Chapter 7
Viewers 231

အပိုင်း ၇ - သမင်ကို မြင်းဟု ခေါ်ဆိုခြင်း

 

 

ခဏတွင်းချင်းတွင် လူအများအပြား အခန်းထဲသို့ တိုးဝင်လာကြသည်။ ကျန်းယန့်ချီကမူ အရိပ်ထဲတွင် ပုန်းကွယ်လျက် ခေါင်းကို အသာငုံ့ထားလိုက်၏။ ချူရှဲ့အား တစ်ဖက်လူများက တွဲထူ၍ ထိုင်ခိုင်းလိုက်ကြပြီး ဝတ်ရုံကို ချွတ်လိုက်သည့်အခါ ဖြူလျော်ပြီး အားနည်းလှသော ကျောပြင်လေး ပေါ်ထွက်လာသည်။ လိပ်ပြာတောင်ပံပုံသဏ္ဌာန် ပုခုံးရိုးလေးများက အရေပြားအောက်တွင် ကျော့ရှင်းသော အရိပ်အယောင်ကို ဖန်တီးထားပြီး သူ၏ ဦးခေါင်းကမူ အားအင်ကုန်ခမ်းနေဟန်ဖြင့် အစေခံမိန်းကလေးများ၏ လက်ထဲတွင် နွမ်းလျစွာ မှီတွယ်နေလေသည်။

 

 

ချွေးများကို သန့်စင်ပေးပြီးနောက် အစေခံများက သန့်ရှင်းသော အဝတ်အစားများကို အမြန်လဲလှယ်ပေးကာ ထူထဲသော စောင်ဖြင့် လွှမ်းခြုံပေးလိုက်ကြသည်။ ထို့နောက် ပြင်ဆင်ထားသော ဆေးရည်ပန်းကန်များကို ယူဆောင်လာကာ ချူရှဲ့၏ နှာခေါင်းကို ပိတ်၍ ပါးစပ်ထဲသို့ အတင်းလောင်းထည့်ကြတော့သည်။

 

 

နန်းတွင်းသမားတော်သည်လည်း အချိန်မီ ရောက်ရှိလာပြီး ချူရှဲ့၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောသည်။ "အခြေအနေက စိုးရိမ်ရတယ်"

 

 

သူက ဆေးအပ်အိတ်ကို ဖြန့်လိုက်ပြီး ငွေအပ်အချို့ကို ရွေးချယ်ကာ အပ်စိုက်ကုသမှုကို စတင်တော့သည်။ ထိုသို့ ပြုလုပ်နေစဉ် ချူရှဲ့ကား တဟွတ်ဟွတ်နှင့် ပြန်လည် ချောင်းဆိုးလာသော်လည်း ယခင်ကလောက် မပြင်းထန်တော့ပေ။ အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက်တွင်မူ သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်း မှန်ကန်လာပြီး သက်သာရာ ရလာဟန်ရှိသည်။

 

 

"အရှင်... ကျွန်‌တော်ပြောတာ ကြားရရဲ့လား" သမားတော်က အပ်စိုက်ကာ မေးလိုက်သည်။

 

 

"အင်း..." 

 

 

ကျန်းယန်ချီကမူ အားနည်းလှသော တုံ့ပြန်သံလေးကိုသာ ကြားလိုက်ရ၏။

 

 

"အရင်ဆုံး ဒီဆေးလုံးတွေကို မျိုချလိုက်ပါဦး"

 

 

 သမားတော်ကျူက အနက်ရောင်ဆေးလုံးတစ်လုံးကို အစေခံများထံ ကမ်းပေးလိုက်ရာ အစေခံများမှ ဆေးလုံးကို ကြိတ်ခြေကာ ရေဖြင့်ဖျော်၍ ချူရှဲ့အား တိုက်လိုက်ကြသည်။ ခေတ္တမျှကြာသော် သူ၏ အသက်ရှူသံမှာ ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားလေသည်။

 

 

"ကျေးဇူးပဲ..." ချူရှဲ့က တိုးညှင်းစွာ ဆိုကာ ချောင်းအနည်းငယ် ထပ်မံဆိုးလိုက်ပြန်သည်။ "ငါ... အများကြီး သက်သာသွားပါပြီ..."

 

 

"နှစ်ဦးလရဲ့ အေးစက်တဲ့ မိုးရေက ခန္ဓာကိုယ်အတွက် အရမ်းအန္တရာယ်များပါတယ်။ အရှင့် အနေနဲ့ အပြင်မထွက်သင့်သလို မိုးစိုတာမျိုးကတော့ ပိုလို့တောင် မဖြစ်သင့်ဘူး" 

 

 

သမားတော်ကျူ၏ လေသံတွင် အပြစ်တင်သည့် ဟန်ပန် ပါဝင်နေသည်။ 

 

 

"အခုတော့ အအေးဓာတ်က ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီမို့ အတွင်းအားတွေ ထိခိုက်ကုန်ပြီ... အရှင်သာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘူးဆိုရင် နတ်ဆေးဆရာ ဟွာထော် ပြန်ရှင်လာရင်တောင် အရှင့်ရဲ့ ကျန်းမာရေးကို စိတ်ချရဖို့ ခက်လိမ့်မယ်"

 

 

ဤစကားများသည် တော်တော်ပင် ပြင်းထန်လှသည်။ သို့သော်လည်း ချူရှဲ့ကမူ စိတ်ဆိုးပုံမရဘဲ ပြန်ပြောလာသည်။ "ကျွန်တော် နားလည်ပါပြီ၊ နောက်တစ်ခါ ဒါမျိုး မဖြစ်စေရဘူး"

 

 

သူ့မှာလည်း အခြားသူတွေနဲ့ အဆင်ပြေပြေ ဆက်ဆံတတ်တဲ့ အချိန် ရှိသေးတာလား။ 

 

 

"သခင်... တော်ဝင်ဆရာအိမ်တော်က သတင်းစကား ရောက်လာပါတယ်။ ခဏနေရင် လာရောက်တွေ့ဆုံမယ်လို့ အမှာစကားပါးလိုက်ပါတယ်..." 

 

 

တံခါးစောင့်အစေခံမှ လှမ်း၍ပြောလိုက်သည်။

 

 

 "သူတို့ကို ငြင်းပယ်လိုက်ရမလား အရှင်။"

 

 

 

"ငြင်းလိုက်ပါ" သမားတော်ကြီးက ချက်ချင်းပင် ဖြတ်ပြောသည်။

 

 

"မဟုတ်ဘူး... မငြင်းလိုက်နဲ့" ချူရှဲ့က တားလိုက်၏။

 

 

"အရှင်...အရှင့် ရဲ့ အခုလို အခြေအနေမျိုးနဲ့ ဧည့်သည်တွေကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ" 

 

 

သမားတော်ကျူ၏ အသံမှာ ပိုမို တင်းမာလာကာ ပြတင်းပေါက် အပြင်ဘက်ကို ညွှန်ပြ၍ ပြောသည်။ "ပြီးတော့ အခုက သန်းခေါင်ကျော် သုံးချက်တီးတောင် ရှိနေပြီလေ"

 

 

"သန်းခေါင်ကျော် သုံးချက်တီးချိန် ဖြစ်နေလို့... လုံးဝ ငြင်းလို့ မဖြစ်တာပဲ"

 

 

ချူရှဲ့က အစေခံများ အကူအညီဖြင့် ကုတင်တိုင်ကို မှီကာ ခန္ဓာကိုယ်ကို တစ်ဝက်တစ်ပျက် ထိုင်လိုက်ပြီး ဝတ်ရုံရှည်ကြီးတစ်ထည်ကို ယူခိုင်းလိုက်သည်။

 

 

 သူ၏ အသံကမူ အနည်းငယ် ကြေကွဲအက်ရှနေ၏။

 

 

"အခုက အရမ်းအရေးကြီးတဲ့ အချိန်ပဲ၊ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်လို့ မရဘူး။ ငါတို့ ဘယ်လို အမှားမျိုးမှ လုပ်လို့ မဖြစ်ဘူး" သူက စောင်ကို အားပြုကာ ထရန် ကြိုးစားသော်လည်း အားအင်က ရှိမနေပေ။

 

 

"ဒါပေမဲ့ တော်ဝင်ဆရာအိမ်တော်က လူတွေဆိုတာ မြေခွေးအိုကြီးတွေလို ကောက်ကျစ်ကြတာ...အဲ့တာကို အရှင်မမေ့ပါနဲ့"

 

 

"သမားတော်ကျူ... ငါ အခု အရမ်းအားနည်းနေတယ်… ငါ့ကို အားပြန်ရှိလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်း မရှိဘူးလား"

 

 

ချူရှဲ့က စကားဖြတ်ပြောလိုက်ပြီး သူ၏ စူးရှသော အကြည့်များကြောင့် သမားတော်ကျူမှာ သူ တွေ့ဆုံရန် အမှန်တကယ် ဆုံးဖြတ်ထားကြောင်း နားလည်သွားလေသည်။

 

 

"ဆေးရေချိုးဖို့ ပြင်ဆင်ကြ" သမားတော်ကျူက အမိန့်ပေးလိုက်သည်။ သူက ချူရှဲ့၏ မေးစေ့အထိ စောင်ကို ဆွဲတင်ပေးကာ  ထပ်လောင်း ပြောဆိုလိုက်သည် ။"အရှင် မနက်ဖြန် မနက်ခင်း ညီလာခံကိုတော့ လုံးဝ မတက်ရဘူးနော်"

 

 

 

ချူရှဲ့လည်း မတတ်သာဘဲ သဘောတူလိုက်ရသည်။ "အင်း... ခင်ဗျား အကြံပေးတဲ့အတိုင်း ငါ လိုက်နာလိုက်မယ်" 

 

 

လူစည်ကားနေသော အခန်းကား လျင်မြန်စွာပင် ပြန်လည် တိတ်ဆိတ်သွားပြီး အစေခံများက သစ်သားရေချိုးကန်ကြီးကို ယူဆောင်လာကြသည်။ ချူရှဲ့ ပါးလွှာသော ဝတ်ရုံလွှာလေးကို ဝတ်ဆင်လျက် ဆေးရေကန်ထဲသို့ ခန္ဓာကိုယ် တစ်ခုလုံး နစ်မြုပ်လိုက်သည်။ ရေနွေးငွေ့များက လွင့်ပျံနေပြီး သူ၏ နားထင်မှ ဆံနွယ်လေးများကို စိုစွတ်စေကာ အသားအရေပေါ်တွင် ကပ်ငြိနေစေသည်။ အချို့ဆံနွယ်များမှာ ရေထဲသို့ နုနယ်စွာ ဝဲကျနေပြီး အချို့ကမူ သူ၏ ခန္ဓာကိုယ် အကောက်အထည်ပေါ်တွင် ကပ်ပါနေလေသည်။

 

 

ရေစက်တစ်စက်က သူ၏ မေးစေ့မှတစ်ဆင့် တစိမ့်စိမ့် စီးကျလာပြီး တိတ်ဆိတ်လှသော ညဉ့်နက်သန်းခေါင်တွင် ကြည်လင်ပြတ်သားသော တိုးရှရှအသံလေးကို ဖန်တီးနေ၏။

 

 

ကျန်းယန့်ချီက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရေကန်အပြင်ဘက်သို့ ပေါ်ထွက်နေသော သွယ်လျသည့် လည်တိုင်လေးကို ငေးကြည့်နေမိသည်။

 

 

ရေထဲတွင် ဖရိုဖရဲနှင့် ပျံ့နှံ့နေသော အနက်ရောင် ဆံနွယ်ရှည်များကြားမှ ချူရှဲ့၏ ပုံစံကမူ ဆံပင်များကို စနစ်တကျ ထုံးဖွဲ့ထားတတ်သည့် ခန့်ညားထည်ဝါသော ယခင်ပုံစံနှင့်မတူဘဲ တစ်မျိုးတစ်ဖုံ ထူးခြားစွာ ဆွဲဆောင်မှုတစ်မျိုး ရှိနေလေတော့သည်။

 

 

ကျန်းယန့်ချီ အနားသို့ တိုးကပ်သွားစဉ်တွင် ရေကန်ထဲမှ လူကမူ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသွယ်လျသော လက်တစ်ဖက်ကို မြှောက်၍ ရေကန်အနားသတ်ပေါ်သို့ အသာအယာ တင်လိုက်သည်။ စိုစွတ်နေသော အသားအရေပေါ်တွင် ဆံနွယ်စအချို့ ကပ်ငြိနေ၏။

 

 

ထူထဲသော ရေနွေးငွေ့များက ထိုလူ၏ မျက်မှောင်နှင့် မျက်ဝန်းအစုံကို ဖုံးကွယ်ထားသော်လည်း ကျန်းယန့်ချီ ပိုမိုနီးကပ်သွားသည့်အခါ ထိုလူ၏ ခက်ခဲပင်ပန်းစွာ အသက်ရှူနေသံကို အထင်အရှား ကြားလိုက်ရသည်။

 

 

စိုစွတ်နေသော ရေစက်လေးများက ချွန်ထက်သည့် မေးစေ့ဖျားတွင် ခိုတွဲနေကြ၏။

 

 

ကျန်းယန့်ချီ တစ်ခဏမျှ မှင်သက်သွားပြီးနောက် ပြင်ပမှ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။

 

 

ဤတစ်ကြိမ်တွင်မူ ကျန်းယန့်ချီ အခွင့်အရေး မရှိတော့ကြောင်း သိလိုက်ပြီဖြစ်သည်။ ခြေသံများ ပိုမိုနီးကပ်လာသည်နှင့်အမျှ သူက တိတ်တဆိတ် နောက်ဆုတ်သွားပြီး ဘေးခန်းရှိ ပြတင်းပေါက်မှတစ်ဆင့် လျင်မြန်စွာပင် ကိုယ်ရောင်ဖျောက် ထွက်ခွာသွားတော့သည်။

 

 

"မင်းတို့ ကြားပြီးပြီလား *ချူကျန့်ယင်း တစ်ယောက် ကံဆိုးမိုးမှောင်ကျနေပုံပဲ။ အိမ်တော်ထဲကနေ အပြင်မထွက်တာ ရက်အတော်ကြာနေပြီတဲ့။"

 

 

(*အရင်က ကျန်းရင်းလို့ သုံးခဲ့တာ အခု ပြန်ပြင်သုံးပါမယ်)

 

 

"အင်း... ငါကြားတာတော့ သူလုပ်ခဲ့သမျှ ဝဋ်လည်နေတာတဲ့လေ။ နန်းနှင်ခံရတဲ့ အိမ်ရှေ့စံမင်းသားရဲ့ ဝိညာဉ်က သူ့နောက်ကို လိုက်နေတာလည်း ဖြစ်နိုင်တာပဲ..."

 

 

"ဟေ့... စကားကို ဆင်ခြင်ပြောစမ်းပါ၊ လျှောက်မပြောနဲ့... အခုက အရှင်မင်းမြတ်ကလည်း နာမကျန်းဖြစ်နေတယ်၊ ချူကျန့်ယင်းကလည်း ခွင့်ယူထားတယ်ဆိုတော့..."

 

 

ဒုန်း... ဒုန်း... ဒုန်း...

 

 

ခြေသံများ နီးကပ်လာသည်။

 

 

ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ချူရှဲ့က နောက်ဆုံးတွင် ညီလာခံခန်းမထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ သူက မင်းသားများနှင့် အိမ်ရှေ့စံများသာ ဝတ်ဆင်ခွင့်ရှိသည့် လက်သည်းသုံးခုပါ ရွှေရောင် ချီလင်  ပုံစံဖြင့် တန်ဆာဆင်ထားသော အရာရှိဝတ်စုံကို ခန့်ညားစွာ ဝတ်ဆင်ထား၏။

 

 

သူ နေမကောင်းဖြစ်နေကြောင်း လူတိုင်းကြားသိထားကြသော်လည်း ယခုမြင်တွေ့ရသည့် သူ၏ မျက်နှာအမူအရာကမူ ပုံမှန်ထက် အနည်းငယ် ဖြူလျော်နေသည်မှလွဲ၍ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပေ။

 

 

ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာနှင့် ကျော့ရှင်းသော အမူအရာ၊ ဆောင်းနှင်းထက် ဖြူဝင်းသော အသားအရေ၊ ဆောင်းဦးရတနာကဲ့သို့ တောက်ပသော မျက်ဝန်းအစုံ၊ ကြိုးကြာငှက်ကဲ့သို့ သွယ်လျသော လည်တိုင်နှင့် ဝေးကွာသော တောင်တန်းများကဲ့သို့ လှပသော မျက်ခုံးအစုံ။

 

 

သူ နန်းတွင်းသို့ ရောက်ရှိလာသည့် ခုနစ်နှစ်တာအတွင်း၌ ပြုလုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများနှင့် သနားညှာတာမှုကင်းမဲ့သော သဘာဝကို ခေတ္တမေ့ဖျောက်ထားပြီး သူ၏ ရုပ်ရည်ရူပကာကိုသာ ကြည့်မည်ဆိုလျှင် "အတုမရှိသော အလှပိုင်ရှင်" ဟု တင်စားရမည်ဖြစ်သည်။

 

 

နှမြောစရာကောင်းသည်မှာ သူသည် စကားတစ်လုံးတည်းဖြင့် လူတစ်ယောက်ကို သေတွင်းထဲ ပို့နိုင်သည့် "မြွေဆိုးစိတ်ဓာတ်ရှိသည့် အလှဘုရင်"  ကဲ့သို့ အဆိပ်ပြင်းသူ ဖြစ်နေခြင်းပင်။

 

 

အဝေးမှသာ ငေးမောကြည့်ရှုသင့်ပြီး အနားသို့ မကပ်ရဲကြပေ။

 

 

ချူရှဲ့ ဧကရာဇ်မင်းမြတ်၏ ပလ္လင်တော် လက်ယာဘက်ရှိ ခုံတန်းရှည်ပေါ်တွင် ဝင်ရောက်ထိုင်လိုက်သည်။ အမတ်များက အရိုအသေပေး ဂါရဝပြုပြီးနောက် အထက်အရပ်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

 

 

"စောစောက ဘယ်သူက 'ကလဲ့စားချေမယ့် ဝိညာဉ်' လို့ ပြောလိုက်တာလဲ"

 

 

ညီလာခံခန်းမကြီး တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားကာ အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်သွားတော့သည်။

 

 

 

"ဘယ်သူ ထပ်ပြောဦးမလဲ… တစ်စုံတစ်ယောက် ပြောနေတဲ့ ဝဋ်ကြွေးဆိုတာကို ငါကိုယ်တိုင် စမ်းသပ်ကြည့်ချင်လို့ပါ"

 

 

 ချူရှဲ့က ရှေ့သို့ အသာကိုင်းကာ သူ၏ တံတောင်ဆစ်ကို ဒူးပေါ်တင်လိုက်ပြီး ခန်းမထဲရှိ လူများကို ဘယ်မှညာသို့ အေးစက်စွာ ဝေ့ကြည့်လိုက်သည်။

 

 

မည်သူကမျှ ပြန်လည်ဖြေကြားရန် မဝံ့ရဲကြပေ။

 

 

ချူရှဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အပြင်ဘက်သို့ လက်ယပ်ခေါ်ကာ အမိန့်ပေးလိုက်သည်။ "ယူခဲ့လိုက်တော့" 

 

 

ကလောက်... ကလောက်...

 

 

ဘေးနားရှိ လူများက ခန်းမအလယ်တွင် လမ်းတစ်ခုဖြစ်အောင် ဖယ်ပေးလိုက်ကြသည်။ ထို့နောက် အလယ်တွင် ချထားသော ခန့်ညားလှသည့် သမင်တစ်ကောင်ကို ဝိုင်းအုံ၍ စူးစမ်းကြည့်ရှုကြတော့သည်။

 

 

ချူရှဲ့က သူ၏ ဝတ်ရုံကို သေသေချာချာ ပြင်ဆင်လိုက်ပြီး အရေးအကြောင်းလေးများပင် မကျန်အောင် အသာအယာ ပွတ်သပ်ကာ မတ်တတ်ရပ်လိုက်၏။ သူသည်လည်း ထိုလူအုပ်ထဲသို့ နောက်ဆုံးမှ ဝင်ရောက်ကြည့်ရှုသည်။

 

 

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ခွင့်ယူထားတုန်း မြို့ပြင်ကို အမဲလိုက်ထွက်ခဲ့တယ်။ အခုတော့ မင်းတို့ အားလုံး ကြည့်ရှုခံစားနိုင်ဖို့ အလွန်လှပတဲ့ မြင်းရိုင်းတစ်ကောင်ကို ဖမ်းလာခဲ့တယ်"

 

 

လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ ဤအကောင်ကား အထင်အရှားပင် သမင်တစ်ကောင် ဖြစ်နေသောကြောင့်တည်း။

 

 

လူအုပ်ထဲမှ လူတစ်ယောက်က "ဒါက သမင်တစ်ကောင် မဟုတ်ဘူးလား" ဟု ပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးမီ ဘေးနားရှိလူက သူ့ကို ဆွဲတားကာ တိတ်တဆိတ် သတိပေးလိုက်မှသာ အခြေအနေကို ရိပ်မိသွားကြတော့သည်။

 

 

ချူရှဲ့က ချောင်းအသာဟန့်လိုက်ပြီး လူအုပ်ထဲမှ မျက်နှာအမူအရာ တစ်ခုကိုမျှ လွတ်မသွားစေရန် အကဲခတ် ကြည့်လိုက်သည်။ "မင်းတို့အားလုံးကော... ဒါကို မြင်းကောင်းတစ်ကောင်လို့ ထင်ကြလား?"

 

 

"မြင်းကောင်းပါဘုရား!" 

 

 

ဝတ်ပြုရေးဆိုင်ရာ အမတ်ကြီး ချန်ရွှီက သမင်ဦးချိုကို ပထမဆုံး ထိတွေ့လိုက်ပြီး ထပ်တလဲလဲ ချီးမွမ်းတော့သည်။ 

 

 

"တကယ်ကို ရှားပါးလှတဲ့ တစ်နေ့ကို ခရီးမိုင်တစ်ထောင် နှင်နိုင်တဲ့ မြင်းကောင်းပါပဲ။ သခင်ကြီးချူက အခုလို ရတနာမျိုးကို ဖမ်းဆီးနိုင်တာက ကျွန်တော်မျိုးတို့ "ဝေ့"နိုင်ငံတော်ကြီးအတွက် နိမိတ်ကောင်းတစ်ခုပါပဲ!"

 

 

ထို့နောက် ချူရှဲ့၏ အကြည့်များက အခြားအမတ်များထံသို့ ကျရောက်သွားသည်။

 

 

သူ၏ နှုတ်ခမ်းများက ကွေးညွတ်သွားသော်လည်း မျက်ဝန်းထဲတွင်မူ ပြုံးယောင်မျှပင် မရှိပေ။

 

 

ထိုအကြည့်ကြောင့် လူတိုင်း၏ ကျောရိုးထဲအထိ စိမ့်တက်သွားရသည်။

 

 

"ဒါက မြင်းပဲ၊ ဒီမြင်းက တကယ်ကို လှပလွန်းတာပဲ" စစ်ဘက်ဆိုင်ရာအမတ်ကြီးက ရှေ့သို့တိုးလာပြီး သမင်၏တင်ပါးကို ပုတ်ကာ ဟိန်းထွက်နေသော အသံကြီးဖြင့် ထပ်တလဲလဲ ရေရွတ်တော့သည်။

 

 

 "ကျွန်တော်မျိုးရဲ့ ဘဝ တစ်လျှောက်လုံး စစ်တလင်းမှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်မကတော့ပါဘူး၊ ဒါပေမဲ့ ဒီလောက် ခန့်ညားတဲ့ မြင်းမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး"

 

 

ထိုအမတ်ကြီး၏ စကားအဆုံးတွင် ကျန်ရှိနေသောသူများကလည်း ထို "မြင်း" ၏ လှပပုံကို အလုအယက် ချီးမွမ်းကြတော့သည်။ အချို့က ပန်းချီဆရာများကို ခေါ်ယူ၍ ဤမြင်း၏ ကျော့ရှင်းပုံကို မှတ်တမ်းတင်ရန် အကြံပြုကြသလို၊ အချို့ကလည်း ယနေ့ညတွင် ကဗျာနှင့် သီချင်းများ စပ်ဆို၍ ဂုဏ်ပြုရန် ပြောဆိုကြသည်။ အချို့ကမူ ဤမြင်းကို နန်းတွင်းမြင်းဇောင်းများတွင် ထည့်သွင်း၍ မျိုးပွားစေခြင်းဖြင့် ဝေနိုင်ငံတော်၏ စစ်အင်အားကို မြှင့်တင်သင့်ကြောင်း တင်ပြကြလေသည်။

 

 

ထိုအချိန်တွင် ဝန်ထမ်းရေးရာအမတ်ကြီး ရွှဲ့ရှီကမူ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေပြီး မျက်နှာ အနည်းငယ် ဖြူလျော်နေ၏။

 

 

နံနက်စောစောအချိန်၊ ညီလာခံခန်းမအတွင်းမှ ဖိနှိပ်ချုပ်ချယ်လွန်းသော ထိုအငွေ့အသက်များက ကျန်းယန်ချီ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။

 

 

ထိုစဉ်က သူ လေ့ကျင့်ရေးကွင်းတွင် မြင်းစီးမြားပစ် လေ့ကျင့်နေခြင်းဖြစ်သည်။ "သမင်ကို မြင်းအဖြစ် မှည့်ခေါ်ခြင်း" ဆိုသည့် အဓိပ္ပာယ်မဲ့သော ဖြစ်ရပ်ကို ကြားလိုက်ရချိန်တွင် သူ၏ မျက်ဝန်းထဲ၌ ပြင်းထန်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

 

 

သို့သော်လည်း သူ ထိုဒေါသကို ချက်ချင်းပင် ပြန်လည်ဖုံးကွယ်လိုက်ပြီး လေးကြိုးကို တင်းအောင်ဆွဲကာ မြားတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုမြားသည် သစ်ပင်သုံးပင်ကို ဖောက်ထွက်သွားပြီး ကောင်းကင်ယံရှိ ငှက်အုပ်ကိုပင် လန့်ဖျန့်သွားစေတော့သည်။

 

 

မကြာမီအချိန်အတွင်းတွင် သူသည် သူ၏ ခြောက်ကပ်လှသော နန်းပယ်ဆောင်သို့ ပြန်ရောက်လာသည့်အခါ လူအုပ်ကြီးက မြေပြင်ပေါ်တွင် ဒူးထောက်လျက် သူ့ကို အရိုအသေပေးနေကြသည်ကို တွေ့လိုက်ရသည်။

 

 

ရှေ့ဆုံးတွင် ရပ်နေသော မိန်းမစိုးတစ်ဦးသည် ယွန်းဗန်းတစ်ခုကို ကိုင်ဆောင်ထားပြီး ထိုဗန်းပေါ်တွင်မူ အိမ်ရှေ့စံမင်းသားများသာ ဆောင်းခွင့်ရှိသည့် တောက်ပသော ရွှေရောင်ဦးရစ်သရဖူ တစ်ခု ရှိနေလေသည်။

 

 

သုံးရက်တည်းနှင့်ပင်......

 

 

ချူရှဲ့သည် အိမ်ရှေ့စံဟူသော ဘွဲ့အမည်ကို အမှန်တကယ်ပင် လုယူပေးခဲ့ပြီး သူ၏ ခေါင်းပေါ်သို့ အတင်းအဓမ္မ တင်ပေးလိုက်ပြီဖြစ်သည်။

 

 

 

ထိုလူက မည်ကဲ့သို့ နည်းလမ်းများနှင့် လုပ်ဆောင်ခဲ့သသည်ကို သူ မသိသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်မှ ဖြစ်ပျက်ခဲ့သမျှသည် သူ့အတွက် ရှင်းလင်းသော သတိပေးချက်တစ်ခု ဖြစ်နေခဲ့သည် -

 

 

ချူရှဲ့ ဆိုသည်မှာ လူကောင်းတစ်ယောက် မဟုတ်ပေ။

 

 

ယမန်နေ့တစ်နေ့ကမှ သေလုမျောပါး ဖြစ်နေခဲ့သော်လည်း ယနေ့တွင်မူ ညီလာခံခန်းမထဲ၌ မောက်မာရိုင်းစိုင်းစွာဖြင့် "သမင်ကို မြင်းလုပ်" လျက် မင်းမူနေခဲ့လေသည်။

 

 

"ဒုတိယမင်းသားကို ဂုဏ်ပြုပါတယ်ဘုရား။ အခုဆိုရင် အရှင့်သားက အိမ်ရှေ့စံမင်းသား ဖြစ်သွားပါပြီ!"

 

 

မိန်းမစိုးအရာရှိချုပ်က ဝမ်းမြောက်ကြောင်း ဦးစွာဆိုပြီးနောက် ဧကရာဇ်၏ အမိန့်တော်ပြန်တမ်းကို ဖတ်ကြားကာ ရွှေရောင်စာလိပ်ကို ကျန်းယန်ချီ၏ လက်ထဲသို့ ဂါရဝပြု ဆက်သလိုက်သည်။

 

 

သူ ထိုရွှေရောင်စာလိပ်ကို စိုက်ကြည့်နေမိ၏။

 

 

သူ ဝတ်ရုံထဲမှ အဆိပ်ပုလင်း အခွံလေးကို ထုတ်ယူကာ တုန်ရင်နေသော လက်များဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိရာ ထိုပုလင်းလေးကပင် ကွဲကြေလုနီးပါး ဖြစ်သွားသည်။

 

 

သူက တင်းမာသော မျက်နှာထားဖြင့် ခေတ္တမျှ ရပ်နေမိရာ မိန်းမစိုးက သူ ဝမ်းသာလွန်း၍ မှင်သက်နေသည်ဟု ထင်မှတ်ကာ "အိမ်ရှေ့စံမင်းသား..." ဟု တိုးညှင်းစွာ သတိပေးလိုက်သည်။

 

 

"အင်း..."

 

 

သူ နာခံမှုရှိသော လေသံဖြင့် အမိန့်တော်ကို လက်ခံလိုက်သည်။

 

 

သူက မိန်းမစိုးကိုပင် ကြောက်ရွံ့တုန်လှုပ်နေဟန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သေး၏။

 

 

ချူရှဲ့သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ပင် ပတ်ဝန်းကျင်၌ ဝဲလည်နေပြီး မည်သူ့ကိုမျှ အနားယူခွင့် မပေးပေ။

 

 

သို့သော်လည်း နန်းပယ်ဆောင်ထဲတွင် မွေးဖွားလာခဲ့သော ကျန်းယန်ချီသည် ၁၄ နှစ်တိုင် အသက်ရှင်အောင် နေထိုင်နိုင်ခဲ့သူ ဖြစ်သည်။ သူက အခြားအရာများကို သိပ်မတတ်မြောက်သော်လည်း ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် အခွင့်အရေးကို စောင့်ဆိုင်းကာ ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်းသည့် နေရာ၌မူ အထူးကျွမ်းကျင်သူ ဖြစ်လေသည်။

 

 

ထိုသို့ တွေးနေစဉ်တွင် နန်းပယ်ဆောင်မှ လေ့ကျင့်ရေးကွင်းသို့ ဦးတည်သွားနေသော လူအုပ်ကြီးကို သူ မြင်လိုက်ရသည်။ သူ အသာအယာ နောက်ဆုတ်လိုက်ပြီး ဝတ်ရုံရှည်ဖြင့် ကိုယ်ကိုဖုံးကာ သစ်ပင်များကြားတွင် ပုန်းကွယ်လိုက်၏။

 

 

အမတ်ကြီးများစွာက ချူရှဲ့ကို လေ့ကျင့်ရေးကွင်းသို့ ခြံရံခေါ်ဆောင်သွားကြပြီး သူ့အတွက် အကောင်းဆုံး မြင်းတစ်ကောင်ကို ရွေးချယ်ပေးနေကြသည်ကို သူ စောင့်ကြည့်နေမိသည်။

 

 

မြင်းပေါ်တက်ရန် ခုံယူလာသည်ကိုပင် မစောင့်ဘဲ ချူရှဲ့က မြင်းထိန်း၏ ကျောကို နင်းကာ မြင်းပေါ်သို့ တိုက်ရိုက် ခွစီးလိုက်သည်။ သူက မြင်းစီးပုံကို သေချာမသိဟန်ဖြင့် ဇက်ကြိုးကိုပင် မကျွမ်းမကျင် ဆွဲနေလေသည်။

 

 

အဝေးမှ ကြည့်လျှင် အနီရောင်သားမွေးများဖြင့် တန်ဆာဆင်ထားသော အနက်ရောင်ဝတ်ရုံသည် ချူရှဲ့၏ ဖြူဝင်းနုနယ်သော အသားအရေနှင့် လွန်စွာ လိုက်ဖက်နေ၏။ သူ၏ နှုတ်ခမ်းများပေါ်တွင်မူ ဒေါသထွက်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော အပြုံးလေးတစ်ခု ရှိနေသည်။

 

 

ထိုပုံစံကို မြင်ရသူအဖို့ အဝေးမှ လေးကြိုးကို ဆွဲကာ လူယောင်ဆောင်ထားသော ထိုမိစ္ဆာကို မြားဖြင့် ပစ်သတ်ချင်စိတ် ပေါက်သွားစေမည်မှာ အမှန်ပင်။

 

 

"ဒီမြင်းကောင်းကို မင်းကို ငါပေးလိုက်မယ်" ချူရှဲ့က လမင်းကွေးလေးကဲ့သို့ နှုတ်ခမ်းကို တွန့်လိုက်ကာ ဆိုသည်။ သူက သမင်ကို အနားသို့ ယူဆောင်လာရန် လက်ယပ်ခေါ်လိုက်ပြီးနောက် ကလေးဆိုးဆန်သော လေသံဖြင့် ထပ်ပြောလိုက်၏။

 

 

"တကယ်လို့ မင်းသာ ငါ့ကို မမီသေးဘူးဆိုရင်... ပြစ်ဒဏ်တစ်ခုခု ပေးဖို့ လိုအပ်မလား”

 

 

ချူရှဲ့ကား အသစ်ခန့်အပ်ခံထားရသော စာတော်ပြန်အမတ်လေးကို ရည်ညွှန်း၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

 

ထိုပညာရှိလေးမှာ အသက် တစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး အလွန်နုပျိုပုံရသည်။ သူသည် စောစောက ညီလာခံခန်းမအတွင်း၌ "ဘယ်နေရာမှာ မြင်းက ဦးချိုရှည်တွေ ပေါက်လို့လဲ?" ဟု ပြောဆိုမိရာမှ ချူရှဲ့ကို အနည်းငယ် စော်ကားမိသလို ဖြစ်သွားခဲ့သူဖြစ်သည်။

 

 

ယခုတွင် သူသည် လူအများရှေ့တွင် အရှက်ခွဲခြင်းကို ခံနေရပြီဖြစ်၏။

 

 

"ဒါက တရားမျှတပါတယ်။ စာတော်ပြန်အမတ်လေး မင်း... ကျန့်ယင်း နဲ့ တစ်ချက်လောက် အစွမ်းပြိုင်ကြည့်ပါဦးလား..."

 

 

အနီးအနားရှိ အဆင့်ငါးနှင့် အဆင့်ခြောက် အရာရှိအချို့ကလည်း ဝိုင်းဝန်းမြှောက်ပင့်ပေးနေကြသည်။

 

 

ပညာရှိလေး၏ မျက်နှာကား အလွန်ဖြူလျော်သွားတော့၏။

 

 

မြင်းထိန်းက ရှေ့မှ သမင်ကို ဇက်ကြိုးတပ်ပေးသည်ကို သူ စောင့်ကြည့်နေရပြီး ထို "မြင်း" ပေါ်သို့ ချက်ချင်းတက်ရန် အတင်းအကျပ် အမိန့်ပေးခြင်း ခံနေရသည်။

 

 

အဝေးမှ စောင့်ကြည့်နေသော ကျန်းယန်ချီကမူ သူ၏ မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်လိုက်မိ၏။

 

 

နောက်ဆုံးတွင် ထိုပညာရှိလေးမှာ သမင်ပေါ်သို့ အတင်းအကျပ် တက်စီးခိုင်းခြင်း ခံလိုက်ရသည်။ သို့သော်လည်း သမင်၏ ရုန်းကန်မှုကြောင့် ခြေလှမ်း တစ်ဆယ်ပင် မပြည့်မီပင် သူ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။

 

 

 

သူ၏ သန့်ရှင်းစင်ကြယ်သော အမတ်ဝတ်စုံမှာလည်း ဖုန်မှုန့်များဖြင့် ပေကျံသွားလေပြီ။

 

 

ဘေးမှ စောင့်ကြည့်နေသူများထံမှ ရယ်မောသံများ ထွက်ပေါ်လာ၏။

 

 

သူက ယိမ်းယိုင်လျက် ပြန်လည်မတ်တတ်ရပ်လိုက်ရာ သူ၏ မျက်နှာက သွေးထွက်လုမတတ် နီမြန်းနေတော့သည်။

 

 

"အာ... စာတော်ပြန်အမတ်လေး၊ မင်းက ကလောင်တံကို ကိုင်ရမှာ ကျွမ်းကျင်ပေမဲ့ ဇက်ကြိုးကို ကိုင်ရမှာတော့ အားနည်းပုံပဲ။ ဒီလောက် မြင်းကောင်းတစ်ကောင် ပေးထားတာတောင် ငါ့ကို မယှဉ်နိုင်ပါလား" 

 

 

ချူရှဲ့က ဆိုလိုက်၏။ သူ၏ ရည်ရွယ်ချက်မှာ ပညာရှိလေးကို ပြင်းပြင်းထန်ထန် လှောင်ပြောင်အရှက်ခွဲရန်သာ ဖြစ်သည်။

 

 

 "မြင်းကောင်းကောင်း မစီးတတ်တာက ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ မင်းရဲ့ ကိုယ်ကျင့်သိက္ခာကိုတော့ မြဲမြဲဆုပ်ကိုင်ထားပါဦး။ အဲဒါကိုတောင် မလုပ်နိုင်ဘူးဆိုရင်တော့ တကယ်ကို အရှက်ရစရာပါပဲ"

 

 

ပညာရှိလေးသည် ခေါင်းငုံ့ထားလျက် အတော်ကြာအောင် တိတ်ဆိတ်နေ၏။

 

 

ဒါက တကယ်ကို ရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တစ်ခုပါပဲ…

 

 

"ကျွန်တော်မျိုး မေးပါရစေ အရှင်ချူရှဲ့... ကျွန်တော့်ရဲ့ မြင်းကို လဲလှယ်ပြီး အရှင်နဲ့ ယှဉ်ပြိုင်ခွင့် ပြုနိုင်မလား?" ပညာရှိလေး ရုတ်တရက် ခေါင်းမော့လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

 

 

ရယ်မောသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ဖိနှိပ်ချုပ်ချယ်သော တိတ်ဆိတ်မှုက အစားထိုးဝင်ရောက်လာ၏။

 

 

အမတ်များသည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချို့ကမူ ပညာရှိလေးကို ယခုအချိန်တွင် မာနကို ခေတ္တလျှော့ထားရန် အချက်ပြသည့်အနေဖြင့် မကျေနပ်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

 

 

ချူရှဲ့ ဘေးနားရှိ လူများ၏ မျက်နှာများ ချက်ချင်း အေးခဲသွားသည်ကို သတိပြုမိလိုက်သည်။ သို့သော် သူက သိပ်ဂရုမစိုက်ဘဲ ပျင်းရိပျင်းတွဲ လေသံဖြင့် ပြန်ပြောလိုက်၏။ 

 

 

"အင်း... မင်းက ငါ့မြင်းကို စီးချင်တာလား?"

 

 

"မှန်လှပါ" ပညာရှိလေးသည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာကား နီမြန်းနေဆဲပင်။ သူက နောက်က သမင်ကို ညွှန်ပြကာ ပြောသည်။

 

 

 "ချူကျန့်ယင်း အနေနဲ့ ကျွန်တော်မျိုးနဲ့ မြင်းချင်းလဲပြီး စမ်းသပ်စီးကြည့်ဖို့ သဘောတူနိုင်မလား?"

 

 

ယခုမှ အသစ်ခန့်အပ်ခံရသော ဤပညာရှိလေးသည် နောင်တစ်ချိန်တွင် ညီလာခံ၏ အလွန်အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမယ့်သူပင်။ သူကမူ ထူးချွန်ထက်မြက်ပြီး ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသူဖြစ်ကာ နောက်ထပ် ၁၅ နှစ်အကြာတွင် ဝေ့နိုင်ငံတော်၏ လက်ဝဲအမတ်ချုပ်ကြီး ဖြစ်လာပြီး ဇာတ်လိုက် ကျန်းယန်ချီကို သာယာဝပြောသည့် ခေတ်တစ်ခေတ် ထူထောင်နိုင်အောင် ကူညီပေးမယ့်သူ ဖြစ်သည်။

 

 

ချူရှဲ့၏ ရည်ရွယ်ချက်ကမူ ယခုအချိန်၌ သူ့ကို တမင်တကာ ရန်စရန်ပင်တည်း…  ၎င်းက ဇာတ်ညွှန်းအတိုင်း အတိအကျ လိုက်နာဆောင်ရွက်နေခြင်း ဖြစ်၏။ ဒီပညာရှိလေး သူ့အပေါ်မှာ အငြိုးအတေးတွေ များလေလေ၊ နောင်တစ်ချိန်မှာ ဇာတ်လိုက်အတွက် ပိုပြီး အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာလေလေပဲ…

 

 

ဤအရာများအားလုံးကို လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း ထိုပညာရှိလေး၌ ယခုကဲ့သို့ မာနနှင့် သတ္တိ ရှိလိမ့်မည်ဟု ချူရှဲ့ မမျှော်လင့်ထားခဲ့မိပေ။

 

 

သူ့အနေနှင့် ထိုလူငယ်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

 

 

သူ၏ ချီးကျူးအားကျနေသော အကြည့်များကို ဖုံးကွယ်မထားမိရာ ပညာရှိလေးက မြင်တွေ့သွားသည်။ ထိုအခါ ပညာရှိလေးသည် တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားပြီး သူ တစ်စုံတစ်ရာအား မှားယွင်းစွာ ယူဆမိနေသလားဟုပင် သံသယဝင်သွားရလေတော့သည်။