"ဒီတော့ဘယ်လိုထင်လဲ၊ သူတို့နဲ့ပူးပေါင်းကြမလား"
ဒါကတော့ ရုံးခန်းထဲတွင် ဂျိူးဇက်နဲ့နှစ်ယောက်တည်း သူမတို့ တိုင်ပင်နေတာဖြစ်သည်။ဂျိူးဇက်မှ သူမကို ခေါင်းခေါက်ချင်သော မျက်နှာထားဖြင့်ကြည့်ကာ
"အဲ့လိုမကြည့်စမ်းပါနဲ့ နင့်ဇာတ်လိုက်ရောင်ဝါတွေမရှိတော့သလို ခံစားရတယ်"
"ဘာဇာတ်လိုက်ရောင်ဝါလဲ"
"ဘာမှမဟုတ်ဘူး"
"အဲ့တာကဗစ်တာမှန်း နင်ဘယ်လိုသိတာလဲ"
"ငါကဝတ္ထုဖတ်တယ်လေ၊ ဟုတ်သား ငါ့ကို ဖုန်း အသစ်ဝယ်ပြီး ကတ်အသစ်လျှောက်ပေးပါလား မနက်ကတည်းက ဦးလေးဖုန်းခေါ်နေတာ မပြီးနိုင်လို့ပိတ်ထားလိုက်ရပြီ"
"ဟယ်ရီနဲ့ပြောလိုက်"
"Wow လုံးဝကို CEOစတိုင်ပဲ"
"ဒီကုမ္ပဏီကသေးသေးလေးပေမယ့် ငါကဒီကုမ္ပဏီရဲ့ CEOပဲလေ"
"ဟုတ်ကဲ့ပါ CEO"
ခပ်နောက်နောက်လုပ်နေတဲ့ သူမကြောင့် အေးစက်နေသယောင်ရှိတဲ့ သူ့ပုံရိပ်တွေပါ ပျက်သွားတာ သူမနဲ့အတူလိုက်ရယ်လိုက်သည်။
"ထူးဆန်းတယ် ငါတို့ကနှစ်ရက်တည်းနဲ့ ရင်းနှီးသွားတာပဲ"
"ဘာလို့ဆို ငါကဇာတ်လိုက်တွေကို ချစ်တယ်လေ"
"ဘာကို ဇာတ်လိုက်လဲ"
"ဝတ္ထုဖတ်ပါဆိုနေ၊ ခုနကအကြောင်းပြန်ဆက်ရရင် သူတို့နဲ့ ပူးပေါင်းလိုက်တာက အကျိူးမယုတ်ဘူးလေ၊လူးကပ်စ်ကလည်း ဒီအချိန်မှာ တစ်ဖက်လူနဲ့ ပူးပေါင်းထားလောက်ပြီ"
"ဒါပေမယ့် အဲ့တာကမသေချာဘူးလေ"
"သိပ်မကြာခင် သိရတော့မှာပဲကို"
"နင်ပြောချင်တာက...."
"အင်း နှစ်ကုန်စားသောက်ပွဲပါတီလေ၊ဆက်ခံသူအားလုံး အတူတူတက်ကြတဲ့ ပါတီမလား"
"ဒါပေမယ့် သူတို့က ပြိုင်ဘက်ကလူတွေလေ"
"ဘာဖြစ်လဲ ပြိုင်ဘက်က ဆက်ခံသူတစ်ယောက်ကို နင့်လက်အောက်ထဲ ခန့်ထားရမှာ မမိုက်ဘူးလား"
"..."
"သဘောတူတယ်မှတ်လိုက်ပြီနော်၊နောက်ပြီး ငါဒီနေ့ ဧည့်ခန်းမှာ ကင်မရာအသေးစားတစ်ခုတွေ့ခဲ့တယ်"
"အရင်ကမရှိပါဘူး"
"မနေ့ညကထိလည်းမရှိခဲ့ဘူး"
"နင်ရောက်လာလို့ စုံစမ်းချင်လို့နေမယ်၊ငါဘယ်လောက် လူတွေစစ်ထုတ်စစ်ထုတ် သူလျှိုတွေကရှိမြဲပဲ၊အိမ်တောင် မကပ်ရဲဘူး"
"ဘာလို့ဆိုနင်က CEOအသေးစားပဲဖြစ်နေသေးလို့လေ အကြီးစားဖြစ်ရင်တော့ အဲ့လိုဖြစ်တော့မှာမဟုတ်ဘူး အာဏာလိုအပ်နေတာ"
"နင်မပြောလည်းသိပြီးသားပါ၊ နောက်မှ ဦးလေးဘီစီနဲ့ ရှင်းခိုင်းလိုက်မယ်"
"အိမ်တော်ထိန်းအေဒီအကြောင်းကရော စုံစမ်းပြီးပြီလား"
"နောက်ကြောင်းရာဇဝင်ကလိမ်ထားတယ်ဆိုတာကလွဲရင် သူဘယ်သူလဲဆိုတာ ဘယ်သူမှမသိဘူး အဲ့တော့ ကောင်းတာလား ဆိုးတာလား ငါမပြောတတ်ဘူး"
"ကုမ္ပဏီကရော ဘယ်လိုလဲ"
"ဘုတ်ဒါရိုက်တာတွေထဲတော့ရှိပေမယ့် ငါထိန်းချုပ်လို့ရပါတယ်"
"နောက်မှ ငါတို့ထပ်ပြောကြတာပေါ့ အခုသူတို့ကိုခေါ်လိုက်မယ်"
သူမ ရုံးခန်းထဲမှ အပြင်ထွက်ကာ စောင့်နေသော သုံးယောက်ကို ဝင်လာရန် အချက်ပြလိုက်သည်။
"မတွေ့ရတာကြာပြီ ဗစ်တာ"
နှုတ်ဆက်ရန် လက်ကမ်းလိုက်ရင်း ဂျိူးဇက် စကားဆိုလိုက်သည်။ မိတ်ကပ်လိမ်းကာ ဖုံးကွယ်ထားသော အနီကွက်ကြောင့် သေချာမကြည့်ရင် ဗစ်တာလို့ ထင်စရာမရှိပေ။
"မတွေ့ရတာကြာပြီ"
ဗစ်တာမှ လက်ဆွဲနှုတ်ဆက်လိုက်ရင်း ပြောလိုက်သည်။
"သူက အကိုအကြီး ဘာရွန်၊သူကညီလေး လိုင်ရွန် နာမည်အရင်းတွေ၊ နောက်ပြီး အခုကစပြီးသူက တိုင်လာဖြစ်လာမှာ"
အယ်လီနာ မိတ်ဆက်ပြီးသည့်အချိန် အားလုံး သဘောတူသည့်အနေနဲ့ ခေါင်းညိမ့်လိုက်သည်။ အယ်လီနာနဲ့ ဂျိူးဇက်ရဲ့ သဘောတူညီချက်ကိုလည်း သူတို့ကိုပြောပြလိုက်တော့ သုံးယောက်လုံးက မအံ့ဩသလိုကြည့်လာခဲ့ကြသည်။ တိုင်လာအနေနဲ့ သူမတို့အကြောင်း ခန့်မှန်းခဲ့ကြောင်းပြောပြနိုင်သည်။
ထို့နောက် သူမတို့အားလုံး နေ့လည်စာအတူစားနေချိန် အိမ်တော်ထိန်း ဘီစီ ဆီမှ ဖုန်းဝင်လာခဲ့သည်။
"သခင်လေး မမလေးဂျိူစီက အိမ်တော်ကနေ အခုပြန်ရောက်ပြီး အခန်းပိတ်နေနေပါတယ်၊ အစားလည်းထွက်မစားပါဘူး၊ အိမ်တော်ဆီဖုန်းဆက်မေးကြည့်တော့ ကျောင်းထွက်ဖို့အတွက် ဂျီကျနေတာလို့ပြောပါတယ်"
"ဒီကောင်မလေး ပြသနာရှာနေပြန်ပြီ၊ညဘက်ပြန်ရောက်မှ သူနဲ့ ဆွေးနွေးလိုက်မယ် ဘာမှစိတ်မပူနဲ့ ဦးလေးဘီစီ သူ့ကိုလွှတ်ထားလိုက်"
ခလွမ်း!
တစ်ခုခု ပြစ်ပေါက်သံကြားနေရချိန်တွင် ဂျိုးဇက်မှ
"ကျွန်တော်အခု ပြန်လာခဲ့မယ်"
ဖုန်းချပြီးနောက် စပ်စုနေသော မျက်လုံးလေးစုံကြောင့် ညီမဖြစ်သူ အိမ်ရောက်နေကြောင်းပြောပြီး အိမ်သို့ပြန်ကြရန် ဆုံးဖြတ်လိုက်သည်။
####
အိမ်သို့ ပြန်ရောက်သည့်အခါ ဂျိုးဇက်မှ ဂျိုစီအခန်းထဲ တစ်ခါတည်းလျှောက်သွားခဲ့သည်။သူမနဲ့ တိုင်လာတို့သုံးယောက်က ဧည့်ခန်းထဲကျန်နေခဲ့ရာ သူမမှ အိမ်တော်ထိန်းဘီစီအား သူတို့ကိုမိတ်ဆက်ပေးလိုက်သည်။
"သူတို့က ဒီနေ့ကစပြီးကျွန်မ သက်တော်စောင့်လုပ်မှာ"
"တွေ့ရတာဝမ်းသာပါတယ်"
အချင်းချင်း အပြန်အလှန် မိတ်ဆက်ပြီးနောက် အေဒီက တိုင်လာကိုစိတ်ဝင်တစား ကြည့်နေသလို တိုင်လာတို့ကလည်း အေဒီကို သတိပြုမိကြသည်။ ထိုသူက သူမသတိထားရန် ပြောထားသည့် အိမ်တော်ထိန်းမှန်း သိလိုက်ရသည်။
"ကိုကိုက ဘာနားလည်လို့လဲ! ကိုကိုက ဘယ်တော့မှ သမီးကိုနားမလည်ဘူး!! ဘာကျောင်းမှလည်း သမီး မတက်ချင်တော့ဘူး ထွက်သွား!!"
အိမ်ပေါ်မှ မိန်းကလေးတစ်ယောက် အော်သံ ကြားလိုက်သည့်အခါ ဒါက ဂျိုးဇက်ရဲ့ ညီမဖြစ်သူ ဂျိုစီမှန်း သူမတို့သိလိုက်သည်။တစ်ခဏအကြာတွင် ဂျိူးဇက် ပြန်ဆင်းလာပြီး
"ကျောင်းမှာ သူ ဘာတွေဖြစ်ခဲ့လဲ စုံစမ်းလိုက် ဟယ်ရီ၊အမေ့ကိုလည်း ငါ့ဆီခဏခေါ်ထားလိုက်မယ်လို့ပြောလိုက်"
"နားလည်ပါပြီ"
ဟယ်ရီထွက်သွားပြီးနောက် ဂျိူးဇက် စိတ်ရှုပ်စွာနဲ့ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး
"ဘာတွေဖြစ်နေတာလဲ"
သူမလည်း ဘေးမှဝင်ထိုင်ကာ ဂျိုးဇက်ကိုမေးလိုက်သည်။ ဂျိုးဇက်ကအကုန်လုံးကိုထွက်သွားရန် အချက်ပြလိုက်တော့ အိမ်တော်ထိန်းတို့ကထွက်သွားပြီး ဘာရွန်တို့နှစ်ယောက်က တံခါးမှာစောင့်ကြပ်ကာ တိုင်လာ က သူမနောက်တွင်ရပ်နေခဲ့သည်။ ဒါက သူတို့တိုင်ပင်ထားသည့်အကြံဖြစ်သည်။ တိုင်လာက သူမကိုအနီးကပ်နေကာ စောင့်ရှောက်ပေးမှာဖြစ်သည်။
"ကျောင်းထွက်ချင်တယ်လို့ ဇွတ်ဂျီကျနေတာ အထက်တန်း ပထမနှစ်ပဲဖြစ်နေပြီ၊ကလေးဆန်နေတုန်းပဲ"
"သူကရော ဘာလို့ထွက်ချင်တာလဲ"
"သူငယ်ချင်းနဲ့ ရန်ဖြစ်ထားလို့လို့ပြောတယ်၊ရန်ဖြစ်တာလဲ ကျောင်းထွက်စရာလိုလို့လား၊ကလေးဆန်လွန်းတယ်"
ထို့နောက်ဟယ်ရီပြန်ဝင်လာပြီး
"မမလေးဂျိုစီက ကျောင်းမှာရန်ဖြစ်တာမျိူး မရှိပါဘူးတဲ့၊ရုတ်တရက်ကြီး ထမင်းစားချိန်ကနေအိမ်ပြန်သွားတာပဲ ရှိတာပါတဲ့"
"ဟား...ဒီကောင်မလေး ဘာတွေတွေးနေတာလဲမသိဘူး"
"ဒီနေ့လွှတ်ထားလိုက်ပါ မနက်ဖြန်ကျမှသူနဲ့ အေးဆေးဆွေးနွှေးကြည့်ပေါ့"
"အင်း ငါအလုပ်ပြန်သွားလိုက်အုန်းမယ်၊မလိုက်တော့ဘူးမလား"
"မလိုက်တော့ဘူး ပင်ပန်းလို့နားတော့မယ်"
ဂျိူးဇက်နှင့် ဟယ်ရီသူတို့ကို နှုတ်ဆက်ပြီးနောက် အလုပ်သို့ပြန်သွားခဲ့သည်။ ဟယ်ရီက သူမအား ဖုန်းအသစ်တစ်လုံး ပေးခဲ့တာကြောင့် သူမ တိုင်လာတို့နဲ့ အဆက်အသွယ်များ လဲလှယ်လိုက်ကြသည်။
ထို့နောက် သူမ ခြံထဲသို့ဆင်းကာ သစ်ပင်အရိပ်ရသော နေရာတွင် အေဒီအား ပုခတ်တစ်ခု လုပ်ပေးရန် ပြောလိုက်သည်။ ပုခတ်ပေါ်မှာလှဲရင်း အချိန်တစ်ခုကြာ၌ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
သစ်ပင်ရိပ်နောက်တစ်ခုတွင် တိုင်လာတို့သုံးယောက် ရပ်စောင့်နေရင်း နောက်အဝေးတစ်နေရာတွင်ရပ်နေသော အေဒီကိုကြည့်ရင်း
"ဘာရွန် သူ့အကြောင်းကို စုံစမ်းကြည့်"
"နှစ်ရက်လောက်စောင့်ပေး၊ သူကရော ထပ်စုံစမ်းပေးရမလား"
အိပ်ပျော်နေသော အယ်လီနာကို မေးငေါ့ရင်း ပြောလိုက်တော့
"မလိုတော့ဘူး၊ စုံစမ်းထားတာနဲ့မတူပေမယ့် သူလျှိုမဟုတ်တာသေချာတယ်"
အေဒီက သူ့ကိုကြည့်နေတာ ခံစားမိ၍ တိုင်လာကို ပြန်ကြည့်ကာ ပြုံးပြလိုက်သည်။ တိုင်လာက အသိမှတ်ပြုသည့်အနေနဲ့ ခေါင်းညိမ့်ပြလိုက်ရင်း အိမ်အပေါ်ထပ်သို့ အကြည့်လွှဲလိုက်ရာ အပေါ်ထပ်အခန်းတစ်နေရာမှ လိုက်ကာမှ လူရိပ်တစ်ခုထွက်သွားတာ သူတွေ့လိုက်ရသည်။