အပိုင်း - ၂၀
နှစ်ဦးသား ရုံးခန်းမှထွက်လာပြီးနောက် ကျန်းလန်က ယင်းချောင်အား အိမ်သို့လိုက်ရန်ဖိတ်သဖြင့် ယင်းချောင် လိုလိုလားလားပင် လက်ခံလိုက်သည်။
သို့သော် အိမ်တန်းမပြန်ဘဲ ပန်းနှင့်ငှက်ရောင်းသည့်စျေးသို့ အရင်ဝင်ကြ၏။
ကျန်းလန် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် စကားပြောတတ်သည့် အနက်ရောင် ဆက်ရက်ငှက်ရှိမရှိ လိုက်မေးနေသည်ကို ယင်းချောင် သတိထားမိသည်။ လမ်းတစ်ဝက်ခန့်ရောက်မှသာ ကျန်းလန်၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် စကားပြောတတ်သော အနက်ရောင်ဆက်ရက်ငှက်အား ရှာတွေ့လေ၏။
ကျန်းလန် ၎င်းအားဝယ်ယူလိုက်သည်။
ယင်းချောင်မူလက မမေးတော့ဟု လုပ်ထားသော်လည်း ငှက်နှင့်အတူ အိမ်ပြန်လာချိန်၌ သူမမေးဘဲမနေနိုင်တော့ပေ။ "ဆက်ရက်ငှက်ကို ဘာလို့ဝယ်တာလဲ။ မွေးချင်လို့လား။"
အနက်ရောင်ဆက်ရက်ငှက်လေးမှာ အတော်လေး ချစ်စရာကောင်းနေသည်။
ကျန်းလန်သူ့အား ရှောင်ဟေးနှင့်ဦးလေးယောင်၏ ဇာတ်ကြောင်းကို ပြန်ပြောပြရ၏။ "ဒီငှက်လေးကငယ်သေးပေမယ့် ဦးလေးယောင်ရဲ့ငှက်နဲ့ တော်တော်လေးတူတယ်။ နည်းနည်းရုပ်ဖျက်လိုက်ရင်ချွတ်စွပ်ပဲ။"
သူကပြောရင်း လက်နှင့်ငှက်အား ထိတို့ကာ စနောက်နေပြီး မျက်တောင်များက အောက်သို့ ငိုက်စိုက်ကျနေသည့်တိုင် မျက်လုံးအတွင်းထဲမှ အလင်းရောင်များမှာ အမှုမဲ့အမှတ်မဲ့ ဖြာကျနေဆဲပင်။ သူ၏အကြည့်မှာ လူတိုင်းသတိထားမိလောက်သည်အထိ နူးညံ့ညင်သာလွန်းနေ၏။
ယင်းချောင်အနေနှင့် ထိုအပြုအမူအား မကြိုက်မနှစ်သက် သို့မဟုတ် မုန်းသင့်သည်။
သူ့အနေနှင့် လူသည်လူ၊ မကောင်းဆိုးဝါးသည် မကောင်းဆိုးဝါးသာဖြစ်၍ မျိုးနွယ်စုနှစ်ခု၏ သဘာဝတရားများက ကွာခြားလွန်းသည်ဟု မှတ်ယူထား၏။ ရန်စောင်နေရမည်ဟု မဆိုလိုသည့်တိုင် သင့်မြတ်ချစ်ခင်လွန်းနေ၍မသင့်ပါ။ နှစ်ပေါင်းများစွာကြာသည့်တိုင် ကမ်းချန်၏လမ်းစဥ်အား သူနားမလည်နိုင်သကဲ့သို့ လူသားမျိုးနွယ်စုအပေါ် မုန်းတီးမှုများကသာ ပိုတိုးလာ၏။
ကမ်းချန်သာရှိနေသေးပါလျှင် သူ့အားမျက်နှာချင်းဆိုင်နေရာယူကာ ဆဲဆိုအပြစ်တင်နေလိမ့်မည်။
လူသားတို့သည် နှစ်တစ်ရာသာအသက်ရှင်ပြီး ကျန်ရစ်သူမိသားစု၊ မိတ်ဆွေများက နာကျင်ခံစားကြရသည်။ သို့သော် ထူးဆန်းသည်မှာ ကျန်းလန်သည် လူသားမျိုးနွယ်စုဝင်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသည်ကို သူမခံမရပ်နိုင်မဖြစ်မိခြင်းပင်။
ကမ်းချန်နှင့်ကျန်းလန်တို့ စိတ်သဘောထားတိုက်ဆိုင်၍လား သူမသိသော်လည်း ကျန်းလန်ကပို၍ ချစ်စဖွယ်ကောင်းသည်။
ထို့အပြင် နတ်ဆိုးလေးသည် သူ၏ကာကွယ်မှုအောက်တွင်ရှိနေ၏။
ကမ်းချန်သေစဥ်က သူယခုလောက်အင်အားမကြီးသေးပေ။ ယခုမူ ကမ်းချန်အား အနိုင်ယူနိုင်သည်အထိ အင်အားကြီးနေပြီဖြစ်၍ နတ်ဆိုးလေးအား သူကာကွယ်ပေးနိုင်သည်မှာ မလွဲဧကန်ပင်။
ယင်းချောင် စိတ်ရှုပ်ထွေးမှုအား ဖုံးကွယ်ကာ သူ့လက်ထဲမှ ငှက်လှောင်အိမ်ကိုယူလိုက်သည်။ "ဝယ်ချင်တာရှိသေးလား။"
ကျန်းလန်က စေ့စေ့စပ်စပ်တွေးကာ ပြန်ဖြေလာ၏။ "ဟင်းချက်စရာလေးတွေ ဝယ်ရအောင်။"
"ဟင်းချက်စရာတွေ ဝယ်မယ်။ ထမင်းချက်စားတာလား။"
"သင်ထားတယ်လေ။" ကျန်းလန်က ယုံကြည်ချက်ရှိရှိ ခေါင်းငြိမ့်ပြလာသည်။
ယင်းချောင်မှာ နတ်ဆိုးလေး၏ နောက်ထပ်အားသာချက်တစ်ခုအား ရှာတွေ့ခဲ့လေပြီ။ 'ဟင်းလည်း ချက်တတ်တာပဲလား။'
ယင်းချောင် လူ့အစားအသောက်အား စားလေ့မရှိပါ။ ချမ်းသာသည့်နဂါးတစ်ကောင်အနေနှင့် မကောင်းဆိုးဝါးများအတွက် ရှားပါးသောအသားများကိုသာ သူနှစ်သက်သည်။ သို့သော် နတ်ဆိုးလေးကသာ ချက်ကျွေးမည်ဆိုပါလျှင် သူမြှိန်ရေယှက်ရေစားမိလိမ့်မည်။
နှစ်ဦးသားချက်ပြုတ်စရာများဝယ်ပြီး အိမ်သို့ပြန်လာကြသည်။ ကျန်းလန်က အိတ်များဆွဲကာ မီးဖိုချောင်ထဲဝင်လာပြီး ဆိုဖာ၌ထိုင်နေသည့်ယင်းချောင်အား စွမ်းနီကအဖော်ပြုပေးနေ၏။
ယင်းချောင်က စွမ်းနီအား ပခုံးပေါ်တင်ပြီး အိမ်ကို ပတ်ကြည့်တော့သည်။
အိမ်သို့ပထမဆုံးအကြိမ် ရောက်ဖူးခြင်းမဟုတ်သော်လည်း ယခင်တစ်ခေါက်လာစဥ်က ညလယ်ခေါင်ဖြစ်ပြီး ကြာကြာမနေခဲ့ရသဖြင့် ပတ်မကြည့်ခဲ့ရပေ။
အိမ်မှာသေးငယ်၍ အိမ်ခန်းနှစ်ခန်း၊ဧည့်ခန်းသာပါပြီး ၈၀ စတုရန်းမီတာသာ ကျယ်မည်။ ဧည့်ခန်းနှင့်မီးဖိုချောင်မှာဆက်နေပြီး လမ်းတလျှောက်လုံး၌ စက္ကူပုံးများပြည့်နေသည်။
ယင်းချောင်သေချာကြည့်သောအခါမှ အရသာမျိုးစုံလှသည့် ခေါက်ဆွဲခြောက်ထုပ်များဖြစ်နေ၏။
"မင်းပုံမှန်ဆို ခေါက်ဆွဲပဲ စားတာလား။"
စွမ်းနီကချက်ချင်းပြန်ဖြေသည်။ "ဟင့်အင်း၊ ပေါက်ဆီ၊ဖက်ထုပ်နဲ့ အမြန်စာတွေလည်း စားတယ်။"
မကောင်းဆိုးဝါးလေး၏ ဆင်းရဲမွဲတွေမှုသည် သူတွေးထားသည်ထက် ကျော်လွန်နေသည့်ပုံပင်။
သူ့နဖူးအားနှိပ်ရင်း ဘေးဘီပတ်ကြည့်သောအခါ ဟနေသည့်တံခါးကြားမှ ရှုပ်ပွနေသည့်အိပ်ခန်းကို လှမ်းမြင်လိုက်ရသည်။ အမှန်တွင်ရှုပ်ပွနေခြင်းမဟုတ်ဘဲ အသေအချာကြည့်ပါက အခန်းပိုင်ရှင်သည် ပစ္စည်းများအား စုပုံထားခြင်းသာဖြစ်ပြီး မသပ်မရပ်ဖြစ်နေရုံသာ။ ခေါင်းအုံးများ၊အရုပ်များနှင့် မုန့်များကား အခန်းထဲ၌အပြည့်ပင်။
ယင်းချောင် သူ့အား ဘာလို့အိမ်သန့်ရှင်းရေးမခေါ်တာလဲဟု မေးချင်သော်လည်း မမေးလိုက်မိပါ။ နတ်ဆိုးလေး၏ ငွေရေးကြေးရေး အခြေအနေအရ အိမ်သန့်ရှင်းရေးခေါ်ရန် တတ်နိုင်မည်မဟုတ်ပေ။
သူခေါင်းကိုက်လာသဖြင့် ဆိုဖာပေါ်ထိုင်လိုက်သောအခါ မီးဖိုချောင်ထဲမှ အိုးခွက်ပန်းကန်သံများ အဆက်မပြတ် ကြားရတော့သည်။ ရုတ်တရက် ယင်းချောင်သည် နတ်ဆိုးလေးအပေါ် မည်သည့်မျှော်လင့်ချက်မှ မထားနိုင်တော့။
တစ်နာရီကြာပြီးနောက် အစားအသောက်များ အဆင်သင့် ဖြစ်လေပြီ။ ကျန်းလန်မှာ သူ့လက်ရာသူ ကျေနပ်နေပုံပင်။ ငါးချိုနှပ်၊ ဝက်သားငရုတ်ပွချက်၊ ခရမ်းချဥ်သီးကြက်ဥကြော်နှင့် မှိုစွပ်ပြုတ်တို့ ချက်ပြုတ်ထားသည်။
ထိုဟင်းများအားလုံးသည် ချက်ပြုတ်ရေး အက်ပလီကေးရှင်းများမှ အလွယ်တကူကြည့်နိုင်၏။ မစားခင် သူအသေအချာကြည့်ရှုပြီး အရသာအနည်းငယ်ခံကြည့်ပြီးနောက် ပုံထွက်မလှသော်လည်း အရသာကောင်းကြောင်း တွေ့လိုက်ရသည်။
ကျန်းလန်နှင့်ယင်းချောင်တို့က မျက်နှာချင်းဆိုင်ထိုင်ကြပြီး စွမ်းနီကမူ နံဘေး၌ ကျန်းလန်ပြင်ပေးသည့် ပန်းကန်သီးသန့်ဖြင့် နေရာယူထား၏။
ယင်းချောင်မြင်လိုက်ရသမျှ ဟင်းအားလုံးသည် အမျိုးအမည်ခွဲ၍မရအောင် မဲတူးနေကြသည်။ သူသည် ဇီဇာကြောင်သည့်နဂါးပင်။ သူ့အား တစ်ယောက်ယောက်ကသာ ယခုလို ထမင်းစားပွဲ၌ထိုင်ခိုင်းပါလျှင် မဆိုင်းမတွ ထိုစားပွဲအား မှောက်ပစ်မိလိမ့်မည်။ သို့သော် ချက်ကျွေးသူမှာ နတ်ဆိုးလေးဖြစ်နေသောအခါ.....
ဤသည်မှာ သားသမီးချက်ကျွေးသည့် ထမင်းအားပထမဆုံးအကြိမ် စားဖူးသည့်မိဘတိုင်း ကြုံတွေ့ရသည့်ခံစားချက်ဖြစ်လိမ့်မည်။ သူ့အနေနှင့်နတ်ဆိုးလေး၏ ယုံကြည်ချက်ကို မရိုက်ချိုးနိုင်ပေ။
ယင်းချောင် ခက်ခဲစွာ ဆုံးဖြတ်ချက်ချ၍ အံကြိတ်ကာပြုံးပြလျက် တူကိုကောက်ကိုင်ကာ မဲတူးနေသည့်ငါးအသားတစ်ဖတ်အား ကောက်ဝါးလိုက်၏။ ငါးအသားဖတ်သည် အနည်းငယ်ညှီနံ့ပါသော်လည်း အရသာမှာ မပေါ့မငန်သဖြင့် မျိုချရန်မခက်လှပါ။
ယင်းချောင် ရေတစ်ခွက်သောက်၍ သက်ပြင်းချလိုက်သည်။
တစ်ဖက်မှ ညီအစ်ကိုနှစ်ဦးကမူ ခေါင်းမဖော်တမ်းစားနေကြပြီး စွမ်းနီက အတည်ပေါက်မှတ်ချက်ပေးလာ၏။ "ငါက နည်းနည်းချွဲနေတယ်။ ပြီးတော့ အသားက မာတောင့်တောင့်ကြီး။"
"အခုတော့ ဒီတိုင်းစားတော့ နောက်တစ်ခေါက်မှ ကောင်းကောင်းလေးချက်ကျွေးမယ်။"
စွမ်းနီက 'အင်း'သာပြန်ဖြေ၍ ဆက်စားနေ၏။
ကျန်းလန်က ယင်းချောင်ဖက်လှည့်ကာ သူ၏အကဲဖြတ်မှုအား စောင့်နေသည်။
ယင်းချောင် မုသားသုံးကာ ချီးကျူးလိုက်၏။ "အရမ်းကောင်းတယ်၊ ကိုယ်ကြိုက်တယ်။"
"ဟင်းမချက်ဖြစ်တာကြာပြီမလို့ ဒီတစ်ခေါက် လက်ရာမကောင်းဘူး။ နောက်တစ်ခေါက်မှ ထပ်ချက်ကျွေးမယ်။"
'နောက်တစ်ခေါက်ထပ်စားရဦးမှာလား'
ယင်းချောင်မှာ ပြန်သည်အထိ စကားပင်မပြောတော့ချေ။
မပြန်ခင် ယင်းချောင်သည် ကျန်းလန်ကိုကြည့်ကာ ချီတုံချတုံဖြစ်နေပြီး နောက်ဆုံးမှ ထုတ်ပြောလာ၏။ "မနက်ဖြန်ကျ မင်းရဲ့ဆုကြေးငွေ ရလောက်ပြီ။"
'ပိုက်ဆံရှိပြီပဲ၊ အပြင်မှာထွက်စားကြမယ်လေ။'
ကျန်းလန်က သူ့အတွေးအား ဖတ်တတ်ပုံမရပါ။ "ဆုငွေရမှ ထမင်းဖိတ်ကျွေးဦးမယ်။"
ယင်းချောင် အခုမှသာ 'ထမင်းချက်ကျွေးမယ်'ဟူသည့် စကားလုံး၏ ခြောက်လှန့်မှုမှ ရုန်းထွက်နိုင်သည်။
နတ်ဆိုးလေး ဝဝလင်လင်စားသောက်နိုင်ရေးကိုလည်း သူတာဝန်ယူရဦးမည်။
အင်္ဂါနေ့မနက်ခင်း၌ ကျန်းလန် ရုံးသို့မသွားဘဲ ကြေညာရမည့်စာစောင်များနှင့်အတူ ဟုန်ကျင့်ယွမ်ရုံးသို့ တန်းသွားရ၏။
ဒါရိုက်တာချန်ပေးသည့် လုပ်အားပေးအစီအစဥ်၌ အဓိကဦးစားပေးနေရာသုံးခုမှာ သိပ်မဝေးလှသလို အချင်းချင်းချိတ်ဆက်နေကြသည်။ ၎င်းတို့မှာ ဟုန်ကျင့်ယွမ်၊ ထျန်းဟုန်ယာယွမ်နှင့် ထျန်းဟုန်ပန်းခြံတို့ဖြစ်၏။
ကျန်းလန် မနေ့ကတည်းကပင် နေရာသုံးခုလုံးမှ တာဝန်ရှိသူများနှင့်ဆက်သွယ်ပြီး ယနေ့တွင် ၎င်းတို့မှာတွေ့ဆုံရန် စီစဥ်ထားသည်။ ထိုကြောင့် မနက်စောစော အိမ်မှထွက်ရခြင်းပင်။
တွေ့ဆုံမည့်နေရာမှာ ဟုန်ကျင့်ယွမ်ရုံးမှ အစည်းအဝေးခန်း၌ ဖြစ်သည်။ အစည်းအဝေးသို့ ရပ်ကွက်တာဝန်ရှိသူများအပြင် ကိုယ်စားလှယ်များပါ တက်ရောက်ကြမည်။
ဟုန်ကျင့်ယွမ်သည် မြို့ဟောင်းပီပီ ၎င်း၏ အဆောက်အအုံများနှင့် လူထုလုပ်ငန်းများမှာ နိမ့်ပါးလှသည်။ ကန်ထရိုက်ဆွဲထားသည့် အဆောက်အအုံများမှာလည်း တစ်ဝက်ခန့်သာပြီးစီး၍ အချို့မှာ ဆောက်လက်စများဖြစ်၏။ ရွှယ်မုန်ပြောပြသဖြင့် နေထိုင်သူအများစုမှာ အိမ်ရာပျက်စီးဆုံးရှုံးထားကြသည့် အနီးအပါးရွာမှ လူများသာဖြစ်ကြောင်း သိရှိရသည်။
ထျန်းဟုန်ယာယွမ်နှင့် ထျန်းဟုန်ပန်းခြံတို့မှာလည်း ဟုန်ကျင့်ယွမ်နှင့်မကွာခြားလှပါ။ နေထိုင်သူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး ပညာတတ်သူနည်းပါး၏။
ကျန်းလန် ရုံးခန်းထဲရောက်သောအခါ အသက်ကြီးကြီးအဖိုးအဖွားများ ရောက်နေကြချေပြီ။ ၎င်းတို့အားလုံးသည် အစည်းအဝေးလာတက်သည့်ပုံမပေါက်ကြဘဲ မနက်စာစားရင်း စနောက်ရယ်မောနေကြ၏။
အခန်းထဲ၌ အစားအသောက်အနံ့နှင့် စကားသံများအပြည့်နှင့် ရပ်ကွက်စျေးနှင့်ခပ်ဆင်ဆင်ပင်။
ကျန်းလန် အပြင်မှ အသံခပ်စူးစူးနှင့် အန်တီကြီး၏ အသံကို ကြားလိုက်ရ၏။ "ရှင်တာအိုဘုန်းကြီးကို ဖိတ်ဖို့လုပ်နေတယ်လို့ ကြားတယ်။"
အမေးခံရသည့်လူကြီးက ပြန်ဖြေသည်။ "အင်း၊ သူက အစိမ်းသေသေခဲ့တာကိုး။ မိန်ဖန့်တို့အဖွဲ့ သူ့ကို မိလ္လာတွင်းထဲကနေ ဆွဲထုတ်ခဲ့ရတာ။ ငါ ဒီသတင်းကြားတုန်းကဆို ဖျားပါဖျားသွားပါရောလား။"
"တော်တော်ခိုက်တဲ့မိန်းမပဲ။ အသက်ရှင်တုန်းကလည်း ပေါ့ပျက်ပျက်နေခဲ့သလို သေတာတောင်သူများကိုဒုက္ခပေးတုန်း။ ဘုန်းကြီးပင့်ကိုပင့်ဖို့လိုနေပြီ။"
"ဒီမိန်းမ လူစစ်စစ်ရော ဟုတ်ပါ့မလား။ ယောက်ျားဝိညာဥ်ကိုစုပ်တဲ့ မြေခွေးမများ ဖြစ်နေမလား။"
သူမအကြောင်းပြောဆိုရင်းနှင့် အားလုံးသည် စိတ်လှုပ်ရှားလာကြသလို သူတစ်လုံးငါတစ်ပေါက် အသံများထွက်လာ၏။ အတင်းအဖျင်းအား နားထောင်သူများကလည်း မေးခွန်းများအမေးမပြတ်ကြပေ။
တံခါးဝ၌ ရပ်နေသောကျန်းလန်မှာ ထိုအသံများအားလုံးစုပေါင်းပြီး ငှက်ဆိုးထိုးသကဲ့သို့ ခံစားလာရသည်။ အထဲမှလူများကမူ သတိထားမိပုံမရပါ။
အသံကျယ်ကျယ်စကားပြောခြင်းက မထူးဆန်းသလို ရွှယ်မုန်လည်း အသံကျယ်ကျယ် စကားပြောတတ်သူပင်။ သို့သော် ထိုလူများကမူ အယူသည်းလွန်းနေ၏။
ကျန်းလန် အစည်းအဝေးမစမီ အစ်ကိုအကြီးဆုံးအား ဆက်သွယ်၍ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
သူအစည်းအဝေးခန်း၏ အရှေ့ဖက်သို့ထွက်လာပြီး အသံများရပ်သွားစေရန် စားပွဲကို လက်နှင့် ခပ်ကြမ်းကြမ်းရိုက်လိုက်၏။
ယ
အစည်းအဝေးခန်းတစ်ခုလုံး တမုဟုတ်ချင်း အသံတိတ်ကျသွားပြီး အရှိန်မကျသေးသည့်မျက်လုံးများနှင့် အားလုံးက သူ့ဖက်လှည့်လာကြသည်။
သို့မှသာ ကျန်းလန် တာဝန်ရှိသည်အတိုင်း သွေးလွန်တုပ်ကွေးရောဂါအား ကာကွယ်ရေးနှင့် ကုသရေးနည်းလမ်းများ ဟောပြောခွင့်ရ၏။
အစည်းအဝေးပြီးသည်နှင့် စာစောင်များအား ဝေရပြန်သည်။ ထိုအချိန်၌ အခန်းထဲ စကားသံများပြန်ထွက်လာပြီး ကျန်းလန်မှာ အန်တီကြီးများအကြိုက် ငယ်ရွယ်ချောမောသူဖြစ်၍ စကားများလှသည့် အန်တီကြီးအချို့က သူ့အား စာစောင်များ ကူညီဝေပေးသည့်အပြင် သူ့အား စနောက်ကာ ရယ်မောနေကြ၏။
ကျန်းလန်မှာ အတင်းပြောသည့် အန်တီကြီးများကို မကြည်လှသည့်တိုင် ပြုံးရယ်၍ လိုအပ်သည်များ ပြောဆိုရပြီး ရပ်ကွက်ထဲမှ သတင်းများကိုပါ မေးမြန်းရသည်။
ရပ်ကွက်အတွင်း ပြန့်နေသည့်သတင်းမှာ သတင်း၌ပါလာသည်နှင့် လားလားမျှမတူချေ။ ယာဥ်မောင်းပြောသည့်စကားများနှင့်သာ တူညီပြီး ပို၍ချက်ကျလက်ကျပြောနိုင်ကြ၏။
သေဆုံးသူအမျိုးသမီးမှာ ချန်ရော့မိန်အမည်ရပြီး ယခုနှစ်အစမှသာ ဟုန်ကျင့်ယွမ်သို့ ပြောင်းလာသူပင်။ သူမသည် ရုပ်ရည်ကြည့်ကောင်း၍ ဆွဲဆောင်မှုအလွန်ရှိကာ အန်တီကြီးများက မြေခွေးမျက်နှာရှိသည်ဟု ဆိုကြသည်။
လှသောအမျိုးသမီးများအား ပတ်ဝန်းကျင်က အရေးစိုက်ကြသည်မှာ သဘာဝပင်။ အစက ထိုလူများသည် သူမနှင့် ရင်းနှီးချင်ကြသော်လည်း သူမသည် ဟော့ဟော့လန်လန်ဝတ်စားကာ ညဖက်အိမ်မှထွက်၍ မနက်မှပြန်လာတတ်သည်ကို သတိထားမိလာကြသည်။
ထိုအချက်ကြောင့်သူမနှင့် မည်သူမှမပေါင်းသင်းလိုကြတော့ပေ။ သူမကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်နှင့်အခေါ်အပြောမလုပ်ပေ။ ရပ်ကွက်ထဲ၌ သူမသည် မိန်းမရွှင်ဖြစ်သည်ဟူသော သတင်းများကလည်း ပြန့်နေ၏။
ထိုသတင်းအားအတည်ပြုပေးသလို ဖြစ်သွားစေသည်မှာ လွန်ခဲ့သည့်လက သူမအိမ်သို့ ဧည့်သည်တစ်ဦးအားခေါ်လာပြီး ရန်ဖြစ်စကားများ၍ ရဲတိုင်ရာမှစသည်။
ဆံပင်ကောက်ကောက်နှင့်အန်တီက ခပ်ထေ့ထေ့လေသံနှင့် ပြောပြလာ၏။ "အဲ့ဒီလူက သူ့အိမ်ကအထွက်မှာပဲ သူ့ကို 'ဖာသည်မ'လို့ခေါ်သွားတယ်။ ဒါတောင် သူကအပြစ်ကင်းသလို ဟန်ဆောင်နေတုန်းပဲ။ အရှက်ကိုမရှိဘူး။ ရဲတွေကတော့မုဒိမ်းမှုလို့ အမည်တပ်ကြတာပေါ့။ သူ့အိမ်ရှင်ဆိုလည်းသူ့ကို အိမ်တောင်ဆက်မငှားရဲတော့ဘူး။"
သူမစကားဆုံးသည်နှင့် မျက်နှာကြီးနီသည်အထိ ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။
ကျန်းလန်အခန်းထဲစရောက်ခါစက သူမချောင်းဆိုးနေသည်ကို မတွေ့မိပါ။
စာရေးသူမှတ်ချက်
လုံလုံ - 'ဟင်းတွေကကောင်းပါတယ်။ ကိုယ်တကယ်ကြိုက်တယ်။ ဒါပေမယ့် ဟင်းချက်တယ်ဆိုတာက ကလေးတွေမလုပ်သင့်ဘူး။ ကိုယ်ငွေအများကြီးရှာပြီး မင်းကိုတင့်တင့်တယ်တယ် ထားပါ့မယ်။'
ကျန်းလန် - 'ဒါပေမယ့် ငါက ဟင်းချက်ရတာကြိုက်တယ်။'
ထိုနေ့က လုံလုံ စိတ်ဓာတ်ကျလွန်းသဖြင့် သုံးရက်တိတိ မစားမသောက်နိုင်ခဲ့ပါ။