Chapter 21
Viewers 568

အပိုင်း ၂၁

 

 

 

အစည်းအဝေးခန်းထဲမှ လူများ၏အခြေအနေမှာ မူမမှန်နေပေ။ မမြင်ရသောစွမ်းအင်တစ်ခု၏ ထိန်းချုပ်ခံထားရသည့် စကားပြောသတ္တဝါများနှင့်တူပြီး ၎င်းတို့၏အတွင်းစိတ်ထဲမှ စိတ်ပုပ်စိတ်ယုတ်များသည် အဆမတန်ကြီးမားလာ၍ ထိုခက်ထန်လှသည့်စကားလုံးများအား ၎င်းတို့ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်း မရှိနေသည့်ပုံပင်။ ၎င်းတို့မထိန်းနိုင်လေလေ ထိန်းချုပ်မှုကပို၍ ကြီးမာလာလေလေနှင့် တစ်ပတ်လည်နေ၏။

 

 

သို့သော် ၎င်းတို့၏ခန္ဓာကိုယ်မှ မကောင်းဆိုးဝါးအငွေ့အသက်အား ကျန်းလန် မခံစားရပါ။ လက်ရှိ၌ ချောင်းဆိုးခြင်းမှလွဲ၍ မည်သည့်လက္ခဏာမှ မတွေ့ရသော်လည်း စိတ်အေးလက်အေးနေ၍ မရသေးပေ။ ဘေးထွက်ဆိုးကျိုးများသည် ယခုအထိ မရောက်လာသေးရုံသာ ဖြစ်လိမ့်မည်။

 

 

ကျန်းလန် အစည်းအဝေးခန်းထဲမှ ထွက်လာပြီးနောက် အချိန်စောနေသေးသဖြင့် မတော်တဆမှုဖြစ်ခဲ့သည့်နေရာသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

 

 

 

အခင်းဖြစ်သည့်တွင်းပေါက်သည် ရပ်ကွက်၏ဘယ်ဖက် ဂိတ်တံခါး၌ရှိပြီး ရပ်ကွက်၏တစ်ခုတည်းသော အဝင်လမ်းလည်းဖြစ်၏။ လမ်းတလျှောက်လုံး၌ သစ်ပင်များအပြည့်စိုက်ထား၍ ပန်းခင်းထားသည့်လမ်းဟု ခေါ်ဆိုနိုင်ပြီး ထိုင်နားရန် ခုံများလည်း ခပ်စိပ်စိပ်ချထားသည်။ ထိုနေရာအား ရပ်ကွက်ပြုပြင်ထိန်းသိမ်းရေးအစီအစဥ်အရ ပြန်လည်ပြုပြင်မွမ်းမံထားသော်လည်း လမ်းမီးများ မကောင်းသည့်အပြင် သစ်ပစ်ရိပ်များ အုံ့ဆိုင်းနေသဖြင့် မှောင်ရီပျိုးသည်နှင့် မည်သူမှ မလာရဲကြတော့ပေ။

 

 

လူသေမှုဖြစ်ခဲ့၍ တွင်းပေါက်အား အဖုံးပြန်ဖုံးကာ အဝါရောင်တိတ်များ ပတ်ပတ်လည်ကာရံထားသည်။ ထိုနေရာမှ ဖြတ်သမျှလူအားလုံးသည် ဘေးတစ်ဖက်တည်းသာ ကပ်လျှောက်နေကြပုံအရ ထိုတွင်းပေါက်အား လာဘ်ပိတ်သည်ဟု ယူဆထားကြပုံပင်။

 

 

အခင်းဖြစ်သည့်နေရာရောက်သည်နှင့် လူမရှိသည်ကို အခွင့်ကောင်းယူကာ အဖုံးအားသူ မ,ကြည့်လိုက်ပြီး ဘေးသို့ပစ်ထုတ်လိုက်သည်။

 

 

တွင်းပေါက်၏အချင်းသည် တစ်မီတာခန့်ရှိပြီး မိလ္လာမြောင်းနှင့် ချိတ်ဆက်နေ၏။ အနံ့အသက်မှာဆိုးဝါးလှပြီး မြောင်း၏အနက်အား မခန့်မှန်းနိုင်သလို ရေမျက်နှာပြင်သည် တွင်းပေါက်နှင့် နှစ်၊သုံးမီတာခန့်သာ ကွာသည်။ လှေကားမှာလည်း နှစ်ပေါင်းများစွာ အညစ်အကြေးများကြား နေခဲ့ရသဖြင့် သံချေးတက်နေ၏။

 

 

ပတ်ပတ်လည်၌လည်း ရွံ့များ၊ရေညှိနှင့် အမည်မသိ မှိုပွင့်များပေါက်နေသည်။

 

 

ချန်ရော့မိန် ချော်လဲကျပြီး ပြန်လည်ဆယ်ယူခဲ့ရသည့် နေရာတစ်ဝိုက်မှာမူ ရှင်းလင်းနေ၍ အညစ်အကြေးနှင့်ရွံ့များ အစအနသာတွေ့ရပြီး သွေးလမ်းကြောင်းတစ်ခုကိုပါ မထင်မရှား တွေ့နေရ၏။

 

 

သတင်းအရ သူမသည် ချော်လဲစဥ်က ဦးခေါင်းဒဏ်ရာကြောင့် လှေကားအသုံးပြု၍ အပေါ်သို့မတက်နိုင်ခဲ့ဘဲ တဖြည်းဖြည်း နစ်မြှုပ်သွားသည်ဟု သိရသည်။ အက,ကပြီးနောက် စကားပြောလျက် အိမ်ပြန်လာကြသည့် အန်တီကြီးသုံးဦးမှ သူမ၏ အကူအညီတောင်းသံအား ကြားခဲ့ကြပြီး ကြိုးတစ်ချောင်းချပေး၍ သူမအား ဆွဲတင်ပေးခဲ့သော်လည်း တွင်းထဲအချိန်အတော်ကြာ ပိတ်မိခဲ့သဖြင့် မော့မြောသွားခဲ့ပြီဖြစ်၏။

 

 

အရေးပေါ်ကားရောက်သောအခါ သူမ အသက်လုံးဝမရှူတော့သဖြင့် သေဆုံးကြောင်း အတည်ပြုခဲ့ရသည်။

 

 

သူမ၏သေဆုံးမှုအား မတော်တဆမှုဟုသာ ခေါင်းစဥ်တပ်ခဲ့ကြပြီး ကျန်းဟုန် လမ်းပြုပြင်ရေးဌာနမှ သူမ၏သေဆုံးမှုအတွက် တာဝန်ယူရပေမည်။

 

 

ပုံမှန်အားဖြင့် ထိုကိစ္စသည် မတော်တဆဟု ထင်မြင်ရသည်။ သို့သော် နောက်ဆက်တွဲကိစ္စများ ထပ်ဖြစ်လာမည်ဆိုပါလျှင် မတော်တဆဟု သတ်မှတ်၍ ရမည်မဟုတ်တော့ပေ။ ကျန်းလန်မှာ မည်သည့် မကောင်းဆိုးဝါးတို့၏ ခြေရာလက်ရာကိုမှ မတွေ့ရသည့်အပြင် အသေးအမွှားသဲလွန်စများဖြင့် ကောက်ချက်ချ၍လည်း မရပါ။

 

 

“တစ်ခုခု တွေ့မိသေးလား။” ကျန်းလန် အိတ်ထဲပါလာသည့် စွမ်းနီအား မေးလိုက်သည်။

 

 

စွမ်းနီသည် ပေါက်စလေးဖြစ်သော်လည်း အာရုံခံနိုင်စွမ်းကြီးလှ၏။

 

 

စွမ်းနီက ခေါင်းလေးပြူကာ နှစ်ချက်အနံ့ခံပြီးနောက် ဆို့နင့်စွာ ပြောလာသည်။ “ဘာမှမတွေ့ပေမယ့် ဒီမှာမကောင်းတာတစ်ခုခု ရှိနေတယ်လို့ ခံစားရတယ်။”

 

 

ထိုအရာအား အမည်မတပ်နိုင်သော်လည်း မကောင်းသည့်အရာဖြစ်ကြောင်း သူအလိုလိုသိနေသည်။

 

 

မည်သည်မှ ရေရေရာရာမတွေ့သဖြင့် ကျန်းလန် အဖုံးအား နေရာတကျ ပြန်ထားပြီး ပြန်ရန် ပြင်လိုက်ချိန်၌ ခပ်စူးစူးအသံကြားမိသဖြင့် တုံ့ခနဲရပ်လိုက်မိ၏။

 

 

“ ဟေး ဟိုက ငုံ့ကြည့်နေတဲ့လူ ဒီမှာ အဝါရောင်တိတ်တွေ ပတ်ထားတာ မမြင်ဘူးလား။ အဲ့လိုငုံ့ကြည့်နေတာ သရဲမပေါ်လာပြီး သွေးစုပ်သွားမှာ မကြောက်ဘူးလား။”

 

 

အသံမှာ လမ်းတစ်ဖက်ခြမ်းမှလာပြီး အသက်လေးဆယ်အရွယ် ပန်းပွင့်ရိုက်ဂါဝန်၊ ဒေါက်ဖိနပ်နှင့်အမျိုးသမီးပင်။ စကားပြောတိုင်း သူမ၏ မျက်ခုံးများ မြှောက်တက်သွားသဖြင့် မျက်နှာအား ပို၍ခက်ထန်စေသည်။

 

 

ကျန်းလန် ပြန်ဖြေရန်အချိန်ပင် မရလိုက်ဘဲ သူမက အပြေးရောက်လာပြီး လက်တစ်ဖက် ခါး၌ထောက်ကာ နောက်တစ်ဖက်က သူ့အား ထိုး၍ ဒေါသတကြီးပြောလာ၏။ “နင့်ကို ပြောနေတာ မကြားဘူးလား။ နင်ဘာတွေ လာကြည့်နေတာလဲ။”

 

 

 

သူမ၏ ပါးစပ်မှ စကားလုံးကြမ်းကြမ်းများများက အနားမရှိထွက်လာနေသည်။

 

 

ကျန်းလန် သူမ၏ ပါးစပ်အဖွင့်အပိတ်အား အသေအချာကြည့်နေရာမှ စကားလုံးများ၏ နောက်ကွယ်၌ ပုန်းအောင်းနေသည့် တရွှီရွှီအသံအား သတိထားလိုက်မိ၏။ သစ်ရွက်များအား လေတိုးသည့်အသံနှင့် အလွန်ဆင်တူလှသည်။

 

 

သို့သော် အသေအချာ အာရုံစိုက်ကာ ပြန်နားထောင်ချိန်၌ မကြားရတော့ချေ။ သူအထင်မှားနေခြင်းဖြစ်လိမ့်မည်။

 

 

“အမေ၊ ဘာလုပ်နေတာလဲ။”

 

 

ကျန်းလန်အနေနှင့် သူမအဘယ်ကြောင့်ဒေါသထွက်နေကြောင်း မသိသဖြင့် မည်သည်မှ ပြန်မဖြေနေသောအခါ သူမက ပိုတိုး၍ ဆဲဆိုနေစဥ် မိန်းကလေးတစ်ဦးက နေရာသို့ အပြေးရောက်လာကာ သူမအား အတင်းဆွဲခေါ်တော့သည်။

 

 

“အမေ တော်ပါတော့၊ ဒီရက်ပိုင်း ဘာတွေဖြစ်နေတာလဲ။”

 

 

သူမက ကျန်းလန်အား ရိုရိုသေသေတောင်းပန်လာသဖြင့် ကျန်းလန် ခေါင်းသာခါပြပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။ “ဆရာဝန်ပြဖို့ လိုနေတာများလား။”

 

 

မိန်းကလေးက နေရခက်စွာပြုံးပြလာ၏။ “အမေအရင်က ဒီလိုမဟုတ်ပါဘူး။ နေမကောင်းဖြစ်ပြီးနောက်ပိုင်းမှ အမြဲဒေါသထွက်နေတော့တာပဲ။”

 

 

သူမက အမေဖြစ်သူအား လက်မောင်းမှ အတင်းဆွဲခေါ်နေပြန်သည်။

 

 

အမျိုးသမီးက ကျန်းလန်ဖက်သို့ လှည့်ကာ အသက်မဲ့စွာပြောလာ၏။ “ဒီထဲမှာ လူသေရှိနေတယ်။ သတိထား။” 

 

 

ရွှီရွှီ...ရွှီရွှီ...

 

 

သူမ၏အသံနှင့် တရွှီရွှီအသံသည် တစ်ပြိုင်နက် ထွက်လာသဖြင့် ကျန်းလန် အထင်မှားနေခြင်းမဟုတ်ကြောင်း သေချာသွားခဲ့သည်။

 

 

သူမ၏ခန္ဓာကိုယ်ထဲ တစ်စုံတစ်ရာ ပုန်းအောင်းနေခြင်းဖြစ်မည်။ သို့သော် သူမည်သည်မှမလေ့လာရသေးမီ အမျိုးသမီးအား မိန်းကလေးမှ ဆွဲခေါ်သွားချေပြီ။ ဟုန်ကျင့်ယွမ်ဂိတ်တံခါးထံ ဦးတည်သွားကြသဖြင့် ဟုန်ကျင့်ယွမ် ရပ်ကွက်သားများပင် ဖြစ်ကြပုံရ၏။

 

 

ကျန်းလန် ခေတ္တမျှ တွေးကာ သူမတို့သားအမိ၏နောက်ကျောအား ဓာတ်ပုံရိုက်ယူလိုက်သည်။

 

 

ကျန်းလန် ရုံးသို့မပြန်ခင် အစ်ကိုအကြီးဆုံးထံ ဆက်သွယ်လိုက်၏။ ထိုကဲ့သို့ မကောင်းဆိုးဝါးမျိုးအား သူမတွေ့ဖူးသော်လည်း သူ့အစ်ကို သိလောက်မည်။

 

 

ဖုန်းဝင်သွားသည်နှင့် ဝမ်းသာအားရစကားသံအား ချက်ချင်းကြားရ၏။ “ပဥ္စမညီလေးလား။ ဘာလို့ အစ်ကို့ဆီ ဖုန်းဆက်တာလဲ။ အရင်က ဖုန်းမဆက်တတ်ပါဘူး။”

 

 

ခနဲ့တဲ့တဲ့လေသံပင်။

 

 

“စတုတ္ထအစ်ကိုလား။” ကျန်းလန် အလွန်ဝမ်းသာသွား၏။ “အလုပ်များနေတာမဟုတ်ဘူးလား။”

 

 

စတုတ္ထအစ်ကို၏ ပင်မအလုပ်အကိုင်သည် ရှေ့နေဖြစ်ကာ နိုင်ငံအနှံ့ ခရီးသွားရသဖြင့် အစ်ကိုအကြီးဆုံးထက်ပင် တွေ့ရန်ခက်သည်။

 

 

“အလုပ်များတာပေါ့၊ ဟိုင်ချန်မှာ အမှုရှိလို့ သက်သေလာစုရင်း အစ်ကို့ဆီ ဝင်လည်တာ။”

 

 

နဂါးနန်းတော်သည် တောင်တရုတ်ပင်လယ်ထဲ၌ရှိသဖြင့် လုပ်ငန်းအများစုမှာ ရေနှင့်ပတ်သက်ဆက်နွယ်နေပြီး ပီရှီက ရုံးချုပ်အား ဟိုင်ချန်၌ တည်ထား၏။

 

 

စတုတ္ထအစ်ကို၏ ရှေ့နေရုံးကမူ ရှန်ချန်၌ အခြေစိုက်ပြီး ပြည်သူလူထုကြား နာမည်ကြီးသည့်အလျောက် အင်မတန် အလုပ်များသည်။ သူဌေးပင် နားချိန်မရှိဟု ကြားရ၏။

 

 

ကျန်းလန်ကမူ ထိုကိစ္စများအား စိတ်မဝင်စားပါ။

 

 

“ဒါဆို ကျန်းချန်ကို လာဖို့ရော အားလား။”

 

 

“အခုတော့ အလုပ်များနေတယ်။ ဒါပေမယ့် အချိန်ရတာနဲ့ မင်းကိုလာတွေ့မယ်။”

 

 

ပြန့်က ခြေထောက်နှစ်ဖက်အား ကော်ဖီစားပွဲပေါ်တင်ပြီး ဖုန်းကို hands-free mode ဖွင့်ကာ မေးလိုက်သည်။ “စွမ်းနီကရော၊ မြောင်လို့ အော်ပြလို့ပြောပေး။ သူအခုတလော ကြောင်အယောင်ဆောင်တာ အရမ်းကျွမ်းနေပြီလို့ကြားတယ်။”

 

 

စွမ်းနီက မကျေမနပ် သက်ပြင်းချသည်။

 

 

ပြန့်က အံကြိတ်ကာ မေးလိုက်၏။ “ကြောင်လို့အခေါ်ခံရတာ မကြိုက်လို့လား။”

 

 

စွမ်းနီက ဒေါသတကြီး တိုင်တန်းတော့သည်။ “အစ်ကိုကြီး၊ စတုတ္ထအစ်ကို သားကိုအနိုင်ကျင့်နေတယ်။”

 

 

တလျှောက်လုံး မည်သည်မှဝင်မပြောသည့် ပီရှီက ပြန့်အား တစ်ချက်ကြည့်လိုက်သောအခါ ပြန့်က သူဆက်မပြောတော့ပါကြောင်း လက်နှစ်ဖက်မြှောက်၍ အချက်ပြလာ၏။ “မစတော့ပါဘူး။”

 

 

ပီရှီက ထိုမှသာ စကားပြောလာသည်။ “ပဥ္စမညီလေး ဖုန်းခေါ်တာ ကိစ္စတစ်ခုခု ရှိလို့လား။”

 

 

ကျန်းလန် ယခုမှသာ မူရင်းကိစ္စအား သတိရ၏။ အစ်ကိုအကြီးဆုံးက အားအကိုးရဆုံးလူပင်။

 

 

ဟုန်ကျင့်ယွမ်အမှုအား သူအကြမ်းဖျဥ်းပြောပြရတော့သည်။ “လူတွေရဲ့ စကားကို ထိန်းချုပ်နိုင်တာ၊ ဒါမှမဟုတ် အမှောင်ဖုံးနေတဲ့စိတ်ကို နိုးဆွပေးနိုင်တဲ့ နတ်ဆိုးမျိုးနွယ်တွေ ရှိနိုင်လား။”

 

 

ပြန့်က ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေလာ၏။ “သိပ်ရှိတာပေါ့၊ ဒါပေမယ့် မင်းပြောသလိုတော့ လူတွေကိုထိတွေ့မိရုံ၊ စကားဝိုင်းတစ်ခုကို ဖန်တီးပေးရုံနဲ့ ထိန်းချုပ်နိုင်တဲ့ နတ်ဆိုးကတော့ ရှားတယ်။ ပြီးတော့ သူတို့အားလုံး မရှိတော့တာ ကြာပြီ။”

 

 

နတ်ဆိုးတို့၏ ကျင့်ကြံရေးလမ်းစဥ်၌ ကောင်းကျိုး၊ဆိုးကျိုးများ ဒွန်တွဲနေသကဲ့သို့ နတ်ဆိုးများ၏ လူသားထိန်းချုပ်မှုစွမ်းရည်မှာလည်း အားသာချက်၊အားနည်းချက်များ ဒွန်တွဲလျက်ရှိသည်။

 

 

လူသားတို့အား တိတ်တဆိတ် ထိန်းချုပ်မည့်နတ်ဆိုးမျိုးနွယ်စု တစ်ခုအနေနှင့် ကျင့်ကြံရေးအဆင့်မှာ နိမ့်ပါးနေ၍ မရပါ။ သို့သော် ခေတ်ကာလအရ နတ်ဆိုးကြီးများ၏ ကျင့်ကြံရေးအဆင့်များ အားလုံးလိုလိုသည် ပွင့်လင်းမြင်သာရှိလာကြပြီး ၎င်းတို့ သိရသလောက် ယခုကဲ့သို့ စွမ်းရည်မျိုးရှိသည့် နတ်ဆိုးဟူ၍ ထင်ထင်ရှားရှား မရှိနေချေ။

 

 

 

မျှော်လင့်ချက်မဲ့နေသည့်တိုင် ကျန်းလန်က လက်မလျှော့သေးပါ။ “ဒါဆို တခြားသဲလွန်စတွေ ထပ်ရှာထားလိုက်မယ်။ တကယ်သာ နတ်ဆိုးလက်ချက်မှန်ရင် လက်ရာခြေရာကတော့ ကျန်နေမှာပဲ။”

 

 

“လူသားတွေအပေါ်  ကြီးကြီးမားမား လွှမ်းမိုးနိုင်စွမ်းရှိဖို့ဆို သူတို့အနေနဲ့ အရေးပါအရာရောက်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ပတ်သက်မှုရှိတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ကြားခံတစ်ခုခုကို သုံးတာဖြစ်ဖြစ် လုပ်ဖို့လိုအပ်တယ်။ ဒါပေမယ့် မင်းအနေနဲ့ ဒီလောက်ထိ လိုက်တွေးနေဖို့တော့ မလိုအပ်သေးဘူး။”

 

 

ပြန့်က အသေအချာတွေး၍ ဆက်ပြောလာ၏။ “ဒီလူတွေကို လေထုအသုံးချပြီး ထိန်းချုပ်တာတော့ မဖြစ်နိုင်ဘူး။ သေချာ ပြန်တွေးကြည့်၊ သဲလွန်စတစ်ခုခု ရှိသေးလား။”

 

 

ကျန်းလန် သေချာစဥ်းစားသော်လည်း သူသတိထားမိသည်မှာ ဤမျှသာ ရှိ၏။ တွင်းပေါက်ထံ ထပ်မံသွားရန် လိုအပ်နေချေပြီ။

 

 

“ကျေးဇူးပဲ၊ စတုတ္ထအစ်ကို။”

 

 

“ကျန်းချန်ကို လာပေးနိုင်မှ ကျေးဇူးတင်စကားပြောတော့။ အခုလောလောဆယ် စွမ်းနီဆီက ‘မြောင်’ဆိုတဲ့ အသံကြားချင်နေပြီ။ သူက မင်းစကားဆို နားထောင်တယ်မလား။”

 

 

အိတ်ထဲမှ စွမ်းနီမှာ အတိုင်းသားကြားနေရသည်။

 

 

‘စတုတ္ထအစ်ကိုက စောက်ကျင့်မကောင်းဘူးပဲ။’

 

 

အိတ်ထဲ မှကလေးလေး စိတ်ဆိုးနေသည်ကိုသိသဖြင့် ကျန်းလန် သူ့အားခပ်ဖွဖွပုတ်ကာ ချော့ရပြန်သည်။ “ရှောင်နီကို အနိုင်ကျင့်ပြန်ပြီ။ အစ်ကို ကျန်းချန်ကိုလာရင် သူ လျစ်လျူရှုတာ ခံနေရမယ်နော်။”

 

 

“ငါက ကြောက်မယ်ထင်နေလား။ ထမင်းနှစ်နပ်လောက်ကျွေးရင် စိတ်ကောက်ပြေမှာပဲကို။ ”

 

 

“ရှောင်နီ၊ တစ်ချက်ပဲ အော်ပြကွာ။ ပိုက်ဆံပေးမယ်လေ နော်။”

 

 

စွမ်းနီက ချက်ချင်း အသံတိတ်သွားပြီး ခေါင်းကလေးထုတ်လာ၏။ “ဘယ်လောက်လဲ။”

 

 

“တစ်ခွန်းကို တစ်သန်းကွာ။ လုပ်မလား၊ မလုပ်ဘူးလား။”

 

 

“မြောင် မြောင် မြောင် မြောင်.......”

 

 

စွမ်းနီ ဆက်တိုက်အော်ပြီးနောက် အသက်ရှူကျပ်လာမှ နားလေ၏။ “ဆယ့်နှစ်ခွန်းနော်၊ ပိုက်ဆံ အခုလွဲပေး။”

 

 

ပြီးနောက် စွမ်းနီက ကျန်းလန်အား မော့ကြည့်လာသည်။ “ပဥ္စမအစ်ကို၊ သားတို့ချမ်းသာပြီ။”

 

 

လေသံမှာ အသိအသာကြီး ကွာခြားလွန်းနေ၏။

 

 

ပြန့် - ‘စိတ်တွေလည်း မချမ်းသာတော့ပါဘူးကွာ။’

 

 

 

စာရေးသူမှတ်ချက်

 

 

လုံလုံ - ‘တစ်ခွန်းတစ်သန်းပေးရင် နတ်ဆိုးလေးလည်း အော်ပြလောက်မလား။’

 

 

ပြန့် - ‘အီးတော့ပေါက်ပြလောက်တယ်။’

 

 

ယခုအပိုင်း၌ လုံလုံမပါဝင်ပါ။