယောက်က တိုင်လာ သူက...သူကမှတ်တမ်းမရှိပေမယ့် ကာယစစ်ဆေးမှုမှာ အင်တာဗျူးလာဖြေတဲ့လူတွေထဲ ထိပ်ဆုံးပဲ၊ ကျွန်မပြောတာမှန်တယ်မလား"
ဟယ်ရီရဲ့ အံ့ဩနေတဲ့ မျက်လုံးတွေနဲ့ ဆုံမိတဲ့အခါ သူမကလည်း ရုတ်တရက် သဘောပေါက်သွားတယ်၊ သူမ ခဏလောက်ပဲကြည့်လိုက်တဲ့ ဖိုင်တွေ အသေးစိတ်ကို သူမ အကုန်မှတ်မိနေသည်။
"မမလေး...photographic memory ရှိတာလား"
ခဏလောက် တွေးတောမိတဲ့နောက်မှာ
"အဟား...ဟုတ်လောက်မယ်..ထင်တယ်"
ဒီတော့ဒါက သူမရဲ့ရွှေလက်ချောင်း ဖြစ်မယ်လို့ သူမတွေးမိတယ်။
ရုတ်တရက် ဘာရွန်က လက်ထောင်လာပြီး
"ဒါပေမယ့် ကျွန်တော်တို့ကို ဘယ်လိုခွဲခြားလိုက်တာလဲ"
"ရှင်က ထောက်လှမ်းရေးအထူးတပ်ဖွဲ့ထဲကလို သိရပြီး ကျွမ်းကျင်ဆုံးက ကွန်ပြူတာဆို ရှင့်ညီက ရှေ့တန်းတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပြီး ကျောင်းတုန်းက နိုင်ငံအဆင့် ရွှေတံဆိပ်ဆုရှင် ဂျူဂျစ်ဆုအားကစားသမားမလား၊ လက်ကအမာရွတ်နဲ့ရှင့်လက်နဲ့ကိုယှဉ်ကြည့်ရင် သိသာပါတယ်"
"မမလေးက ဉာဏ်ကောင်းသားပဲ"
"ကျေးဇူးပါ ကျွန်မ သူတို့သုံးယောက်နဲ့ သီးသန့် စကားပြောချင်တယ်"
ဘာရွန်၊လိုင်ရွန်နဲ့တိုင်လာတို့ သုံးယောက်ကို ညွှန်ပြကာပြောလိုက်သည်။
"ဒါပေမယ့်..."
"ခန့်မယ့်သူက ကျွန်မလေ၊မရဘူးလားဟင်"
".... မဟုတ်ပါဘူး၊ရပါတယ်"
ထို့နောက် သူမတို့လေးယောက်မှ လွဲ၍ အကုန်လုံး အပြင်ထွက်သွားကြသည်။
"ဘာရွန် ရှင် Hackerအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လောက်တော်တယ်ထင်လဲ"
ဘာရွန်မှ ယုံကြည်ချက်ရှိသော အပြုံးဖြင့်
"သက်တော်စောင့် နေရာအတွက်ပဲ လာလျှောက်တာလို့ ကျွန်တော်ထင်ထားတာပါ တရားမဝင်တဲ့ hackတာတွေ ကျွန်တော် မလုပ်နိုင်ပါဘူး"
ထို့နောက် သူမက သူ့အတိုင်း ယုံကြည်ချက်ရှိသော အပြုံးကို ပေးလိုက်ပြီး မေးထောက်ကာ
"အော်...သက်တော်စောင့်အတွက်လာလျှောက်တာလား မသိပါဘူး အုပ်စုလိုက်လာလျှောက်တော့ သူလျှိုလာလုပ်တယ် ထင်သွားတာ"
ဘာရွန် မပြုံးနိုင်တော့သည့်အပြင် လိုင်ရွန်နဲ့ တိုင်လာလည်း အံ့ဩသွားသည့်မျက်လုံးဖြင့် သူမကိုလှမ်းကြည့်သည်။
"ခ်ခ် မှန်နေတဲ့ပုံပဲ ရှင်က တိုင်လာကို ခဏခဏကြည့်နေတော့ ဒီတိုင်းပြောကြည့်လိုက်တာကို"
ထို့နောက် လိုင်ရွန်မှ ဘာရွန်ရဲ့နောက်စေ့ကို လှမ်းရိုက်လိုက်ပြီး
"မင်းကဘယ်တုန်းကမှ သေချာမလုပ်တတ်ဘူး၊ကွန်ပြုတာကလွဲရင် ဘာမှ အသုံးမကျတဲ့ကောင်"
"ငါ သူ့ကို ငါးကြိမ်လောက်ပဲ လှမ်းကြည့်လိုက်တာပါကွာ"
"ဒါပေမယ့် တစ်မိနစ်ထဲကို သုံးကြိမ်လောက်ကြည့်လိုက်တာက ရှင့်အမှားလေ"
"ဒါ..ဒါက"
သူမကတိုင်လာကို ကြည့်ရင်း
"ထားပါ ရှင်တို့ဘယ်သူလဲ ဘယ်ကလဲ ကျွန်မသိတယ် ဟုတ်တယ်မလား သခင်လေး ဗစ်တာ"
စကားဝိုင်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် တိုင်လာမှ အံ့ဩသွားသော မျက်နှာဖြင့်ကြည့်ရင်း ဘာရွန်နဲ့ လိုင်ရွန်တို့နှစ်ယောက်မှ အချိန်မရွေး တိုက်ခိုက်နိုင်မည့် အနေအထားသို့ ချက်ချင်းပြောင်းလဲသွားသည်။
"ကျွန်မက စိတ်မဝင်စားပေမယ့် ဂျိူးဇက်က သတင်းနားထောင်တယ်လေ၊ အထူးသဖြင့် Hondieနဲ့ပြိုင်ဘက်ဖြစ်တဲ့ Victကိစ္စဆိုပိုဆိုးအုန်းမှာ၊ သူတို့ပြောတာ တတိယသခင်လေးက လုပ်ကြံခံလိုက်ရပြီး ပျောက်ဆုံးသွားတာ တစ်လလောက်ရှိပြီတဲ့၊အခုတော့ ကျွန်မရှေ့ရောက်နေတယ်"
"အဆက်အစပ် မရှိဘူး"
"ဟုတ်တယ် ငါတို့မှန်း ဘယ်လိုသိတာလဲ"
"ခန့်မှန်းကြည့်တာပါ"
အထူးသဖြင့် တိုင်လာဆီက ဇာတ်လိုက်ရဲ့ အရိပ်ယောင်ကို သူမ မြင်နေရတော့ မပြောဖြစ်တော့။
"ကျွန်မက အားနွဲ့တဲ့ မိန်းကလေးပါ၊ရှင်တို့အဲ့လောက် သတိကြီးနေစရာမလိုပါဘူး၊အဲ့တော့ ရှင်တို့က ဘာလာလုပ်တာလဲ"
"ဂျိူးဇက်နဲ့ ဆိုင်တာဆိုရင်တော့ ကျွန်မတို့ရန်သူဖြစ်ရတော့မှာပဲ၊ ကျွန်မကဂျိူးဇက်ဘက်ကပဲ ဒါပေမယ့်.... ဂျိူးဇက် မဟုတ်ရင်တော့ ပူးပေါင်းလို့ရပါတယ်"
မေးထောက်ကာ အေးဆေးပြောနေသော သူမကြောင့် ဘာရွန်တို့ ညီအကို နှစ်ယောက်က အပြန်အလှန်ကြည့်လိုက်ရင်း တိုင်လာဆီမှ စကားကို စောင့်နေကြသည်။
"လူးကပ်စ်...သူကငါတို့ရဲ့ သဲလွန်စပဲ"
သူမခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ ဒါဆို ပူးပေါင်းကြတာပေါ့"
"ဟမ် ဒါပဲလား" လိုင်ရွန်က အံ့ဩစွာရေရွတ်ရင်း
"တကယ်ကြီး ငါတို့ကို ခန့်လိုက်တာလား" ဘာရွန်က သူ့ကိုယ်သူ လက်ညှိုးထိုးကာ မေးလိုက်သည်။
"...."
"ရန်သူ့ရဲ့ရန်သူက သူငယ်ချင်းပဲလေ၊လူးကပ်စ်က ရှင့်ရန်သူနဲ့ ပူးပေါင်းပြီး ရှင့်ကို လုပ်ကြံခဲ့တာဆိုရင် ရှင့်ရန်သူကလည်း ဂျိူးဇက်ကို လုပ်ကြံလာနိုင်တာပဲ"
"ဒါ...ဒါက"
ဘာရွန်တို့ အံ့ဩသွားကြသည်။
တိုင်လာအနေနဲ့ သူမက ဒီလောက်ထိအလျင်အမြန် တွေးလိုက်နိုင်တာကို အံ့ဩသွားသည်။သူတွေးထားသည့်အတိုင်းပဲဖြစ်သည်။သူ့ကို လာလုပ်ကြံသည်က လူးကပ်စ်ဖြစ်နေရာ သူနဲ့ လူးကပ်စ်သည် မိတ်ဆုံစားပွဲတွက် အချင်းချင်း မျက်နှာချင်းဆုံမိသည့်လောက်ပဲ ဖြစ်သည်။
အခုချိန်မှာ Hondieဖြစ်စေ Victဖြစ်စေ နှစ်ခုလုံးတွင် ဆက်ခံသူအချင်းချင်းတွေကက ပြိုင်ဆိုင်နေသောအချိန်ဖြစ်ကာ ပြိုင်ဘက်တွေနဲ့ စစ်အေးထားသောအချိန်ဖြစ်သည်။ လူးကပ်စ်သူ့ကို လုပ်ကြံရသည့်အကြောင်းရင်းက သူ့ ပြိုင်ဘက်တစ်ယောက်နဲ့ ပူးပေါင်းပြီး ထိုလူ့အစား သူ့ကိုလာ လုပ်ကြံခြင်းဖြစ်ရမည်လို့ သူခန့်မှန်းထားခဲ့သည်။ ထို့ကြောင့် သူ့အဖေမှလွဲ၍ လူပျောက်သွားသည်ဆိုသော သတင်းကိုလွင့်ကာ လူးကပ်စ် အဓိကပြိုင်ဘက်ဖြစ်သူ ဂျိူးဇက်ဆီ ချဉ်းကပ်လာခြင်းဖြစ်သည်။အလုပ်မခန့်ခံရသေးခင် ဖော်ထုတ်ခံလိုက်ရမည်လို့ သူမထင်ထားပေ။