အပိုင်း ၁
မေလထဲဝင်လာပြီ ဖြစ်သည့်အတွက် ရာသီဥတုက ပူပြင်းလှသည်။ခေါင်းပေါ်သို့ နေက ပူပြင်းစွာကျရောက်နေပြီး လမ်းသွားလမ်းလာများက ကုတ်အင်္ကျီအပါးများအစား နွေရာသီဝတ်စုံများကို ပြောင်း၍ဝတ်ဆင်ထားကြသည်။
ယနေ့က မေလ၏ ပထမဆုံးနေ့နှင့် အလုပ်သမားများနေ့ ဖြစ်သည့်အတွက်ကြောင့် စျေးဝယ်စင်တာရှေ့ရှိ ရင်ပြင်တွင် လူအများအပြား တန်းစီနေကြသည်။
ဆိုင်အများစုသည် အားလပ်ရက်ပိတ်ရက်ကိုအခွင့်ကောင်းယူ၍ဖွင့်ထားသည့် အစားအသောက်ဆိုင်များဖြစ်ကြသည်။ သေချာချက်ပြုတ်ပြင်ဆင်ထားသည့် အစားအသောက်များက မွှေးကြိုင်သောရနံ့များ ထုတ်လွှတ်၍
လမ်းသွားလမ်းလာများအား ဆိုင်ရှေ့တွင်ရပ်တန့်ပြီးဝယ်ယူရန်ဆွဲဆောင်နေသည်။ ကျန်းလန် ကျောပိုးအိတ်တစ်လုံးကို လွယ်ထားပြီး သူ၏ မြင့်မားသောအရပ်ကြောင့် ဆိုင်ခန်းများကို အပေါ်စီးမှကြည့်နေနိုင်သည်။ထို့နောက် သူ ဝက်ခြေထောက်ကင် ရောင်းသည့်ဆိုင်တစ်ဆိုင်တွင် ရပ်လိုက်သည်။
ထိုဆိုင်ခန်းအား လူအများဆုံးဝိုင်းရံထားသည်။ ထိုမှလာသည့်အနံ့ကိုရလိုက်ရုံဖြင့် အရသာကောင်းမည်ကို ကျန်းလန် သိလိုက်သည်။
“မွှေးလိုက်တာ” ကျန်းလန်၏ ဂျာကင်အိတ်ကပ်ထဲတွင် ဝင်ခွေနေသော စွမ်းနီက ခေါင်းတစ်ဝက်ကို အပြင်ထုတ်ပြီး အငွေ့တလူလူဖြင့်ကင်ထားသည့် ဝက်ခြေထောက်ကင်ကို ကြောင်မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသည်။ ကျန်းလန် ငုံ့ကြည့်လိုက်သောအခါ ကောင်လေး၏ မျက်နှာပေါ်တွင် စားချင်နေသောအမူအရာများကို တွေ့လိုက်ရသည်။
"ဒီလ လစာမထုတ်ရသေးဘူး”
ကျန်းလန်လည်း စားချင်နေသည်။ သို့သော် ဤလအသုံးစရိတ်များက နည်းနေပြီ ဖြစ်ကာ ဆယ်ရက်နေ့မတိုင်ခင်အထိ လစာထုတ်လို့မရသေးကြောင့် သူတို့တွင်မုန့်စားရန်အပိုငွေမရှိပေ။ အိတ်ကပ်ဘေးကိုဆွဲနေသည့် သူ့ညီအား အိတ်ကပ်ထဲသို့ အသာပြန်ဖိသွင်းလိုက်ရင်း ကျန်းလန် ဝက်ခြေထောက်ကင်ထံမှ အကြည့်လွှဲ၍ ပြတ်သားစွာဖြင့် လှည့်ထွက်သွားတော့သည်။ကျန်းလန် သူ့ညီလေးကို နှစ်သိမ့်နေခြင်းလား သို့မဟုတ် သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းလား မသိသော်လည်း ပြောလိုက်သည်– “စားသောက်ဆိုင်ရောက်ရင် အရသာရှိတဲ့ အစားအသောက်တွေ ရှိတယ်နော်။”
စွမ်းနီက နာခံစွာဖြင့် “အိုး” ဟုဆို၍ စိတ်ပျက်အားငယ်စွာဖြင့် သူ၏နားရွက်ဝိုင်းလေးနှစ်ခုကို အောက်သို့ချလိုက်သည်။ သို့သော် သူ နောက်ထပ်အသံမပြုတော့ပေ။ အမှန်တွင် ပဉ္စမမြောက်အစ်ကို အိမ်မှထွက်လာပြီး ကိုယ်ပိုင်လစာဖြင့် သူ့ကိုယ်သူပင် ထောက်ပံ့ရန် ခက်ခဲနေပြီဖြစ်ရာ သူ့ကြောင့်မိသားစု၏ဘဏ္ဍာရေးအခြေအနေကို ပိုဆိုးသွားအောင်မလုပ်နိုင်ပေ။
ညီအစ်ကိုနှစ်ယောက် ဝက်ခြေထောက်ကင်အား တိတ်ဆိတ်စွာမေ့ထားလိုက်ပြီး စျေးဝယ်စင်တာထဲသို့ ဝင်ကာ ဓာတ်လှေကားကိုစီးပြီး ပဉ္စမထပ်သို့ တန်းသွားလိုက်သည်။
ကျန်းလန်တွင် ယနေ့ blind date တစ်ခု ရှိသည်။
ကျန်းလန်က ရုတ်တရက်စီစဥ်လိုက်သော blind date ကို အစပိုင်းတွင် ငြင်းဆိုခဲ့သည်။အကြောင်းအရင်းမှာ ငွေရေးကြေးရေးအရ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ရန်အတွက် မိသားစုမှထွက်ခွာခဲ့ပြီး အစားအသောက်တွင် အလွန်အာသီသပြင်းပြသော်လည်း အနည်းငယ်သာစားသုံးခဲ့ရသည်။ထို့ကြောင့် မိသားစုတွင် နောက်ထပ်လူတစ်ဦး ထပ်တိုးပါလျှင် စားရန်နောက်ထပ်ပါးစပ်တစ်ပေါက် ထပ်တိုးလာမည်ဟု ကျန်းလန်ခံစားရသောကြောင့်သာ။ သူ့အနေဖြင့် တကယ်ကိုမတတ်နိုင်ချေ။
မိသားစုစီမံကိန်းဌာန၏ ဒါရိုက်တာက အစည်းအဝေးများသို့ တက်ရောက်ပြီးနောက်တွင် တစ်ကိုယ်တည်းဖြစ်နေသည့်နတ်ဆိုးများ အလွန်များလွန်းလှသည်။ ၎င်းက နတ်ဆိုးမျိုးနွယ်များ မျိုးပွားခြင်းအတွက် အဟန့်အတားဖြစ်စေသည့်အပြင် ပတ်ဝန်းကျင်တည်ငြိမ်မှုနှင့် မျိုးနွယ်နှစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါအထောက်အကူမပြုကြောင်း ကောက်ချက်ချခဲ့သည်။ ထို့ကြောင့် ဥပဒေသစ်တစ်ခုအားရေးဆွဲခဲ့သည်- နတ်ဆိုးများ တစ်ကိုယ်တည်းသမားအဖြစ် မနေရ...
ထို့ကြောင့် ဒါရိုက်တာဟူက တစ်ကိုယ်တည်းကျန်ရှိနေသော နတ်ဆိုးများအတွက် သင့်လျော်သောပါတနာကို ရှာဖွေပေးနိုင်ရန် မိသားစုစီမံကိန်းဌာနသို့ ယွဲ့လောင်ကို အထူးဖိတ်ခေါ်ခဲ့သည်။
ခေါင်းစားစရာဖြစ်သည့် ထိုဥပဒေအား ပါတနာမရှိသော အသက်ကြီးပိုင်းနတ်ဆိုးများက တစ်ညီတစ်ညွတ်တည်း အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ မိသားစုစီမံကိန်းဌာန၏ အလုပ်က အရာမရောက်ဘဲ အရေးယူရန်အလွန်ခက်ခဲလာခဲ့သည်။
အစကောင်းမှအနှောင်းသေချာ ဆိုသကဲ့သို့ပင် ဒါရိုက်တာဟူက ကျန်းလန်အား အစကောင်းတစ်ခုဖြစ်စေရန်အတွက် ချဉ်းကပ်ခဲ့သည်။
ကျန်းလန်က နဂါးမင်း၏သားတော်တစ်ပါးဖြစ်ပြီး သာမန်နတ်ဆိုးတို့၏အမြင်တွင် အရှိန်အဝါကြီးမားသူတစ်ယောက်ဖြစ်သည်။
သို့သော် နတ်ဆိုးအနည်းငယ်သာ နဂါးမင်း၏ပဉ္စမမြောက်သားဖြစ်သည့် ကျန်းလန်က အကြောင်းတစ်ခုကြောင့် နဂါးနန်းတော်မှ ထွက်ခွာ၍ လူ့ဘောင်လောကထဲတွင် နေထိုင်ရသည်ကို သိခဲ့ကြသည်။
ဒါရိုက်တာဟူ အလုပ်လုပ်သည့် မိသားစုစီမံကိန်းဌာနနှင့် ကျန်းလန်အလုပ်လုပ်သည့်အထူးဝန်ဆောင်မှုဌာန အဖွဲ့နှစ်ခုစလုံးက ကျန်းချန်နတ်ဆိုးစီမံခန့်ခွဲရေးအစိုးရဌာန၏လက်အောက်ခံ အဖွဲ့အစည်းများဖြစ်ကြသည်။
ယင်းအစားပုတ်လေးက အပေါ်ယံတွင်သာ သားနားပုံပေါက်သော်လည်း တကယ်တမ်းတွင် ဆင်းရဲဒုက္ခများနှင့်နေထိုင်နေရပြီး တစ်ခါတစ်ရံစားသောက်ရန်ပင် မတတ်နိုင်သည်ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် သူသိလေသည်။ နဂါးနန်းတော်မှမင်းသားတို့က သူတို့၏ညီအစ်ကိုအတွက် စိုးရိမ်ပူပန်သဖြင့် ကျန်းလန်အား ဂရုစိုက်ပေးရန် လျှို့ဝှက်စွာ ကူညီခဲ့ကြသည်။
ဒီတစ်ခါတွင် ဒါရိုက်တာဟူ သူ့ကို ဂရုစိုက်ရန်အတွက် အခွင့်အရေးရလာပြီဟု တွေးမိလိုက်သည်။ ထိုဥပဒေအသစ်ကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် လူလွတ်မှ ပါတနာရသွားသော သူများကို အထောက်အပံ့ပေးသည့် အစီအစဉ်တစ်ခုကို သူချမှတ်လိုက်သည်။ အစီအစဉ်အရ ပါတနာရသွားသည့် နတ်ဆိုးတို့က မိသားစုစီမံကိန်းဌာနသို့ ပါတနာနှင့်အတူတကွသွားရောက်ပြီး ထောက်ပံ့ငွေ ၁၀,၀၀၀ ရရှိမည်ဖြစ်သည်။ ထို့အပြင် ကျန်းလန်ကဲ့သို့ ရှေးဟောင်း နတ်ဆိုးတစ်ပါးအနေဖြင့် နတ်ဆိုးမျိုးနွယ်စုအားလုံးအတွက် စံနမူနာကောင်းဖြစ်အောင် အရှေ့မှဦးဆောင်ပေးရမည် ဖြစ်သည်။ ထိုသူ blind date တွင်သွားတွေ့ပေးရုံဖြင့် ယွမ် ၁၀,၀၀၀ ပေးမည်ဖြစ်ပြီး အဆင်ပြေစွာဖြင့် တွဲဖြစ်သွားလျှင်နောက်ထပ်ယွမ် ၁၀,၀၀၀ ထပ်ဆောင်းပေးမည်ဖြစ်သည်။
အပိုဆောင်းအနေဖြင့် ပေးမည့်ယွမ် ၁၀,၀၀၀ကို ဒါရိုက်တာဟူကိုယ်တိုင် အိတ်စိုက်၍ပေးမည်ဖြစ်သည်။ ထိုအကြောင်းကို ကျန်းလန်ကြားလိုက်ရသည့်အခါ သူ့နှလုံးသား အနည်းငယ်လှုပ်ရှားသွားရသည်။
ယခုကျန်းလန်က အထူးဝန်ဆောင်မှုတွင် အလုပ်လုပ်နေလျက်ရှိသည်။ အထူးဝန်ဆောင်မှုဌာန၏ အလုပ်တာဝန်များက အန္တရာယ်ပိုများပြီး ရရှိသည့် အပိုဆုကြေးများကလည်း ပိုများသည်။ ကိန်းကြီးခန်းကြီးနေ၍ လက်ဖွာတတ်သည့် ရှေးဟောင်းနတ်ဆိုးများအတွက်ပင် လုံလောက်သောငွေပမဏဖြစ်သည်။
သို့သော် ကျန်းလန်က သာမန်နတ်ဆိုးတစ်ကောင် မဟုတ်ပေ။သူ မွေးဖွားလာသည့်အချိန်မှစ၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုစားသောက်နိုင်သည့်စွမ်းရည်ရှိသည်။ သူသည် အလွန်အစွမ်းထက်သော်လည်း ထိုစွမ်းရည်ကြောင့် မည်သို့သောအခါမျှ ဗိုက်မပြည့်နိုင်ပဲဖြစ်နေသည်။ ဆာလောင်နေသည့် သူ့မျက်လုံးထဲတွင် ရှိသမျှအကုန်လုံးက အစားအစာများသာ။
ရှေးခေတ်အခါတွင် ထိုအစားကြူးသောနတ်ဆိုးများအား 'ဟွန်ဒွန်' ၊ 'ချုန်းချီ' နှင့် 'ထောင်ဝူ' တို့နှင့်အတူ 'ရက်စက်ကြမ်းကြုတ်သော သားရဲကြီးလေးကောင်' ဟု သတ်မှတ်ခံခဲ့ကြသည်။
အကြောင်းမှာ ထိုဆာလောင်နေသော နတ်ဆိုးများက မည်သည့်အရာကိုမဆို စားပစ်နိုင်သည့်အတွက်ကြောင့်ပင်။
သို့သော် ရှေးခတ်က ရှေးခေတ်ဖြစ်ပြီး ယခုက ဆိုရှယ်လစ် လူ့အဖွဲ့အစည်းပင်။ ယခုခေတ် နတ်ဆိုးအဖွဲ့အစည်းမှ အဖွဲ့ဝင် အများစုက ကိုးနှစ်တာ ပညာရေးကို သင်ကြားကြရသည်။ ကျန်းလန် လူ့လောကသို့ ရောက်လာသည်မှစ၍ သူသည် နတ်ဆိုးအသိုင်းအဝိုင်း၏ စည်းမျဥ်းစည်းကမ်းတို့ကို လိုက်နာသော နတ်ဆိုးတစ်ပါးဖြစ်လာခဲ့သည်။ သူ အလွန်အကျွံ မစားတော့သော်လည်း လျှို့ဝှက်အဖွဲ့မှ ဘောနပ်စ်များက သူ့အတွက် မလောက်ငှချေ။ ထို့ပြင် အဆင့်မြင့် မစ်ရှင်များက အမြဲတမ်း ရှိမနေ။ တစ်ခါတစ်ရံ နှစ်ဝက်မှ တစ်ကြိမ်လောက်သာဖြစ်ပြီး တစ်ခါတစ်ရံတွင်တော့ တစ်နှစ်ပတ်လုံး ကုန်သည်အထိပင် မရှိတတ်။ ထို့နှစ်တို့တွင် သူ၏ အခြေခံလစာလေးကိုသာ သည်းခံ၍သုံးရသည်။
ယခုတလော မစ်ရှင်မရသည့် ကျန်းလန်အတွက် ဒါရိုက်တာဟူ ပေးမည်ဟူသည့် ငွေပမာဏက အများအပြားပင်။ ထို့အပြင် သူက ဘလိုင်းဒိတ်ကို သွားတွေ့ရုံသာ။ မသွားဘဲ နေပါက မရပေ။ သွားမှသာ ရမည်ဖြစ်သည်။
ပိုက်ဆံရှိလျှင် ညီလေးကို ဝက်ခြေထောက်ကင်တွေ သူ စားချင်သလောက် အများကြီး ဝယ်ကျွေးလို့ ရပြီ...
ထို့ကြောင့် သူ ငွေနောက်လိုက်ပြီး လောဘကြီးလာရသည်။ အရေးအကြီးဆုံးက ပိုက်ဆံပဲ...
ဓါတ်လှေကားက ငါးလွှာတွင် ရပ်သွားပြီး ကျန်းလန် စားသောက်ဆိုင်ထဲသို့ တန်းတန်း ဝင်သွားတော့သည်။
Blind date တွေ့သည့်နေရာက အလွန်စတိုင်ကျသည့် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။ ထိုဆိုင်က အလွန်တိတ်ဆိတ်၍ ဝန်ထမ်းများကလည်း ယဉ်ကျေးပျူငှာကြသည်။၎င်းက သူ ယခင် ချမ်းသာခဲ့စဥ်က လာခဲ့ဖူးသည့်ဆိုင်ဖြစ်သည်။ ဈေးကြီးသည်နှင့်တန်အောင် ဝန်ဆောင်မှု အလွန်ကောင်း၍ ဈေးနှင့် ဝန်ဆောင်မှုတိုက်ရိုက် အချိုးကျသည်။သူ့ဘဏ်ထဲမှ လက်ကျန်ငွေ ပမာဏအား တွေးမိသည့်အခါ ကျန်းလန် စိတ်မသက်မသာ ဖြစ်သွားရသည်။
စားပွဲထိုးက သူ့ကို ဦးဆောင်ခေါ်သွားပြီး စားပွဲရှိရာသို့ နေရာပြပေးသည်။ ကျန်းလန် သူ၏ချိန်းတွေ့ဖော် ယင်းချောင် ဆိုသည့်လူငယ်တစ်ဦးအားတွေ့လိုက်သည်။
ဒါရိုက်တာဟူပြောပုံအရ ယင်းချောင်ဆိုသည့်လူသည် အလွန်ချမ်းသာသည့်သူတစ်ယောက်ဖြစ်ပြီး ဒါရိုက်တာဟူ၏ကျေးဇူးကြွေးများ ရှိသည့်အတွက်ကြောင့် လာခဲ့ခြင်းဖြစ်သည်။ နောင်အခါတွင် ဤကဲ့သို့ချမ်းသာပြီးရုပ်ချောသောသူကို ဘယ်တော့မှထပ်တွေ့ရမှာ မဟုတ်ဘူးဟု မှာလိုက်သည်။
ထို့ကြောင့် ကျန်းလန်က ယင်းချောင်ကိုဂရုတစိုက်ဆက်ဆံရမည်။
ကျန်းလန်သည် ယဉ်ကျေးစွာဖြင့်နှုတ်ဆက်လိုက်သည်- "တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည်က ကျန်းလန်ပါ။"
ယင်းချောင်က သူ့လက်တွင်ပတ်ထားသောနာရီအား ကြည့်လိုက်သည့်အခါ ၁၁ နာရီတိတိဖြစ်နေသည်။ သူ၏စိတ်မရှည်မှုများအနည်းငယ် ပျောက်ကွယ်သွားပြီး ခေါင်းငြှိမ့်၍ပြောလိုက်သည် "ကျွန်တော့်နာမည်က ယင်းချောင်ပါ။ ထိုင်ခုံမှာ ထိုင်ပါဦး။ ကျွန်တော်ဟင်းတွေ အကုန်မှာထားပါတယ်။"
ကျန်းလန်သည် "အိုး" ဟုပြောလိုက်ပြီး သူ၏ဆန့်ကျင်ဘက်ခြမ်း၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ သူ့ကို ကြည့်လိုက်သည်။
ဒါရိုက်တာဟူ သူ့ကိုမလိမ်ခဲ့ပေ ၊ ယင်းချောင်က အမှန်တကယ် ရုပ်ချောသူတစ်ယောက်ဖြစ်၏။ ရုပ်အလွန်ချောသည့် သူ့အစ်ကိုများနဲ့ယှဉ်လျှင်ပင် အချောဆုံးသုံးယောက်ထဲ ဝင်လိမ့်ပေမည်။ မျက်လုံးများက ခပ်သွယ်သွယ် ခပ်ကျဥ်းကျဥ်း၊ နှုတ်ခမ်းများကိုအနည်းငယ်ဖိကိုက်ထားသောကြောင့် ထိုသူက ဆက်ဆံရမလွယ်ကူပုံပေါက်နေသည်။
သို့သော်လည်း ကျန်းလန်က အမြဲ စိတ်ဓာတ်ကောင်းပြီးနူးညံ့သည့်သူဖြစ်သည်၊ အထူးလျှို့ဝှက်ဌာနတွင် ယခုထက် ပိုမိုထူးဆန်းပြီး ဆက်ဆံရခက်သည့်လုပ်ဖော်ကိုင်ဖက်များ ရှိသောကြောင့်ပင်။ ထို့ကြောင့် ထိုသူ၏အေးစက်သည့် မျက်နှာအား ကျန်းလန် လျစ်လျူရှုခဲ့သည်။ ကျန်းလန်က ယင်းချောင်အား စပ်စုရန် ခိုးကြည့်နေသည်။ သူ့ပုံစံက အစာစားရန် စောင့်နေသော လိမ္မာသည့် ကလေးလေးတစ်ယောက်သဖွယ် အစားအသောက်များအား ထိုင်စောင့်နေသည်။
ကျန်းလန် ယင်းချောင်ကို ကြည့်နေသကဲ့သို့ ယင်းချောင်သည်လည်း ကျန်းလန်အား ပွင့်လင်းစွာဖြင့် အကဲခတ်ကြည့်ရှုနေသည်။
သူသည်ဖိအားပေးခံရ၍ ယခုblind date အားတက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဟူချန်းအားကျေးဇူးကြွေးတစ်ခုရှိပြီး ဟူချန်းက သူ့အားအရူးလုပ်၍ စံနမူနာကောင်းအဖြစ် နေပေးရန်တောင်းဆိုခဲ့သည်။ ကျေးဇူးကြွေးပြန်ဆပ်ရန်အတွက် ရွေးချယ်မှုမရှိသဖြင့် လာခဲ့ရခြင်းသာဖြစ်သည်။ သူ ဤချိန်းတွေ့မှုအား အတည်မယူဘဲ ဒီအတိုင်း ချိန်းတွေ့မှုသက်သက်သာဖြစ်သည်ဟု သဘောထားသည်။ဟူချန်း ပို့လိုက်သည့် ကျန်းလန်၏ကိုယ်ရေးအချက်အလက်များကို ဖတ်ရန်ပင် စိတ်မဝင်စားခဲ့ပေ။
သူ့ရှေ့တွင်ထိုင်နေသည့် ကျန်းလန်အား သေချာဂရုတစိုက်ကြည့်နေသည်။ ကျန်းလန်အား ခေါင်းအစ ခြေအဆုံးအထိ သေချာကြည့်လိုက်သည်။ ဆံပင်ပုံစံက ခေါင်းအား လက်နှင့် ပွတ်သပ်လာသယောင်၊ ပုံပင်သွင်းမထားချေ။ ကျန်းလန်သည် အဝါရောင်ဆွယ်တာအား အမဲရောင်အပေါ်ထပ်နှင့် ဝတ်ဆင်ထားသည်။ ထိုအင်္ကျီက ဇိမ်ခံဘရန်းတစ်ခုမှထွက်သည့် အင်္ကျီဖြစ်သော်လည်း မီးပူတစ်ခါမှမတိုက်ထားသောကြောင့် အလွန်တွန့်ကြေနေသည်။ နောက်ကျောတွင် လွယ်ထားသော ကျောပိုးအိတ်ကြောင့် ပြောစရာမလိုအောင်ပင် သူ့ကိုယ်ပေါ်တွင် ကလေးဆန်သောအငွေ့အသက်များရနေသည်။
ယင်းချောင် ကျန်းလန်အားကြည့်ပြီး စိတ်ထဲ၌တွေးမိသည် "သူက အခုမှ လူ့လောကထဲ စလျှောက်တဲ့ကလေးနဲ့တူတယ်။ မိသားစုက နည်းနည်းတော့ ပိုက်ဆံရှိပေမယ့် အမြင်သိပ်မရှိဘူး...ကံကောင်းလို့ သူ့မှာမျက်နှာချောချောလေးရှိနေတာ... ဒါပေမယ့် ကြွားဝါပြီး မောက်မာတဲ့ပုံ မပေါက်နေဘူး။"
ခပ်ပါးပါး ခပ်မို့မို့ နှုတ်ခမ်းလေးများရှိသည့်အတွက်ကြောင့် ကျန်းလန်က လူကောင်းနှင့်တူ၍ စိတ်ချမ်းသာစရာကောင်းသည့် ရုပ်ရည်သွင်ပြင်ရှိသည်။
ယင်းချောင် ယခင်က ဇီဇာကြောင်တတ်သော်လည်း မျက်နှာချင်းဆိုင် ထိုင်နေရချိန်တွင် မြင်နေရသည့် ထိုမျက်နှာလေးကြောင့် စိတ်အနည်းငယ်ရှည်ပေးလိုက်သည်။
စားပွဲထိုးက အမြည်းများနှင့်အဓိကဟင်းပွဲများ တစ်ခုပြီးတစ်ခုယူလာပေးသည်။ယင်းချောင်က စကားများများပြောသည့်သူမဟုတ် ၊ ကျန်းလန်ကလည်း blind date တွင် ဘာပြောရမည်မှန်းမသိသောကြောင့် နှစ်ယောက်သားတိတ်ဆိတ်စွာသာ စားသောက်နေကြသည်။
အနောက်တိုင်းစားသောက်ဆိုင်မှ ဟင်းပွဲများက အရသာအလွန်ကောင်းသည်။ကျန်းလန် အစားကိုသေချာစားနေပြီး ယင်းချောင်က သူ့ကိုအာရုံစိုက်မနေသည့်အခိုက်တွင် သူ့အိတ်ကပ်ထဲရှိ စွမ်းနီအားအမဲသားတုံး အပိုင်းသေးသေးလေးများ ကျွေးနေသည်။ စွမ်းနီက မိသားစုတွင် ရှစ်ယောက်မြောက်သားဖြစ်ပြီး ကျောင်းသု ပြီးလျှင်အငယ်ဆုံးသားဖြစ်သည်။သူ့ကို ရှာဖွေတွေ့ရှိသည့်အချိန်မှစ၍ လူသားအသွင်သို့ ပြန်လည်ပြောင်းခြင်း မပြုနိုင်ဘဲ ဂရုစိုက်ခံရန်လိုအပ်သည့် သားပေါက်ဘဝသို့ ပြန်လည် ရောက်ရှိသွားလေသည်။
သူက ကျန်းလန်အပေါ် တွယ်တက်ရသည်ကိုကြိုက်လေသည်။ကျန်းလန် နဂါးနန်းတော်မှ ထွက်သွားသည့်အခါ သူသည်လည်း ရန်လုပ်၍ ကျန်းလန်နောက်သို့လိုက်ခဲ့သည်။
သူ့အား မှတ်ပုံတင်ရန် အချက်အလက်များဖြည့်ရန်အတွက် နတ်ဆိုးမျိုးနွယ်စီမံရေးဌာနသို့ ကျန်းလန်ခေါ်သွားသည့်အခါ ကျန်းလန်နှင့်မျိုးရိုးနာမည်တူကို သုံး၍ ကျန်းပိုင်ဟု သူ့ကိုယ်သူ နာမည်ပေးလိုက်သည်။
အမဲသားကင်က နူးအိကာ အရည်ရွှမ်းနေသည်။ကျန်းလန် ပါးစပ်အပြည့်တစ်လုတ်စားလိုက်ပြီး နောက်တစ်လုတ်အား စွမ်းနီထံသို့ တစ်လုတ်အပြည့်ကျွေးလိုက်သည်။
ကျန်းလန်သည် ယင်းချောင်သတိမထားမိဟုထင်နေသည်။ သူ့နှုတ်ခမ်းထောင့်များပင် ပျော်ရွှင်သောအခိုက်အတန့်လေးကြောင့် ကွေးတက်အောင်ပြုံးနေမိသည်။
အမှန်တွင် ယင်းချောင်က အရာအားလုံးကိုမြင်တွေ့နေရပြီး နက်မှောင်နေသောမျက်လုံးတစ်စုံဖြင့် သူ့အိတ်ကပ်ထဲကို ကြည့်လိုက်သည်။ အိတ်ကပ်ထဲတွင် ညိုဝါရောင်အမွေး၊ နားရွက်ဝိုင်းလေးများနှင့် မက်မွန်သီးပုံစံ ဝိုင်းစက်နေသည့် ရွှေရောင်မျက်လုံးအိမ်များဖြင့် လက်သီးဆုပ်အရွယ် ခြင်္သေ့ပေါက်လေး တစ်ကောင်ရှိနေသည်။ထိုခြင်္သေ့ပေါက်လေး၏ စားသောက်ပုံက သူ့အား လျှို့ဝှက်စွာကျွေးနေသည့် ကျန်းလန်၏ပုံစံနှင့်တစ်ပုံစံတည်းပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယင်းချောင်တစ်ယောက် "ကျစ်" ဟု စိတ်ထဲ၌ စုတ်သပ်လိုက်မိသည်။ ထို့နောက်တွင် ကျန်းလန်အား ပြန်လည်အကဲခတ်လိုက်သည်။
ဟူချန်းစီစဉ်ပေးသည့် blind date သည် အရမ်းမဆိုးရွားလောက်ဟု အစက သူတွေးခဲ့သည်။ သို့သော် ယခုအခါ တွေးထားသည်များက လုံးဝမှားနေမှန်း သိလိုက်ရသည်။ ကျန်းလန်က ရိုးရိုးသာမန်သာ၊ အားငယ်ဖွယ်ရာ အခြေအနေရှိသည့်နတ်ဆိုးလေးတစ်ယောက်ဖြစ်သည်။blind date တွင် ညီလေးအား အစားအသောက်များကျွေးရန် ခေါ်လာသည်ကိုကြည့်ခြင်းအားဖြင့် စီးပွားရေးအခြေအနေ အရမ်းခက်ခဲနေမည်ဟု တွေးနိုင်သည်။
ကျန်းလန် ဝတ်ထားသည့် တွန့်ကြေနေသောဇိမ်ခံအဝတ်အစားများကိုကြည့်ပြီး ယင်းချောင် ရှားပါးစွာဖြင့် သူအကဲခတ်တာမှားမိပြီဟုတွေးကာ သူ့ကိုယ်သူရယ်လိုက်မိသည်၊ ထိုအရာများက အတုဖြစ်နိုင်ချေများသည်။ ဤကဲ့သို့ပြောရမည်ဆိုလျှင် ကျန်းလန်က အတုများဝယ်ယူဝတ်ဆင်ထားပြီး သူ၏ရုပ်ရည်ချောချောဖြင့် အထက်တန်းစားတစ်ယောက်ကဲ့သို့ ဟန်ဆောင်ထားခြင်းဖြစ်လိမ့်မည်။
မထင်မှတ်ဘဲနှင့် ယင်းချောင်၏ သံမဏိကျောက်တုံးကဲ့သို့မာကြောလှသည့် နှလုံးသားက ထိုနတ်ဆိုးများ၏ ခက်ခဲလှသည့် ဘဝအခြေအနေအား မြင်တွေ့ပြီးနောက်တွင် အနည်းငယ်တုန့်ပြန်လာသည်။
သူ သနားစိတ်အနည်းငယ် ဝင်လာခဲ့သည်။
ကျန်းလန်နှင့်သူ့ညီလေးတို့ နှစ်ယောက်သားက အမဲသားကင်တစ်တုံးအား အတူတူခွဲဝေစားသောက်ပြီးသည်အထိ ယင်းချောင် သူတို့အား သတိမထားမိသည့်နှယ် ဟန်ဆောင်ကာ စောင့်ပေးနေသည်။အကုန်စားသောက်ပြီး၍ စားပွဲထိုး အချိုပွဲယူလာသည့်အခါ ယင်းချောင်က လာရင်းကိစ္စ မပြောမီ လည်ချောင်းရှင်းလိုက်သည်။ သူ၏ မူရင်းအစီအစဉ်က သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ပြော၍ တစ်ဖက်သူအား နောက်ဆုတ်ရန် တိုက်တွန်းဖို့ဖြစ်သည်။ သို့သော် ထိုသနားစရာကောင်းသည့် ညီအစ်ကိုများအားသူတွေ့လိုက်သည့်အခါ သူ့စိတ်အနည်းငယ် ပျော့ပြောင်းသွားရသည်။ နတ်ဆိုးလေး၏ ဂုဏ်သိက္ခာကို မထိခိုက်စေချင်သည့်အတွက် ဖြောင်းဖျ၍နောက်ဆုတ်ရန် နည်းလမ်းပြောင်းလိုက်သည်။
"စားပြီးရင် တစ်ယောက်အကြောင်းတစ်ယောက် ပြောကြရအောင်"
သူ လက်များအား ဆွဲဆန့်လိုက်ပြီး အိန္ဒြေရှိရှိဖြင့် တည့်မတ်စွာထိုင်လိုက်သည်။ ထို့နောက် သူ၏ခြေထောက်ရှည်များအား ကန့်လန့်ဖြတ်ထိုင်လိုက်၍ ကျန်းလန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော်က မြွေမျိုးနွယ်က မိဘမဲ့တစ်ယောက်ပါ။ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေပြီး အိမ်ရောကားရောမရှိဘူး။ တစ်လကို လစာယွမ်သုံးထောင်ပဲရတယ် ပြီးတော့အာမခံငါးခုရှိတယ်၊အိမ်ကတော့ဘဏ်ချေးငွေနဲ့ဝယ်ထားပြီး လစဉ်ပေးရတာတင်အရမ်းဈေးကြီးတယ်၊ မင်းကရော ဘယ်လိုလဲ..."
ယင်းချောင် ကျန်းလန်၏ အံ့အားသင့်နေသော မျက်နှာကိုကြည့်၍ အနည်းငယ်ကျေနပ်မိသည်။ ယခုလိုပြောလိုက်ခြင်းအားဖြင့် နတ်ဆိုးလေး၏ ဂုဏ်သိက္ခာအား မထိခိုက်စေဘဲနှင့် blind date ကိုလည်း ဆက်လုပ်ဖို့ စိတ်ကူးမရှိတော့အောင် လုပ်ပေးနိုင်သည်။ ဤနည်းဖြင့် နားပူနားဆာလုပ်သည့် ဟူချန်းကိုလည်း ကိုင်တွယ်လို့ ရသွားလိမ့်မည်။သူ ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်ပစ်နိုင်လိမ့်မည်။
ကျန်းလန်သည် ယင်းချောင်အား အံ့အားသင့်စွာ ကြည့်နေမိသည်။သူ့စိတ်ထဲတွင် ယင်းချောင်က ဤမျှဆင်းရဲနေသော်လည်း ဈေးကြီးသည့် စားသောက်ဆိုင်သို့လာပုံကိုကြည့်၍ အသုံးအဖြုန်းကြီးသူဖြစ်ရမည်ဟု တွေးလိုက်မိသည်၊ သူတို့ ထိုကဲ့သို့မလုပ်နိုင်ပေ။
မိမိကိုယ်တိုင်အတွက် ရပ်တည်ရာ၌ပင် အနိုင်နိုင်ဖြစ်နေရသည့်အထဲ ယင်းချောင်၏လစာက အလွန်နည်း၍ အသုံးစရိတ်ကား ကြီးနေသည်။ ယွမ် ၂၀,၀၀၀ လစာကပင် သူတို့ကြားရှိ ကွာဟမှုကိုမဖြည့်ပေးနိုင်ချေ။ ကျန်းလန်၏အတွေးများ ချက်ချင်း ပြောင်းလဲသွားရသည်။ သူက လိမ်ညာရာတွင် မကျွမ်းကျင်သော်လည်း ယင်းချောင်၏စကားများကို အနည်းငယ်ယုံကြည်ပြီး လေသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်- "ကျွန်တော်က ဟန်ရန်းလမ်းပေါ်မှာ အချိန်ပိုင်းအလုပ်သမားအနေနဲ့အလုပ်လုပ်ပြီး တစ်ရက်ကို ယွမ် ၈၀ရပါတယ် နောက်ပြီးကျွန်တော့်ကို မှီခိုနေတဲ့ ညီအစ်ကို ၈ ယောက်ရှိပါတယ်"
ယင်းချောင် ကျန်းလန်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ကျန်းလန်က သူ တွေ့ဖူးသမျှထဲတွင် အဆင်းရဲဆုံး နတ်ဆိုးဖြစ်လိမ့်မည်။နေ့စဉ်လုပ်ခ ယွမ်ရှစ်ဆယ်က ညီအစ်ကိုနှစ်ယောက်စားသောက်ရန်ပင် မလုံလောက်ချေ၊ blind dateတွင် သူ့ညီလေးအားခေါ်လာပြီး ခိုးဝှက်၍ အစာကျွေးသည်မှာ မထူးဆန်းတော့ပေ။
အစောပိုင်းက ပြောခဲ့သည့် စကားများကြောင့်သာမဟုတ်လျှင် သူ့ကုမ္မဏီတွင် ရိုးရိုးစာရင်းအနေဖြင့်အလုပ်လုပ်ရန် ခေါ်မိမည်ဖြစ်သည်။ ၎င်းက ယာယီအလုပ်သမားထက် ပို၍ရရှိမည်ဖြစ်သည်။
သို့သော်လည်း သူ ခုနက ပြောခဲ့သောစကားကြောင့်ကိုယ့်ပါးကိုယ် ပြန်ရိုက်သလို အဖြစ်မခံနိုင်ပေ။ထို့ကြောင့် သူသည်ရှက်ရွံ့စွာဖြင့် "ငါ အလုပ်အကိုင်အတည်တကျနဲ့ လူတစ်ယောက်ကိုတွေ့ချင်တယ် မင်း... ငါတို့က မကိုက်ညီဘူးလို့ ထင်တယ်။"
တစ်လကို ယွမ် ၃,၀၀၀ ရသည့် လူတစ်ယောက်က အချိန်ပိုင်းအလုပ်သမား တစ်ယောက်အား မလေးမစားပြောလိမ့်မည်ကို သူမမျှော်လင့်ထားသော်လည်း သူ့ဆန္ဒဖြစ်သည့်အတွက်ကြောင့် သူ့နှုတ်ခမ်းများကိုတင်းတင်းစေ့ပြီး ပြောလိုက်သည်- "ငါတို့ကမသင့်တော်ဘူး"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်- "ဒါဆိုလည်း မေ့လိုက်ကြရအောင်"
သဘောတူညီမှုရပြီးနောက်တွင် သူတို့နှစ်ယောက် ကိုယ့်အိမ်ကို ကိုယ်ပြန်ရန် ပြင်ဆင်လိုက်ကြသည်။ ပိုက်ဆံမရှင်းရသေးမီ မထင်မှတ်ထားစွာဘဲ ယင်းချောင်က ရှေ့သို့တိုးပြီး စားပွဲထိုးအား ကျန်းလန်အတွက် အချိုပွဲထုပ်ပေးရန် ပြောလိုက်သည်။ ကျန်းလန် သူ့အားကျေးဇူးတင်ပြီး အချိုပွဲကို ယူလိုက်သည်။ ထို့နောက် ဘေလ်ကို လှမ်းကြည့်လိုက်၍ အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်- "WeChat အပ်ရအောင် ကျွန်တော် အစားအသောက် ကုန်ကျငွေကို ခင်ဗျားကိုလွှဲပေးပါ့မယ်"
သူ ထိုသို့ပြောလိုက်ချိန်တွင် သူ့မျက်နှာက အေးဆေးတည်ငြိမ်နေသော်လည်း သူ့ရင်ထဲ၌ နာကျင်နေသည်။ အစားအသောက်စရိတ်က သူ့ လစာထုတ်ရက် မရောက်မီ ဆယ်ရက်စာ စားစရိတ်ကို ကုန်စေလိမ့်မည်။သို့သော်လည်း ယင်းချောင်၏ ယွမ် ၃,၀၀၀ လစာအားတွေး၍ ထိုသူအား တစ်ယောက်တည်း ပိုက်ဆံမရှင်းခိုင်းရက်ပေ။
"မဟုတ်တာ" ယင်းချောင် ထိုသို့တွေးမိသော်လည်း သူချက်ချင်းပဲ ဆင်းရဲသည့်ပုံစံမျိုးဟန်ဆောင်ထားသည်ကို သတိရသွား၍ ပြောတော့မည့်စကားလုံးများကို ပြန်မျိုချပြီး တိတ်တဆိတ်ဖြင့် သူတို့၏WeChat ကို အပ်လိုက်ကြသည်။
ကျန်းလန်သည် သူ့အား WeChat တွင်လာအပ်၍ ပိုက်ဆံကို လွှဲပေးလေသည်။ သူ့ကို လက်ပြနှုတ်ဆက်ပြီး ကျောပိုးအိတ်နှင့်အတူ ဓာတ်လှေကားထဲကနေ ဆင်းသွားသည်။
ယင်းချောင်၏WeChatတွင် အသံမြည်လာသည်။ WeChat မျက်နှာပြင်ပေါ်တွင် ကျန်းလန် လွှဲပေးသည့်ပိုက်ဆံနှင့် ချစ်စရာကောင်းသည့် ကြောင်ကလေး၏ခေါင်းပုံတစ်ခုပါသည်။
ယင်းချောင် သူငယ်ချင်းအဖြစ်မှ ဖျက်ပစ်ရန်လုပ်နေစဥ် ခဏရပ်လိုက်ပြီး မိတ်ဆွေစာရင်းထဲသို့ ထည့်လိုက်ကာ အမည်နေရာ၌ ကျန်းလန်ဟုမှတ်လိုက်သည်။ထို့နောက် သူ့ဖုန်းကို သိမ်း၍ ကားပါကင်သို့သွားရန် တစ်ခြားတစ်ဖက်ရှိ ဓါတ်လှေကားကိုစီးလိုက်သည်။
ကျန်းလန် စျေးဝယ်စင်တာမှ ထွက်လာပြီး မြေအောက်ရထားစီးရန် လမ်းကူးလိုက်သည်။ သူ မီးပွိုင့်ကို စောင့်နေစဥ် ငွေမီးခိုးရောင် Aston Martin ကားတစ်စီးက သူ့ရှေ့မှဖြတ်၍ မြန်ဆန်စွာ မောင်းနှင်သွားသည်။ ကားမောင်းသူနေရာတွင်ထိုင်နေသော လူငယ်က ယင်းချောင်နှင့် အတိအကျတူနေသည်။ သူ့မသိစိတ်မှ ထပ်ကြည့်ချင်သော်လည်း ကားက အဝေးသို့မောင်းထွက်သွားပြီပင်။ သူ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ စိတ်ထင်တာဖြစ်မှာပါ ဟု သူ တွေးလိုက်မိသည်။ယင်းချောင်က ဆင်းရဲတယ်လေ... ဘယ်လိုလုပ် ဇိမ်ခံကား မောင်းနိုင်ပါ့မလဲ...
စာရေးသူက တစ်ခုပြောချင်လို့ပါ
ယင်းချောင်: နတ်ဆိုးလေးက အရမ်းသနားစရာကောင်းလိုက်တာ။
ကျန်းလန်: တစ်လကို ယွမ် ၃,၀၀၀ ပဲ ရတဲ့ လူနဲ့ date လုပ်ရရင် အဆင်မပြေဘူး။
ကျန်းလန်: ???