Chapter 2
Viewers 585

အပိုင်း ၂ 

 

 

မြေအောက်ရထားဘူတာရုံသို့ ကျန်းလန်ရောက်သည့်အခါ သူ့ဆဲလ်ဖုန်းမှ အသံမြည်လာသည်။ သူတစ်ချက်ကြည့်လိုက်ချိန်တွင် သူ့အစ်ကိုပီရှီဆီမှ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ တစ်ယောက်တည်းနေထိုင်နိုင်ရန် နဂါးနန်းတော်မှ ထွက်သွားသည်မှာ တစ်နှစ်ပင် ရှိတော့မည်ဖြစ်သည်။ ထိုအချိန်မှစ၍ သူ၏ အကြီးဆုံးအစ်ကိုက သူ့အား ယခုအထိ စိတ်ပူနေဆဲဖြစ်ပြီး သုံးရက်တစ်ခါ ဖုန်းဆက်လေ့ရှိသည်။ 

 

ညီအစ်ကိုနှစ်ယောက် ခဏတာစကားပြောပြီးနောက် မူရင်းအကြောင်းအရာသို့‌ ပြန်လည် ရောက်ရှိသွားလေသည်။ 

 

"ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်နိုင်ပါတယ်" ကျန်းလန် နှုတ်ခမ်းများကို ဆူလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းများကို စိတ်ပျက်လက်ပျက် မဲ့လိုက်မိသည် " ကျွန်တော် တစ်သက်လုံး နဂါးနန်းတော်ထဲမှာ မနေနိုင်ဘူး ...နောက်ပြီး ပိုင်ဇယ် ပြောတယ်လေ ကျွန်တော့်ရဲ့ ကံကြမ္မာ အပြောင်းအလဲက လူသားမျိုးနွယ်ထဲမှာတဲ့..." 

 

ထောင်းထျဲ့သည် န‌ဂါးမင်း၏သားတော်ဖြစ်သော်လည်း‌ ရက်စက်ကြမ်းကြုတ်သည့်သားရဲတစ်ကောင်လည်းဖြစ်သည်။ ရှေးအခါမှစ၍ နဂါးမျိုးနွယ်တို့အား မြင့်မြတ်သည့်သတ္တဝါများဟု သတ်မှတ်ခဲ့ကြသည်။ သို့ရာတွင် ကျန်းလန် အသိစိတ်ရသည့်အချိန်မှစ၍ သူ့ခန္ဓာကိုယ်ထဲ၌ အားပြိုင်နေကြသော အားနှစ်ခုရှိလေသည်။‌ ရှေးအခါတွင် သူ၏ရက်စက်ကြမ်းကြုတ်သည့် သားရဲဗီဇက သူ့အား ထိန်းချုပ်ထားခဲ့သည်။ နဂါးမျိုးနွယ်က သူ့အား ရှာတွေ့သည့်အချိန်မှစ၍ သူ့အစ်ကိုပီရှီက သူ့အား နဂါးနန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။နဂါးနန်းတော်၏ သိမ်‌မွေ့မင်္ဂလာရှိလှ‌သည့်အငွေ့အသက်များကြောင့် သူ့ခန္ဓာကိုယ်တွင် ရှိသည့် ရက်စက်ကြမ်းတမ်းမှုများ လျော့ကျသွားခဲ့ရသည်။ 

 

သူက နဂါးနန်းတော်ထဲတွင် နေထိုင်ရသည့်ဘဝအား ကြိုက်နှစ်သက်သော်လည်း သူ့ကိုယ်ထဲ၌ရှိနေသည့် ထောင်းထျဲ့ဗီဇက သူ့ကိုယ်သူ အန္တရာယ်မရှိသည့်သူတစ်ဦးအဖြစ် မည်သို့ပင် ဖုံးကွယ်နေပါစေ အချိန်တန်သည့်အခါ သူ၏သားရဲစိတ်ကို ထိန်းချုပ်မရဖြစ်ပြီး သူတန်ဖိုးထားသည့် အရာအားလုံးကို  ဖျက်ဆီးပစ်လိမ့်မည်ဟု သူ့ကိုယ်သူ တစ်ချိန်လုံး သတိပေးနေခဲ့သည်။ 

 

ကျန်းလန် ထိုသို့ဖြစ်လာမည်ကို အလွန်‌ကြောက်ရွံ့သည်၊ ထို့ပြင် သူ၏ဗီဇအား ဖိနှိပ်ရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ သို့သော် ယခုနှစ်များတွင်သူ၏ဆာလောင်မှုအားက ပို၍ပြင်းထန်လာခဲ့ပြီး ဖိနှိပ်ရန်လည်း အလွန်ခက်ခဲလာခဲ့သည်။ သူ့ခေါင်းထဲ၌ အရာရာကိုဖျက်စီးပစ်လိုက်ရန် မြူစွယ်နေသည့် အသံတစ်သံ ရှိနေသယောင်။ သူ့အစ်ကို အိမ်သို့စ‌ခေါ်လာသည့်အချိန်တွင် ပိုင်ဇယ်အား တွေ့ရန်ခေါ်သွားခဲ့သည်။ ထိုအချိန်က ပိုင်ဇယ်သည် သူ့အား ပြောခဲ့သည်တို့ကို သူ အမြဲတမ်းမှတ်မိနေခဲ့သည်။ "မင်း မမေ့ရမှာက ထောင်းထျဲ့တွေက ဗီဇအရ လောဘကြီးတယ် ၊ ဒါပေမဲ့ မင်းက ထောင်းထျဲ့မဟုတ်ဘူး ၊  အဲ့တာရဲ့ အရူးလုပ်တာမခံနဲ့ မင်းကမင်းပဲ" 

 

ကျန်းလန် ထိုစကားကြောင့် မှင်သက်သွားခဲ့သော်လည်း ပိုင်ဇယ်က ထိုထက် ပိုပြောရန် ငြင်းဆန်ခဲ့သည်။ ထိုအချိန်မှစ၍ သူ့ကိုယ်သူ ကျန်းလန်ဟုအမည်ပေးခဲ့ပြီး အမြဲတမ်းမိမိကိုယ်ကိုနိုးနိုးကြားကြား‌နေခဲ့သည်။ 

 

လွန်ခဲ့သည့်တစ်နှစ်မတိုင်မီတွင် သူ၏ဆာလောင်မှုက ထိန်းချုပ်ရန် ပို၍ခက်ခဲလာသောကြောင့် ပိုင်ဇယ်ဆီသို့ နောက်တစ်ကြိမ်သွားရောက်ခဲ့သည်။  

 

ထိုအချိန်တွင် အရာအားလုံးကို သိမြင်နိုင်သည့် ပိုင်ဇယ်က အနည်းငယ်အိုမင်းလာပြီး စိတ်ရှုပ်ထွေးမှုများလာကာ တည်ကြည်မှု နည်းပါးလာခဲ့သည်။ 

 

သူ ကျန်းလန်အား တွေ့သည့်အခါ "မင်းရဲ့ ကံကြမ္မာအ‌ပြောင်းအလဲက လူသားမျိုးနွယ်တွေနဲ့ တွေ့ရင်ဖြစ်လိမ့်မယ်။"  

 

ထို့ကြောင့် ကျန်းလန်သည် သူ့စိတ်ကို ပြင်ဆင်ကာ နဂါးနန်းတော်မှထွက်ခွာခဲ့ပြီး လူ့လောက၌ တစ်ယောက်တည်း ရုန်းကန်ခဲ့သည်။ အကြောင်းမှာ သူသည် ရှေးခေတ်က ရာဇဝတ်သားများပင် နာမည်ကြားရုံဖြင့် ဖြူဖတ်ဖြူရော် ဖြစ်ရလောက်အောင် ‌ကြောက်ရွံ့ကြသည့် အစားစားချင်စိတ် အလွန်ကြီးမား‌သည့် မကောင်းဆိုးဝါးကြီး မဟုတ်ဘဲ ကျန်းလန်သာ ဖြစ်ချင်သောကြောင့်ပင်။ 

 

 

သူ ပိုင်ဇယ်အား စကားပြောပြီးနောက်တွင် ပီရှီသည်သူ့အား အိမ်ပြန်လာရန် ဖြောင်းဖျနေခြင်းမှ ရပ်တန့်လိုက်သည်။ ဖုန်းတစ်ဖက်၌ ပီရှီ၏သက်ပြင်းချသံကို ကြားလိုက်ရသည်။ ထို့နောက် ပီရှီက မေးလာသည် "ငါ ဟူချန်းဆီကကြားတာ ညီလေး‌ နောက်ထပ် အချိန်ပိုင်းအလုပ် တစ်ခု ရှာဖို့လုပ်နေတယ်ဆို" 

 

 

ထိုပြောသံကို ကြားရာ နောက်ဆုံး၌ ကျန်းလန်ပျော်ရွှင်သွားခဲ့သည်။ သူ ဖုံးကွယ်ရန် ကြိုးစားသော်လည်း သူ့နှုတ်ခမ်းထောင့်များက ကွေးတက်လာ၍ အနည်းငယ် ဂုဏ်ယူမိနေသည်။ 

"ကျွန်တော် ရှာတွေ့ပြီ ဟန်ရန်းအစိုးရ ဌာနရုံးခွဲမှာ ကျွန်တော် လျှောက်ပြီးပြီ ၊ မေလတစ်ရက်နေ့ကစပြီး စလုပ်လို့ရပြီ။" 

 

လူသားများကလည်း တစ်သုတ်ပြီးတစ်သုတ် ထိုရုံးခွဲဌာနကဲ့သို့ သေးငယ်၍ မထင်ရှားသည့် နေရာများတွင် အလုပ်လုပ်ရန်တန်းစီကြသည်။ အလုပ်စာမေးပွဲများဖြေရာ၌  လူသားများသာမက နတ်ဆိုးမျိုးနွယ်များနှင့် ဘုန်းတော်ကြီးများပင် ပါဝင်ကြသည်။ ကျန်းလန်၏အကြံက သူအလုပ်လုပ်နေသည့် လျှို့ဝှက်ဝန်ဆောင်မှု လုပ်ငန်းသည် ဝင်ငွေမတည်မြဲသည့်အတွက် သူ သာမန်လူတန်းစားများထံ၌ အလုပ်ရှာ‌ဖွေရခြင်းပင်။များသောအားဖြင့်၌ ပြဿနာရှာသောသူများက နတ်ဆိုးငယ်လေးများနှင့် သရဲများသာဖြစ်သော်လည်း အလုပ်၌ရရှိသည့်အပိုဆု‌ကြေးပါ ထပ်‌ပေါင်း၍တွက်နိုင်ပြီး သူ၏လုပ်ဆောင်မှုစွမ်းရည်နှင့် အပိုဆုကြေးရရှိမည်ဖြစ်သည်။ 

 

 

အနာဂါတ်တွင်စတင်‌မည့် သူ၏ဘဝသစ်‌အား တွေးမိသည့်အခါ ကျန်းလန်၏မျက်လုံးများက တောက်ပ၍ ပြုံးနေမိသည်။ 

 

 

သူ့အိပ်ကပ်ထဲ ဝင်နေသည့် စွမ်းနီ၏ စုပ်ဖွားခေါင်းလေးတစ်ဝက်က အိပ်ကပ်ထဲမှထွက်လာ၍ သံယောင်လိုက်ကာ ပြောလိုက်သည်။ 

"ပဉ္စမအစ်ကိုက အရမ်းကိုသန်မာတာပဲ။" 

 

 

ကျန်းလန် အနီးနားသို့ကြည့်လိုက်ပြီး ဦး‌ဆောင်ရသည်ကို ကြိုက်နှစ်သက်သည့် သူ့ညီလေးအား အိပ်ကပ်ထဲသို့ မြန်ဆန်စွာဖြင့် ပြန်ထည့်လိုက်သည်။ ဖုန်းတစ်ဖက်မှ ပီရှီ၏ လေယူလေသိမ်းက အနည်းငယ်ပျော့ပျောင်းလာ၍ "ညီလေး သွားချင်သပါ့ဆိုလည်း သွားသာသွား ၊ မကြာခင်ပူလာတော့မှာမို့ အစ်ကို အန်ကယ်ကွေးကနေတစ်ဆင့် ညီလေးနဲ့ရှောင်းနီအတွက် ဝယ်ထားတဲ့ နွေရာသီဝတ်စုံတွေ ပို့ပေးလိုက်မယ်။" 

 

 

ဒီတစ်ကြိမ်တွင်ကျန်းလန်မငြင်းဆန်တော့ပေ။ ‌"အင်း"ဟုပြောလိုက်ပြီးဖုန်းချခဲ့သည်။ 

 

 

ကျန်းလန်သည် ဟန်ရန်းစီရင်စုရှိ ကျားဟယ်ကျွင်းယွမ်ဒေသတွင် နေထိုင်သည်။ထိုဒေသက အထိုင်ကြ‌ပြီးဖြစ်သည့် လူ့အဖွဲ့အစည်းနေရာဖြစ်၍ ပတ်ဝန်းကျင်မှာလည်း အလွန်ကောင်းသည်။ နေထိုင်သူအများစုက ပြည်တွင်းမှသူများဖြစ်၍ ကြင်နာတတ်ကြသည်။ ကျန်းလန် မြင်မြင်ချင်း ဤနေရာလေးကို နှစ်သက်မိသွား၍ အလုပ်မှ အပိုဆုကြေးများဖြင့် အိမ်လေးတစ်အိမ်အား ဝယ်ယူခဲ့သည်။ 

 

 

ယခု ပြန်ကြည့်လိုက်လျှင် သူ့ရွေးချယ်မှုက အလွန်မှန်ကန်ကြောင်း သိသာသည်။ သူ့နေရာ၌ တစ်ခြားလူတစ်‌ယောက် သို့မဟုတ် တစ်ခြားနတ်ဆိုးငယ်များသာဖြစ်လျှင် ကိုယ်ပိုင်အိမ်များနှင့်အလုပ်အကိုင်အတည်တကျရှိခြင်းက အလွန်ကောင်းမွန်သည့်ဘဝဟု ယူဆလို့ရလေသည်။ကျန်းလန်က သူ့လက်ရှိအခြေအနေနှင့် ပတ်သတ်၍ အလွန်ကျေနပ်ပြီး ရောင့်ရဲလျက်ရှိသည်။ သူ့ဗိုက်ကသာ အမြဲတမ်းဆာ‌လောင်မနေလျှင် ပို၍ကောင်းပေလိမ့်မည်။ 

 

 

ကျန်းလန် အိမ်ပြန်ရောက်သည့်အခါ သူ၏အိပ်ကပ်ထဲမှစွမ်းနီက ကျန်းလန်၏ ပုခုံး‌ပေါ်တွင်ထိုင်ရန် ကုပ်တက်လာကာ သူ့အမွှေးပွားခေါင်းလေးဖြင့် ကျန်းလန်၏မျက်နှာအား ပွတ်တိုက်ပြီး ပြောလေသည်။ "ပဉ္စမအစ်ကို ကျွန်တော်ဗိုက်ဆာနေပြီ။" 

 

ခုနကမှ စားခဲ့သည့် အမဲသားကင်သည် သူ့အား ဗိုက်ပြည့်အောင်မလုပ်နိုင်ပေ။ 

"ဒီကိတ်ကလေး အရင်စားနှင့်လိုက်" 

 

 

ကျန်းလန် သူ့အားကိတ်မုန့်ထုပ်ကလေး ပေး၍ ပြောလိုက်သည်။ ထို့နောက် သူ စားရန် တစ်ခုခု သွားရှာလေသည်။ လူသားအစားအစာများက အရသာရှိသော်လည်း သူ့အတွက်မူ ၎င်းတို့က အရသာခံရန်သာရှိမည်။ သူတကယ်ဗိုက်ပြည့်ချင်လျှင် အရှိန်အဝါပါသည့်ဟာ စားမှ ဗိုက်ပြည့်မည်ဖြစ်သည်။ ကျန်းလန် အချိန်အတော်ကြာ လှန်လျှောရှာဖွေပြီးနောက် နောက်ဆုံးကျန်သည့် ကျောက်စိမ်းအပိုင်းစငါးခုကို ရှာတွေ့လေသည်။ ထိုကျောက်စိမ်းများက သူ ယခင်က ဈေးကြီးစွာဖြင့် ဝယ်ထားခဲ့သည်။ သူ တွက်ချက်၍ ကျောက်စိမ်းများကို တစ်ဝက်စီခွဲလိုက်ရာ ဆယ်ပိုင်းရလေသည်။‌ တစ်ရက်တစ်ပိုင်းစားခြင်းဖြင့် သူဆယ်ရက်စာ စားသုံးရန် လုံလောက်စေလိမ့်မည်။ ၎င်းက လစာမထုတ်မီအထိ လုံလောက်မည်ဖြစ်သည်။ သူသည် ရေခဲသေတ္တာထဲရှိ အစားအသောက်များကို တစ်ချက် ကြည့်လိုက်သည်။‌ရေခဲ‌သေတ္တာထဲတွင် အေးခဲနေသည့် ပေါက်စီများနှင့် ထမင်းလုံးများရှိနေသည်။ 

 

 

ကျန်ရှိနေသေးသည့် ကျောက်စိမ်းကိုးပိုင်းအားဂရုတစိုက်သိမ်းဆည်းလိုက်ပြီး သူ ထိုင်ခုံ၌ ပြန်ထိုင်လိုက်သည်။ ထို့နောက် စွမ်းနီ၏ခေါင်းကလေးကို ပုတ်ကာ မေးလိုက်သည်။ "အမဲသားဖက်ထုပ်စားချင်တာလား ဒါမှမဟုတ် ဝက်သားနဲ့ဂေါ်ဖီဖက်ထုပ်လား..." 

 

 

စွမ်းနီက ခေါင်းခါ၍အလေးအနက်စဉ်းစားကာပြောလာသည်။"ကျွန်တော် အသား အစာသွပ်‌တွေ စားရတာ ငြီးငွေ့နေပြီ ၊ ဒီနေ့ သတ်သတ်လွတ် စားရအောင် ၊ အာလူးအစာသွတ် စားရအောင် အစ်ကိုကြီး" 

 

 

ကျန်းလန် ထ၍ စွမ်းနီအတွက် ချက်ပြုတ်ပေးတော့သည်။ စွမ်းနီက ကိတ်မုန့်အား တစ်ဝက်သာစားကာ ကျန်းလန် ဖက်ထုပ်များ ချက်ပြုတ်ပြီး၍ သယ်လာသောအခါ ကျန်းလန်အား‌ ကျန်သည့်ကိတ်မုန့်တစ်ဝက် ကျွေးလေသည်။ ကျန်းလန်က သူ့ညီလေး၏ပါးကို ဆွဲညှစ်၍ ပြောလိုက်သည် :  "ညီလေးသာစားပါ အစ်ကိုက ဒါတွေ အကုန်လုံးစားလည်း မဝဘူး။" 

 

 

စွမ်းနီက ပါးများဆွဲဆိတ်ခံလိုက်ရသောကြောင့် အနည်းငယ် မပီကလာဖြင့် ကလေးဆန်ဆန် စကား ပြောလိုက်သည်။ "အစ်ကိုကအရမ်းဆိုးတာပဲ။" 

 

 

ကျန်းလန် သူနှင့် အငြင်းမပွားတော့‌ဘဲ သူ့ပါးစပ်ထဲသို့ တစ်လုတ်အပြည့်စားလိုက်ပြီး ကျန်သည်ကို စွမ်းနီကို အကုန် ကျွေးလိုက်သည်။ 

 

 

စွမ်းနီ၏ပါးစပ်က ပြည့်ဖောင်းနေပြီး ရွှေရောင်မျက်လုံး ဝိုင်းဝိုင်း‌လေးနှစ်စုံက ကျန်းလန်ကို မကျေနပ်စွာ ကြည့်လိုက်သည်။ 

 

 

ကျန်းလန် ပြုံး‌၍ သူ့အားပွတ်ကာ ဖက်ထုပ်များ ပူနေတုန်း မြန်မြန်စားရန် တိုက်တွန်းလိုက်သည်။ထို့နောက်ကျန်းလန်က ဆို‌ဖာ‌ပေါ်တွင် လှဲကာ ဖုန်းကို ကစားနေသည်။ 

 

 

သူဖုန်းကိုင်လိုက်သည်နှင် ဒါရိုက်တာဟူချန်းမှ ဖုန်းခေါ်လာသည်။ ကျန်းလန်က ဖုန်း‌အဝင်အား အပြုံးလေးဖြင့် ကိုင်ရန် အချိန်ယူလိုက်သည်။ ဒါရိုက်တာဟူက သူ့အားချိန်းတွေ့မှုအကြောင်း မေးရန် ဖုန်းဆက်လာခဲ့ခြင်းပင်။ ယင်းချောင်ကို ကောင်းကင်နှင့်မြေကြီးတွင်ရှိသည့်မည်သည့်အရာကမှနှိုင်းယှဉ်၍မရနိုင်ဟု သူ ပြောခဲ့ဖူးသည်။

 

ယင်းချောင်က အခုလက်ရှိတွင် လစာ ယွမ်သုံးထောင်သာ ရပြီး လက်ဖွာသူ တစ်ယောက်ဖြစ်ကြောင်း ပြန်မပြောနိုင်ပေ။

 

 

ထို့ကြောင့် သူ ဒါရိုက်တာဟူ၏ စကားများအတိုင်း ယင်းချောင်အား ချီးမြှောက်ရုံသာ တတ်နိုင်သည်။ ထို့နောက်  "ယင်းချောင်က ကျွန်‌တော်တို့ နှစ်‌ယောက် မလိုက်ဖက်ဘူးလို့ ထင်နေတယ်" ဟု‌ပြောလိုက်လေသည်။ 

 

 

"ဘယ်လိုလုပ်ပြီးမလိုက်ဖက်ရမှာလဲ" ဒါရိုက်တာဟူက ဖုန်းထဲ၌ ရေရွတ်လိုက်သည်။"ငါ ယွဲ့လောင်ကိုအကူအညီ‌တောင်းပြီး မင်းရဲ့ကံကြမ္မာကို ဖတ်ခိုင်းလိုက်တာ၊ မင်းတို့နှစ်‌ယောက်က လက်ထပ်ရမယ့်ကံပါနေတယ်လို့ သူပြောတယ်..."

 

 

ကျန်းလန်: "........."

ယွဲ့လောင်က လူသားတွေရဲ့ လက်ထပ်ထိမ်းမြားမှုကိုပဲ စိတ်ဝင်စားတာ မဟုတ်ဘူးလား... ယွဲ့လောင်က သူ့ကို မေးတဲ့ နတ်ဆိုးကြီးတွေရဲ့ လက်ထပ်ရမယ့်ကံကို ဟောပေးတယ်လို့ တစ်ခါမှ မကြားခဲ့ဖူးဘူး...

 

 

သို့သော်လည်း သူ ပြန်လည်ချေပပြောဆိုနိုင်ခြင်းမရှိသည့်အတွက် ဟမ်-ဟမ် ဟူ၍သာ သံယောင်လိုက်ပြီး ဖုန်းတစ်ဖက်ခြမ်းမှ ဒါရိုက်တာဟူ၏ ရှည်လျားလှသည့် စကားအား နားထောင်နေခဲ့ရသည်။

ဒါရိုက်တာဟူက ဖုန်းပေါ်တွင် စကား‌များပြောပြီးနောက် အဖြေရှာတွေ့သွားသည့်အတိုင်း နောက်ဆုံးအနေဖြင့် စကားပြောလာခဲ့သည်။

 

 

"ဒါက နတ်ဆိုးတွေရဲ့အနာဂါတ်အတွက်... ပြီးတော့ ဒီဟာက အစကောင်းမှရမယ်၊ ငါ ယင်းချောင်ကို အရင်ဆုံး ပြောကြည့်မယ်၊ တကယ် မလိုက်ဖက်ဘူးဆိုရင်တော့ မင်းတို့နှစ်ယောက် ခဏလောက်သရုပ်ဆောင်ပေးပေါ့၊ ငါတို့ အလုပ်တွေ ချောချောမွေ့မွေ့ အဆင်ပြေသွားတာနဲ့ မင်း ကြိုက်တာ လုပ်လို့ရပြီ..."

 

 

ကျန်းလန် အစက ငြင်းချင်သော်‌လည်း ထိုသူ ထပ်ပြောသည်အား ကြားလိုက်ရသည်။

"ဒါပေါ့ အလကားတော့ မဟုတ်ဘူး ကျန်နေသေးတဲ့ အပိုဆုကြေး ယွမ်တစ်သောင်းကို ငါအခု ပို့ပေးလိုက်မယ်"

"....." ငြင်းဆန်တော့မည့်စကားက သူ့ပါးစပ်ဝသို့ပင် ရောက်နေသော်လည်း ပြန်လည်မျိုချလိုက်ရသည်။ထို့နောက် "ဟုတ်ပြီ" ဟုသာ ကျန်းလန်ပြန်ပြောလိုက်ရသည်။

 

 

ဒါရိုက်တာဟူက စိတ်ကျေနပ်စွာဖြင့် ဖုန်းချလိုက်သည်။ မိနစ်အနည်းငယ်‌ ကြာပြီးနောက်တွင် ကျန်းလန်သည် Wechatမှ ငွေဝင်စာ အသိပေးကြောင်း လက်ခံရရှိလိုက်သည်။

 

 

ကျန်းလန် သူ့အား စပ်စု၍ကြည့်‌နေသော သူ့ညီလေးအား ကြည့်လိုက်ပြီးနောက် ခေါင်းလေးအား‌ ပျော်ရွှင်စွာပုတ်ပြီး ပြောလိုက်သည်။ " မနက်ဖြန် ဝက်ခြေထောက်ကင်စားဖို့ ညီလေးကို ခေါ်သွားမယ်။" စွမ်းနီ၏မျက်လုံးများက ဝင်းလက်သွားပြီး ပျော်ရွှင်စွာဖြင့် သူ့ပေါင်ပေါ်သို့ခုန်တက်ကာ လူးလိမ့်နေလေသည်။

 

ယင်းချောင်၏စာများ သူ့ထံ‌ရောက်လာ၍  ဒါရိုက်တာဟူ ထိုသူ့အားမည်ကဲ့သို့ ဆွဲဆောင်ထားသည်ကို ကျန်းလန်မသိပေ။ ယင်းချောင်ကWeChatမှ စာတစ်စောင်ပို့လာသည်။ "ဟူချန်း မင်းကို ပြောပြီးပြီလား၊ ငါတို့ အရင်ဆုံး ဆွေးနွေးပြီးမှ သူ့ကို ပြန်‌ပြောမလား?" 

ဒါရိုက်တာဟူအား နာမည်ဖြင့်တိုက်ရိုက်ခေါ်ပြီး နာမည်နောက်၌ မျက်မှောင်ကြုတ်၍ စိတ်မရှည်သည့်အီမိုဂျီပါ တွဲပါနေသည် ။ ယခုအချိန်တွင် အရာအားလုံးက စိတ်ရှုပ်စရာဟု သူ တွေးကောင်းတွေးနေလောက်သည်။ 

 

သူ့ Wechat profile က ရွှေရောင်အ‌ကြေးခွံများနှင့် အညို‌ရောင်အမြှီး‌ရှိသည့် ရွှေရောင်နဂါး၏ အမြှီးဖြစ်သည်။ကျန်းလန်က ထိုရုပ်ပုံအား တစ်ချက် ဖွင့်ကြည့်လိုက်သည် ။  မြွေမျိုးနွယ်မှသူများက နဂါးမျိုးနွယ်ဖြစ်ရန်လိုလားကြသည်ဟု သူ့စိတ်ထဲ ရေရွတ်လိုက်သည်။ သို့သော် "ဟုတ်ပြီ" ဟုသာ သူ စာပြန်လိုက်သည်။ 

 

မည်သို့ပင်ဖြစ်စေ ထိုသည်မှာ သရုပ်ဆောင်သည်သာဖြစ်၍ သူ အရှုံးမရှိပေ။ တစ်ခြားတစ်ဖက်၌ ယင်းချောင်က "အင်း"ဟု စာပြန်လိုက်၍ သူနေထိုင်သည့်‌နေရာအား မေးပြီးနောက် မနက်ဖြန်တွင်အား‌မအား မေးလေသည်။ ထိုမှသာ သူတို့‌ နောက်တစ်ခါ ထပ်တွေ့နိုင်မည်ဖြစ်သည်။ 

 

ကျန်းလန် ထိုသူ့ကို လိပ်စာပို့လိုက်သည်။ ကျန်းလန် ပို့လိုက်သည့် နေရပ်လိပ်စာအား ကြည့်လိုက်သည့်အခါ ယင်းချောင်၏ ထူ၍နက်‌မှောင်‌သော မျက်ခုံးများ အနည်းငယ်ကြုံ့သွားရသည်။ 

 

ကျန်းလန်သည် ရှေးကျပြီး ဝေးလံခေါင်ဖျားသည့်နေရာ၌ နေသောကြောင့် ယင်းနတ်ဆိုးလေးက အလွန်ဆင်းရဲသည့်အတွက် အိမ်ပင် ငှားနေခြင်းဖြစ်ရမည် ဟု ယင်းချောင် တွေးလိုက်သည်။ 

 

အကြေးခွံများအား ထိန်းသိမ်းပြုပြင်နေသည့် ချန်ဟွားက သူ့အား စနောက်၍‌ ပြောလိုက်သည်။"ဟူချန်းက မင်းကို ဒုက္ခ ထပ်ပေးဦးမလို့လား။" 

 

ဟူချန်းက ချင်းချုံ၌ နောက်ဆုံးကျန်သည့် အမှီးကိုးချောင်း မြေခွေးဖြစ်သည်။ နတ်ဆိုးများကြား၌ အတိုးနှုန်းများသည့် လုပ်ငန်းနှင့် အတိုးနှုန်းမများသည့်လုပ်ငန်းများရှိသည်။ မြေခွေးမိသားစုသည် အမြတ်များစွာ ရရှိအောင်ပြုလုပ်ခြင်း၌ တော်လေသည်။ ဟူချန်းက နတ်ဆိုးစီမံခန့်ခွဲရေးဌာန၏ ဒါရိုက်တာ ရာထူးအား ယူပြီးသည့်အချိန်မှစ၍ သူက နတ်ဆိုးမျိုးနွယ် ပြန်လည်ထူထောင်ရေးအား အသက်ကြီးပိုင်း လူတစ်‌ယောက်၏စိတ်ရင်း‌စေတနာများနှင့် အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါ ကြိုးစားခဲ့သည်။ 

 

 

ထိုကြောင့်လည်း အချိန်ကြာလာသည်နှင့်အမျှ သူက ထူးခြားဆန်းပြားသည့် အချို့‌အယူအဆများနှင့်လုပ်ဆောင်လာသည်။ 

 

 

တစ်ခါက သူသည် လူသားများ၏တွေ့ဆုံပွဲများ၌ ပါဝင်တက်ရောက်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်များ ကျရှုံးရခြင်း အကြောင်းမှာ အရေအတွက် နည်းပါးသည့်အတွက်ဟု ယူဆခဲ့သည်။ လူသားများအား ကြည့်လိုက်လျှင် သူတို့၏ သက်တမ်းသည်တိုပြီး စွမ်းအားများမရှိဘဲ မကျင့်ကြံတတ်သော်လည်း သူတို့က အရေအတွက် အလွန်များ၏။ အချိန်နှင့်အမျှ ထိုပညာဗဟုသုတများက မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းလာ၍ ယခုအခါဆိုလျှင် အားအနည်းဆုံးမျိုးနွယ်ဖြစ်သည့် လူသားတို့က နတ်ဘုရားများနှင့်သရဲတစ္ဆေများကိုပင် မကြောက်တော့ဘဲ သန်မာလာကြသည်။ 

 

 

ဟူချန်း မနာလိုအားကျပြီးနောက် လူသားမျိုးနွယ်ထံမှ တစ်ခုနှစ်ခု သင်ယူရန် ဆုံးဖြတ်လိုက်‌သည်။ ထို့ကြောင့် ထိုရူးကြောင်နိုင်သည့် "နတ်ဆိုးများသည် တစ်ကိုယ်တည်းသမားဖြစ်ခွင့်မရှိ။" ဟူသော ဥပဒေကို ထုတ်ပြန်ခဲ့သည်။ 

 

ချန်ဟွား: "‌ဆိုလိုတာက ထိုင်ဖန်းက သူ့ကိုကျင့်သားရနေပြီပေါ့။" ကျိရှန်းထိုင်ဖန်းနှင့် ချင်းချုံ အ‌မြှီးကိုးချောင်း မြေခွေးက ယင်နှင့်ယန်ကဲ့သို့ အလွန်လိုက်ဖက်ညီသည့် စုံတွဲဖြစ်သည်။ ယခု ထိုင်ဖန်းက ကျန်းချန်နတ်ဆိုးစီမံရေးဌာန၏ဒါရိုက်တာဖြစ်သည်။ 

 

 

ယင်းချောင် အေးစက်စွာနှာမှုတ်လိုက်သည်။ ထိန်းသိမ်းမှုပြီးသည့်အခါ အလွန်ရွှေရောင်ဝင်းလက်တောက်ပနေသည့် အမြှီးအားခါ၍ ပြောလိုက်သည်။"ငါ သူ့ကို ကျေးဇူးကြွေးတစ်ခု တင်ထားတာမလို့ ပြန်ဆပ်လိုက်တာ ကောင်းပါတယ် ။ နောက်တစ်ခါကျရင် ငါသူ့ကို ဘာမှ စိတ်ပူစရာမလိုပဲ အနိုင်ယူလို့ရတာပေါ့။" 

 

 

ချန်ဟွားက နှစ်ထောင်းအားရ ရယ်နေမိသည် :  "မင်းကို ကြိုးကိုင် ချယ်လှယ်တာတွေများလွန်းနေပြီ ။ မကြာခင် ဒါမှမဟုတ်လည်း နောက်ကျ သူပြန်အလုပ်ခံရတော့မှာပေါ့..." 

 

 

ရယ်ပြီးသည့်နောက်တွင် သူ အတင်းစပြောလာသည်။ "မင်း တကယ်blind dateသွားတွေ့ခဲ့တာလား ဘယ်သူနဲ့လဲ။" 

ယင်းချောင်က ဖုန်းကိုချလိုက်ကာ ကြည့်၍ ပြောလာသည်။ "အဲ့တာကခြင်္သေ့မျိုးနွယ်ကနတ်ဆိုးအသေးစားလေးပါ။" 

"ခြင်္သေ့မျိုးနွယ်ကနတ်ဆိုးအသေးစားလေးတစ်ကောင်?" ချန်ဟွားက အံ့ဩသွားပုံပေါက်သည်။ သူသည် ဟူချန်း မိတ်ဆက်ပေးသည့် တစ်ယောက်က အနည်းဆုံး ယင်းလုန်(ယင်းချောင်၏နဂါးမျိုးနွယ်)အား ထိုက်တန်သည့် သူဟုပင် ထင်ခဲ့သည်။ ပုံမှန်နတ်ဆိုးလေးအား ရှာ၍ တွဲပေးလိုက်ခြင်းက အလွန်အကျင့်မကောင်းဘူးဟု သူထင်မိသည်။ ယင်းလုန် သူ့အား ဆော်ချင်နေသည်မှာ မထူးဆန်းတော့ ၊ထိုသည်မှာ တကယ် မတရားပေ။ 

 

 

ကျန်းလန် သူ့ညီငယ်လေးအား ခိုးဝှက်စွာဖြင့် အမဲသားကင်ကျွေးနေသည်အား ယင်းချောင်းပြန်လည်တွေးမိသဖြင့် မျက်မှောင်ကြုတ်နေခြင်း အနည်းငယ် လျော့သွားကာ ပေါ့ပါးစွာပြောလိုက်လေသည်။

 

"ငါတစ်ခြားလုပ်စရာရှိသေးတာမလို့ နောက်နေ့မှအဲ့‌အကြောင်းပြောကြတာပေါ့။" ထိုသို့ပြောပြီးနောက် သူ ကားသော့များကိုယူ၍ ထွက်သွားသည်။ချန်ဟွားက သူ့နောက်ကျောကိုကြည့်၍ ဘယ်လိုဖြစ်လို့ သူ စိတ်ကောင်းဝင်နေပုံပေါက်နေတာပါလိမ့် ဟူ၍ တစ်ကိုယ်တည်း တီးတိုးပြောနေမိသည်။ 

 

 

ကျန်းလန်နှင့်ယင်းချောင်က နောက်‌တစ်နေ့၌ ချိန်းတွေ့ရန် စီစဥ်ထားကြသည်။ ယခုတစ်ခါတွင် တွေ့မည့်နေရာအား ကျန်းလန်ရွေးမည်ဖြစ်၍ အရင်တစ်ခေါက်၌ တွေ့ခဲ့သည့် ဈေးကြီးသည့် အနောက်တိုင်းစားသောက်ဆိုင်သို့ မသွားတော့ပေ။ ယင်းချောင်က နောက်ဆုံးတစ်ခေါက်၌ သူတို့နှစ်ယောက် ဘေအား တစ်ယောက်တစ်ဝက်ဆီ ခွဲရှင်းလိုက်ခြင်းအား တွေးမိသည်။ အဲ့နတ်ဆိုးလေးက စိတ်ညစ်ကောင်းစိတ်ညစ်နေမှာပဲ...။ 

 

 

ကျန်းလန်က စားသောက်ဆိုင်အသေးများအား မရွေးသည်မှာ အလွန်ရှားပေသည်။ ထို့ကြောင့် သူက ကျန်းလန်းသဘောသာ လုပ်ခိုင်းလိုက်သည်။ သူတို့နှစ်ယောက် ဈေးဝယ်စင်တာ အရှေ့ဘက်တွင် တွေ့ကြရန် ချိန်းဆိုထားခဲ့သည်။ ကျန်းလန်က ဝက်ခြေထောက်ကင်များအကြောင်း စဉ်းစားနေခဲ့ပြီး စွမ်းနီအားအပြင်စောစော‌ ခေါ်သွားခဲ့သည် ။ ယနေ့ကျန်းလန်က လီမွန်ရောင်လည်ဝိုင်းအင်္ကျီလက်တိုနှင့် သနပ်ခါးရောင်ဘောင်းဘီရှည်ဝတ်ဆင်ထား၍ ပုခုံးမှသိုင်းလွယ်ကာ ရင်ဘတ်အားစလွယ်သိုင်းထားသည့် အိတ်တစ်ခု လွယ်ထားသည်။ထို့အိတ်က စွမ်းနီဝင်နေရန်အတွက်ဖြစ်သည်။ 

 

 

အားလပ်ရက်နေ့များဖြစ်‌သောကြောင့် သူ အိမ်မှစောစောထွက်ခဲ့ပြီး အောက်ထပ်သို့ရောက်သည့်အချိန်တွင် အဆောက်အအုံအောက်ရှိ ညောင်ပင်ကြီးအောက်၌ အဘိုးအိုနှစ်ဦး စစ်တုရင်ကစားနေသည်ကို တွေ့လိုက်ရသည်။အသက်ကြီးပိုင်းလူကြီးများက စက်ဝိုင်းကဲ့သို့ ဝိုင်းဝန်းကာ ကြည့်ရှုနေကြသည်။ သစ်ကိုင်ပေါ်၌ချိတ်ထားသည့် ငှက်လှောင်အိမ်တစ်ခုရှိပြီး အမဲရောင်ကြက်တူရွေးလေးက အထဲ၌ ထိုင်နေသည်။သူနှင့်ပတ်ဝန်းကျင်ရှိအိမ်နီးနားချင်းများက ရင်းနှီးကြ၍ သူ ခဏရပ်ကာ နှုတ်ဆက်ရန် သွားခဲ့သည်။ 

 

 

သူ ဖြတ်သွားသည့် အချိန်၌ စစ်တုရင်ဂိမ်းက ပြီးသွားပြီဖြစ်သည်။ စစ်တုရင်ကစား‌နေသည့်အထဲမှ တစ်ယောက်ဖြစ်သော မျက်နှာချင်းဆိုင်၌‌ ထိုင်နေသည့်အန်ကယ်ယောင်က သူ့အားနှုတ်ဆက်လာသည်။ 

"ရှောင်ကျန်းအပြင်သွားမလို့လား။" 

"ကျွန်တော်သူငယ်ချင်းနဲ့ချိန်းထားတာရှိလို့ပါ"ကျန်းလန်က အပြုံးလေးဖြင့် ပြန်ဖြေ၍ မေးလိုက်သည်။ 

 

 

"ဒီကြက်တူရွေးက အိမ်မွေးတိရိစ္ဆာန်အသစ်လား... ကျွန်တော်ဘာလို့အရင်ကမမြင်ဖူးတာပါလိမ့်..." 

အန်ကယ်ယောင် တွေဝေသွားပြီးပြောလိုက်သည်။ "ဒီတစ်ကောင်တည်းမဟုတ်ဘူးလား အဘသူ့ကိုမွေးလာတာ ဆယ်နှစ်ကျော်နေပြီလေ...၊သား သူ့ကိုအရင်ကမမြင်ဖူးဘူးလားရှောင်ကျန်း... သားမျက်လုံးတွေကအနီးမှုန်ရှိတဲ့ အဖိုးထက်တောင် ပိုဆိုးနေတာပဲ။" 

"တကယ်လား..." ကျန်းလန် ရယ်၍လှောင်အိမ်ထဲရှိ‌  ကြက်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်‌နေသည့်အမဲရောင်ကြက်တူရွေးလေးအား ကြည့်လိုက်သည်။ 

 

 

 "ကျွန်တော်အထင် သူထပ်ပြီး ရှေး‌ဟောင်းကဗျာတွေကို ရွတ်နိုင်မယ်မထင်တော့လို့၊ အဲ့‌တာကြောင့်အဘအသစ်မွေးလိုက်တယ်ထင်လို့ပါ။" 

အန်ကယ်ယောင်၏အမဲရောင်ကြက်တူရွေးလေးက ဆယ်နှစ်ကျော်ကြာ မွေးမြူလာသည်ဖြစ်၍အလွန်ညဏ်ကောင်းပြီး အချို့‌သော ရှေးဟောင်းကဗျာများကိုပင် ရွတ်ဆိုနိုင်သည်။ 

 

 

"ရှောင်းဟယ်က ဒီနှစ်ရက်ကစပြီး ‌ရှေးဟောင်းကဗျာ‌တွေ မဆိုတော့ဘူး အဘလဲတွေးနေတာ..." 

အန်ကယ်ယောင်စကားပြောပြီးသည်နှင့် လှောင်အိမ်ထဲမှအမဲရောင် ကြက်တူရွေးလေးက အတောင်ပံများအားဖြန့်၍ သူ့ရင်ဘတ်အားမတ်မတ်ထား၍ ထစ်ထစ်ငေါ့ငေါ့ဖြင့် ကဗျာများရွတ်ဆိုလေတော့သည်။ 

"အိပ်ရာ၊ အိပ်ရာရှေ့၌....တောက်ပ‌သောလရောင်....." 

အန်ကယ်ယောင် အပျော်လွန်သွားပြီး 

"ရှောင်းဟယ်က ဒီကဗျာမရွတ်တာ တော်တော့်ကို ကြာနေပြီ။" ဟုပြောလေသည်။ 

 

 

အမဲရောင်ကြက်တူရွေးလေး၏ရင်ဘတ်က ကဗျာကိုသီဆိုသည်နှင့်အမျှ တစ်ဖြည်းဖြည်းဖြင့်မို့မောက်တက်လာသည်။ကျန်းလန် ဖျက်ကနဲကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ စကားထပ်မပြောတော့ဘဲ  ဦးလေးကြီးများအား နှုတ်ဆက်၍ ထွက်ခွာသွားခဲ့သည်။ 

 

စာရေးသူကပြောစရာရှိပါတယ် 

 

ဒါရိုက်တာဟူ(ရိုသေလေးစားစွာဖြင့်ပြောနေခြင်း):မင်းတို့နှစ်ယောက်ကအတူတူရှိဖို့ကံမပါဘူး ပြီးတော့အကုန်လုံးငါ့ပိုက်ဆံပေါ်မှာပဲမူတည်တာ။ 

 

ယင်းချောင်:??? 

 

Bi Xi 

Suan Ni 

Tao Tie  

ပြောဖို့မေ့သွားလို့ပါ၊တစ်ချို့သောအကောင်တွေကစာရေးသူစိတ်ကြိုက်ဖန်တီးထားတာဖြစ်ပြီး အပြင်မှာရှိတဲ့အကောင်တွေနဲ့မတူလောက်ပါဘူး။