Chapter 22
Viewers 569

အပိုင်း (၂၂)

 

 

 

 

တစ်ခွန်းလျှင် တစ်သန်းစျေးနှင့် စွမ်းနီက ဆယ့်နှစ်ခွန်းအော်ပြသဖြင့် ပြန့်က ဝမ်းသာအားရနှင့် သန်းနှစ်ဆယ်လွဲပေးလာ၏။

 

 

 

ကျန်းလန် ဖုန်းထဲသို့ ငွေလွဲပြေစာနှင့်စာများ  ဆက်တိုက် ဝင်လာနေသည် ။

 

 

 

"နဂါးနန်းတော်က အချောဆုံးလေးပြန့် - မနက်ဖြန် ငွေဝင်လိမ့်မယ်၊ စစ်ဖို့မေ့မနေနဲ့။ ငွေထုတ်ပြီး ဝဝလင်လင်စားကြ။ ပိုက်ဆံမရှိရင်လည်း အစ်ကိုတွေကိုပြော။ အငတ်မခံနေနဲ့။"

 

 

 

"ကျေးဇူးတင်ပါတယ်၊ စတုတ္ထအစ်ကို။"

 

 

 

ကျန်းလန် ယခုတစ်ကြိမ်၌ သူ့အစ်ကိုထံမှ ငွေအား မငြင်းတော့ပါ။ စတုတ္ထအစ်ကို စွမ်းနီအား စနောက်သည်မှာ ငွေလွဲရန် အကြောင်းပြချက် သက်သက်သာဖြစ်ကြောင်း သူကြိုသိနေ၍ပင်။

 

 

 

ကျန်းလန် နဂါးနန်းတော်မှ ထွက်လာစဥ်က ပီရှီနှင့်ပြန့်သည် အစိုးရိမ်လွန်စွာနှင့် သူ့အား ကျန်းချန်နတ်ဆိုးစီမံခန့်ခွဲရေးဌာနသို့ စေလွှတ်ခဲ့သည်။ နဂါးနန်းတော်သည် အင်မတန်နာမည်ကြီးသ​ဖြင့် ထောင်းထျဲ့ အထူးတပ်ဖွဲ့သို့ ဝင်ရောက်သည့်သတင်းသည် ချက်ချင်းဆိုသလို ပျံ့သွားခဲ့၏။ ကျန်းလန်သည် ထောင်းထျဲ့နှင့် နဂါးနန်းတော်အကြောင်း သာမန်နတ်ဆိုးမျိုးနွယ်စုများကြား လူပြောများလှသည်ကို မသိခဲ့ပါ။ သူသိသမျှမှာ လူ့အသိုင်းအဝိုင်းနှင့် အံဝင်ခွင်ကျနေနိုင်ရန်နှင့် မိတ်ဆွေသစ်များ ဖန်တီးနိုင်ရန်သာပင်။

 

 

 

သို့သော် ရက်ပိုင်းအတွင်းမှာပင် အားလုံးက သူ့အားကြောက်ရွံတကြီးနှင့် ဖယ်ကျဥ်ထားကြကြောင်း သိလိုက်ရ၏။

 

 

 

အထူးတပ်ဖွဲ့မှ နတ်ဆိုးကြီးများသည် ဖမ်း၍ပင် မမိသဖြင့် ကျန်းလန်သည် သာမန်နတ်ဆိုးများနှင့်သာ ​ပြောဆိုဆက်ဆံရ၏။ ၎င်းတို့သည် ကျန်းလန်ဒေါသထွက်ကာ အရှင်လတ်လတ် မျိုချခံရမည်ကို သေမတတ်ကြောက်ရွံ့ကြသည်။

 

 

 

ကျန်းလန်၏နာမည်နောက်တွင် ရှေးခေတ်သားရဲထောင်းထျဲ့ ဟူသည့်ဂုဏ်အပြင် နဂါးနန်းတော်၏အရှိန်အဝါကပါ ကပ်ပါနေ၏။

 

 

 

နတ်ဆိုးအရေအတွက်မှာ ကျဆင်းလာသဖြင့် မျိုးနွယ်အများစုက စုပေါင်းကာ မဟာမိတ်ဖွဲ့ကြရသည်။ သို့သော် မည်သည့်မဟာမိတ်ကမှ နဂါးနန်းတော်အား မယှဥ်နိုင်သေးပါ။

 

 

 

ရှေးပဝေသဏီမှ ယခုလက်ရှိအထိ နဂါးနန်းတော်သည် ရန်စသင့်သည့်နေရာတစ်ခု ဟုတ်မနေခဲ့ချေ။ လက်ရှိ၌ လူလုံးထွက်ပြသည်မှာ ပီရှီနှင့်ပြန့်သာ ရှိသော်လည်း ထိုနှစ်ဦးအား အနိုင်ယူရန်မှာ ထင်သလောက်မလွယ်ပေ။

 

 

 

သာမန်နတ်ဆိုးများအနေနှင့် နဂါးနန်းတော်အား ရန်စရန် သတ္တိမရှိရပါ။ ကျန်းလန်မှာလည်း ထိုနှစ်ဦးနှင့်ပတ်သက် ဆက်နွယ်နေသဖြင့် ထိုကဲ့သို့ အကဲဖြတ်ခံရခြင်းပင်။ ကျန်းလန် ဒေါသထွက်မိသော်လည်း မည်သူ့ကိုမှ အပြစ်တင်၍မရပါ။ သူ့အနေနှင့် မိမိ၏ ဇစ်မြစ်အားမကွယ်ဝှက် နဂါနန်းတော်မှလာကြောင်း အသိပေးမိသည်ကို နောင်တရခဲ့မိသည်။

 

 

 

နတ်ဆိုးများကြား ကြွယ်ဝမှုနှင့်ကျော်ကြားမှုက အဆင့်အတန်းခွဲခြားမှုတစ်ခုဖြစ်ကြောင်း သူသိလာရ၏။ ထိုအချိန်မှစ၍ ကျန်းလန် ငွေသုံးလိုစိတ် မရှိတော့ပါ။ နဂါးနန်းတော်မှ ထွက်လာသည့်နှစ်၌ပင် စွမ်းနီနှင့်သူ့ကိုယ်တိုင်၏ အသုံးစရိတ်အား ကိုယ်တိုင်ကိုယ်ကျရှာဖွေတော့သည်။

 

 

 

သူ့အနေနှင့် ဖော်ရွေသည့်နတ်ဆိုးပုံပေါက်အောင် ကြိုးစားသရုပ်ဆောင်ပါသော်လည်း လူသစ်များမှလွဲ၍ ဌာနတစ်ခုလုံးက သူ့အကြောင်းအား သိကြပြီးဖြစ်၏။ လူဟောင်းများထံမှ သတင်းကြားသည့် လူသစ်များကလည်း သူ့အား ဖယ်ကျဥ်ကြပြန်သည်။

 

 

 

နှစ်ဝက်တိတိ သူကြိုးစားအားထုတ်သော်လည်း သူငယ်ချင်းမရခဲ့ပါ။ စတုတ္ထအစ်ကိုက သူ့အား အတွေးလွန်သည်၊ မကောင်းမြင်လွန်းသည်ဟု မှတ်ချက်ပြုသည်။

 

 

 

ကျန်းလန် ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပင် ခံစားရ၏။ ယခုမှသာ ထိုခံစားချက်များက မလိုအပ်ကြောင်း သူသဘောပေါက်သည်။ သူ့အား စိုးရိမ်ပူပန်ပေးသည့် အစ်ကိုအကြီးဆုံးနှင့် စတုတ္ထအစ်ကိုကိုသာ အားနာမိသလို သူ့နောက်လိုက်ပါလာသည့် စွမ်းနီခမျာလည်း ဝက်ခြေထောက်ပင် နပ်မှန်အောင် မစားရရှာပေ။

 

 

 

ထိုကြောင့် ယခုတစ်ခေါက် မုန့်ဖိုးအား သူမငြင်းရက်တော့ပါ။ ငွေကြေးမလုံလောက်မှုဒဏ်အား သူထပ်မကြုံချင်တော့ပေ။

 

 

 

'ဝက်​ခြေထောက်က ဒီလောက်အရသာရှိတာကို။'

 

 

 

ရုံးခွဲရှိ မည်သူကမှ သူ့ဘဝအကြောင်း မသိသဖြင့် သူငယ်ချင်းများ ရနေပြီ​ဖြစ်၏။ သူ့အနေနှင့် အစ်ကိုများ၏ စေတနာအား ငြင်းရန်မသင့်တော့ပါ။

 

 

 

အချိန်တန်ပါလျှင် ယင်းချောင်နှင့် အခြားသူများအား သူ့ဘဝအမှန်ကို ဝန်ခံရမည်။ ထိုအချိန်လောက်ဆိုပါလျှင် အင်မတန်ရင်းနှီးနေပြီ​ဖြစ်၍ သူ့အားမကြောက်လောက်တော့ဟု သူထင်မိသည်။

 

 

 

ကျန်းလန် ထိုကိစ္စအား တွေးပူနေသော်လည်း အကောင်းမြင်စိတ်လေးထားနိုင်ရန် ကြိုးစားနေမိ၏။

 

 

 

ပြန့်သည် ကျန်းလန်လွယ်လွယ်နှင့် လက်ခံမည်မထင်သဖြင့် မျက်ခုံးပင် ပင့်မိသွားပြီး ပီရှီထံ ဖုန်းထိုးပေးလာသည်။ "ပဥ္စမညီလေးတော့ သဘောပေါက်သွားပြီထင်တယ်။"

 

 

 

"အချိန်တန်ရင် နားလည်သွားမှာမလို့ စိတ်မပူနဲ့လို့ ငါပြောခဲ့သားပဲ။"

 

 

 

ပိုစိုးရိမ်နေသူက မည်သူဖြစ်ကြောင်းကိုမူ ပြန့်ထုတ်မပြောတော့ပါ။ ညီဖြစ်သူ ဆာလောင်၊ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် ဦးလေးကွေ့မှတဆင့် အဝတ်နှင့်အစာအသောက်များ ပို့ပေးတတ်သည်ကိုလည်း သူထုတ်ပြောရန် ဆန္ဒမရှိပေ။

 

 

 

"သူအမြင်မှန်ရပြီဆိုတော့ သူ့ကိုယ်ပိုင်ပိုင်ဆိုင်မှုကို လွဲပေးကြတော့မလား။ သူလည်း ကိုယ်ပိုင်လုပ်ငန်း ရှိသင့်နေပြီပဲ။"

 

ပီရှီ၏ကုမ္ပဏီအား နဂါးနန်းတော်ကသာ ပိုင်သည်။ တစ်နည်းပြောရပါလျှင် နဂါးနန်းတော်မှ ကလေးများအားလုံး၏အပိုင်ပင်။ ကလေးများ နဂါးနန်းတော်၌ မရှိနေသည့်တိုင် ပီရှီက အကောင့်ဖွင့်၍ နှစ်စဥ် အမြတ်ငွေအား အချိုးကျ ထည့်သွင်းပေးထားပြီး​ဖြစ်သည်။

 

 

 

ကျန်းလန်က ထိုကိစ္စအားသိသော်လည်း ငွေကြေးမစီမံနိုင်သည့်အပြင် ငွေကြေးအမြောက်အများ မလိုအပ်သူ​ဖြစ်၍ အစ်ကိုဖြစ်သူထံသာ ရင်းနှီးမြှုပ်နှံစေ၏။ စွမ်းနီနှင့် ကျောင်းထူတို့လည်း ထို့အတူပင်။

 

 

 

လက်ရှိ၌ ကျန်းလန် အရွယ်ရောက်ပြီဖြစ်၍ ပိုင်ဆိုင်မှုအား ကိုယ်တိုင်ကိုယ်ကျ စီမံသင့်ပြီဟု ပီရှီတွေးမိသည်။ ထိုကြောင့် ကျန်းလန်ထံ သူစာပို့လိုက်၏။

 

 

 

"ဒီရက်ပိုင်းအတွင်း မင်းပစ္စည်းတွေကို ဦးလေးကွေ့ လာပို့လိမ့်မယ်။ ပြီးတော့ ပိုင်ဆိုင်မှုတွေပါ လွဲပေးလိမ့်မယ်။ မင်း တဖြည်းဖြည်းလေ့လာပြီး ကိုင်တွယ်ကြည့်ပေါ့။"

 

 

 

ကျန်းလန်က ထိုစာအား မျက်မှောင်ကြုတ်၍ကြည့်နေသည်။ သို့သော် အရွယ်ရောက်ပြီးသူပီပီ အစ်ကိုများအား မမှီခိုသင့်တော့ကြောင်း သဘောပေါက်သဖြင့် သက်တောင့်သက်သာဘဝမှ ရုန်းထွက်ရန်အချိန်တန်ပြီဟုသာ ဆုံးဖြတ်ချက်ချလိုက်၏။

 

 

 

အစ်ကိုနှစ်ယောက်နှင့် စကားပြောပြီးနောက် ကျန်းလန် တွင်းပေါက်အား ထပ်မံစစ်ဆေးရန် ဟုန်ကျင့်ယွမ်သို့ ပြန်ရောက်လာသည်။

 

 

 

လမ်းပေါ်၌ လူမရှိသဖြင့် စွမ်းနီက သူ့ပခုံးပေါ်၌ နေရာယူလာ၏။ စတုတ္ထအစ်ကိုထံမှ မုန့်ဖိုးအများအပြားရထား၍ အတော်စိတ်ကြည်နေပုံရကာ အမြှီးတနှံ့နှံ့နှင့် လိုက်ပါလာသည်။

 

 

 

ကျန်းလန် စည်းဝိုင်းအတွင်းဝင်ကာ အဖုံးအားဖယ်၍ တွင်းပေါက်အား အသေအချာလေ့လာနေ၏။ စွမ်းနီကပါ လိုက်ငုံ့ကြည်ပြီးနောက် နှာနှစ်ချက် ချေလေသည်။

 

 

 

ထိုအခါ ကျန်းလန်က မျက်မှောင်ကြုတ်၍ အနီရောင်မှိုများထံ အကြည့်ပို့လိုက်မိ၏။

 

 

 

မှောင်မဲညစ်ပေနေသည့် နံရံများပေါ်၌ ရေညှိများအပြင် မှိုများ ကပ်စွဲနေသည်။ ဤသည်မှာ သဘာဝသာဖြစ်၍ အရေးစိုက်ရန်မလိုသည့်တိုင် ကျန်းလန်က ပြောင်းပြန်အနေနှင့် မှိုတစ်စုအား ကောက်ယူလိုက်၏။

 

 

 

မှိုမှာ မကြီးလှပါ။ အားလုံးပေါင်းမှ တစ်လက်မခန့်သာ ရှည်သည်။ ရိုးတံများက ပိန်သွယ်နေပြီး အပွင့်မှာ ဘေးနှစ်ဖက်ပြား၍ အလယ်၌ လုံးဝိုင်းကာ အနီရင့်ရင့်အရောင်အသွေးကြောင့် ထီးကလေးများနှင့် တူ၏။

 

 

 

ကျန်းလန် ထိုမှိုအမျိုးအစားအား မတွေ့ဖူးပါ။ အပွင့်အားလက်ဖြင့် ဆိတ်ကြည့်သောအခါ မှိုပွင့်ထံမှ အနီရောင် မျိုးစေ့မှုန်များ ထုတ်လွှတ်ပေးလာ၏။

 

 

 

သူ့ပခုံးပေါ်မှ စွမ်းနီသည် နှာတရှုံ့ရှုံ့နှင့် ဟတ်ချိုးချေပြန်သည်။

 

 

 

"အကြံရပြီ။"

 

 

 

ကျန်းလန် အဖုံးကိုပြန်ပိတ်ပြီး ဆက်ပြောလာ၏။ "အတည်ပြုဖို့အတွက် ရွှယ်မုန်ဆီ သွားကြတာပေါ့။ တစ်ခုခု ထူးခြားတာသာဆို ငါတို့ ဆုကြေးငွေ ထပ်ရနိုင်တယ်။"

 

 

 

စွမ်းနီက ဝမ်းပန်းတသာ လက်ခံလေသည်။

 

 

 

'နောက်ထပ် နတ်ဆိုးတစ်ကောင် ဖမ်းနိုင်တော့မှာပဲ။'

 

 

 

ကျန်းလန် မှိုပွင့်နှင့်အတူ ရုံးသို့ပြန်ရောက်လာ၏။ ရွှယ်မုန်သည် အသံပြောင်းခြင်းနှင့် ချောင်းအနည်းငယ်ဆိုးသည်မှလွဲ၍ မည်သည့်လက္ခဏာမှ မပြသေးပါ။

 

 

 

ရွှယ်မုန်က သူ့အားတွေ့သည်နှင့် သခင်ကိုတွေ့သောခွေးကဲ့သို့ တုံ့ပြန်လေသည်။ "သူဌေး၊ ကျွန်တော့်ကို ခေါ်လိုက်သေးလား။"

 

 

 

"အင်း၊ အတည်ပြုစရာလေးတွေရှိလို့။"

 

 

 

ကျန်းလန် သူ့အား သန့်စင်ခန်းဆီ ဆွဲခေါ်လာလိုက်သည်။

 

 

 

ရွှယ်မုန်က ပါးစပ်ကြီးဟကာ ကြောင်တောင်တောင်ဖြစ်နေပြီး ကျန်းလန်က ဖုန်းမီးဖွင့်ကာ ရွှယ်မုန်၏ပါးစပ်အား တစ်ခါသုံးတူဖြင့် အတင်းဖြဲကာ ကြည့်လေ၏။

 

 

 

အတော်ကြာမှ ရွှယ်မုန်၏ပါးစပ်ထဲမှ အနီရောင်မှိုအား သူသတိထားမိသည်။ ထိုမှိုများသည် တွင်းပေါက်ဆီမှ မှိုများထက် သေးငယ်ပြီး အစုလိုက်ပေါက်နေကြ၏။ ၎င်းတို့သည် လည်ချောင်းအား မြေဆီလွှာအဖြစ် အသုံးချကာ ခက်ထန်သော စကားလုံးများအား မြေသြဇာအဖြစ် အသုံးပြုကြခြင်းဖြစ်လိမ့်မည်။

 

 

 

လည်ချောင်းထဲ တစ်ခုခု တစ်နေကြသူများအနေနှင့် ချောင်းတဟွတ်ဟွတ်ဆိုးနေသည်မှာ မဆန်းချေ။

 

 

 

မနက်က တွေ့ခဲ့သည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးအကြောင်း ကျန်းလန် ပြန်တွေးမိသည်။ သူမစကားပြောလိုက်တိုင်း တရွှီရွှီအသံအား ကျန်းလန် ကြားရ၏။ သူမ၏လည်ချောင်းထဲ၌ မှိုများပြွတ်သိပ်စွာ ပေါက်ရောက်နေသဖြင့် စကားပြောသောအခါ ထိုမှိုပွင့်များအား ဖိသိပ်ကာ အသံထုတ်ရသောကြောင့် ယခုကဲ့သို့ အသံမျိုး ထွက်လာခြင်းဖြစ်မည်။

 

 

 

"ဘာဖြစ်လို့လဲ။ ငါတကယ် အပမှီတာလား။"

 

 

 

ရွှယ်မုန်က ဂရုမစိုက်ဟန်နှင့် မေးလာသည့်တိုင် သူ့အသံမှာ တုန်ရီနေ၏။

 

 

 

ကျန်းလန် အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ "မင်းလည်ချောင်းထဲမှာ မှိုအနီရောင်တွေ ပေါက်နေတယ်။"

 

 

 

"ဘာဖြစ်တယ်။"

 

 

 

'မှိုက လည်ချောင်းထဲမှာ ပေါက်ရိုးရှိလို့လား။'

 

 

 

ကျန်းလန်မှာ သူ့အား မတော်တဆမှုနှင့် မှိုကြားမှဆက်စပ်မှုအား ရှင်းပြခင်းပြရတော့သည်။ "ဒီမှိုက ချန်ရော့မိန်ရဲ့အမှုနဲ့ တစ်ခုခု ဆက်စပ်နေလောက်တယ်။"

 

 

 

ချန်ရော့မိန်နှင့် ထိတွေ့မိသည်ဖြစ်စေ သူမအကြောင်း ပြောဆိုမိသည်ဖြစ်စေ မျိုးစေ့မှုန်သည် ပျံ့ပွားကာ လည်ချောင်းအတွင်း မှိုများပွင့်စေနိုင်ပုံရ၏။ ထိုအခါ မိမိ၏ မူလအသံ ပျောက်ဆုံးသွားလိမ့်မည်။ ထိုမှိုသည် လူ့တို့၏ မကောင်းစိတ်အား ထိန်းချုပ်ပြီး ဆိုးဝါးသောစကားများ ပြောဆိုစေကာ ဤနည်းဖြင့် မှိုများက ပို၍ကြီးထွားလာကြသည်။

 

အဆုံး၌ မည်သို့ဖြစ်မည်ကို ကြိုမသိနိုင်သော်လည်း ရလဒ်ကောင်းတော့ မဖြစ်လာနိုင်ပါ။ လူအများစုသည် မိမိ၏မူမမှန်မှုအား သတိပင်မထားမိဘဲ ကူးစက်ခံရလိမ့်မည်။

 

 

 

ရွှယ်မုန်သည် အန်ချင်သော်လည်း အန်မထွက်သည့်ရုပ်နှင့် သူ့အားကြည့်လာ၏။

 

 

 

"မင်းက သိပ်မဆိုးသေးပါဘူး။ မှိုတွေပျောက်သွားအောင် ရေမန်းတောင်းပေးမယ်။"

 

 

 

မှိုများက ထူးဆန်းသည့်ပုံပေါက်သော်လည်း အစွမ်းထက်ပုံ မပေါက်သဖြင့် ကျန်းလန် ယခုလို ပြောလိုက်ခြင်းပင်။

 

 

 

ရွှယ်မုန်က စိတ်သက်သာပုံရသွားပြီးနောက် တစ်ခုခုအား သတိထားမိဟန်နှင့် ပါးစပ်အား လက်နှင့်အုပ်ကာ ဖုန်း၌ စာရိုက်ပြလာသည်။

 

 

 

"ငါ အခုကစပြီး စကားမပြောတော့ဘူး။"

 

 

 

ကျန်းလန် အလုပ်ဆင်းသည်နှင့် နတ်ဆိုးစီမံခန့်ခွဲရေးဌာနသို့ တန်းသွားရ၏။ ရုံးအဝမှာပင် ယင်းချောင်နှင့် တည့်တည့်တိုးလေသည်။

 

 

 

နတ်ဆိုးစီမံခန့်ခွဲရေးဌာန၌ လာတွေ့မည် မထင်ထားသဖြင့် နှစ်ဖက်စလုံး အံ့သြတကြီး ဖြစ်ကုန်ကြ၏။

 

 

 

ယင်းချောင်မှာ ချန်ဟွားကို ခေါ်လာမိ၍သာ တော်တော့သည်။ ယင်းချောင် ကားထဲမှထွက်၍ ပြုံးရယ်ကာ နှုတ်ဆက်လာ၏။ "ဘယ်လိုရောက်လာတာလဲ။ တစ်ခုခုဖြစ်လို့လား။"

 

 

 

ကျန်းလန်ရင်ထဲ ဗလောင်ဆူနေသော်လည်း လုံးဝဟန်မပျက်သွားပေ။ "ဟုန်ကျင့်ယွမ်မှာ နတ်ဆိုးရှိနေတာ သိလာရလို့ လာအစီရင်ခံတာ။"

 

 

 

"ဖုန်းနဲ့အစီရင်မခံဘဲ ဘာလို့လူကိုယ်တိုင်လာတာလဲ။"

 

 

 

'ဒီတာဝန်ကို ငါကိုယ်တိုင် ကိုင်ချင်လို့ပေါ့ကွာ။'

 

 

 

လူများစွာအား ထိန်းချုပ်ထားသည့် နတ်ဆိုးအားကိုင်တွယ်နိုင်ပါလျှင် ရမည့်ဆုကြေးငွေမှာ မနည်းလှပါ။

 

 

 

သို့သော် ထိုကိစ္စကို ယင်းချောင်အား ပေးသိ၍မဖြစ်ပေ။ ယင်းချောင်၏အမြင်တွင် သူသည် အသွင်ပြောင်းခြင်းပင် မလုပ်နိုင်သေးသည့် နတ်ဆိုးပေါက်စလေး မဟုတ်ပါလား။

 

 

 

ကျန်းလန် ရွှယ်မုန်၏နာမည်အား ယူသုံးရတော့သည်။ "ရွှယ်မုန်ကို နတ်ဆိုးပြုစားထားလို့။ တာအိုဘုန်းကြီးကျောင်းသွားပြီး ရေမန်းဝယ်မလို့ထွက်လာတာ။"

 

 

 

ထိုအခါမှ ယင်းချောင်၏မျက်နှာက တင်းမာမှုများ ပျောက်ကွယ်သွား၏။

 

 

 

'ပေါက်စလေးက ကြင်နာတတ်လိုက်တာ။'

 

 

 

"သူဌေးက ဒီမှာရှိနေတာပဲ။ သူ့ကိုပဲ တင်ပြခိုင်းလိုက်ပါလား။"

 

 

 

ချန်ဟွား - "..........."

 

 

 

ကျန်းလန် - "..........."

 

 

 

 

စာရေးသူမှတ်ချက်

 

 

 

လုံလုံ - 'ဒီမှာ ကိုယ့်အစေခံ ရှိနေတာပဲ။ သူ့ကိုပဲ ခိုင်းလိုက်တော့။'

 

 

 

ချန်ဟွား - 'ငါလက်မခံဘူးနော်။'

 

 

 

ကျန်းလန် - 'ငါ့လုပ်ကွက်နဲ့ ဆုကြေးငွေကိုတော့ မလုပါနဲ့ကွာ။'