အပိုင်း ၈ - ဆေးခတ်ခံရခြင်း
ချူရှဲ့သည် မြင်းပေါ်မှ စာတော်ပြန်အမတ်လေး၏ တောင်းဆိုမှုကို လိုက်လျောသည့်အနေဖြင့် ခေါင်းအသာငြိမ့်ပြလိုက်သည်။
"ကောင်းပြီလေ"
ပတ်ဝန်းကျင်တစ်ခုလုံး တင်းမာမှုများ ဖုံးလွှမ်းသွားပြီး ကြည့်ရှုနေသူအားလုံးက ချူရှဲ့က သူ၏ ရက်စက်လှသော လက်စွမ်းဖြင့် ဤနုနယ်သည့် ပညာရှိလေးအား အနည်းဆုံး ကိုယ်လက်အင်္ဂါတစ်ခုခု ချို့ယွင်းသွားအောင် ပြုမူတော့မည်ဟု ထင်မှတ်နေကြသည်။ သို့သော် ချူရှဲ့က ဓားရှည်ကို ဆွဲထုတ်လိုက်သည့်အခါ အားနည်းလွန်းသော သူ၏လက်မောင်းများကြောင့် ဓားက မြေပြင်ပေါ်သို့ ကျလုနီးပါး ဖြစ်သွားသည်။ သူက မိမိကိုယ်ကို လှောင်ပြောင်သည့်သံဖြင့် ပြောလိုက်သည်။
"ဟင်း... ဓားမကိုင်တာ ကြာတော့ မနိုင်တော့ဘူးပဲ"
သူ ရယ်မောလိုက်သော်လည်း ဘေးလူများအတွက်မူ ဤအခြေအနေသည် ရယ်စရာတစ်ခု မဟုတ်ခဲ့ပေ။
သူ ဒီဓားနဲ့ ဘာလုပ်မလို့လဲ...
ချူရှဲ့က ဓားရိုးကို တင်းတင်းဆုပ်လိုက်သောအခါ ရှေ့မှ ပညာရှိလေးမှာ လေထဲက သစ်ရွက်လေးနှယ် တုန်ရင်နေရှာသည်။ ချူရှဲ့က အသာအယာပြုံးလျက် ဓားကို ဝှေ့ယမ်းလိုက်ရာ သွေးစက်အချို့က သူ၏ အင်္ကျီလက်ပေါ်သို့ စင်ဟပ်သွားပြီး မြင်းကြီးမှာမူ အသည်းခိုက်မတတ် အော်ဟစ်ကာ မြေကြီးပေါ်သို့ လဲကျသေဆုံးသွားလေသည်။
"ကဲ... စီးတော့လေ"
ချူရှဲ့က ဓားကို လွှင့်ပစ်လိုက်ရင်း ပြောလိုက်သည်။ ရာထူးရခါစ ပညာရှိလေးမှာ သူ၏လုပ်ဖော်ကိုင်ဖက်များကြား၌ပင် လူသိမများသေးသူဖြစ်ရာ ဤကဲ့သို့ ကြောက်မက်ဖွယ်မြင်ကွင်းကို တစ်ခါမျှ မကြုံဖူးသဖြင့် တုန်လှုပ်ချောက်ချားကာ စကားများပင် ထစ်ကုန်တော့သည်။ ချူရှဲ့က ဓားကို ခြေဖြင့် ကန်ထုတ်လိုက်ရာ သွေးစွန်းနေသော ဓားသွားမှာ မြက်ခင်းပေါ်သို့ ကျသွားပြီး ညှီစို့စို့ သွေးနံ့များက ပတ်ဝန်းကျင်တွင် ပျံ့လွင့်လာခဲ့သည်။
သူက ပညာရှိလေးအနားသို့ တိုးကပ်သွားပြီး ယုတ်မာသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"လဲမှာလား၊ မလဲဘူးလား?"
ထိုလူငယ်လေးမှာ ကြောက်လန့်လွန်း၍ စကားတောင် မဆိုရဲတော့ပေ။
"လူရှင်က မြင်းရှင်စီးရတယ်၊ လူသေကမြင်းသေစီးရတာပေါ့"
ချူရှဲ့က သူ၏ စူးရှသော သွားများပေါ်အောင် ပြုံးပြလိုက်ရာ စိမ်းဖန့်ဖန့် မျက်နှာနှင့်အတူ ဘီလူးသရဲတစ်ကောင်နှင့်ပင် တူနေတော့သည်။
"လဲမှာလား၊ မလဲဘူးလား?"
ပညာရှိလေးမှာ လုံးဝတိတ်ဆိတ်သွားပြီး ခေါင်းကိုသာ အဆက်မပြတ် ခါယမ်းနေမိသည်။ ချူရှဲ့က မတ်တတ်ရပ်လိုက်ပြီး သူ၏လည်ပင်းကို အသာအယာ နှိပ်လိုက်သည်။ ခုနက ဓားချက်မှာ သူ၏ အားအင်တော်တော်များများကို ကုန်ခမ်းသွားစေပုံရသည်။ ပတ်ဝန်းကျင်ရှိ တင်းမာမှုများက လျော့ကျမသွားသေးပေ။ ချူရှဲ့ရ ပျင်းရိစွာဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပညာရှိလေးကို သေသေချာချာ စိုက်ကြည့်နေမိသည်။ သူက ပညာရှိလေးထက် ခေါင်းတစ်ဝက်ခန့် ပိုရှည်ရာ၊ သူက ထိုလူငယ်၏ မေးစေ့ကို ကိုင်ကာ ဆတ်ခနဲ ပင့်တင်လိုက်သည်ကို အားလုံးက ငေးကြည့်နေကြသည်။
"မင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ"
သူက နောက်ပြောင်သလို ပြောလိုက်ပြီး
"ပညာရှိ ရာထူးကို မယူဘဲ ငါ့အိမ်ကို လိုက်ခဲ့ပြီး ငါ့မယားပဲ လုပ်မလား?"
ဤစနောက်စကားကြောင့် လေးလံနေသော အခြေအနေမှာ ချက်ချင်းပင် ပေါ့ပါးသွားပြီး အားလုံးက ဟာသများ ပြန်လည်ပြောဆိုလာကြသည်။ ပါးနပ်သော အရာရှိအချို့ကမူ ချူရှဲ့က ရုပ်ဖြောင့်သော အမျိုးသားများကို သဘောကျတတ်သည်ဟူသော ထူးခြားသည့် အချက်ကို ရရှိသွားပြီး သက်ပြင်းချနိုင်သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် ဤပညာရှိလေးမှာ ရုပ်ရည်အသင့်အတင့်ရှိသဖြင့် ချူရှဲ့၏ မျက်နှာသာပေးမှုကို ရရှိကာ အရှက်ခွဲခံရခြင်းမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။
ထိုအချိန်တွင် သစ်ပင်ရိပ်အောက်၌ ရှိနေသော ကျန်းယန်ချီမှာမူ သူ၏လက်သည်းများကို သစ်ခေါက်ထဲအထိ နက်ရှိုင်းစွာ ထိုးစိုက်ထားမိသည်။ သူက ရှေ့မှ ရုပ်ပျက်ဆင်းပျက် မြင်ကွင်းကို ကြည့်ရှုရင်း သူ၏အကြည့်များက ပိုမိုခက်ထန်လာသည်။
ဒီမိန်းမစိုး ချူရှဲ့က အာဏာကို အလွဲသုံးစားလုပ်နေတာပဲ။ သူ့မှာ ပြစ်မှုတွေက ရေတွက်လို့တောင် မရဘူး၊ ငါ့အမေကို သတ်ခဲ့တာလည်း သူပဲ။ တစ်နေ့ကျရင်တော့ ငါ သူ့ကို အရှင်လတ်လတ် အရေခွံခွာပြမယ်။ သူ့ရဲ့ အသားတွေကို ခွေးကျွေးပြီး အရိုးတွေကို ပြာဖြစ်အောင် လုပ်ပစ်မယ်။
သူ၏ ပျင်းရိတတ်သော ဝါသနာကြောင့် ချူရှဲ့ တစ်လနီးပါးခန့် ညီလာခံသို့ မတက်ရောက်ဖြစ်ခဲ့ပေ။ သို့သော်လည်း ရုံးစာများမှာမူ သူ၏စံအိမ်သို့ နေ့စဉ်မပြတ် ရောက်ရှိနေဆဲပင်။
နှစ်ဆန်းပိုင်းတွင် သူက နန်းတော်ထဲသို့ ဝေါယာဉ်ဖြင့် ဝင်ရောက်လာရာ နန်းတွင်းအစောင့်တပ်က သူ့ကို တားဆီးသဖြင့် အံ့အားသင့်သွားမိသည်။ ရှေ့မှ ဦးဆောင်လာသော မိန်းမစိုးလေးက အစောင့်တပ်မှူးကို အာဏာပြ၍ ကန်ထုတ်လိုက်သော်လည်း ဘာမှ ထူးခြားမလာပေ။
"ဒါက ကျန့်ယင်း ချူရှဲ့ကွ!"
"ကျွန်တော် သိပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဥပဒေအရ အမှုရင်ဆိုင်နေရတဲ့သူဟာ မနက်ခင်း ညီလာခံကို ခုနစ်ရက်တိုင်တိုင် တက်ခွင့်မရှိပါဘူး"
အရာရှိစွန်းက တည်ငြိမ်စွာ ပြန်လည်ပြောကြားလိုက်သည်။
ချူရှဲ့က မျက်လုံးကို အသာလေး မှေးကြည့်လိုက်သည်။
"ငါ့မှာ အမှုရှိတယ်? ဘာအမှုလဲ?"
"မနေ့ညက ဖြစ်ခဲ့တဲ့ ကိစ္စပါ။ အရှင်ချူရဲ့ စံအိမ်က သံမဏိနံရံတွေလို ခိုင်ခံ့လွန်းတော့ သတင်းတွေ မရောက်တာ ဓမ္မတာပါပဲ"
စစ်အာဏာကို ကိုင်ထားသည့် အရာရှိက ချူရှဲ့ကို မကြောက်မရွံ့ဘဲ ပြန်ပြောလိုက်သည်။
"ဒါက မြို့မြောက်ပိုင်းက ကျင်းဟွမ် လောင်းကစားရုံနဲ့ ပတ်သက်နေပြီး နန်းတွင်းက ရာထူးတွေကို လာဘ်ထိုး ဝယ်ယူတဲ့ အမှုကြီးပါ"
ကျင်းဟွမ် လောင်းကစားရုံ အမှု... ဤအမှုက ဝတ္ထုထဲရှိ အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ ဝေအင်ပါယာ၏ ရာစုနှစ်နှင့်ချီသော မိသားစုရေးရာများနှင့် အာဏာလုပွဲများ ပါဝင်နေသဖြင့် ချူရှဲ့က မူရင်းဝတ္ထုကို ဖတ်စဉ်က အပေါ်ယံသာ ဖတ်ခဲ့မိသည်။ ထို့ကြောင့် အသေးစိတ်ကို သူလည်း သေချာနားမလည်နိုင်တော့ပေ။ သို့သော်လည်း ဤသည်မှာ အနားယူရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်နေသဖြင့် သူ အိမ်တွင် ခုနစ်ရက်ခန့် အေးဆေးစွာ နှပ်နေနိုင်မည့် အခွင့်အရေးကို လက်လွှတ်မခံလိုတော့ပေ။ သူက ညီလာခံသို့ အသည်းအသန် တက်ချင်နေသကဲ့သို့ မမူခဲ့ချေ။
ချူရှဲ့က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို နောက်ပြန် ဝှေ့ယမ်းလိုက်ရာ ဝေါယာဉ်သည် လှည့်ထွက်သွားတော့သည်။ သူ အေးအေးဆေးဆေးပင် သူ၏စံအိမ်သို့ ပြန်လာခဲ့သည်။ စံအိမ်အပြင်ဘက်သို့ ရောက်သောအခါ အရပ်သားဝတ်စုံ ဝတ်ဆင်ထားသော အိမ်ရှေ့စံမင်းသားနှင့် မမျှော်လင့်ဘဲ ဆုံတွေ့လိုက်ရသည်။ ဤသည်မှာ ရှားပါးသော မြင်ကွင်းပင် ဖြစ်သည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မင်းသားလေးမှာ ပို၍ အရပ်ရှည်လာသကဲ့သို့ ရှိပြီး သူ စကားပြောလိုက်သည့်အခါ ပါးစပ်မှ အငွေ့ဖြူဖြူလေးများ ထွက်လာကာ နှုတ်ခမ်းထောင့်ရှိ နူးညံ့သောအပြုံးကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
"ကျန့်ယင်း"
"ညီလာခံမှာတော့ အမတ်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကျယ် ငြင်းခုံနေကြတယ်..."
“ဟက်... ငါ့ကို ညီလာခံ တက်ခွင့်မပေးဘဲ အလုပ်ရှုပ်တဲ့ ကိစ္စတွေကိုတော့ ငါ့ကိုကိုင်တွယ်ခိုင်းချင်နေကြတာလား။ အာဏာမရှိရင် တာဝန်လည်း မရှိဘူး”
ချူရှဲ့က ခပ်အေးအေးပင် ပြန်ပြောလိုက်ပြီး
"မင်းဘာသာမင်းပဲ ကိုင်တွယ်လိုက်တော့"
"နားလည်ပါပြီ" မင်းသားလေးက ဆက်ပြောသည်။
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
"ပြောလေ"
"ရှုံးနူးရဲ့ ရဲ့အာ မျိုးနွယ်စုက ဘုရင်နဲ့ တမန်တော်တွေ မြို့တော်ကို လာလည်ကြမယ့် ကိစ္စပါ။ သူတို့က ထင်ထားတာထက် သုံးရက်စောပြီး ဒီနေ့ မွန်းတည့်မှာ ရောက်လာလိမ့်မယ်"
*အားလပ်ရက်တွေဆိုတာ တကယ်တော့ အိပ်မက်တစ်ခုပါပဲလား လခွမ်းပဲ*
ချူရှဲ့၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။ သူ ဇာတ်လမ်းကို နောက်ကျမှ သတိရသွားသည်။ လွန်ခဲ့သော ခုနစ်နှစ်ခန့်က သူ စစ်မြင်းများနှင့် လက်နက်များကို တိတ်တဆိတ် ရောင်းစားကာ ရှုံးနူးမျိုးနွယ်စုများထံမှ ငွေကြေးများစွာ ရရှိခဲ့ဖူးသည်။ သို့သော် ဤကိစ္စကို နယ်စပ်ရှိ ကျန့်ကော်နယ်စားမင်းက သတိထားမိသွားသဖြင့် ပြဿနာအကြီးအကျယ် မဖြစ်ခဲ့သော်လည်း သူ၏ ဝင်ငွေလမ်းကြောင်းမှာမူ တိတ်တဆိတ် ဖြတ်တောက်ပစ်ခြင်း ခံခဲ့ရသည်။ သူက သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့သဖြင့် ထိုစဉ်က ရဲ့အာမျိုးနွယ်စုခေါင်းဆောင်၏ မြေးဖြစ်သူ ဟူချီအာနှင့်လည်း ရန်ဖြစ်ခဲ့ဖူးသည်။
သို့သော် သုံးလေးနှစ်အတွင်း၌ပင် ဟူချီအာ၏ ဖခင်က မျိုးနွယ်စုအာဏာကို သိမ်းပိုက်လိုက်ပြီး ယခုအခါ ရှုံးနူးမျိုးနွယ်စုအားလုံး၏ ဘုရင် ဖြစ်နေပြီဆိုသည်ကို သူ မသိရှိခဲ့ပေ။ ဟူချီအာကိုယ်တိုင်ကလည်း ယခုအခါ သြဇာကြီးမားသော မင်းသားတစ်ပါး ဖြစ်နေချေပြီ။ ဤသူက ချူရှဲ့ မတွေ့ချင်ဆုံးသော လူသားပင်။ သူ၏ မျက်နှာပေးမှာ ပိုမိုဆိုးဝါးလာသည်။
"ငါ မလာဘူး။ မင်းပဲ အဲ့ဒီ ဧည့်ခံပွဲကို တာဝန်ယူလိုက်တော့"
မင်းသားလေးက ချူရှဲ့၏လမ်းကို အမြန်ပိတ်ကာ ဖျောင်းဖျရှာသည်။
"ဒါပေမဲ့ ကျွန်တော် ဒီကိစ္စတွေကို နားမလည်ဘူး ကျန့်ယင်း။ ခင်ဗျား တက်ရောက်ဖို့က အရေးကြီးတယ်။ နန်းတွင်းမှာ စကားပြောနိုင်တဲ့သူ သိပ်မရှိဘူး၊ ခင်ဗျားလည်း နိုင်ငံခြား ဧည့်သည်တွေရှေ့မှာ ယဉ်ကျေးမှု မရှိသလို အဖြစ်မခံချင်ဘူး မဟုတ်လား…”
ငြင်းဆန်၍ မရတော့သဖြင့် ချူရှဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကြားခံလူအဖြစ် နောက်တစ်ကြိမ် တာဝန်ယူလိုက်ရပြီး အိမ်သို့ပြန်ကာ ပြင်ဆင်ရတော့သည်။ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရှုံးနူး၏ ဝေါယာဉ်များနှင့် မြင်းစီးတပ်ဖွဲ့များမှာ မြို့ထဲသို့ ဝင်ရောက်လာကြသည်။ ခုနစ်နှစ်မျှ ကြာမြင့်သွားခဲ့သော်လည်း ဟူချီအာက မြို့ရိုးပေါ်တွင် ရပ်နေကာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် ဝတ်ရုံကို ဆင်မြန်းထားပြီး လောကကြီးနှင့် အဆက်အသွယ် ပြတ်နေသယောင် ထင်မှတ်ရသည့် ထိုလူကို ချက်ချင်းပင် မှတ်မိလိုက်သည်။ ဤလူက တကယ်ပင် ရုပ်ရည်ထူးခြားလှပလွန်းသူ ဖြစ်သည်။ ခုနစ်နှစ် ကြာသွားသော်လည်း သူ၏ ဆွဲဆောင်မှုမှာ ပျောက်ကွယ်မသွားသေးပေ။
ပထမဆုံး ဆုံတွေ့စဉ်က ဟူချီအာသည် သူ့ကို မြက်ခင်းပြင်ရှိ ပါးနပ်သော မြေခွေးနီလေးတစ်ကောင်နှင့် တူသည်ဟု ထင်မှတ်ခဲ့သည်။ အမွှေးအမျှင်များ ပြောင်လက်ကာ ဆွဲဆောင်မှုရှိသော်လည်း တကယ်ပင် ဖျတ်လတ်လှသည့် အမဲလိုက်ရန် အခက်ခဲဆုံး တိရစ္ဆာန်လေး တစ်ကောင်ပင်။ စားသောက်ပွဲတွင် အိမ်ရှေ့စံမင်းသားက ထိပ်ဆုံး၌ ထိုင်ပြီး ချူရှဲ့ကမူ သူ၏ ဘယ်ဘက်တွင် ထိုင်နေသည်။ အချိန်မရသည့်ကြားမှ ချူရှဲ့သည် စားသောက်ပွဲ၊ တေးဂီတနှင့် ကခုန်မှုများကို အကောင်းမွန်ဆုံးဖြစ်အောင် စီစဉ်ပေးခဲ့သည်။ ရှုံးနူးနယ်မြေများသည် ခြောက်သွေ့သော်လည်း ဝေအင်ပါယာ၌မူ လှပသော အမျိုးသမီးများနှင့် ချိုမြိန်သော အရက်များ ရှိနေသဖြင့် ရှုံးနူးတမန်တော်များမှာ အံ့အားသင့်လျက် ချီးကျူးနေကြသည်။
ချူရှဲ့ကမူ ဟူချီအာကို သဘာဝအတိုင်း သတိထားနေမိသည်။ အရက် သုံးခွက်မျှ သောက်ပြီးသည့်တိုင်အောင် သူ အစားတစ်လုပ်မျှပင် မစားသေးပေ။ တစ်နေ့တာ ကုန်ဆုံးခါနီးတွင် ဟူချီအာအတွက် နန်းတော်အပြင်ဘက်၌ စံအိမ်တစ်လုံး ပြင်ဆင်ပေးထားပြီး စကားအနည်းငယ် ပြောဆိုပြီးနောက် ချူရှဲ့ အိမ်ပြန်၍ အနားယူရန် ပြင်ဆင်လိုက်သည်။
သို့သော် ချူရှဲ့ မတ်တတ်ရပ်လိုက်သည့်အခါ၌ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။ သူက အောက်သို့ တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် ကိုယ်လေး တောင့်တင်းသွားကာ ချက်ချင်းပင် ပြန်ထိုင်လိုက်မိသည်။
သူ... ဒုက္ခရောက်ပြီ။ ကျန်းယန်ချီက တစ်နေ့ခင်းလုံး ချူရှဲ့တစ်ယောက် သူ၏ ဘယ်ဘက်ဘေး၌ တောင့်တောင့်ကြီး ထိုင်လျက် သတိအပြည့်ဖြင့် စောင့်ကြည့်နေသည်ကို မြင်တွေ့နေရသည်။
မူလကမူ သူ ဤအခွင့်အရေးကို အသုံးချကာ ရောက်ရှိလာသော တမန်တော်များ လက်ဖြင့် ချူရှဲ့ကို လုပ်ကြံခိုင်းရန် ကြံစည်ထားခြင်း ဖြစ်သည်။
စားသောက်ပွဲ ဆက်လက်ကျင်းပနေစဉ်မှာပင် ချူရှဲ့က ရှေ့သို့ အနည်းငယ် ငိုက်ကျသွားပြီး နေရထိုင်ရ ခက်ခဲနေသည့် ပုံစံမျိုးဖြင့် သူ၏နေရာမှ တိတ်တဆိတ် ထွက်ခွာသွားသည်ကို သူ သတိထားမိလိုက်သည်။ ရှုံးနူးတမန်တော်များသည် တကယ်ပင် လက်စွမ်းထက်သူများ ဖြစ်ရာ ဤပါးနပ်လှသော မြေခွေးအိုကြီး ချူရှဲ့ပင် သူတို့၏ အကြည့်မှ မလွတ်ကင်းနိုင်တော့ပေ။ ကျန်းယန်ချီ သူ့နောက်သို့ လိုက်ပါသွားခဲ့သည်။
စင်္ကြံလမ်း၏ အဆုံး၌ ပုန်းကွယ်နေစဉ် ချူရှဲ့၏ ခြေလှမ်းများ ယိုင်နဲ့သွားသည်ကို သူ အထင်အသား မြင်လိုက်ရသည်။ ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးနောက်တွင် ချူရှဲ့ ဆက်မလျှောက်လှမ်းနိုင်တော့ဘဲ နံရံကို မှီထားရင်း ဖြည်းဖြည်းချင်း လျောကျသွားတော့သည်။ ဤသည်မှာ အဆိပ်မိခြင်းပင် ဖြစ်ရမည်။
ကျန်းယန်ချီကမူ ဤကဲ့သို့ သေဆုံးရခြင်းသည် ချူရှဲ့အတွက် ကံကောင်းလွန်းလှသည်ဟု တွေးတောနေမိသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးစလေးတစ်ခု ပေါ်လာပြီး မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။ သူ ချူရှဲ့ သေဆုံးသွားသည်ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့လိုနေခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်တွင် စင်္ကြံလမ်း၏ တစ်ဖက်မှ လေးလံ၍ အားပါသော ခြေသံများ နီးကပ်လာသည်ကို သူ ကြားလိုက်ရသည်။ ထိုသူက ချူရှဲ့၏ အနားသို့ ရောက်ရှိသွားပြီး ဖြူဖွေးသော ဝတ်ရုံအောက်မှ သွယ်လျသည့် လက်ကောက်ဝတ်လေးကို မကာ၊ အင်္ကျီလက်ကို ပင့်တင်လျက် နုနယ်သော လက်ကောက်ဝတ် အတွင်းပိုင်းကို စတင် ဆုပ်နယ်ပေးနေတော့သည်။ အတော်ကြာသည့်တိုင် ဘာအသံမျှ ထပ်မံထွက်ပေါ်မလာတော့ချေ။
*ဒီအဆိပ်က အာနိသင်ပြတာ နှေးနေလို့လား?*
ကျန်းယန်ချီက ရှေ့သို့ အနည်းငယ် တိုး၍ ကြည့်လိုက်သည့်အခါ ရှုံးနူးမင်းသားလေးမှာ ဆောင့်ကြောင့်ထိုင်လျက် အနေအထားဖြင့် ချူရှဲ့၏လက်ကို မြှောက်ကာ လက်ကောက်ဝတ်ကို ကိုက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူ့ နောက်ထပ်လက်တစ်ဖက်ကမူ ချူရှဲ့၏ သွယ်လျသော ခါးကို ပတ်ထားပြီး သူ့အနားသို့ ဆွဲကပ်ထားလိုက်သည်။ ထို့နောက်တွင် တိတ်ဆိတ်နေသော စင်္ကြံလမ်းထဲ၌ အောင့်အည်းထားသော ညည်းတွားသံတစ်ခု ပေါ်ထွက်လာရာ ကျန်းယန်ချီမှာ လုံးဝမှင်တက်သွားရသည်။ ဤအရာက အဆိပ်မိခြင်း မဟုတ်ပေ။
ထို့နောက်တွင် ရှုံးနူးမင်းသားက ခပ်အုပ်အုပ် ရယ်မောလိုက်ပြီး ရှုံးနူးဘာသာစကားဖြင့် ပြောဆိုလိုက်သည်။
"ချူရှဲ့... အရှင်ချူ"
"မင်းက တကယ့် မိန်းမစိုး မဟုတ်ဘူး ဆိုတာကို ဝေအင်ပါယာမှာ ဘယ်သူတွေ သိထားကြသလဲ?”
ဤအခြေအနေမှာ ကျန်းယန်ချီအတွက် တကယ့်ကို
မထင်မှတ်ထားသော အလှည့်အပြောင်း ဖြစ်နေသည်။ ဟူချီအာက တကယ်ပင် လက်စွမ်းထက်သူ ဖြစ်သဖြင့် ကျန်းယန်ချီမှာ အနားသို့ အလွန်အကျွံ မတိုးကပ်ရဲပေ။ သူ သူ့အသက်ရှူသံကို ထိန်းချုပ်ထားရင်း တိတ်တဆိတ် ကပ်သွားရာ သူ မြင်တွေ့လိုက်ရသည်မှာ အမောတကော ဖြစ်နေသော ချူရှဲ့က သူ့ မေးစေ့အား အတင်းအဓမ္မ ဆွဲမခြင်း ခံထားရပြီး သူ့ရှေ့မှ အရပ်ရှည်ရှည် လူကြီးကို မော့ကြည့်နေရခြင်း ဖြစ်သည်။
"လွန်ခဲ့တဲ့ ခုနစ်နှစ်က မင်းနဲ့ ချန်ချီမုတို့ ငါ့ဆီကနေ ရွှေငွေတွေ အများကြီး လိမ်ယူသွားခဲ့ကြတာ။ အနောက်မြို့တော်မှာ ပုန်းနေရုံနဲ့ မင်း ဘေးကင်းလိမ့်မယ်လို့ ထင်နေတာလား?"
"လွှတ်... လွှတ်ပေး..."
သူက သွားကို တင်းတင်းကြိတ်ထားရင်း စကားနှစ်လုံးကို မနည်း ပြောလိုက်ရသည်။ သူ၏ အသံထဲတွင် တုန်ရီနေသော ခံစားချက်ကို ဖုံးကွယ်ထားရသကဲ့သို့ အောင့်အည်းထားသော ဒေါသများကလည်း အထင်အသား ပေါ်လွင်နေတော့သည်။